ဒီတပတ်မှာ ကျနော်အလုပ်နားရက် သုံးရက်ရပါတယ်။ တနင်္လာနေ့က Memorial Day ဖြစ်တဲ့အတွက် စနေ၊ တနင်္ဂနွေနဲ့ ဆက်လိုက်တော့ သုံးရက် အနားရတာပါ။ဒီတပတ်အနားရခိုက်မှာ ကျနော့်ဘလော့ဂ်မှာ တင်ဖို့ရည်ရွယ်ပြီး နေရာတခုကို သွားခဲ့ပါတယ်။

ဒါကတော့ ကျနော်တို့ မြို့နဲ့ မိုင် ၂၀ကျော်အကွာက National Park တခုပါ။ အခုမြင်နေရတဲ့ အဆောက်အဦ လုံးလုံးသုံးခုကတော့ Domes ပြခန်းတွေပါ။ လိပ်ခုံးပုံစံ အဲဒီအဆောက်အဦတွေကို Tropical dome, Arid dome, နဲ့ Show dome လို့ ခွဲခြားပြသပါတယ်။
အဲဒီအဆောက်အဦတွေထဲမှာ သာမန်အားဖြင့် အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တော်တော်များများမှာ ပေါက်ရောက်လေ့ မရှိတဲ့ (သူတို့နိုင်ငံအတွက်) ရှားပါးအပင်တွေကို စိုက်ပျိုးပြသထားပါတယ်။ မြေကိုလဲ လိုသလိုပြုပြင်၊ အပူချိန်ကို ၇၂ ဒီဂရီဖာရင်ဟိုက် ၀န်းကျင်မပြတ်ရအောင် ထိန်းထားပေးပြီး။ နေရောင်ခြည်ရနိုင်ဖို့အတွက်ကိုပါ ထည့်သွင်းစဉ်းစားပြီး အမိုးခုံးတွေကို ဖန်သားတွေနဲ့ ဆောက်လုပ်ထားပါတယ်။ တောအုပ်လေးများသဖွယ် ဖန်တီးထားတဲ့ အဲဒီ အဆောက်အဦးတွေထဲကို
ဝင်ကြည့်လိုက်မယ် ဆိုရင်...။


ဒါကတော့ Tropical dome ခေါ် အပူပိုင်းဒေသဆိုင်ရာ ပြခန်းပါ။ တောအုပ်အတု၊ စမ်းချောင်းအတု၊ ရေတံခွန်အတုတွေ ဖန်တီးထားပေးပြီး အပူပိုင်းဒေသတွေမှာ ပေါက်ရောက်လေ့ ရှိတဲ့ အပင်တွေကို စိုက်ပျိုးပြသပါတယ်။








Tropical dome ထဲမှာ ကျနော်တို့ နိုင်ငံနဲ့ အင်မတန် နီးစပ်တဲ့ ရှုခင်းမြင်ကွင်း၊ အပင်တွေများပါတယ်။ ၀ါးရုံပင်စုစု၊ မန်ကျည်းရွက်နု၊ မန်ကျည်းတောင့်နုလေးတွေနဲ့ မန်ကျည်းပင်ငယ်၊ အသီးတွေ တွဲရရွဲကျနေတဲ့ လိမ္မော်ပင်နဲ့ ကျွဲကောပင်။ ငှက်ပျောပင် ခပ်ငယ်ငယ်ကလဲ ခူးဆွတ်ချင်စရာ ငှက်ဖျောဖူးနဲ့..။ ဖလံတောင်ဝှေးပင် နုနုလေးတွေကလည်း တဖျောက်ဖျောက်နဲ့ ခူးချိုးစားချင်စရာ။ ဘာမျိုးစိတ်မှန်းမသိတဲ့ သစ်ခွပင်ကိုလဲ လှလွန်းတာကြောင့် ပုံရိုက်ကူးခဲ့ပါသေးတယ်။

ငှက်ကလေးတွေ စိုးစိုးစီစီအသံက သာယာလွန်းလှတာကြောင့် ပုံရိုက်ကူးဖို့ ကြိုးစားတာ၊ ကင်မရာချိန်လိုက်တာနဲ့ ငှက်တွေက ပျံပျံပြေးပါတယ် နောက်ဆုံးတော့ သဘောကောင်းတဲ့ ဟောဒီငှက်ကလေးက ဓာတ်ပုံအရိုက်ခံဖို့ အသာတကြည်ခွင့်ပြုခဲ့ပါတယ်။



ဒါကတော့ Arid dome ခေါ် ခြောက်သွေ့လွင်တီးခေါင်ဒေသ ဆိုင်ရာ ပြခန်းပါ။ ဆီအုန်းပင်တွေ၊ ကျောက်ဆောင်တွေနဲ့အတူ တခြားသော အပင်တွေနဲ့ ပနံရအောင် အလှဆင်ထားတဲ့ ဒီပြခန်းကို Tropical dome လောက် ခံစားရသ မဖြစ်ခဲ့မိပေမယ့် ပြခန်းကို ဖန်တီးသူတို့ရဲ့ အနုပညာ စွမ်းအားကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်စွာ ချီးကျူးမိပါတယ်။



Show dome မှာကတော့ ပန်းမျိုးပေါင်း များစွာကို စိုက်ပျိုးပြသထားတာပါ။ မြန်မာပြည်က ပန်းမျိုးတွေဖြစ်တဲ့ နှင်းဆီ၊ ဂန္ဒမာ၊ မေမြို့၊ စိန်ချယ် သစ္စာပန်းများအပြင် တခြားသော ကျနော် မသိတဲ့ အမျိုးအမည်ပေါင်းများစွာနဲ့ ပန်းတွေကို မြင်ရတဲ့လူ မျက်စိအေးသွားအောင် ဖန်တီးစိုက်ပျိုးပြသထားပါတယ်။
Show dome ပြခန်းထဲကိုရောက်တော့ မင်္ဂလာဆောင်ပွဲ တခုကျင်းပနေလို့ လူတွေတော်တော် များများရောက်နေကြပါတယ်။ မင်္ဂလာပွဲလာ ပရိသတ်တွေကြောင့် ရှုခင်းပုံတွေကို ကောင်းမွန်စွာ ရိုက်ခွင့်မကြုံခဲ့ပါဘူး။ အဲဒါနဲ့ပဲ မင်္ဂလာဆောင် ဓာတ်ပုံနှစ်ပုံ ရိုက်ပြီး အသာလှည့်ထွက်လာခဲ့ပါတယ်။
Dome ပြခန်းတွေထဲက ထွက်လာတော့ အပြင်မှာ မိုးဖွဲဖွဲရွာနေပါတယ်။ နွေရာသီမိုးကြောင့် ထင်ရဲ့၊ နေသာထိုင်သာတော့ ရှိသား.။ နောက်ကို ငဲ့အကြည့်မှာတော့ dome ပြခန်းတွေက `နောက်လဲ လာဦးနော်´ လို့ ပြောနေဟန် အပြုံးတွေနဲ့ မိုးရေထဲမှာ ငူငူကြီး ကျန်ရစ်ခဲ့ကြလေရဲ့..။
ကလိုစေးထူး
6 comments:
ကောင်းလိုက်တဲ့ အတွေ့အကြုံလေးတွေပါပဲ ကိုစေးထူးရေ..
ပညာလည်းရ၊ ဗဟုသုတလည်းတိုး၊ စာအရေးအသားကလည်း ညက်ပါပေ့ဗျာ....
မိုက်တယ်...အဲ့ဒီမှာ ဓာတ်ပုံ သွားရိုက်ချင်လိုက်တာ...
it is really nice view . thanks for share to readers .
jimmy
လှတယ် ကိုစေထူးရေ ။ ကျမကတော့ သဲကန္တာရပိုင်းကဟာလေး ပိုကြိုက်တယ် ။ tropical က ဒီမှာ တွေ့ နေရတာဆိုတော့ ။ သစ်ခွပန်းကြည့်ချင်ရင် စင်္ကာပူလာခဲ့ပါ ။ ဒီနိုင်ငံရဲ့ ကိုယ်စားပြုပန်းက သစ်ခွပဲ ။ နောက်မှ ရိုက်ထားတဲ့ သစ်ခွမျိုးစုံ တင်ပေးပါဦးမယ် ။
ကိုစေး ခှဉ်ပေါင်ရွက် မ ခူးခဲ့ဘူးလား
အကိုသံလွင် ငှက်ကပဲ သဘောကောင်းပြီး ဓါတ်ပုံအရိုက်ခံရတယ်လို့ ကြားဖူးပေါင်... :P
Post a Comment