Monday, August 20, 2007

မွေးနေ့ဆုတောင်း...

မွေးနေ့…။

လူတယောက်ကို လူတယောက်က မွေးဖွားပေးလိုက်တဲ့နေ့။ ဘ၀တခုကို ဘ၀တခုက အသက်ရှင်ခွင့် အစပျိုးပေးလိုက်တဲ့ နေ့။ အဲဒီနေ့ကို လူတွေက မွေးနေ့ရယ်လို့ သတ်မှတ်ထားကြပါတယ်။

မွေးတဲ့နေ့ရက်အလိုက် ဘယ်ရာသီ၊ ညာရာသီ၊ ဘာဖွား ညာဖွား စသဖြင့် မိမိယုံကြည်ရာ အတိုင်း တွက်ချက် သတ်မှတ်ကြတာ ရှိပေမယ့် သေချာတာတခုကတော့ မွေးနေ့တွေဟာ မိမိရဲ့ မွေးဖွားခြင်း အစပြုခဲ့တဲ့ နေ့ကို ပြန်လည် အမှတ်ရစရာ ဖြစ်စေမှာပါပဲ။

ဒါကြောင့် မွေးနေ့ကို ရောက်တိုင်းမှာ မွေးနေ့ရှင်ကို ဆုတောင်းပေးကြ၊ မေတ္တာပို့ကြတဲ့ ဓလေ့လေးက ကမ္ဘာ့အနှံ့က လူသားတို့ရဲ့ နှစ်လိုဖွယ်ရာ ကြည်နူးဖွယ်ရာအဖြစ် ပေါ်ထွန်းခဲ့ပါတယ်။ (စာအုပ်တအုပ်ထဲ ပြုံးချင်စဖွယ် ဖတ်လိုက်ရဖူးတဲ့ ပဟေဠိတခုမှာ ကမ္ဘာပေါ်မှာ ဖေးဖရိတ်အဖြစ်ဆုံး သီချင်းက ‘Happy Birthday to you’ သီချင်းပါတဲ့)။

သြဂုတ်လ (၂၁)ရက်နေ့။ အဲဒီနေ့ဟာ ကျနော့်ကို အမြဲနားလည်ပေးခဲ့တဲ့၊ ကျနော့်ဘက်က အမြဲရပ်တည်ခဲ့တဲ့၊ ကျနော့်ရဲ့ ပျော်ရွှင်ခြင်း၊ စိတ်တိုပေါက်ကွဲခြင်း၊ ၀မ်းနည်းကြေကွဲခြင်းကို အမြဲမျှဝေ ခံစားပေးခဲ့တဲ့ ကျနော့်ရဲ့ ထာဝရ မိတ်ဆွေ မမေဓာဝီ ရဲ့ မွေးနေ့ပါ။

ဒီနေ့လေးမှာ သူ့ကို ပျော်ရွှင်စေချင်တယ်။ သူ့ရဲ့ စိတ်ကို အေးချမ်းနေစေချင်တယ်။ အားလုံးကို မေတ္တာထားတတ်သူမို့ အားလုံးရဲ့ မေတ္တာတွေ သူ့အပေါ် သက်ရောက်စေချင်ပါတယ်။ မမေတယောက် ဒီနေ့ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းများစွာ ပိုင်ဆိုင်ပြီး ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်နေတဲ့ ဘ၀ ထပ်တူကျနိုင်ပါစေ လို့ ဆုတောင်းပေးရင်း ကဗျာလေးတပုဒ်နဲ့ မွေးနေ့ရှင် အတွက် ဂုဏ်ပြုပါရစေ။

`မွေးနေ့ ဆုတောင်း´

မွေးနေ့ရက်ခါ၊ ရောက်လို့လာ
ပျော်ရွှင်နှလုံး မြဲစေရာ
မွှေးကြိုင်ထုံလန်း ပန်းသို့ပမာ
ရနံ့သင်းသင်း စွဲစေရာ
မေတ္တာတရား ပွားလို့သာ
ချစ်ခင်သူတို့ များစေရာ
သောက အဖြာဖြာ ဝေးလို့သာ
ကျန်းမာလန်းဆန်း ကြည်စင်ရာ
နှစ်ပေါင်းများစွာ ချမ်းမြေ့စွာ
လောကအကျိုး သယ်ပိုးရာ...။


ကလိုစေးထူး

3 comments:

Anonymous said...

မွေးနေ့ ဆုတောင်းအတွက်
ကျေးဇူးတင်ပါတယ်ရှင့် ... :)

hnin said...

မမေ တဲ့... မေ ဆိုတာ အမျိုးသမီးကို ကိုယ်စားပြုတဲ့ အမည်လေ။ မမေဆိုတည်းက အမျိုးသမီးပီသတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ မမေကို ကိုကလိုစေးထူးနည်းတူ မွေးနေ့မင်္ဂလာပါလို့...

pandora said...

မေတ္တာစေတနာ တရား တွေနဲ့ ထုံမွှမ်းနေတဲ့ မွေးနေ့ဆုတောင်းအတွက် အလွန် အေးအေးချမ်းချမ်း ခံစားရပါတယ်။ မေတ္တာစေတနာကို လေးစားသူပီပီ ဒီနေရာကနေ ထပ်ဆင့် ကူဆုတောင်းပေးလိုက်ပါတယ်။
မမေ တစ်ယောက် အခုလို ချစ်ခင်သော မိတ်ဆွေကောင်းများနှင့်သာ ဘ၀မှာ ကြုံတွေ့ရကာ အေးချမ်းပျော်ရွှင်နိုင်ပါစေ။
ဆုတောင်းသူ ကိုစေးထူးလည်း တူသော အကျိုးပေးပါစေ။