Sunday, May 06, 2007

ကျနော်အကြိုက် (၄) ...

ဒီနေ့တော့ ကျနော့်အကြိုက်(၄) အဖြစ် တင်ပြချင်တာကတော့ ၂၀၀၄ခုနှစ်၊ ဒီဇင်ဘာလလထုတ် `ရွှေအမြုတေ´ ရုပ်စုံမဂ္ဂဇင်းမှာ ဖော်ပြပါရှိတဲ့ ဆရာမ မြရွက်ရဲ့ `ရေပေါ်မှာ လွှားပါလို့… ကြာဆံကို စားပါလို့´ ဆိုတဲ့ ၀တ္ထုတိုလေး ဖြစ်ပါတယ်။

ကျနော့်အကြိုက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်ဖတ်မိသမျှ ၀တ္ထုတိုလေးတွေကို ကျနော့်ဘလော့ဂ်မှာ တင်ပြနေခဲ့တာဟာ လေးပုဒ်မြောက်ရှိခဲ့ပါပြီ။ အခုလို တင်ပြတာကို မူရင်းစာရေးဆရာတွေ မသိကြပါဘူး။ ဒီတော့ ကော်ပီရိုက် ဆိုတာနဲ့ ငြိကောင်းငြိနိုင်ပါတယ်။ ကျနော့်ကိုယ်ကျိုး တစုံတရာကို မမျှော်ကိုးဘဲ စာကောင်းပေကောင်းများကို မျှဝေလိုတဲ့ ဆန္ဒတခုတည်းနဲ့သာ တင်ခြင်းဖြစ်ပါတယ်။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

သတ်ပုံတွေကို သူ့စာ မူရင်းအတိုင်းသာ ကြိုးစား ရိုက်ထားပါတယ်။ အမှားပါရင် ထောက်ပြပါ။ ပြင်ပေးပါမယ်ခင်ဗျာ။

ကလိုစေးထူး

ရေပေါ်မှာ လွှားပါလို့… ကြာဆံကို စားပါလို့

အဲအဲ အိပ်ရာထတော့ နေအတော်မြင့်နေပြီ။

ရေအ၀သောက်၊ မျက်နှာသစ်၊ သွားတိုက်ပြီးတဲ့နောက် အမေကြီးရှိရာ မီးဖိုချောင်ပေါ် တက်ခဲ့တယ်။ အဲအဲတို့ ရွာမှ မဟုတ်ဘူး။ မြစ်ရိုးတလျှောက် မီးဖိုချောင်ကို ခိုင်ခိုင်ခံ့ခံ့နဲ့ အမြင့်ဆောက်ရတာချည့်ပဲ။ ရေကြီးလွန်းတဲ့ နှစ်တွေမှာ မီးဖိုချောင်လှေကားထစ်ရင်းထိ တက်တတ်သကိုး။ အိမ်တွေတော့ မပြောနဲ့။ ဖြစ်နိုင်ရင် အုတ်ဖိနပ်နဲ့ သံကျင်တွယ်တိုင်နဲ့ ဆိုရင် အကောင်းဆုံး။ မြင့်မြင့်ရှိမှ ရေလွတ်တာ။ ကလေးဝနဲ့ ကနှီအကြားမှာ ဆိပ်ကမ်းတကာ့ ဆိပ်ကမ်းထဲ အဲအဲတို့ ဆိပ်ကမ်းက အသာဆုံး။ မြေပဲ အထွက်ဆုံး။ ရောင်းပန်း ၀ယ်ပန်း အသွက်ဆုံး။ လယ်ချိန်ဆိုတော့ အိမ်ရှိလူကုန် လယ်ထဲ အချိန်ကုန်တယ်။ အဲအဲကတော့ ကောက်စိုက်ပြီးကတည်းက ဆိပ်ကမ်းဈေးထဲ ပြေးတယ်။ သရက်ရာသီကိုး။

`စားဟဲ့၊ ပူတုန်းကောင်းတာ´

အမေကြီးက အုပ်ဆာင်းလှပ်ပြီး ကောက်ညှင်းပေါင်း ပန်းကန်ထဲ ငါးကြော်တစ်တုံးကို ထည့်ပေးတယ်။ အဲအဲလည်း ဆာဆာနဲ့ ကောက်ညှင်းပေါင်း ဆုပ်ဆုပ်ပြီး လွေးလိုက်၊ ငါးကြော် ဖဲ့ဝါးလိုက်၊ ရေနွေးဓာတ်ဘူးထဲက ရေနွေးငှဲ့ အအေးခံရင်း သူ့ခေါင်းထဲ ရောင်းရေးဝယ်တာလေးတွေ စဉ်းစားစီကုံးရင်းပ။

`ညည့် ညက အမေကြီးအပ်တာ ကိုးရာနော်´
`ဟုတ်ပ မွမ်´
`ထမင်းလေး ဘာလေး ပြန်စားဦး အဲအဲရဲ့၊ ဈေးရောင်းတာ ရောင်းတာပ ၊ ညည့်ဟာက လွန်လွန်း´

***

မြစ်ကြီးက နီနေတယ်။ ကမ်းပါးကြီးကလည်း နီလို့။

နေက တိမ်ပုပ်တွေထဲမှာ ၀င်တော့မယ်။

ညက မိုးသည်းထားလို့ ဆိပ်ကမ်းတ၀ိုက် အမှိုက်သရိုက် ရှင်းသန့်နေတယ်။ အရီးအုန်းတို့ ထမင်းဆိုင်တန်းဘက်ကတော့ မီးခိုးတွေ လူနေတယ်။ အဲအဲက ခံတောင်းကို သဲပြင်မှာ ချပြီး ခေါင်းခုနဲ့ ချွေးသုတ်။ မနီးမဝေး လူရှိမရှိ ကြည့်ပြီးမှ လက်ခုပ်နဲ့ အပြည့် သဲယူကြုံးထည့်ကာ ပါးစပ်က တဖွဖွရွတ်တယ်။

`ဗုဒ္ဓေါမေ သရဏံ၊ အညံနတ္ထိ။ ဓမ္မောမေသရဏံ အညံနတ္ထိ၊ သံဃောမေ သရဏံ အညံနတ္ထိပါ ဘုရား။ ဗုဒ္ဓဂုဏော အနန္တော။ ဓမ္မဂုဏော အနန္တော။ သံဃဂုဏော အနန္တောပါ ဘုရား။ ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာမိပါ ဘုရား။ ၃၁ ဘုံ ကျင်လည်ကုန်သော သုခိတ သတ္တ၀ါ၊ ဒုက္ခိတ သတ္တ၀ါအပေါင်း ကျန်းမာချမ်းသာကြပါစေ။ ရန်သူမျိုး ငါးပါး၏ နှောက်ယှက် ဟန့်တားခြင်း ကင်းဝေးပါစေ။ ကပ်သုံးပါး ကျော်လွှားနိုင်ကြပါစေ။´

ပြီးတာနဲ့ သဲကလေးတွေ ဖြန်းတယ်။ ဖြူးတယ်။ လက်ဝါးထဲ သဲမကျန်အောင် ခါတယ်။ ခံတောင်းကလေးကို အားနဲ့ မာန်နဲ့ ရွက်ချလာတယ်။ အရီးအုန်းတို့ တဲကလေးတော့ ထုံးစံအတိုင်း ကက်ဆက်သံနဲ့ စီစီနဲ့ပ။

`ကိုယ့်ဘ၀ ပေါက်ပင် ဘာကြောင့် ကိုင်းတယ်၊ ငွေဗျိုင်းနားလို့ ကိုင်းရပါတယ်ကွယ်။ ဒီမှာ မိချောလေး… ရှင်ရေ… မောင်ရေ၊ မိချောလေး မောင့်ကို သိပ်ချစ်ပါတယ်။ ဒါပေမယ့်…´

ဖွင့်လိုက်ရင် ဟင်္သာတ အောင်တင်ဝင်း၊ တွံတေးသိန်းတန်၊ တွံတေးစိုးအောင်၊ ဟင်္သာတ ထွန်းရင်၊ သိန်းဇော်။ အဲအဲကတော့ အလွတ်ကို ရလို့။ အဲအဲမှ မဟုတ်ဘူး။ `ခံတောင်းသူမ´ တွေ အားလုံးရ။ သိန်းရီ၊ အဲမိစန်း၊ တင်တင်ဝင်း၊ မြင့်မြင့်အုန်း၊ ဘုတ်ဆုံ၊ တူးတူး၊ စနေ၊ တနင်္ဂနွေလို နေ့မျိုးတော့ အလယ်တဲကြီးကို အမြန်ရေယာဉ်စောင့်ရင်း ၀င်ထိုင်ကြတယ်။ ဒီဆိပ်ကမ်းမှာ အကြီးဆုံးတဲ။ အကြီးဆုံးဆိုင်။

ဆိုင်ရှင် ဒေါ်ကြီး ဖြူဖြူဝင်း မျက်နှာ`ကြည်´ရင် တီဗီနဲ့ ခပ်ကပ်ကပ်၊ ခပ်နီးနီးပ။ သိပ်မကြည်ရင် မလှမ်းမကမ်းက ခံတောင်းကလေးတွေချပြီး ဣနြေ္ဒရရ ထိုင်ကြည့်ကြတယ်။ ဟေ့ကောင်မတွေ မဆူကြနဲ့ တို့၊ နေကြာစေ့ အခွံတွေ ချမထားနဲ့တို့တော့ မလွတ်ဘူးလေ။ တီဗီက ဇာတ်လမ်းတွဲရော၊ ဗီဒီယိုဇာတ်လမ်း၊ ရုပ်ရှင်ဇာတ်လမ်းရော အပျင်းမှ ပြေပြေ ကြည့်ချင်တာကိုး။ အမှန်တော့ ဇာတ်ကွက်ဇာတ်လမ်းတွေကိုလည်း ကိုးရီးယား ဇာတ်လမ်းတွေလောက်သာပါ။ အဲအဲတို့ စွဲတာက ကြော်ငြာ သီချင်းပဲ။

ဘယ်ကြော်ငြာ ဘယ်သူ ဘယ်သီချင်းအလိုက်နဲ့ ဘယ်လို စတိုင်လ်ကအစ အလွတ်ကြီးကို ရကြတယ်။ လိုက်ဆိုတယ်။ လိုက်ကတယ်။ ကြော်ငြာ သရုပ်ဆောင် လှုပ်ရှားသလို လှုပ်ရှားနိုင်ကြတယ်။ အဖွဲ့နဲ့ ရိုက်တဲ့ ကြော်ငြာတွေ ပြိုင်လုပ်ရဦးမလား။ `ရာဇာ´ နေရာက တူးတူးနေတယ်ဆိုရင် အဲအဲတို့၊ ဘုတ်ဆုံတို့က ပုလဲဝင်း၊ ဇင်ဇင်ဇော်မြင့်နေရာ၊ ထက်ထက်နေရာ စသဖြင့် ၀င်လှုပ်ပစ်လိုက်ကြတာပဲ။ သူတို့ကြည့်ပြီး နံဘေးပါ အပျော်တွေ ကူးလို့ပ။

တခါတလေ တီဗီနဲ့ အပြိုင် ဒေါ်ကြီး ဖြူဖြူဝင်းတို့ကို ကန့်လန့်တိုက်ပြီး ဟိုဘက်က အရီးအုန်းတဲ ပြေးတယ်။ ကက်ဆက်ထဲက ကောလိပ်ဂျင်၊ နိုင်ဝင်း၊ ဘီအီးဒီ အောင်သိုက်တို့ ဇာတ်လမ်းတွေကို အမူအရာနဲ့ သရုပ်ဆောင်ပြီး မြူးနေကြပြန်ရော။ တ၀ါးဝါး တဟားဟားနဲ့လေ။

သြော်…. အရေးရယ် အကြောင်းရယ် ရွှေ့ဟဲ့ သယ်ဟဲ့ ပြောင်းဟဲ့ဆိုလည်း သူတို့ပဲ အားကိုးရတာ။ မနာမကျန်း ရှိရင်လည်း တိုက်နယ်ဆေးခန်း ပြေးပေးကြ၊ ကူညီညာ ချက်ပြုတ်ကြော်လှော် ၀ယ်ခြမ်းပေး၊ ရောင်းချပေး၊ စားပွဲထိုးပေး၊ လျှော်ဖွတ်ပေး စောင့်အိပ်ပေး ဆိုတော့ ခွင့်လွှတ်ရတာပ၊ ချစ်ကြရတာပ။

`အဲအဲ၊ နင့်မယ်လာမှ လာသေးမွမ့်။ သရက်သီး တုံးတော့မှာ ကောင်မရဲ့။ ရွေးပေး၊ ချန်ပေးမှန်းသိလို့ ရောင့်တက်တက်နေတာ ထင်ပ။ မပြောလိုက်ချင်ဘူး မွမ့်´

`သည်းညည်းခံကြပါမွမ့်၊ ငါ့မယ် ညက တော်တော်နဲ့ကို အိပ်မပျော်လို့။ လက်ဖက်တွေ စားမိတာ အမေကြီးခွံ့တာနဲ့ ငါလည်း စားလိုက်တာ။ ကောင်းတာမွမ်။ ညည်းတို့ကို ခေါ်ကျွေးချင်လိုက်တာမှ´
`ဘာလဲ၊ ကြက်ခြေနီသုပ်လား၊ ဒါများ´
`ဟုတ်ဘူးမွမ့်၊ တွင်းပိုးကြော်နဲ့ ကြက်သွန်ကြော် နိုင်းချင်းနဲ့မွမ်။ လက်ဖက်ကလည်း နုလို့ ဖတ်လို့။ ရွက်သစ်မွမ့်။ မုံရွာရွှေမောင်းလက်ဖက်တဲ့´
`တော်ပါ၊ စားလည်း မစားရဘဲနဲ့ သွားရည်ယိုပါတယ်။ ကောင်မနော်။ ဒီမှာ စစ်ကြည့်ဦး။ နားသလေး နက်သလေးတော့ မလုပ်နဲ့။ အားလုံး `ပြွန်ကြိတ်ဈေး´ ပေးဝယ်လိုက်ကြတာ။ ငါတို့ တွက်ပြီးပြီ။ နှစ်ရာဖိုး ငါးလုံးသာရောင်း။ အားလုံး အလုံးသုံးဆယ်။ ယူမှာလား မွမ့်ကြည့်ဦး´
`သြော်၊ ယူမှာပ´

အဲဒါ အရီးအုန်းတဲ နောက်က `ပုတ်´ သေးသေးလေးထဲ ကောက်ရိုးပေါ် စီထားတဲ့ သရက်သီးတွေ အဲအဲက ယူကြည့်တယ်။ ရေကြည့်တယ်။ ပြီးတော့ အလုံးကြီးတာ၊ သေးတာနဲ့ အထားခံမယ့်ဟာကို အောက်ကထား။ ဆင့်ပြီးတော့ပ၊ လှအောင်စီတယ်။

`အေ…အဲအဲ´
`ရှင့်´
`ရော့ဟဲ့.. ငါ့ဖားကင်လေးတွေပါ ရောင်းပေးစမ်း။ ညည့်ကို ကြည့်ပေးမယ်´

တဲထဲကို အဲအဲဝင်ခဲ့ရော။ ဟုတ်ပါရဲ့။ `ဖားအိုင်း´ ကြီးတွေ ကင်ထားလိုက်တာ ကော့ရဲလို့။ တချို့ ဥတွေနဲ့ ကန့်လန့်ကပ်လျက်။

`ဘယ်ကကောက်လိုက်တာလဲ အရီး´ ဆိုတော့..

`အရှေ့ဘက်ကမ်းက လာပို့တာပါမွမ်။ ထွန်းအုံတို့ လယ်ထဲက´ တဲ့။

တစ်ကင် ဘယ်လောက် ရောင်းရမှာလဲအရီး´ ဆိုတော့..

`ကြည့်ရောင်းပ၊ သုံးကင်တစ်ရာနဲ့ ရောင်း၊ ငါးရာဖိုး လေးရာဖိုးဆိုသလို ၀ယ်ရင်လည်း တစ်ကင်တလေ ပိုပိုသာသာပေးလိုက်ပါ´ ဆိုတယ်။

`ဒီမယ် ရေပြမယ်နော်´
`အံမယ်လေး၊ ရေမနေနဲ့၊ တွက်မနေနဲ့၊ အားလုံးကြည့်ရောင်းပေးပါဗျာ´တဲ့.။

သူ့မြေးကျောင်းထားတဲ့ နှစ်မို့ ညက မိုးထဲရေထဲ ဖားထွက်ကောက်သတဲ့ မွမ့်။ ရသလောက် ငါပေးလိုက်မယ်။ ရောင်းရလည်း ရောင်းရ၊ မရောင်းရလည်း ကံပ။

`ရောင်းရပါတယ် အရီးရယ်။ ကုန်မကုန်တော့ ကံပ အရီးရဲ့။ ကြွကြွ `အဆန်´တွေက ၀ယ်ကြပါတယ်။ ကြိုက်တဲ့လူတွေကတော့ ၀ယ်တယ်။ ကြွတ်ကြွတ်အိတ်လဲ ဆောင်သွား။ အင့်တစ်ထုပ်။ နောက်မှ အိတ်ဖိုး နှုတ်ယူလိုက်´

ဒါနဲ့ အဲအဲတစ်ယောက် ကုန်းပတ်ရှိရာ ရေစပ်ကိုဆင်းလာခဲ့ရော။ ခံတောင်းထဲ သရက်သီး အမောက်။ တစ်ခြမ်းက ကျန်ကျောင်းအိတ်ကြီး နှစ်လုံးနဲ့ ဖားကင်အပြည့်။

***

ဘ၀ပေးက သိလာတော့ အိပ်ငိုက်ရင်းနဲ့လည်း အမြန်ရေယာဉ်တွေရဲ့ ဟွန်းသံကို မှန်းဆနိုင်တယ်။ `ပေါ်´ ဆိုတဲ့အသံက နီးတယ်။ `ပူ` လို့ကြားလို့ ရှိရင် မြစ်ကွေ့ဟိုဘက်ကမ်း ချောင်းဆုံလောက်ကပဲ။

`ထကြဟဲ့၊ မုံရွာသားတွေ လာပြီ´

ဒီမြစ်ရိုးမှာ အဆန်အမြန် ရေယာဉ်မှန်သမျှ မုံရွာဂိတ်ကထွက်တာကိုး။ အစုန်ကျမှသာ ဟုမ္မလင်းနဲ့ ကလေးဝ ခွဲရတာလေ။

ဟုမ္မလင်း-ဖောင်းပြင် ဆွဲတဲ့ အမြန်ရေယာဉ်တွေက ကလေးဝ ခရီးသည်တွေလည်း တင်ခဲ့တယ်။ အရွယ်အစားလည်း ကြီးတယ်။ အတောင်သုံးဆယ်လောက် ရှည်တယ်။ စက်ကလည်း ကောင်းတယ်။ မောင်းတဲ့လူကလည်း စတိုင်လ် သိပ်ကျတယ်။ ကားမောင်းသလိုပဲ။ ဂီယာနဲ့ လီဗာကို ထိုင်ရာမထ တစ်ယောက်တည်း ပြောင်းနိုင်တယ်။ ချိန်းနိုင်တယ်။ သဘောင်္တွေလို စက်ခန်းမောင်းတွေ မရှိဘူး။ ခရီးသည် အတင်အချအကူပဲ လိုတယ်။

အမြန်ရေယာဉ် လာပြီဆိုရင် လှေသမား၊ တံငါသမားတွေသမားတွေ လှိုင်းလုံးလွတ်အောင် ရှောင်ရော့ပဲ။ အခု ကုက္ကိုပင်ကြီးရဲ့ အောက်၊ အေးအေးလူလူနဲ့ အဲအဲတို့ နားနေတုန်း၊ လှဲနေတုန်း မုံရွာက အဆန်အမြန် ရေယာဉ်တစ်စင်း ဆိုက်လာတယ်လေ။ စက်သံ၊ လူသံရောထွး ဆူညံသွားတယ်။

`ထမင်းစားကြမလား၊ ဟင်းစုံနဲ့ ရတယ်အစ်မ။ ဦးလေး ထမင်းအ၀စားမှ ငါးရာတည်းပါ။ ကြက်သား၊ ငါး၊ ပူပူလေး ရမယ်နော်။ အစ်မ စားမလား။ ဟုတ်ကဲ့၊ ပြင်ပေးမနော်´

`သရက်သီးမှည့်၊ သရက်သီးမှည့်တွေ။ ယူမလား အစ်ကို။ ဟုတ်ကဲ့ပါ၊ ငါးလုံးမှနှစ်ရာ။ မရဘူးရှင့်။ တစ်လုံးတည်းတော့ ငါးဆယ်နော်။ ရပါတယ်။ ကျွန်မ တုံးပေးမယ်´

`ကဲ၊ လမ်းမှာ စားသွားနိုင်တယ်နော်။ ထောပတ်သရက်သီးတွေ။ ယူဦးမလား အစ်မ။ နှစ်ရာဖိုး။ ဟုတ်ကဲ့၊ အကုန်ခွဲလှီးပေးပါ့မယ်´

သရက်သီးလတ်လတ်ဆတ်ဆတ် စားနိုင်အောင် သူတို့မှာ စတီးဓားလေးတွေဆောင်ထားတယ်။ အခွံနွှာပြီး တုံးပေးတယ်။ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးတယ်။ လက်က သွက်သွက်လှီးပေးခိုက်မှာ အကူတယောက်က တွင်တွင်ကြီး ဈေးခေါ်ရောင်းပ။ ဟော..။

`ဟယ်၊ အဲအဲ´
`သြော်.. ကြည်ကြည်ပါလား။ နင်မုံရွာက လာတာလားဟင်´

မိုးကြည်ကြည်။ အဲအဲနှင့် ကျောင်းနေဖက်။ တတွဲတွဲ မခွဲတဲ့သူငယ်ချင်းပါ။ အဲအဲ ကိုးတန်းအထိ မင်းကင်းမှာ နေခဲ့တယ်။ အဖေဆုံးတော့ ရွာပြန်ခဲ့ရော။ အမေကြီးနဲ့ ဆွေမျိုးတွေက တစ်နှစ်မှ စာမေးပွဲ ကျခဲ့တာ မဟုတ်လို့ ဆက်နေချင်သပဆို နေပ။

အဲအဲ မနေတော့ဘူး။ သူ့အောက်က မောင်လေး နှစ်ယောက်အတွက် သူထွက်မယ်။ မောင်လေးတွေ ချွန်အောင်ထားပေးမယ်။ အမေနဲ့ ဒိုးတူပေါင်ဖက် လုပ်စားမယ်။ အမေကြီးနဲ့အမေ့ကို ဂရုစိုက်မယ်ပ။

`အေးဟဲ့။ မုံရွာက ပြန်လာတာ။ တို့အစ်ကိုကြီး အလှူက ပြန်လာတာလေ၊ ဘုရားပွဲကျမှ ပြန်ခဲ့တော့မတဲ့´
`သြော်… ကြည်ကြည် စားဦး။ အင့်.. ဓားတစ်ချောင်း အပိုပါတယ်။ ခွဲစား´

ကြည်ကြည့်ကို ဓားတစ်ချောင်းနဲ့ အတူ အလုံးလှလှ ထောပတ်သရက်သီး တစ်လုံးလှမ်းပေးပြီး အဲအဲက ဈေးဆက်ရောင်းတယ်။ ကြည်ကြည်က အဲအဲကို မေးတယ်။ အရင်အခေါက်တွေက အမေးမျိုးပါပဲ။ သူ အလုပ်လုပ်တဲ့ဆီ လိုက်မလားဆိုတာပါ။

ဘာအလုပ်လဲ ဆိုတော့ ကောင်းကောင်းဝတ်၊ ကောင်းကောင်းစားရပြီး အချိန်ပိုင်းနဲ့ လုပ်ရတာတဲ့။ စားစရာ၊ သောက်စရာ ချပေးရုံ၊ မှာပေးရုံ၊ ငွေပေးရုံကလေးပါတဲ့။ အဲအဲကတော့ ငြင်းခဲ့တာချည်းပဲလေ။ ရွာကမှ မခွာချင်ပဲကိုး။ တကယ်လို့ ကြည်ကြည့် အလုပ်ရှင်က ခရီးထွက်ခါနီး ပြောတဲ့ အမှာစကားသာ အဲအဲကြားခဲ့ရင်..

`မိကီနော်၊ နင့်ဆီက လူသစ်မရတာ ကြာပြီ။ ကြိုးစားပါ။ သတိလည်းထားပါ။ ငါတို့ လိုချင်တာ အတဲ့သူ´ တဲ့။

မြရွက်

2 comments:

s0wha1 said...

copy right ဆိုတာကြီး ထည့်ထည့်မပြောပါနဲ့ ကိုကြီးရာ...ဟိုလူရူးတွေပြောတာကို စိတ်ထဲထားနေသေးတယ်...ညီမလေး နစ်ခ်လို ကျင့်ကြံစမ်းပါ...:P

Min Min said...

မြန်မာပြည်သားတွေ အနေနဲ့ ကော်ပီရိုက် ဆိုတာ ပြောလို့ မရသေးပါဘူး။ ကျနော်တို့ အဝေးရောက်နေတဲ့လူတွေ အတွက် ဒီလို ရေးပေးတဲ့လူတွေ ရှိမှ အားပေးလို့ ရတာမို့ ..
စာရေးသူ လဲ ၀မ်းသာရမှာပါ။ သူရေးလိုက်တဲ့စာက ခုဆို သူ့ရဲ့စာချစ်သူတွေ ဖတ်လို့ ရပြီလေ။ အဲလို မဖတ်စေချင်ဘူးဆိုလဲ အဲ စာရေးဆရာကို စာမရေးနေနဲ့တော့လို့။ သူရေးလဲ
ကျွန်နော်တို့ ဖတ်လို့ ရမှာမှ မဟုတ်တာ။ ကျေးဇူးတင်တင်ပါတယ်။