Thursday, August 16, 2007

စပ်မိစပ်ရာ (၁၁)...

ဒီနေ့က မှတ်တမ်းမဲ့ မှတ်တမ်းတင်မယ့် နေ့ဖြစ်ပေမယ့် မရေးတာကြာတဲ့ စပ်မိစပ်ရာကို တင်ချင်တဲ့ အာသီသက ပိုနေတာကြောင့် စပ်မိစပ်ရာကို တင်ပါရစေ။

ဒီတပတ်အတွတ် အထူးခြားဆုံးနဲ့ အလှုပ်ခတ်ဆုံး သတင်းကတော့ မြန်မာနိုင်ငံမှာ လောင်စာဆီဈေးတွေ ရုတ်တရက် ဈေးမြောက်သွားတဲ့ သတင်းပါပဲ။ (ဈေးတက်တယ် ရေးရင် ဆင်ဆာထိမှာ စိုးလို့ပါ) ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ဈေးနှစ်ဆ မြှောက်တင် ကောက်ခံရဲတဲ့ အုပ်ချုပ်သူများရဲ့ သတ္တိ မသေးလှပါဘူး။ ကျနော် အမှတ်မှားခဲ့ရင်တော့ ထောက်ပြပေးပါ။ ယခင် နောက်ဆုံးအကြိမ် ဓာတ်ဆီဈေး တဂါလံ ၁၅၀၀ ကျပ်အထိ ဈေးမြှောက်တင် ကောက်ခံခဲ့စဉ်က ပြန်ကြားရေး ၀န်ကြီးလုပ်သူက လက်ရှိ မြှောက်တင်လိုက်တဲ့ ဈေးဟာ အနောက်နိုင်ငံကြီးများ (သူအဓိက ယှဉ်ပြချင်တာက အမေရိကန်ပါ) က ဆီဈေးနဲ့ ယှဉ်လိုက်ရင် လွန်စွာ ဈေးချိုကြောင်း၊ အစိုးရက ပြည်သူတွေ သက်သာအောင် အရှုံးခံ ရောင်းချပေးနေရတာ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ဖူးပါတယ်။

အခု နောက်ဆုံး ဈေးအရ အစိုးရရောင်းဈေး ဓာတ်ဆီ တဂါလံကို ၃၀၀၀ ကျပ် ပါတဲ့။ ဒီဈေးဟာ မြန်မာကျပ်ငွေ နဲ့ အမေရိကန် ဒေါ်လာ (တရားမ၀င်) ငွေပေါက်ဈေး တဒေါ်လာကို ၁၂၅၀ ကျပ်နဲ့ တွက်ချက်ရင်တောင် ၂.၄ ဒေါ်လာ ရှိနေပါပြီ။ အမေရိကန်မှာ လက်ရှိ ရောင်းချနေတဲ့ ဆီဈေးနဲ့ ဆင့် အနည်းငယ်သာ ကွာပါတော့တယ်။ မတိမ်းမယိမ်းပါပဲ။ အတင်းကာရော သတ်မှတ်ထားတဲ့ တရားဝင် ငွေပေါက်ဈေးနဲ့သာ ဆိုရင်…။

ထူးခြားတာ တခုက မြန်မာနိုင်ငံကို အလည်အပတ် လာရောက်သွားတဲ့ ဗီယက်နမ်ဝန်ကြီးချုပ်က မြန်မာပြည်ကို သူရောက်ခိုက်မှာ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ (လှလိုက်တဲ့ အသုံးအနှုန်း) တရပ်ကို အမိအရ ချုပ်ဆိုသွားပါတယ်။

မာဒေးကား ဘောလုံးပြိုင်ပွဲအတွက် လက်ရှိချန်ပီယံ မြန်မာအသင်းက အပြီးသတ် လက်ရွေးစင် ၁၈ ဦး ရွေးချယ်ပြီးပါပြီ။ လာမယ့် ၂၀ ရက်နေ့မှာ အာဖရိကအသင်းတသင်း ဖြစ်တဲ့ လီဆိုသို အသင်းနဲ့ ပွဲဦးထွက် ကစားပါမယ်။ အပြီးသတ် လူစာရင်းမှာ လူတယောက်ရဲ့ နာမည် ပါလာလေမလားလို့ ရှာမိလိုက်ပါသေးတယ်။ တခြားလူတော့ မဟုတ်ပါ။ ကျနော်နဲ့ မွေးနေ့၊ မွေးလတူ ဖိုးလပြည့် နာမည်ကိုပါ။ ဟုတ်ကဲ့…၊ မပါလာသေးပါဘူး။ :D

လက်ရှိ ကျင်းပနေဆဲ နအဖ ညီလာခံမှာ `စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ်´ ဆိုတဲ့ အသုံးအနှုန်းအစား `စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်´ လို့ ပြင်ဆင်ဖို့ ညီလာခံ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌရဲ့ စုစည်း တင်ပြချက် အပိုဒ်(၄) ကို လက်ညှိုးထောင် ခေါင်းငြိမ့် ကိုယ်စားလှယ်များက ဖြည့်စွက်တင်ပြခဲ့ပါတယ်။ လက်ညှိုးထောင် ခေါင်းငြိမ့်တာခြင်း အတူတူထဲကမှ တစည ကိုယ်စားလှယ်က `နိုင်ငံတော်၏ မြို့တော် ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော် သမ္မတ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်သည်´ ဆိုတဲ့ အချက်ကို တင်ပြခဲ့ပါတယ်။

နောက်တခု စဉ်းစားစရာ တင်ပြချက်တခုကိုတော့ ပြည်ထောင်စု ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်ရဲ့ ဆွေးနွေးအကြံပြု စာတမ်းမှာ ဖတ်လိုက်ရပါတယ်။ အဲဒါကတော့…

`အချုပ်အခြာဆိုတာ ထာဝရ အမှန်တရားပဲ ဖြစ်ပါတယ်။ အဲဒီအမှန်တရားကို အကြမ်းဖက်လို့ ဖြစ်စေ၊ လူအများဆန္ဒအရဖြစ်စေ၊ အခြေခံပြီး မစဉ်းစားရပါ၊ ဆင်ခြင်တုံတရား အပေါ်မှာသာ အခြေခံပြီး စဉ်းစားရမယ်။ လူတွေမှာလည်း မှားတတ်ကြပါတယ်။ လုံးဝ အမှားကင်းတယ်ဆိုတာ မရှိနိုင်ပါဘူး။´ တဲ့။ ကောင်းပါလေ့။

မြန်မာနိုင်ငံဟာ ၂၀၀၇ ခုနှစ်၊ ပထမလေးလပတ် ကာလအတွင်းမှာ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ကုန်သွယ်မှုများ ဆောင်ရွက်ခဲ့ရာမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ပါတယ်။ တရုတ်တနိုင်ငံတည်းနဲ့တင် ပို့ကုန် သန်း ၁၆၀၊ သွင်းကုန် သန်း ၁၄၀ ဖိုး၊ စုစုပေါင်း သန်း ၃၀၀ ဖိုးခန့် ကုန်သွယ်ခဲ့ပါတယ်။ တရုတ်ကြီး ယူသွားတဲ့ သန်း ၁၆၀ ဖိုးသော မြန်မာ့သယံဇာတတွေကတော့ ပြောင်းဖူးစေ့၊ နှမ်း၊ ဖရဲသီး၊ ကြက်ဆူစေ့၊ ကြိမ်၊ ချိပ်၊ ရာဘာ၊ သစ်ကြံပိုးခေါက်၊ သရက်သီးတွေပါတဲ့။

ထိုင်းနယ်စပ် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းနဲ့ မြိတ် ကုန်သွယ်ရေး စခန်းများမှ တဆင့် ကုန်သွယ်မှုများမှာတော့ ပို့ကုန် အမေရိကန် ဒေါ်လာ ၅၇ သန်း၊ သွင်းကုန် ၃၁ သန်းဖိုး စုစုပေါင်း ၈၈ သန်းဖိုး ဆောင်ရွက်ခဲ့ပါတယ်။ ထိုင်းတွေ ယူသွားတဲ့ သယံဇာတတွေကတော့ ကျွန်းသစ်၊ ကြက်သွန်ဖြူ၊ စကျင် ကျောက်ဆင်းတု၊ လမ်းခင်းကျောက်၊ ငါးမျိုးစုံ၊ ငါးမုန့်၊ ပုစွန်၊ ကဏန်းနဲ့ အခြား ရေထွက် ပစ္စည်းတွေ ဖြစ်ပါတယ်။

ကျန်တာတွေကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ တိုနဲ့ ကုန်သွယ်ခဲ့တာပါ။ သူတို့ကလည်း အားကျမခံ နနွင်းတက်၊ နံနံစေ့၊ မန်ကျည်းစေ့၊ ငါးသလောက်၊ ငါးကလေးစုံခြောက်၊ ကွမ်းသီး၊ စမုံစပါးနဲ့ ၀က်အရှင် အစရှိတဲ့ မြန်မာ့သယံဇာတတွေကို ယူငင်ခဲ့ပါတယ်။ အဲဒီ လေးနိုင်ငံကမြန်မာနိုင်ငံထဲကို သွင်းကြတဲ့ သွင်းကုန် အမျိုးအစားကိုတော့ ဖော်ပြမထားလို့ မသိရပါဘူး။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အမျိုးသမီး လေယာဉ်မှူး ဖြစ်လာမယ့် သင်တန်းသူ နှစ်ဦးကို အဲယားပုဂံ လေကြောင်းလိုင်းက မလေးရှားနိုင်ငံကို ရွေးချယ် စေလွှတ်ခဲ့ပါတယ်။ အရင်က မြန်မာ့ ပထမဆုံး လေယာဉ်မှူးအဖြစ် ၁၉၅၆ ခုနှစ်တုန်းက ဒေါ်လှသန်း ဆိုသူ အမျိုးသမီးက အသက် ၂၇ နှစ်အရွယ်မှာ ဂလိုက်ဒါနဲ့ ပျံသန်းခဲ့ဖူးပေမယ့် လေယာဉ်ကို တိုက်ရိုက် မောင်းနှင်ခြင်းတော့ မဟုတ်ခဲ့ပါဘူး။ ဒီတော့ ဘာပဲဖြစ်ဖြစ် လေယာဉ်ပျံကြီး မောင်းတော့မယ့် အဲဒီလုံမပျိုလေး နှစ်ယောက်ဖြစ်တဲ့ မနှင်းဦးဝေ နဲ့ မမေချိုဝင်းတို့ကို မြန်မာအမျိုးသမီးထု ကိုယ်စား ဂုဏ်ယူစွာ အားပေး ကြိုဆိုရင်း ဒီတပတ် စပ်မိစပ်ရာကို ခေတ္တနားပါမယ်ခင်ဗျာ။


ကလိုစေးထူး

1 comment:

Anonymous said...

၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလကလည်း စစ်အစိုးရမှ လောင်စာဆီဈေးနှုန်းများကို မြှင့်တင်ခဲ့ရာ ဓါတ်ဆီတဂါလံ (၁၈၀) မှ (၁,၅၀၀) ကျပ်၊ ဒီဇယ် (၁၆၀) မှ (၁,၅၀၀) သတ်မှတ်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီး (အမှန်တော့ ပြန်မကြားရေးဝန်ကြီးပါ။ ဘာမှပြန်မကြားပါဘူး) ဗိုလ်မှူးချုပ်ကျော်ဆန်း ရှင်းလင်းချက်…
ဒါနဲ့ပက်သက်ပြီး ကျွန်တော်ရှင်းလင်းပြောပြချင်တာက ကျွန်တော်တို့အနီး ထိုင်းနိုင်ငံရဲ့ ဒီနေ့ ဒီဇယ်တဂါလံရဲ့ ဈေးနုန်းဟာ ၂.၆၈ ဒေါ်လာရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပေါက်ဈေးနဲ့ ယှဉ်ကြည့်ရင် သူတို့ဆီမှာ ရောင်းနေတာ တဂါလံကို ၃၀၀၀ လောက်ဖြစ်တယ် ဆိုတာ အများသိရှိနိုင်မှာဖြစ်ပါတယ်။ .. Blah Blah ပေါ့ဗျာ။

ထိုင်းနိုင်ငံပြည်သူတွေရဲ့ တနေ့ဝင်ငွေကကော ဘယ်လောက်လဲ။
ထမင်းတနပ်စာ ဘယ်လောက်ကျလဲ။
နေထိုင်စရိတ် ဘယ်လိုရှိလဲ။

တနေ့ ဘတ် ၂၀၀ လောက်ရမယ်ထင်တယ်။ ဒီဇယ်က ဘယ်ဈေးလဲ တဂါလံ ဘတ် ၁၀၀လား။
မြန်မာပြည်မှာ ဘယ်လောက်ရလဲ။ ၁၅၀၀ ကျပ်လား။ ဒါပေမဲ့ ဒီဇယ်ဈေးက ၃၀၀၀လေ။

တွေးမိတာလေးပါဗျာ။