နာရီနှိုးစက်သံလွင်လွင်က နားစည်ကို မချိုမသာ ရိုက်ခတ်တာကြောင့် အိပ်စက်ခြင်းဟာ အလန့်တကြားနဲ့ ပြေးထွက်သွားပါတယ်။ နာရီကို ကြည့်လိုက်တော့ မနက်ခြောက်နာရီ။
ပြတင်းတံခါးကနေ တဆင့် အပြင်ကို လှမ်းကြည့်မိတော့ ဖြိုးဖြဖြ အလင်းရောင်နဲ့ နေထွက်စ မနက်ခင်းလေး..။ အာရုံကို လွန်မြောက်လို့ မိုးသောက်လာပါပကော..။
လူ့ဘ၀ရဲ့ အသက် ဆယ်စုနှစ် သုံးခုတာကို ဖြတ်သန်းအပြီးမှာတော့ မနက်ခင်းပေါင်း များစွာကို လွန်မြောက်ခဲ့ပြီးပါပြီ။ ကျန်ခဲ့တဲ့ မနက်ခင်းတွေကို လှမ်းငဲ့ အကြည့်မှာတော့…။
***
ကျနော့်ဘ၀ရဲ့ မနက်ခင်းများစွာ အနက်က ကျောင်းနေရခါစ မနက်ခင်းလေးတွေကိုတော့ အနှစ်သက်ဆုံးပါ။ ဘာကြောင့်ရယ်လဲတော့ မသိ၊ သူတကာ ကလေးတချို့လို ကျောင်းကို ကြောက်တတ်တဲ့ အကျင့် ကျနော့်မှာ မရှိခဲ့ပါဘူး။ ကျောင်းသွားရမယ်ဆိုရင် ပျော်နေတတ်တဲ့ ကျနော်က မနက်စောစော အိပ်ရာက နိုးပြီဆိုတာနဲ့ ကျောင်းဝတ်စုံ စိမ်းစိမ်းလေးကို ဆင်မြန်းလို့ တက်ကြွနေခဲ့ပါတယ်။
ပညာတွေသင်လို့ အတန်းတွေ တဖြည်းဖြည်းမြင့်လာတဲ့ အချိန်ကျတော့ မေမေ့ရဲ့ ကြပ်မတ်မှုကြောင့် မနက်စောစော စာထကျက်ရတာကြောင့် ကျောင်းတက်ပျော် စာကျက်ပျင်း ကျနော်တယောက် မနက်ခင်းတွေကို ထမ်းပိုးထားရတဲ့ ၀န်တခုလိုလို မြင်ချင်လာတယ်။
ကျနော်တို့ မြို့ကလေးရဲ့ မနက်ခင်းမှာ တောနယ်ဈေးသည်တွေရဲ့ လှည်းသံ ရှိတယ်။ ဆွမ်းခံကြွလာတဲ့ ရဟန်းတော်တွေရဲ့ ရှေ့က ဘုန်းကြီးကျောင်းသားလေးရဲ့ ကြေးစည်သံ ရှိတယ်။ ပဲပြုတ်သည်ရဲ့ အသံစူးစူးရှိတယ်။ တခါတလေမှာတော့ အပြေးလေ့ကျင့်ကြတဲ့ အစိမ်းရောင်လူတွေရဲ့ ဖိနပ်သံ တဖြောင်းဖြောင်းကို ကြားနိုင်ပါတယ်။
မိဘရဲ့ အုပ်ထိန်းမှုအောက်က ကင်းလွတ်သွားတဲ့ အသက်အရွယ်မှာတော့ ကျနော့်မနက်ခင်းတွေက ငယ်စဉ်ကလို မဖြူစင်ခဲ့တော့ပါဘူး။ တချို့မနက်တွေမှာ ညကသောက်ခဲ့တဲ့ သူရာရဲ့ အရှိန်နဲ့ ရီဝေေ၀ဖြစ်လို့။ တချို့မနက်တွေကိုတော့ အိပ်စက်ခြင်းကသာ အနိုင်ယူပြီး နေ့လည်ဆီကို ခုန်ပျံကျော်လွှား ရောက်ခဲ့ရတာလဲ ရှိရဲ့..။ ရုန်းကန်လှုပ်ရှားရမှု လူ့ဘ၀မှာ မနက်ခင်းတချို့ကို မသိလိုက် မသိဘာသာ ဂမူးရှူးထိုး ကျော်ဖြတ်မိခဲ့တာတွေလဲ ရှိရဲ့။
တကယ်တော့ မနက်ဆိုတာဟာ နေ့တခုကို ဖြတ်သန်းဖို့ အစပျိုးတဲ့ အချိန်လေး တခုပါ။ မနက်ခင်းမှာ သူတော်စင်တွေက တရားအားထုတ်ပါတယ်။ ဆိတ်ငြိမ်တဲ့ အသံနဲ့အတူ ဘာကိုမှ မစဉ်းစားဖြစ်သေးတဲ့ ကြည်လင်နေတဲ့ စိတ်က တရားအားထုတ်ရာမှာ အထောက်အကူ ပြုစေပါတယ်။ ကျနော်ကတော့ အသက်အရွယ်ကို လွှဲချရင်းနဲ့ပဲ မနက်စောစောမှာ တရားအားထုတ်ဖြစ်တယ် ဆိုတာ မရှိခဲ့သေးပါဘူး။ တခါတလေတော့ ဘုရားစင်ရှေ့မှာ ပုဆိန်ဦးပေါက်နဲ့ ကန်တော့မိပါရဲ့။
မနက်စောစော လက်ဖက်ရည်ဆိုင် ထိုင်ရတာကလည်း အရသာ..။ ဘယ်သောအခါမှ မရိုးနိုင်တဲ့ ကြာနီကန်ဆရာတော် တရားခွေနဲ့ ပေါ့ဆိမ့် လက်ဖက်ရည်တခွက် တွဲဖက်လို့ မနက်ပေါင်းများစွာကို လက်ဖက်ရည်ဆိုင်မှာ ကုန်လွန်ဖူးရဲ့..။
***
ပွမ်…(((((((
အနောက်က ကားရဲ့ ဟွန်းတီးသံကြောင့် အလန့်တကြားနဲ့ ကြည့်မိတော့.. ။ သြော်..၊ မီးစိမ်းနေတာကြာပြီကို မထွက်သေးဘဲ ရပ်နေမိတာကိုး.။ လက်ပြတောင်းပန်လိုက်ရင်း ၀ူးကနဲ မောင်းထွက်လိုက်တော့ မနက်ခင်းအတွေးကလည်း ကားမီးခိုးငွေ့ငွေ့နဲ့အတူ လေထဲကို လွင့်ပျောက်သွားလေရဲ့..။
ကလိုစေးထူး
4 comments:
တိုတော့တိုတယ်..နန့်တော့မနန့်ပါဘူးအကို..ကိုစေးထူးစာလေးကကောင်းပါတယ်.. :D
ကိုကလိုစေထူး.. တိုတိုလေးပေမယ့် ရင်ထဲကို လာထိပါတယ် ။ စာကြောင်းတိုင်းမှာ စာရေးသူရဲ့ ခံစားချက်တွေနဲ့ ထပ်တူခံစားလိုက်ရသလိုပဲ ။
တိုနှံ့နှံ့လား...တိုနန့်နန့်လား...:P
တိုနန့်နန့် က မှန်ပါတယ်။
နံ့ က အနံ့အရသာ၊ အမွှေးနံ့သာ မှာသုံးပါတယ်။
ကိုသံလွင်ရဲ့ မနက်ခင်းအတွေးကို ရေးဖွဲ့ထားတဲ့က တိုပေမယ့် ဖတ်လို့ကောင်းပါတယ်။
ငြိမ်းချမ်းသော မနက်ခင်းများစွာ ပိုင်ဆိုင်နိုင်ပါစေရှင် … ။
Post a Comment