Thursday, May 31, 2007

စပ်မိစပ်ရာ (၅)…

ဥရောပ ဘောလုံးပွဲ ရာသီ တော်တော်များများ ပြီးဆုံးသွားကြပါပြီ။ အင်္ဂလန် ပရီးမီးယားလိဂ်မှာ မန်ယူ၊ ဂျာမန် ဘွန်ဒစ်လီဂါမှာ စတူးဂတ်၊ ပြင်သစ် ပထမတန်းမှာ လိုင်ယွန်၊ အီတလီ စီးရီးအေမှာ အင်တာမီလန် အသင်းတို့က ဖလားအသီးသီး ရရှိသွားကြပါတယ်။ ချန်ပီယံ လိဂ်ဖလားကိုတော့ အေစီမီလန်က လီဗာပူကို လက်စားချေပြီး ပြန်လုသွားပါတယ်။

စပိန်လာလီဂါမှာတော့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာကာ အသင်းက အကြိတ်အနယ် ယှဉ်ပြိုင်နေရဆဲ ဖြစ်သလို သူတို့နောက်က ကပ်လိုက်နေတဲ့ ဆီဗီလာနဲ့ ဗလင်စီယာ အသင်းတွေရဲ့ ရန်ကလဲ နောက်ကြောင်း မအေးသေးပါဘူး။ ချကြကွ..။

ကျနော့်ဖေးဖရိတ် ချဲလ်ဆီးအသင်းကတော့ ဒီရာသီမှာ ကားလင်းလိဂ်နဲ့ အက်ဖ်အေဖလား နှစ်လုံးနဲ့တင် နှစ်သိမ့်လိုက်ရပါတယ်။ စိတ်ပုတ်တယ်ပဲ ဆိုဆို..။ ပရီးမီးယားလိဂ် ဖလားရသွားတဲ့ မန်ယူကို အမြင်သိပ်မကြည်တာနဲ့ မန်ယူကို ချဲလ်ဆီးက နောက်ကောက်ချတဲ့ အက်ဖ်အေ ဖလားပွဲကို တီဗွီက ပြန်လွှင့်တဲ့ အကြိမ်တိုင်း ခဏခဏကြည့်တာ လေးခါလောက်တောင် ရှိပါပြီ။ :D သူငယ်ချင်းတယောက်က ကျနော့်ကို ကောင်းချီးပေးပါတယ်။ `သူများမကြိုက်တဲ့ အသင်းကိုမှ ရွေးကြိုက်တဲ့ အကောင်´…တဲ့။ =))

၂၀၀၇ ခုနှစ်အကုန်၊ ဒီဇင်ဘာလအတွင်းမှာ အရှေ့တောင် အာရှအားကစားပြိုင်ပွဲ လုပ်ပါတော့မယ်။ အဲဒီအတွက် မြန်မာဘောလုံးအသင်း ဘာတွေလုပ်နေပါလိမ့်လို့ သတင်းဖတ်ကြည့်တော့ ဖြူ၊နီ၊ပြာဝါ လေးရောင်ခွဲလို့ လေးပွင့်ဆိုင်ပွဲတွေ လုပ်လို့ ကောင်းတုန်းပါပဲ။ ပြီးရင် လူရွေး၊ စခန်းသွင်း နှစ်သင်းခွဲကန်၊ သွားပြိုင်..၊ ရှုံး..၊ သတင်းစာ ရှင်းလင်းပွဲလုပ်၊ ဒိုင်ညစ်၊ မုန့်လုံးစက္ကူကပ်.. ပြာကလပ်မှာ ဆွမ်းတော်တင်..အဲ..ဟုတ်ပေါင်။ ဘယ်တွေ ရောက်ကုန်ပါလိ့မ်။

ငါးမင်းဆွေ ဆိုတဲ့ နာမည် အတော်ကြီးလှပြီး ပြည်သူ့မေတ္တာကို အားရပါးရကြီး ခံယူနေတဲ့ ဆောင်းပါးရှင်ကြီးက သူအခုလို နေ့စဉ်ထုတ် သတင်းစာတွေမှာ ဆောင်းပါးရေးနေတာဟာ `နိုင်ငံတော်ရဲ့ လတ်တလော အခြေအနေအရ၊ နိုင်ငံသားတယောက်၏ တာဝန်အရ´ ဖြစ်ပါသတဲ့။ ၁၃၆၈ခုနှစ်၊ သင်္ကြန်အတက်နေ့မှာ သူရေးခဲ့တဲ့ ဆောင်းပါးဟာ နောက်ဆုံး ဆောင်းပါးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသတဲ့။ ငါးမင်းဆွေကြီးနားသွားရင်တော့ ဖားမင်းဆွေ၊ လိမ်မင်းဆွေ၊ အဲ..ဟုတ်ပေါင် သတ်ပုံမှားလို့ လိပ်မင်းဆွေ၊ နဂါးမင်းဆွေ၊ ခြသေ့င်္မင်းဆွေ၊ အဲ.. ခြသေ့င်္တော့ မထိရဲတော့ဘူး။ တော်ကြာ…….။ အင်း.. အဲဒီ မင်းဆွေတွေက ဆက်ရေးကြမယ်ထင်ရဲ့.။ ဖတ်ရချည်သေးရဲ့..။ လာထား..ယိစ်)))))))။

ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်ဂ်ဆင်ရဲ့ ထိုင်းရတ်ထိုင်းပါတီကတော့ အနိစ္စသဘောနဲ့ ကိစ္စချောသွားပါပြီ။ အဲဒီအပြင် ထပ်ဂ်ဆင်နဲ့ တကွ ပါတီခေါင်းဆောင်ပေါင်း (၁၀၀) ကျော်ကိုလည်း နိုင်ငံရေး ငါးနှစ်မလုပ်ရ အမိန့်ချလိုက်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကတော့ အာဏာတွေ ပါဝါတွေနဲ့ အရှိန်အ၀ါ ကြီးခဲ့သလောက် အခုတော့…..။ တရားကျစရာပင် ကောင်းပါသေးတော့..။



ဂူဂယ်လ်အာ့သ် ကို ကြည့်လိုက်တော့ Crisis in Durfer ဆိုတဲ့ နာမည်နဲ့ ဆူဒန်နိုင်ငံမှာ ရဲပဒေါင်းခပ်နေအောင် စစ်မီးလျှံတွေ တောက်လောင်နေပါတယ်။ ကင်မရာပုံနဲ့ လင့်ခ်ကလေးတွေကို လိုက်ဖတ်ကြည့်ရတာကလည်း တစက်ကလေးမှ စိတ်ချမ်းမြေ့ဖွယ်ရာ မရှိပါဘူး။ ပျက်စီးနေတဲ့ စာသင်ကျောင်းတွေ၊ မီးရှို့ခံထားရတဲ့ ရွာပေါင်းများစွာ၊ အသက်လုပြေးနေကြတဲ့ အပြစ်မဲ့ ပြည်သူတွေ..။ သြော်၊ စစ်..စစ် လို့သာ ညည်းတွားမိပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားခွင့်ရရေးကို ရည်ရွယ်ပြီးတော့ `ရွေ့လျားကျောင်း´ (၄၃) ကျောင်းကို မြို့နယ် ဆယ်မြို့နယ်မှာ ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ ကလေးတွေ ပညာသင်ကြားခွင့် ရရေးဆိုတဲ့ ရည်ရွယ်ချက်က ကောင်းမွန်လှပေမယ့် ရွေ့လျားကျောင်းရဲ့ အဓိပ္ပာယ်ကို ကျနော် မရှင်းလင်းလှပါဘူး။ ပုံမှန်ကျောင်းနဲ့ ရွေ့လျားကျောင်းရဲ့ ကွာခြားချက်ကတော့ အတန်းတွဲ စနစ်နဲ့ သင်ကြားပေးမှု ဖြစ်ပြီးတော့ အတန်းတွဲစနစ်ဆိုတာကတော့ ဆရာတဦးလျှင် သူငယ်တန်းမှ စတုတ္ထတန်းအထိ လိုအပ်သလို တွဲပြီး တာဝန်ယူ သင်ကြားပေးခြင်းမျိုး ဖြစ်ပါတယ်တဲ့။ သိရှိသူများ ရှင်းလင်းပြရင် တော်တော်ကောင်းမယ်လို့ ထင်မိပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံပညာ ကျောင်းလခနှုန်းထားများကိုလဲ ပြောင်းလဲ သတ်မှတ်လိုက်ပါပြီ။ နှုန်းထားအသစ်အရ ဒသမတန်း စာသင်သားတယောက်ဟာ တနှစ်ကို ကျောင်းလခ ၁၀၀၀ ကျပ် ပေးရပါမယ်။

အာရှဟာ ဂျာနယ်လစ်များအတွက် အန္တရာယ်အရှိဆုံးနဲ့ လုပ်ရကိုင်ရ အခက်ဆုံး ဖြစ်ပါသတဲ့။ Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတဲ့ အဲဒီသတင်းမှာ တရုတ်၊ ဆီးရီးယား၊ အီရန်၊ ဗီယက်နမ်၊ တာမေနစ္စတန် နိုင်ငံတွေဟာ လုပ်ရကိုင်ရ အခက်ဆုံးနဲ့ အန္တရာယ် အရှိဆုံးနေရာတွေ ဖြစ်ပြီးတော့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီဟာ ဆိုရင်လဲ သတင်းထွက်ပေါက် အားလုံးနီးပါးကို ထိန်းချုပ်ထားသူ ဖြစ်ပါသတဲ့။ ထိုင်းမှာဆိုရင်လဲ လက်ရှိအစိုးရက ပြည်တွင်းအသံလွှင့် ဌာနတွေကို ရာနဲ့ချီပြီး ပိတ်ပင်ထားပါတယ်တဲ့။ စင်ကာပူ၊ မလေးရှားတွေမှာဆိုရင်လည်း အာဏာပိုင်တွေက သူတို့ရဲ့ ဘက်တော်သားတွေကိုသာ လိုင်စင်ထုတ်ပေးပါသတဲ့။ သို့သော်……..။ မြန်မာနိုင်ငံ သတင်းတော့ ….။ ဒန်တန့်တန်…။

ဟုတ်ကဲ့..။ မပါပါဘူး။ အင်းလေ..။ ဒီလောက် လွတ်လပ်တဲ့ နိုင်ငံမှာ ဒါမျိုးတွေ ဘယ်ရှိမှာတုန်း…။ ဒီလောက် လွတ်လပ်စွာ ရေးလို့ရနေတာကို..။ ငါးမင်းဆွေကိုပဲ ကြည့်..။ အဲ.. ဟုတ်ပေါင်။ :D



ဒီပုံထဲက လူတွေကို ကြည့်ရတာ တော်တော်လေးကို အဆင်မပြေပါဘူး။ လူတွေဟာ မိမိရမယ့် အခွင့်အရေး လက်တဆုပ်စာကိုပဲ ကြည့်လေ့ရှိတတ်ပါသလား။ ကျနော် မသိပါဘူး။ ဒါပေမယ့် အခု ဒီလူတွေကတော့ သူတို့မျက်လုံးထဲက အတ္တမီးလျှံတွေကို ထုတ်လွှတ်ပြီး လူမိုက်ဆန်ဆန် စောင်ကြည့်နေတာ တွေ့ရတာဟာ ၀မ်းနည်းစရာ ကောင်းလှပါတယ်။

ဟိုစပ်စပ် ဒီစပ်စပ်နဲ့ စပ်လိုက်တာ နာရီကို ကြည့်မိတော့ ည ဆယ်နာရီထိုးဖို့ ဆယ်မိနစ်သာ လိုပါတော့တယ်။ နောက် မိနစ်လေးဆယ်ဆိုရင် မနက်မှာ အလုပ်ကောင်းစွာ လုပ်နိုင်ဖို့ အိပ်ချင်သည်ဖြစ်စေ၊ မအိပ်ချင်သည်ဖြစ်စေ အိပ်ရပါတော့မယ်။ မနက်ကျတော့ နှိုးစက်က အသံသာသာ ဟန်ဆောင်ပြီး နှိပ်စက်နှိုး..၊ အလုပ်သွား.. အလုပ်ပြန်။ ရုပ်ခန္ဓာကြီးက စက်ရုပ်တခုလို လှုပ်ရှားနေပေမယ့် ကျနော့်စိတ်တွေကတော့ ဟိုးကမ္ဘာတဖက်ခြမ်းဆီက အမိမြေဆီကို ရောက်နေဆဲ….။ စိတ်နဲ့ကိုယ် တထပ်တည်းကျဖို့ဆိုတာကတော့….။


ကလိုစေးထူး


ကိုးကား။ ခေတ်ပြိုင်သတင်း (ဓာတ်ပုံတပုံကိုလဲ ခေတ်ပြိုင်မှ ယူငင်သုံးစွဲပါသည်)၊
Weekly&First Eleven ဂျာနယ်။
Google Earth

Wednesday, May 30, 2007

ကျနော့် အကြိုက် (၆) ...

တကယ်တော့ ကျနော့်အကြိုက် အမှတ်စဉ် (၅)ကို တင်ဖြစ်ခဲ့တဲ့ ရက်က မကြာလှသေးပါဘူး။ ဒါပေမယ့် ဒီနေ့တော့ စာတွေ လိုက်ဖတ်ရင်းနဲ့ Weekly Eleven ဂျာနယ်၊ N0.32 Volume.2 မှာ ဖော်ပြထားတဲ့ ဆရာမ ဂျူးရဲ့ `လမ်းပေါ်မှ အသံများ´ ဆိုတဲ့ ဆောင်းပါးကို ဖတ်အပြီးမှာတော့ စိတ်ထဲမှာ တစုံတရာကို နင့်သည်းစွာ ခံစားလိုက်ရပါတယ်။ မမေဓာဝီ ရေးခဲ့ဖူးတဲ့ `ဘယ်သူ့ လက်ထဲမှာလဲ´ ဆိုတဲ့ ပို့စ်ကိုလည်း ချက်ချင်း သတိရလိုက်မိပါတယ်။ အဲဒါနဲ့ပဲ ကျနော့်အကြိုက် အမှတ်စဉ်(၆)ကို စောစီးစွာ တင်ဖြစ်ပါတယ်။

ရှင်းလင်းပြေပြစ်လှတဲ့ အရေးအသားနဲ့ အတူ ရသပေါင်းစုံကို ခံစားစေတဲ့ ဆောင်းပါးလေးကို ကျနော့်မိတ်ဆွေများထံ ဝေမျှချင်တဲ့ ဆန္ဒနဲ့ ဖတ်ပြီးပြီးချင်းမှာပဲ ချက်ချင်း စာရိုက်ပြီး တင်လိုက်ပါတယ်။ ဖတ်ရှု ခံစားကြည့်ကြပါဦး။

လမ်းမပေါ်မှ အသံများ

တနင်္ဂနွေလည်းဖြစ်၊ မိုးလည်း သဲသဲမဲမဲ ရွာတာတောင် လမ်းမှာ ကားတွေက များလိုက်တာ။ ညနေ ၅ နာရီ ကျော်နေပြီလား။ အမြဲလိုလို နာရီမပါသူမို့ အချိန်ကို ခန့်မှန်းနှင့်သာ ခန့်မှန်းကြည့်ရသည်။ ဓာတ်ဆီထုတ်ရဦးမည်။ ဆီစာအုပ်က ထုံးစံအတိုင်း မပါလာ။ အိမ်ရောက်မှ တစ်ခေါက် ပြန်ထွက်ရမည့် ပုံပဲ။ အို၊ မိုးသိပ်ရွာနေရင်တော့ ပြန်မထွက်ချင်ပါဘူး။ တစ်ရက်တလေ မထုတ်ဘဲ ထားလိုက်မယ်။ ဆီလည်း မကုန်လောက်သေးပါဘူး။ အရင်လကဆို (၁၀)ဂါလန်တောင် မထုတ်လဲ နေခဲ့သေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် အားပေးသည်။

ရေတွေကြောင့် ကတ္တရာလမ်းကို မမြင်ရတော့ဘဲ ရေပြင်မှာ မောင်းနေရသလိုရှိသည့် လမ်းဘေးသို့ ကျွန်မ မကပ်ပါ။ လမ်းအလယ်လောက်မှာ တတ်နိုင်သမျှ နေသည်။ အင်း၊ အတွင်းယာဉ်ကြောက မောင်းတာလည်း ရေကို မကြောက်ရပေမဲ့ နောက်ထပ် အန္တရာယ် တစ်ခု ရှိသေးသည်။ ဟိုဘက် မျက်နှာချင်းဆိုင် ယာဉ်ကြောကနေ စည်းကမ်းဖောက်ပြီး ကိုယ့်ယာဉ်ကြောဘက် အရှိန်ပြင်းပြင်း ရောက်လာမဲ့ ကားကြီးတွေကို ကြောက်ရသည်။ အေးလေ၊ လူ့လောကကြီးမှာတော့ လူသားတွေဟာ အန္တရာယ်တွေ ကြားထဲမှာပဲ အသက်ရှင်နေကြရတာပဲ။

ဓမ္မစေတီနှင့် ဦးဝိစာရထောင့် မီးပွိုင့်မှာ မီးနီက အကြာကြီး။ မီးစိမ်းကို စောင့်ရင်း ကျွန်မ စိတ်ပူပန်လာသည်။ မှောင်တော့မည်။ မိုးကလည်းရွာ၊ မှောင်လည်းမှောင် ဆိုရင်တော့ ကျွန်မ အိမ်ပြန်မရောက်မချင်း ဘုရားတနေရတော့မည်။ ကျွန်မ၏ ကားမီးက အားသိပ်မကောင်းဘဲ မှိန်နေသောကြောင့် ဖြစ်သည်။

ကျွန်မဘေးက ကားပြတင်းမှန်မှာ တစ်ခုခု လာထိသည်။ ကျွန်မဘေးသို့ ကြည့်လိုက်တော့ စကောတစ်ချပ်နှင့် စပါးနှံစည်းတွေ အပုံလိုက်။ ဟင်၊ အဲဒါ ဘာလဲ။ မိုးရွာနေသဖြင့် ကျွန်မမှန်က ရေငွေ့ရိုက်ကာ မှုန်ဝါးနေသည်။ ကျွန်မ မှန်ကို ချလိုက်သည်။

ကလေးမလေး တစ်ယောက်။ စပါးတွဲလေးတွေကို စကောထဲထည့်ပုံကာ လိုက်ရောင်းနေပုံ ရသည်။ ဒီကလေးမနှယ်၊ မိုးသဲသဲမဲမဲမှာကွယ်။ သူ့အသက်က ကျွန်မတူမလေး အငယ်ဆုံးလောက်ပဲ ရှိမည်။

ကျွန်မက စပါးတွဲကို ဘာအတွက်နဲ့ ၀ယ်ရမှာလဲ။ ကျွန်မက တိုက်ခန်းမှာနေရသူ၊ ကျွန်မမှာ စာကလေးတွေ ခိုကလေးတွေ မရှိ။ ကျွန်မ ခေါင်းယမ်းလိုက်ပြီး ကားမှန်ကို ပြန်တင်ဖို့ လုပ်သည်။ ထိုအချိန်တွင် ကလေးမလေးက ကျွန်မထံမှ တစ်ခုခုတောင်းခံသလိုလို ပုံစံနှင့် သူ့လက်ကလေးကို ဖြန့်လေသည်။

ဘုရားရေ၊ အဲဒါမှ ဒုက္ခပါလား။

ဒီကလေးမလေးမှာ မိဘ မရှိဘူးလား။ မိဘတွေက သူဒီမှာ ရောက်နေတာကို မသိကြဘူးလား။ အင်းလေ၊ သိမှာပါ။ ကိုယ့်ကလေး အိမ်မှာ ရှိ၊မရှိ မသိတဲ့ မိဘ ဘယ်နှယောက် ရှိမှာလဲ။ နေဦး။ သူ့ကို ကျွန်မ ဘာလုပ်ပေးရမှာလဲ။ ဟင့်အင်း၊ ကျွန်မ ဘာမှ မလုပ်ပေးနိုင်။ မိဘမဲ့ဂေဟာကို ခေါ်သွားပေးနိုင်မည့် အဖြစ်လည်း မဟုတ်။ သူ့မှာ မိဘရှိလိမ့်မည်။ မိဘက တစ်နေရာရာမှာ တခြားအလုပ်တွေ လုပ်နေရသလား။ ဒါမှမဟုတ် သမီးက ငွေရှာပြီး အပြန်ကို ထိုင်စောင့်နေရမဲ့ မိဘမျိုးလား။

ကျွန်မ၏ ဒက်ရှ်ဘုတ်ပေါ်မှာ ကားရပ်နားခ ပေးဖို့ထားသည့် ငါးဆယ်တန်၊ တစ်ရာတန်တွေ ရှိနေသည်။ ကျွန်မ ကလေးမကို ငါးဆယ်၊ တစ်ရာ ပေးလိုက်ဖို့ ချီတုံချတုံ ဖြစ်နေ၏။

ကလေးမ၊ ညည်းက စပါးတွဲရောင်းတဲ့ ဈေးသည်လေးလေ။ သူတောင်းစား မဟုတ်ဘူး။ ကျွန်မ ဘာပြောရမှာလဲ။ ဘာစကားပြောလို့ရော သူက နားလည်မှာလဲ။ သူလိုချင်တာ စကားမဟုတ်။ ငွေပဲ။

ဘုရား ဘုရား။ မိုးတွေကလည်း ရွာ။ စပါးတွဲလေးတွေကလည်း ရေတွေကစိုရွှဲ။ ကလေးမလေး၏ မျက်နှာမှာလည်း မိုးရေစီးကြောင်းလား၊ မျက်ရည်စီးကြောင်းလား။

ကျွန်မဆီက သူမျှော်လင့်သည့် ငါးဆယ်တန် တစ်ရာတန်တွေက သူ့ဘ၀ကို ဘာမှပြောင်းလဲပေးနိုင်မှာ မဟုတ်။

ကျွန်မသည် ပြစ်မှု တစ်ခုခု ကျူးလွန်လိုက်ရသည့် ခံစားချက်မျိုးဖြင့် ငါးဆယ်တန် တစ်ရွက်ကို ထုတ်ကာ သူ့လက်ထဲ ထည့်ပေးလိုက်၏။ ကလေးမက လှစ်ကနဲ ပြန်ထွက်သွားသည်။

ဘာဖြစ်လို့ ပိုက်ဆံပေးပြီးတော့ ကျွန်မ စပါးတွဲ မယူလိုက်ရတာလဲ။ ကျွန်မအိမ်မှာ စာကလေးမရှိရှိ ခိုမရှိရှိ။ သူ့ဆီက စပါးတွဲတစ်တွဲလောက် ယူလိုက်ဖို့ မကောင်းဘူးလား။ ဒါမှ သူကရောင်းသူ ကျွန်မက ၀ယ်သူဖြစ်မည်။

ကိုယ့်ကိုယ်ကိုယ် ကျွန်မ မကျေနပ်ပါ။

ကလေးမလေးက လတ်တလောတော့ သူငါးဆယ်ရလိုက်လို့ စိတ်သက်သာလိမ့်မည်။ ဒါပေမဲ့ အဲဒီလို ရမှန်းသိလျှင် သူသည် စပါးတွဲရောင်းရင်းနှင့် ပိုက်ဆံတောင်းရသည်ကို ကျေနပ်လာလိမ့်မည်။ ကျွန်မတို့လို လူတွေက ပိုက်ဆံအလကားပေးနေတာဟာ သူ့ကို ဖျက်ဆီးနေတာနှင့် မတူဘူးလား။

အို၊ မတတ်နိုင်ပါဘူးဟယ်။ အိမ်မြန်မြန် ပြန်ရောက်ချင်လှပါပြီ။ မီးနီကလည်း မစိမ်းနိုင်တော့ဘူး။ ကျွန်မရှေ့မှာ ဘေးမှာ နောက်မှာ ကားတွေက တသီတတန်းကြီး။

ဒေါက်ဒေါက်အသံဖြင့် ကားမှန်ကို တစ်ခုခုက လာထိသည်။ ကျွန်မ လှည့်ကြည့်လိုက်သည်။

ဟောတော်။ နောက်ထပ် စကောခပ်သေးသေးနှင့် စပါးတွဲအပုံလေးကို ရွက်လာသော ကလေးမလေးတစ်ယောက်။ ဒါက နောက်တစ်ယောက် ဖြစ်သည်။ အရင်တစ်ယောက်က သူ့ကို သတင်းပေးလိုက်ပုံရသည်။

တွေ့လား၊ လတ်တလော ဖြေရှင်းနည်းဆိုတာ ရေရှည်ဖြေရှင်းဖို့အတွက် ဘယ်လောက်ပိုခက်ခဲအောင် လုပ်ပစ်နိုင်တယ်ဆိုတာ။ ဒါလက်တွေ့ပါပဲ။ ဒီကိစ္စကို ကျွန်မ ဘယ်လိုရှင်းမလဲ။

ကျွန်မ ခါးသက်သက် ပြုံးလိုက်မိပြီး ကလေးမလေး လက်ထဲသို့ ငွေစက္ကူတစ်ရွက် ထည့်ပေးလိုက်သည်။ ဘာတန်လည်းတော့ ကျွန်မ မကြည့်မိတော့ပေ။ ဒီနေရာက မြန်မြန်ခွာချင်လောက်အောင် ကျွန်မ မျက်နှာပူနေမိတာ အမှန်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်နေသည်။

အဲဒီလိုလူတွေရှိလို့ အဲဒီလို ကလေးလေးတွေ ရှိနေတာ။ ဒီကလေးမလေးတွေကို တခြားနည်းနဲ့ အလုပ်ကို မြတ်နိုးတတ်အောင် ကျင့်ပေးရမှာ မဟုတ်ဘူးလား။ ကျွန်မဘေးမှာ ရှိနေသည့် ဆွေမျိုးလူငယ်လေးတွေတောင် အလုပ်တန်ဖိုးကို တကယ်မမြတ်နိုးတတ်သေးဘဲ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေကြသေးတာ။ ဒီကလေးမလေးတွေအတွက် အလုပ်ကို မြတ်နိုးခြင်းဟာ ကူညီပေးခြင်း ဖြစ်နိုင်ပါ့မလား။ ဒါဖြင့် သူတို့ကို ကူညီနိုင်တာ ဘာလဲ။

ဘုရားရေ။ မိဘမဲ့ ကလေးဂေဟာအတွက် အခုပင် အလှူငွေကိစ္စတွေ ပြောလာခဲ့သည့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်၊ ဆက်လုပ်ရမည့် လမ်းစတွေ ပျောက်ကာ သံသယတွေက စိုးမိုးလာခဲ့သည်။

ကံကောင်းထောက်မစွာပင် မီးပွိုင့်က မီးစိမ်းသွားလေသည်။ ကျွန်မ အသက်အောင့်ထားရာမှ လွှတ်ကာ ခပ်ပြင်းပြင်းရှူရှိုက်လျက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

အိမ်ရောက်တော့ ဘယ်သူ့ကိုမှ ဘာမှ စကားမပြောနိုင်။ ရေချိုးပြီးနောက် စာအုပ်တစ်အုပ် ဆွဲယူကာ အိပ်ရာပေါ်လှဲချ အနားယူမိသည်။ စာဖတ်မည်။ ဖတ်မည်ဟု ဆွဲယူလိုက်သည့် စာအုပ်က ဂျရတ်ဒိုင်ယာမွန်း၏ `ပြိုလဲခြင်း´ Collapse ဖြစ်နေသည်။ စာအုပ်ကို ကျွန်မ ပြန်ချပစ်လိုက်၏။

ဟာ၊ ဒီစာအုပ်က အသာနေစမ်းပါဦး။ အခုနေမှာ ဒါတွေကို မဖတ်ချင်ပါဘူး။ ရသစာအုပ်လေး တစ်အုပ်လောက် ဖတ်မယ်။

ကျွန်မ ထိုင်ရာမထ ခေါင်းရင်းစာအုပ်စင်ကနေ စာအုပ်တစ်အုပ် လှမ်းဆွဲလိုက်မိသည်။ အင်္ဂါဒဿန စကားဝိုင်းများ..တဲ့။ ကောင်းတယ်။ ဖတ်လက်စ လုံးချင်း ၀တ္ထုဖြစ်သည်။

ဒီကနေ့ ကျွန်မ အမှန်တွေ ဘာလုပ်ဖြစ်ခဲ့လဲ။ အမှားတွေ ဘာလုပ်ဖြစ်ခဲ့လဲဟု ပြီးခဲ့သည့် ကိစ္စတွေဆီ အာရုံမရောက်အေင် စာအုပ်ကို ဖွင့်ဖတ်လိုက်၏။ ပြဇာတ်စင် ပွဲကြည့်ပရိသတ် စင်မြင့်ဝရံတာမှ ပြုတ်ကျလာသော လူငယ်လေး တစ်ယောက်၏ သေဆုံးမှုကို စုံစမ်းစစ်ဆေးနေသော ဇာတ်လမ်းမို့ ဇာတ်ကြောင်းထဲ မျောပါကာ ထမင်းစားဖို့ မေ့သွားသည်။

`အစ်မ ထမင်းစားရအောင်´

ညီမစိုးစိုးက လာခေါ်သည့် အချိန်မှာ ညရောက်နေပြီး ပြတင်းမှ လွန်လျက် မှောင်ပိန်းနေသော ညကို မြင်ရသည်။

`မစားချင်တော့ပါဘူးဟယ်၊ ငါအိပ်တော့မယ်´
`ဟဲ့ ထမင်းမစားချင်လည်း ကော်ဖီလေးဖြစ်ဖြစ် သောက်လိုက်မလား၊ ညကျမှ ထဆာနေဦးမယ်´

စိုးက လူကြီးလိုပင် ကျွန်မကို မြည်တွန်တောက်တီးကာ ကော်ဖီတစ်ခွက် ဖျော်လာပေးသည်။

`အေးပါဟယ်၊ နင်ထမင်းစားတာကို မပျင်းအောင် ငါဘေးကနေ စောင့်ပြီး ကော်ဖီသောက်ပေးပါ့မယ်´

ကျွန်မ ၀တ္ထုစာအုပ်နှင့် ကော်ဖီပန်းကန်ကို ကိုင်လျက် ဧည့်ခန်းသို့ ထွက်ခဲ့သည်။ ကျွန်မတို့မှာ ထမင်းစားခန်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိ။ ဧည့်ခန်း တီဗွီရှေ့မှာပင် ထမင်းစားပွဲ အသေးကို ထုတ်ခင်းလျက် ထမင်းစားကြသည့် ထုံးစံရှိလေသည်။

အို၊ ညရှစ်နာရီတောင် ခွဲတော့မှာပါလား။

`အစ်မ၊ နေ့လယ်က စာအုပ်အမှာ ဖုန်းလာသေးတယ်။ မနက်ဖြန်မှ လာပို့မယ်လို့ ပြောထားတယ်´
`အေး အေး´
`သိပ်တော့ မများဘူး၊ ဆယ့်ရှစ်အုပ်ပဲ´
`ရတယ်၊ မနက်ဖြန်မှ စာရင်းကူးမယ်´

ကျွန်မ စာဖတ်တာ အာရုံ မပျက်ချင်။ ညီမစိုးက စကားတိတ်သွားသည်။

အပြင်မှာ မိုးက မသဲမဲတော့သော်လည်း တစိမ့်စိမ့်တော့ ရွာနေဆဲ။ မိုးအေးအေးနှင့် စောင်ခြုံထဲကွေးကာ သည်းထိတ်ရင်ဖို ၀တ္ထုတွေဖတ်ရသည့် ငယ်ဘ၀ကို ပြန်သတိရမိသည်။ ဘယ်လောက်များ လွမ်းစရာ ကောင်းလိုက်ပါသလဲ။ ကိုယ့်လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု မဖြစ်စေသေးသည့် လွတ်လပ်ပြီး တာဝန်ကင်းသော ဘ၀။ ကျွန်မ ပြန်လိုချင်မိသည်။

အတွေးထဲ နစ်နေသော ကျွန်မကို အတွေးစပျက်သွားအောင် လှုပ်နှိုးလိုက်သည်က ဟိုးအောက်ဘက် လမ်းပေါ်မှ အသံတစ်ခု ဖြစ်၏။

`စံပယ်ပန်းတွေ´

စံပယ်ပန်းရောင်းသော အဘွားကြီး၏ အောင်မြင်လှသော အသံ။

အဲဒါ ညီမစိုး၏ ဖောက်သည်။ ညကိုးနာရီလောက်မှာ သူများတွေက အနားယူနေချိန် သူက လမ်းတကာလှည့်ပြီး စံပယ်ပန်းကုံးတွေ ရောင်းနေဆဲ။

`စံပယ်ပန်းတွေ´

ခပ်မာမာအော်လိုက်သော အသံက ကျွန်မတို့ တိုက်ခန်းအနားတွင် ရစ်ဝဲနေသည်။

`စိုး၊ အဲဒါ နင့်ကို အော်ပြောနေတာ´

စိုးက ထိုအဘွားကြီးထံမှ စံပယ်ပန်းတွေ ခဏခဏ ၀ယ်နေကျ။ တစ်ခါတစ်ခါ အဘွားကြီးကို ရေသောက်မလား၊ မုန့်စားမလားဟု ငါးထပ်တိုက်ခန်းကို ပြန်တက်ကာ မုန့်တွေရေတွေ သယ်ပေးပြီး ကျွေးမွေးသူ ဖြစ်သည်။

`အဘွားမှာ သားသမီး မရှိဘူးလား´
`အို၊ ရှိပါ့တော်၊ အဲဒီသားအကြောင်းတော့ မပြောချင်ပါဘူး။ ရင်နာလွန်းလို့ပါ´
`အခု အဘွား ဘယ်မှာနေလဲ´
`လှိုင်သာယာမှာ´

လှိုင်သာယာအထိ ပြန်ရမည့် သက်ကြီးရွယ်အို အဘွားကြီးက ညကိုးနာရီအထိ စံပယ်ပန်းတွေ ရောင်းနေဆဲ။ ကျွန်မ ရင်ထဲမှာ စစ်ကနဲ နာကျင်သွားသည်။

`အဘွား အသက်ဘယ်နှနှစ်လဲ´
`ကိုးဆယ်´

ဘုရား ဘုရား။

ကျွန်မ အဖေအသက်က ကိုးဆယ့်သုံးနှစ်ရှိပြီ။ ဖေဖေ့ကို ရေချိုးခန်းအ၀င် အိမ်သာအဆင်းမှာ ချော်ပြုလဲမှာ စိုးလို့ ညီမစိုးက စောင့်ကြည့်နေသည်မို့ အိမ်မှ တစ်ဖ၀ါးမှ မခွာဖြစ်တာ ကြာလှပြီ။

`အစ်မ အမေကြီး ပန်းမကုန်သေးဘူးနဲ့ တူတယ်။ ငါသွားဝယ်လိုက်ရမလား´
`အေး´

စိုးက စားလက်စ ဇွန်းနှင့် ထမင်းပန်းကန်ကို ပစ်ချကာ ပိုက်ဆံအိတ်လေး ချိုင်းကြားညှပ်လျက် အောက်ထပ် ဆင်းသွားလေသည်။

ကျွန်မသိသည်။ သူ အဘွားကြီးထံမှ ပန်းတွေ အကုန်ဝယ်လာလိမ့်မည်။

ဒီနေ့ည ဘုရားစင်မှာ စံပယ်တွေ ဖွေးနေအောင် သူ ပန်းကပ်လိမ့်မည်။

ဂျူး


Tuesday, May 29, 2007

မှန်ရှေ့ကလူ… ကျနော်

နားရက်များ ကုန်ဆုံးပြီး အလုပ်ပြန်ဆင်းရသည့် ပထမရက်မို့လားတော့ မသိ..။ ယနေ့အတွက် နေ့တာက ခါတိုင်းထက် ပိုမိုရှည်ကြာလေရော့သလား ဟု တွေးထင်မိသည်။

အလုပ်ချိန်ကုန်ဆုံး၍ အိမ်ကိုပြန်ရောက်ချိန်တွင်မတော့ လူက အတော်နွမ်းနေပေပြီ။ ဘာကိုမှ မစဉ်းစားအားနိုင်ဘဲ ရေချိုးခန်းသို့ ကသောကမျောဝင်ပြီး အားရပါးရ ရေမိုးချိုးပစ်လိုက်တော့မှ လူက အတန်ငယ် ကြည်လင်လာ၏။

ရေစက်လက်နှင့် ခန္ဓာကိုယ်ကို မွေးပွသဘက်ဖြင့် သုတ်စင်ရင်း မှန်ရှေ့ကို ရပ်ကြည့်မိတော့ ကိုးရို့ကားယားနိုင်လှသော လူတယောက်၏ ပုံရိပ်က မှန်ထဲတွင် ထင်ဟပ်နေလေ၏။ ရေသုတ်လက်စ ဆံပင်တွေက စုတ်ဖွားဖွားနှင့် အရပ်မြင့်လေဟန် ထိုလူကို ကြောင်အမ်းအမ်းဖြင့် ကြည့်မိရာ သူကလည်း ကျနော့်ကို နားမလည်ဟန် ပြန်ကြည့်၏။

မှန်မကြည့်ဖြစ်တာ ကြာလို့ပဲလားတော့ မသိ၊ အခုမှပင် ကိုယ့်မျက်နှာကိုယ် စေ့စေ့စပ်စပ် ပြန်ကြည့်မိသည်။ ခပ်လှမ်းလှမ်းက ကြည့်နေရတာ အားမရလှ..။ သို့နှင့် မျက်နှာကို ရှေ့ကိုတိုးလိုက်တော့ မှန်ထဲကလူကလည်း သူ့မျက်နှာကို ရှေ့သို့ တိုးသထက်တိုးလာ၏။

မှန်ဘေးမှ ဓာတ်ပုံထဲတွင်တော့ ယခုလက်ရှိ မှန်ထဲကလူထက် ငါးနှစ်လောက်ငယ်သော ကျနော်က ရှုတည်တည် မျက်နှာထားနှင့် ကြည့်လျက် ကျနော်ဘာဆက်လုပ်မည်ကို အသာ စောင့်ကြည့်နေ၏။

နဖူးပေါ် ၀ဲကျနေသော အတန်ငယ် ရှည်စပြုနေသည့် ဆံပင်တို့ကို သပ်တင်လိုက်တော့ အရေးအကြောင်းတချို့ တန်ဆာဆင်နေပြီ ဖြစ်သည့် နဖူးပြင်က အထင်းသား ပေါ်လာသည်။ အစက်အပြောက် တချို့ကလည်း နဖူးထက်၌ ဟိုနားတစက် ဒီနားတစက် ရှိနေသေးသည်။ အပေါ်နား ခပ်ကျကျတွင်တော့ ခပ်ရွယ်ရွယ် အမာရွတ်လေး တခု..။ ငယ်ငယ်က ကလေးအချင်းချင်း ရန်ဖြစ်တော့ ရန်ဖြစ်ဖက်က ခဲနှင့်ထုလိုက်ရာ နဖူးမှန်၍ မဏိကွမ်းစားပြီး ပြန်လာခဲ့ရသည်။ အိမ်ကိုရောက်တော့လည်း မေမေက ရန်ဖြစ်ရကောင်းလားဟု ရိုက်သေးသည်ကို ပြန်အမှတ်ရမိသည်။ အခုတော့ အနှီသကောင့်သားလေးလည်း ဘယ်ဆီရောက်နေပြီ မသိတော့..။

မည်းနက်နက် မျက်ခုံးအစုံကတော့ မပြောင်းလဲဟန် ရှိ၏။ ရှစ်တန်း ကျောင်းသားအရွယ်က ထင်သည်..။ ကျောင်းသားကဒ်လုပ်ဖို့ ဓာတ်ပုံသွားရိုက်ရ၏။ ဓာတ်ပုံရလာတော့ ကျနော့်ဓာတ်ပုံကို ကြည့်ပြီး ဖေဖေမေမေက `ငါတို့သားကြီးက မျက်ခုံးအတော်ကောင်းတာပဲကွ´ လို့ ပြောတော့ သဘောကျလွန်း၍ ထိုကျောင်းသားကဒ်လေးက ပုံကို အခါခါ ထုတ်ကြည့်ခဲ့ဖူးသည်။ မျက်မှောင်ကို ကြုံ့ကြည့်လိုက်တော့ အလိုမကျဟန်မျက်နှာထားနှင့် မှန်ထဲကလူ၏ အကြည့်ကြောင့် အမြန်ပြန်ပြင်လိုက်ရ၏။

မျက်လုံးအစုံကို စိုက်ကြည့်မိတော့ ပေတေခဲ့သည့် ဒဏ်တွေကြောင့်ထင့်..။ မျက်လုံးတွေက အပြစ်ကင်းစင်ဟန် တစက်တလေမှ မရှိတော့..။ ဟိုးတချိန် ငယ်ရွယ်စဉ်ဘ၀ ဖြူစင်ကြည်လင်သော မျက်လုံးတွေကို မပိုင်ဆိုင်တော့သည်မှာလည်း ကြာလှပါပြီကော..။ လောဘ၊ ဒေါသ၊ မောဟ လှိုင်းလုံးများအကြားတွင် ကူးရင်းခတ်ရင်းဖြင့် တခါတရံမှာဆိုရင်ဖြင့် ဒီမျက်လုံးတွေက သာမန်ထက် အရွယ်အစား ပိုမိုကြီးနေပေလိမ့်မည်။ ယင်းအချိန်တွင် မီးလျှံမီးတောက်များ ထွက်တော့မည်အလား ပူလောင်လျက် ဒီမျက်လုံးတွေက အကြည့်ခံရသူကိုလည်း အပူတွေ ကူးစက်စေခဲ့မှာ အသေအချာ..။ အခုလောလောဆည်မှာတော့ ၀ါကျင်ကျင်အရောင်နှင့် ဒီမျက်လုံးတွေက အရိပ်အယောင် တစုံတရာမဲ့စွာဖြင့် ကျနော့်ကို အကြောင်သား ပြန်ကြည့်နေပြန်၏။

ပါးနှစ်ဖက်..။ အပြစ်ကင်းစင်သော အရွယ်ကတော့ ထိုပါးတွေက မိဘတို့၏ မွှေးမွှေးကြူခြင်းကို အခါခါခံခဲ့ရသည်။ ၀မ်းနည်းမှုတွေ ကြုံလာတော့လည်း မျက်ရည်ချောင်းငယ်တွေက ပါးပြင်ပေါ် အခါခါဖြတ် စီးဆင်းခဲ့ဖူးသည်။ ငယ်စဉ်က ရေးရေးထင်ခဲ့ဖူးသော ပါးပြင်ပေါ်မှ ပါးချိုင့်ငယ်အစုံက ယခုတော့ ဘယ်ဆီရောက်သွားပြီ မသိတော့။ အားရပါးရ ပြုံးကြည့်လိုက်ရာ ဘယ်နှစ်ကြောင်းမှန်းမသိသော အရေးအကြောင်းတွေက ပါးတဖက်တချက်စီမှာ အလုအယက်ပေါ်လာသည်။ အလန့်တကြားနှင့် ပြန်တည်လိုက်တော့မှ ခေတ္တပြန်လည် ပုန်းခိုသွားကြ၏။

နှုတ်ခမ်းအစုံကတော့ ထူအမ်းအမ်းဟန်….။ ခပ်တင်းတင်း စေ့ကြည့်လိုက်တော့ လူမိုက်လိုလို ဘာလိုလို ပုံဟန်ပေါက်လာသည်။ စေ့လျက်သား နှုတ်ခမ်းကို ပစောက်ပုံဖော်လိုက်တော့ အပြုံးရိပ်ပေါ်လာ၏။ ဂငယ်ဟန် မဲ့ပြီး စေ့ကြည့်လိုက်တော့ နဂိုကမှ မချောမောသော ရုပ်သွင်က ပိုလို့တောင် အကျည်းတန်နေလေ၏။

`နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ´ …တဲ့။ ချစ်ဖွယ်သော စကားကို ဆိုနိုင်သည်မှာလည်း ဒီနှုတ်ပင်ဖြစ်သလို အသက်ကို ရန်အရှာခံနိုင်အောင် စွမ်းဆောင်နိုင်စွမ်းသည်မှာလည်း ဒီနှုတ်ပင် ဖြစ်နေပြန်သည်။

အသံကို အကြည်လင်ဆုံးထားပြီး `မင်္ဂလာပါ´ ဟု ပြောလိုက်တော့ အတော်ကျက်သရေ ရှိဟန် အသံက နှုတ်ဖျားမှ ငြင်သာစွာ ထွက်လာ၏။ `ဟေ့၊ မင်းဘာကောင်လဲကွ´ ဟု ခပ်ကျယ်ကျယ် ရေရွတ်မိတော့ အကျည်းတန်လှသော အသံက ဒီနှုတ်ဖျားမှပင် ခုန်ပေါက်ပြုတ်ကျလာကြသည်။

မှန်ရှေ့မှ နောက်သို့ အတန်ငယ် ဆုတ်ကြည့်လိုက်သည်။ မှန်ထဲမှ ထိုလူကလဲ လိုက်ဆုတ်သွားပြန်သည်။ ခါးထောက်လျက် မိုက်ကြည့်ကြည့်လိုက်တော့ သူကလဲ မခေ..။ မလျှော့စတမ်း ပြန်ကြည့်နေပြန်၏။

နောက်ဆုံးမှာတော့ ….။

ဇရာတွေ၊ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေကို မေ့ဖယ်ပစ်လိုက်ပြီး မှန်ထဲကလူကို အားရပါးရ ပြုံးပြပစ်လိုက်သည်။ ဒီလိုနှင့် မှန်ထဲကလူနှင့် ကျနော် အပြုံးချင်းပြိုင်လျက်…။ မှန်ဘေးရှိ ဓာတ်ပုံထဲမှာတော့ လွန်ခဲ့သောငါးနှစ်က တနည်းအားဖြင့် ငါးနှစ်စာ ပိုမိုနုပျိုသော ကျနော်ကတော့ ရှုတည်တည်နှင့် ကြည့်နေဆဲ..။ သို့သော်.. မပြုံးနိုင်သောသူ့ထက် လက်ရှိကျနော်က ပိုကြည့်ကောင်းသည်ဟု ထင်မိလေ၏။


ကလိုစေးထူး

Monday, May 28, 2007

Domes

ဒီတပတ်မှာ ကျနော်အလုပ်နားရက် သုံးရက်ရပါတယ်။ တနင်္လာနေ့က Memorial Day ဖြစ်တဲ့အတွက် စနေ၊ တနင်္ဂနွေနဲ့ ဆက်လိုက်တော့ သုံးရက် အနားရတာပါ။

ဒီတပတ်အနားရခိုက်မှာ ကျနော့်ဘလော့ဂ်မှာ တင်ဖို့ရည်ရွယ်ပြီး နေရာတခုကို သွားခဲ့ပါယ်။




ဒါကတော့ ကျနော်တို့ မြို့နဲ့ မိုင် ၂၀ကျော်အကွာက National Park တခုပါ။ အခုမြင်နေရတဲ့ အဆောက်အဦ လုံးလုံးသုံးခုကတော့ Domes ပြခန်းတွေပါ။ လိပ်ခုံးပုံစံ အဲဒီအဆောက်အဦတွေကို Tropical dome, Arid dome, နဲ့ Show dome လို့ ခွဲခြားပြသပါတယ်။

အဲဒီအဆောက်အဦတွေထဲမှာ သာမန်အားဖြင့် အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တေ်ော်များများမှာ ပေါက်ရောက်လေ့ မရှိတဲ့ (သူတို့နိုင်ငံအတွက်) ရှားပါးအပင်တွေကို စိုက်ပျိုးပြသထားပါတယ်။ မြေကိုလဲ လိုသလိုပြုပြင်၊ အပူချိန်ကို ၇၂ ဒီဂရီဖာရင်ဟိုက် ၀န်းကျင်မပြတ်ရအောင် ထိန်းထားပေးပြီး။ နေရောင်ခြည်ရနိုင်ဖို့အတွက်ကိုပါ ထည့်သွင်းစဉ်းစားပြီး အမိုးခုံးတွေကို ဖန်သားတွေနဲ့ ဆောက်လုပ်ထားပါတယ်။ တောအုပ်လေးများသဖွယ် ဖန်တီးထားတဲ့ အဲဒီ အဆောက်အဦးတွေထဲကို
ဝင်ကြည့်လိုက်မယ် ဆိုရင်...။


ဒါကတော့ Tropical dome ခေါ် အပူပိုင်းဒေသဆိုင်ရာ ပြခန်းပါ။ တောအုပ်အတု၊ စမ်းချောင်းအတု၊ ရေတံခွန်အတုတွေ ဖန်တီးထားပေးပြီး အပူပိုင်းဒေသတွေမှာ ပေါက်ရောက်လေ့ ရှိတဲ့ အပင်တွေကို စိုက်ပျိုးပြသပါတယ်။














Tropical dome ထဲမှာ ကျနော်တို့ နိုင်ငံနဲ့ အင်မတန် နီးစပ်တဲ့ ရှုခင်းမြင်ကွင်း၊ အပင်တွေများပါတယ်။ ၀ါးရုံပင်စုစု၊ မန်ကျည်းရွက်နု၊ မန်ကျည်းတောင့်နုလေးတွေနဲ့ မန်ကျည်းပင်ငယ်၊ အသီးတွေ တွဲရရွဲကျနေတဲ့ လိမ္မော်ပင်နဲ့ ကျွဲကောပင်။ ငှက်ပျောပင် ခပ်ငယ်ငယ်ကလဲ ခူးဆွတ်ချင်စရာ ငှက်ဖျောဖူးနဲ့..။ ဖလံတောင်ဝှေးပင် နုနုလေးတွေကလည်း တဖျောက်ဖျောက်နဲ့ ခူးချိုးစားချင်စရာ။ ဘာမျိုးစိတ်မှန်းမသိတဲ့ သစ်ခွပင်ကိုလဲ လှလွန်းတာကြောင့် ပုံရိုက်ကူးခဲ့ပါသေးတယ်။

ငှက်ကလေးတွေ စိုးစိုးစီစီအသံက သာယာလွန်းလှတာကြောင့် ပုံရိုက်ကူးဖို့ ကြိုးစားတာ၊ ကင်မရာချိန်လိုက်တာနဲ့ ငှက်တွေက ပျံပျံပြေးပါတယ် နောက်ဆုံးတော့ သဘောကောင်းတဲ့ ဟောဒီငှက်ကလေးက ဓာတ်ပုံအရိုက်ခံဖို့ အသာတကြည်ခွင့်ပြုခဲ့ပါတယ်။


ဒါကတော့ Arid dome ခေါ် ခြောက်သွေ့လွင်တီးခေါင်ဒေသ ဆိုင်ရာ ပြခန်းပါ။ ဆီအုန်းပင်တွေ၊ ကျောက်ဆောင်တွေနဲ့အတူ တခြားသော အပင်တွေနဲ့ ပနံရအောင် အလှဆင်ထားတဲ့ ဒီပြခန်းကို Tropical dome လောက် ခံစားရသ မဖြစ်ခဲ့မိပေမယ့် ပြခန်းကို ဖန်တီးသူတို့ရဲ့ အနုပညာ စွမ်းအားကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်စွာ ချီးကျူးမိပါတယ်။




Show dome မှာကတော့ ပန်းမျိုးပေါင်း များစွာကို စိုက်ပျိုးပြသထားတာပါ။ မြန်မာပြည်က ပန်းမျိုးတွေဖြစ်တဲ့ နှင်းဆီ၊ ဂန္ဒမာ၊ မေမြို့၊ စိန်ချယ် သစ္စာပန်းများအပြင် တခြားသော ကျနော် မသိတဲ့ အမျိုးအမည်ပေါင်းများစွာနဲ့ ပန်းတွေကို မြင်ရတဲ့လူ မျက်စိအေးသွားအောင် ဖန်တီးစိုက်ပျိုးပြသထားပါတယ်။

Show dome ပြခန်းထဲကိုရောက်တော့ မင်္ဂလာဆောင်ပွဲ တခုကျင်းပနေလို့ လူတွေတော်တော် များများရောက်နေကြပါတယ်။ မင်္ဂလာပွဲလာ ပရိသတ်တွေကြောင့် ရှုခင်းပုံတွေကို ကောင်းမွန်စွာ ရိုက်ခွင့်မကြုံခဲ့ပါဘူး။ အဲဒါနဲ့ပဲ မင်္ဂလာဆောင် ဓာတ်ပုံနှစ်ပုံ ရိုက်ပြီး အသာလှည့်ထွက်လာခဲ့ပါတယ်။

Dome ပြခန်းတွေထဲက ထွက်လာတော့ အပြင်မှာ မိုးဖွဲဖွဲရွာနေပါတယ်။ နွေရာသီမိုးကြောင့် ထင်ရဲ့၊ နေသာထိုင်သာတော့ ရှိသား.။ နောက်ကို ငဲ့အကြည့်မှာတော့ dome ပြခန်းတွေက `နောက်လဲ လာဦးနော်´ လို့ ပြောနေဟန် အပြုံးတွေနဲ့ မိုးရေထဲမှာ ငူငူကြီး ကျန်ရစ်ခဲ့ကြလေရဲ့..။


ကလိုစေးထူး


Friday, May 25, 2007

စကားလုံးမဲ့ ၀မ်းနည်းခြင်း..




အထက်ပါ သတင်းဟာ အန်တီစုကို သူတို့ လွှတ်ပေးမှာလား၊ ဆက်လက် ချုပ်နှောင်ထားမှာလားဆိုတာရဲ့ ရှေ့ပြေး နိမိတ်ဖြစ်ခဲ့ပေမယ့် အန်တီစု လွတ်ပါစေလို့သာ အခါခါ ဆုတောင်းခဲ့မိပါတယ်။

အခုတော့..။

သူတို့ နောက်ထပ် တနှစ် သက်တမ်းတိုး ချုပ်နှောင်ထားလိုက်ကြပြန်ပါပြီ..တဲ့။ စိတ်ထဲမှာ ခံပြင်းမှုက ဘာနဲ့မှ နှိုင်းလို့မရအောင်ပါပဲ။

`မတရားဘူးးးးးးးး´
`မကျေနပ်ဘူးးးးးးးး´
`လူမဆန်ဘူးးးးးးးး´

အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်ပေမယ့် ကျနော် ဘာမှ လုပ်မပေးနိုင်ပါလား လို့ သိလိုက်ရတော့……..။

လောကကြီးက အားလုံးလိုလို အရုပ်ဆိုး အကျည်းတန်နေလေရဲ့။


ကလိုစေးထူး

Thursday, May 24, 2007

သို့သော်..

`နေ့လယ်´ ပို့စ်ကို ရေးဖြစ်တုန်းက ဖြစ်ပါတယ်။

အဲဒီပို့စ်ကို ဖတ်မိတဲ့ ဆရာမ မေငြိမ်းက ကျနော် ဆင်ခြင်သင့်တဲ့၊ ထည့်မရေးသင့်တဲ့ အချက်အလက် တချို့ကို ထောက်ပြခဲ့ပါတယ်။ စာဖတ်သူက တခြားနည်းနဲ့ စဉ်းစားနိုင်စရာ ရှိတာကိုပါ သတိပေးခဲ့ပါတယ်။

ထိုနည်းတူစွာပဲ…

မမေဓာဝီက `ပထမ စာပိုဒ်မှာ …တော့ ဆိုတဲ့ အသုံးတွေ တော်တော် ထပ်နေတယ်နော်´ လို့ သူမြင်တာကို ဝေဖန်ထောက်ပြ ခဲ့ပါတယ်။ မမေဓာဝီပြောတော့မှ ကျနော်ရေးခဲ့တာကို သေသေချာချာ ပြန်ဖတ်ကြည့်လိုက်တာ လားလား၊ ဟုတ်ပါ့၊ နည်းတဲ့ ….တော့ တွေ မဟုတ်ဘူး။ ပထမ တပိုဒ်မှာ-
လှမ်းကြည့်မိတော့၊
လှမ်းထွက်လိုက်ချိန်တွင်မတော့၊ ခပ်လှမ်းလှမ်းမှာတော့၊ ၀င်လိုက်တော့၊ စီဒီတချပ်ကို ထိုးထည့်ဖွင့်လိုက်တော့၊ အသာမောင်းထွက်လိုက်တော့၊ လိုက်ညည်းမိတော့

အစရှိတဲ့ ….တော့ ပေါင်း (၇) တော့ကြီးများတောင် ဖြစ်နေပါပေါ့လား။

***

တခါတခါကျရင် လူက ရေးချင်တဲ့ စိတ် များနေတော့ ကိုယ်ရေးတာ ဘာတွေဟာနေတယ်၊ ဘာတွေ လိုနေတယ်ဆိုတာ သတိမမူမိဘဲ ရှိတတ်ပါတယ်။ ကိုယ်ရေးတဲ့စာ ကိုယ့်ဘာသာကိုယ် ပြန်ဖတ်နေတာကတော့ အဟုတ်သား၊ ဒါပေမယ့် တခြားသော စာဖတ်သူရဲ့ အမြင်မှာတော့ တမျိုးတမည် ဖြစ်လေ့ ရှိသွားတတ်ပါတယ်။

အဲဒီအခါမျိုးမှာ အထက်မှာ တင်ပြခဲ့တဲ့ စာဖတ်သူတွေရဲ့ ထောက်ပြ၊ ပြောဆိုပေးမှုကို အားပြုပြီး နောက်ရေးမယ့် စာတွေမှာ မမှားတန်တာ မမှားရအောင်၊ ဒီနေ့ ရေးတာထက် နောက်နေ့ ရေးတာက ပိုဖတ်လို့ အဆင်ပြေအောင် ကြိုးစားသွားရမှာပါပဲ။

သို့သော်..။

***

အလကား အန်တီကြီး ဒေါ်မေငြိမ်း၊ ငါ့ဘာသာသာငါ ရေးတတ်သလို ရေးတာကို ဆရာကြီး လာလုပ်နေသေးတယ်။ ငါရေးထားတာက ဒီလောက်လဲ မဟုတ်ဘဲနဲ့ သူကိုက ငါ့ကို မနာလိုလို့ လျှောက်မြင်နေတာ နေမယ်။ သက်သက် ဆရာလာလုပ်တာ။

ဟို.. မေဓာဝီဆိုတဲ့ တယောက်ကရော ဘာထူးသေးလဲ။ အလုပ်မရှိအကိုင်မရှိ ….တော့ တွေ များတာ လိုက်ရေကြည့်နေရတယ်လို့။ …တော့ ပေါင်း (၇)တော့ မကလို့ တပုဒ်လုံးကို တော့တော့တော့တော့ ဆိုပြီး တတော့တည်း တော့တော့ရော သူ့ထမင်းအိုးကို ငါက တုတ်နဲ့ ထိုးနေမှာမို့လို့လား။ ငါ့ကို တော်တော်လေးကို ပြောချင်နေပုံရတယ်။ သူရေးတာတွေကရော ဘယ်လောက်များ ကောင်းနေလို့တုန်း။

ကျနော့်ကို ထောက်ပြ ပြောဆိုချက်တွေကို အဲဒီလို အဖျက်သဘောနဲ့ ပြန်စဉ်းစားကြည့်လိုက်တော့ တော်တော် ပူလောင်တဲ့ အတွေးတွေ ဖြစ်လာပါတယ်။

သို့သော်..။

***

ဘောလုံးပွဲ တခုမှာ ဖြစ်ပါတယ်။

တက်သစ်စ ဖြစ်ဟန်တူသူ ကစားသမားလေး တယောက်က ကြိုးစားပမ်းစားနဲ့ ကစားပေမယ့် တခြားကစားဖော်တွေနဲ့ နားလည်မှုကလည်း မရသေး၊ ကစားကွက်နဲ့လည်း အံမ၀င်သေးတော့ သူကစားပုံက အဆင်မပြေလှဘူး ဖြစ်နေပါတယ်။

အဲဒီမှာတင် တချို့က-

`ညီလေး၊ ဟိုမှာ မင်းကပ်ရမယ့်လူကွ၊ အဲဒီလူကို မလွတ်စေနဲ့ ကပ်ထား၊ ဘောလုံးကို ရပ်မစောင့်နဲ့၊ ဆင်းကြိုပေး၊ ကိုယ့်ခြေထဲမှာလဲ အကြာကြီး မဆိုင်းထားနဲ့၊ အေးဟုတ်ပြီကွ၊ ဟုတ်ပြီ´

စသဖြင့် အားပေးစကားနဲ့အတူ အော်ဟစ် အကြံဉာဏ်ပေးကြတော့ ကစားသမားလေးအတွက် အားဆေး တခွက်သဖွယ် ဖြစ်စေပြီး ကစားဟန်လဲ သွက်လာပါတယ်။

သို့သော်..။

***

`ဟေ့ကောင်၊ ဘယ်လိုလုပ် ကစားနေတာလဲကွ၊ ဟိုပြေး ဒီပြေးနဲ့၊ ဘောလုံး မကစားတတ်ရင် ကွင်းထဲ မလာနဲ့ကွ´

`ထွက်ကွာ၊ အခုထွက်၊ လူလဲပါတော့ဗျို့၊ ဒီကောင်လုပ်တာနဲ့ အသင်းပါ ရှုံးတော့မယ်၊ တခြားလူတွေ ကစားနေတာပါ ထိခိုက်ကုန်ပြီ´

အဲဒီလို ၀ိုင်းအော်ကြသူ တချို့လည်း ရှိပြန်တော့ ဘောလုံးသမားလေး ခမျာမှာ ခြေလှမ်းတွေကလည်း အမှားမှားအယွင်းယွင်းတွေဖြစ်၊ ဟိုဘက်ပြေးရမလို ဒီဘက်ပြေးရမလို ဖြစ်ကုန်တော့ နဂိုရှိရင်းစွဲ ကစားနိုင်တဲ့ စွမ်းရည်လေးပါ ပျောက်နေပါတော့တယ်။ တခါမှာတော့ သူ့ကို ၀ိုင်းအော်ဟစ် ရှုံ့ချနေတဲ့ အသံတွေကို မခံနိုင်တော့လို့ထင့် ကွင်းလယ်မှာ ငူငူကြီး ရပ်လို့ ငိုင်နေပါတော့တယ်။

အဲဒီမှာတင် ကွင်းဘေးက အသံတွေက ပိုမို ကျယ်လောင်စွာ ထွက်လာပါတော့တယ်။

`သူ့ကို ထုတ်ပစ်ပါတော့ဗျို့´

`ထွက်၊ ထွက်၊ ဟေ့ကောင်၊ အခုထွက်´

သို့သော်…။

***

ကောင်းကင်က မိုးတွေ ရွာချပေးပါတယ်။

အဲဒီမိုးရေတွေကို ကျနော်တို့ ဘယ်ပုံဘယ်နည်း ခံယူကြပါမည်နည်း။ ညစ်ပတ်ပေရေနေသော ခွက်စုတ်ဖြင့် ခံယူပါမည်လား၊ သန့်ရှင်းသော ခွက်ဖြင့် ခံယူပါမည်လား။

သို့သော်..။

အက်ဆစ်မိုးတွေကိုရော….???။ ဘယ်လို ခံယူရပါ့။


ကလိုစေးထူး


(ဆရာမရေ၊ ကန်တော့နော်။ မမေ.. နည်းနည်းခွင့်လွှတ်နော်..ဟဲဟဲ)


မှတ်ချက်။ ဒီစာကို ဆရာမ မေငြိမ်းကို ပြရင်းနဲ့ ခွင့်လွှတ်ဖို့ တောင်းပန်တော့၊ ဆရာမက `နေ့လည်´ လို့ မှားယွင်းစွာ သုံးထားတဲ့ ကျနော့်ရဲ့ သတ်ပုံအမှားကိုပါ ထောက်ပြပေးခဲ့ပါတယ်။ တကယ်တော့ နေ့ရဲ့ အလယ်ဖြစ်လို့ `နေ့လယ်´ လို့ သုံးသင့်ကြောင်းကိုပါ ရှင်းပြပေးခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာမ ခင်ဗျာ။

Wednesday, May 23, 2007

ပြည်သူ=တပ်မတော်=ပြည်သူ...

ကျနော်တို့ မြို့ကလေးမှာ နေခဲ့ရစဉ်တုန်းက ဖြစ်ပါတယ်။

နယ်မြေခံ စစ်တပ်က ရှေ့တန်းစစ်ဆင်ရေး တာဝန်တွေအပြီး နောက်တန်းကို နားခွင့်ရတဲ့ အခိုက်မှာ တချို့သော စစ်သားတွေက မြို့ထဲထွက်လည်ကြပါတယ်။ ရှေ့တန်းမှာ ပင်ပန်းခဲ့ကြလို့ထင့်၊ တချို့လည်း သောက်ကြ၊စားကြနဲ့ပေါ့။ သောက်စားကြရင်းနဲ့ ရေချိန်လွန်လာတဲ့ တချို့စစ်သားတွေက ရမ်းကားတတ်လေ့ ရှိပါတယ်။ လမ်းသွားလမ်းလာ လူငယ်များကို ရန်စ၊ ခိုက်ရန်ဖြစ်တာတွေ၊ အကြောင်းမဲ့ အော်ဟစ်ဆဲဆိုတတ်တဲ့ တချို့တချို့စစ်သားတွေကြောင့် ထင်ရဲ့။ ကျနော်တို့ အိမ်ခြေရင်းက မွန်အမယ်ကြီးက မွန်သံဝဲ၀ဲနဲ့ မကြာခဏရေရွတ်လေ့ရှိတာက-

`ဒီကောင်တွေ၊ မြန်မြန်သေမှ အေးမှာပါ။ စစ်တပ်ရှိတာက ပိုဆိုးနေသလိုပဲ၊ မရှိတာကမှ ခပ်ကောင်းကောင်း´

***
၁၉၈၈ခုနှစ်မတိုင်မီက ကျနော်ကပဲ ငယ်သေးလို့လား၊ သတိမထားမိတာလား မပြောတတ်ပေမယ့် ၁၉၈၈ နောက်ပိုင်းမှာတော့ သတိမထားဘဲ နေလို့ မရလောက်အောင် နေရာတိုင်းမှာ အထပ်ထပ်အခါခါ တပြန်တလဲလဲ တွေ့ရမြင်ရ၊ ကြားရတဲ့ ဆောင်ပုဒ် တချို့ ရှိပါတယ်။ အဲဒါတွေကတော့ -

`ပြည်သူနှင့် တသားတည်း ရှိသော တပ်မတော်´
`တပ်မတော် ဖြိုခွဲသူ တို့ရန်သူ၊ တပ်မတော်ပြိုကွဲမည့် အကြံ တို့လက်မခံ´

***

တခါတလေကျတော့ ကျနော်တို့က မိမိယုံကြည်ချက်၊ မိမိခံယူချက်၊ မိမိဖြစ်ချင်တဲ့ ဆန္ဒတွေကို ရေးမိ၊ ပြောမိတာတွေ ရှိပါတယ်။ အဲဒီလို ပြောဆိုရေးသားကြတဲ့ အခါ ကိုယ့်တိုင်းပြည်ကို လက်ရှိဖြစ်နေတဲ့ အနေအထားကနေ ပိုမိုကောင်းတဲ့ အခြေအနေတရပ်ကို ပြောင်းလဲလာစေချင်တဲ့ ဆန္ဒကြောင့် လက်ရှိအုပ်ချုပ်နေသူတွေနဲ့ သူတို့ရဲ့ အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ကို ဝေဖန်တာ၊ သုံးသပ်တာတွေ ရှိလာတတ်ပါတယ်။

အဲဒီလို ဝေဖန်သုံးသပ်မိတဲ့ အခါ တပ်မတော်သား အတော်များများက ကျနော်တို့ကို အဆိုးမြင်ဝါဒီတွေ လို့ တံဆိပ်တခု ကပ်ပေးလိုက်ပါတယ်။ ဒါတင်မက၊ ကြက်တူရွေးစာအံသလို စကားတခွန်းနဲ့ တွင်တွင်ကြီး ကိုင်ပေါက်လေ့ရှိတာက-

`တပ်မတော်ဆိုတာ နိုင်ငံအတွက် လိုအပ်လို့ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း၊ မစော်ကားနဲ့´

***

တခြားသောအရာတွေကို ဘာမှ ရှည်ရှည်ဝေးဝေး မစဉ်းစားခင်မှာ ကျနော်တယောက်တည်းရဲ့ အမြင်နဲ့ ကိုယ့်ကိုယ်ကို အမေး/အဖြေ လုပ်မိပါတယ်။

`တပ်မတော်ဆိုတာ တိုင်းပြည်အတွက် လိုအပ်ပါသလား´
`ဟာ၊ ဘယ်နှယ့်မေးလိုက်ပါလိမ့်၊ သိပ်လိုတာပေါ့´
`ဒါဖြင့် တပ်မတော်ပြိုကွဲလို့ ဖြစ်ပါ့မလား´
`အမလေး၊ ကိုယ်ကျိုးနည်းရချည်ရဲ့၊ တပ်မတော်ပြိုကွဲတော့ အဲဒီတိုင်းပြည်ကို သူများက အလွယ်တကူ လာသိမ်းသွားမှာပေါ့´
`ဒီလိုဆို တပ်မတော်ကို ပြည်သူက တနည်းအားဖြင့် တိုင်းပြည်က လိုကို လိုအပ်နေတာပေါ့´
`သိပ်ဟုတ်သပေါ့၊ ပြည်သူကို အကာအကွယ်ပေးဖို့လေ´

***

ကျနော် သတိထားမိတာ တခုရှိပါတယ်။ ယနေ့ခေတ် တပ်မတော်ရဲ့ ဟိုးအထက်ပိုင်း ခေါင်းဆောင်ကြီးတွေကနေ ဟိုးအောက်ဆုံး တပ်သားအဆင့်အထိ တလေသံတည်း ထွက်လေ့ရှိတာက သူတို့သည်လည်း ပြည်သူထဲက ပြည်သူတွေပါ ဆိုတဲ့ လေသံပါ။

ပြည်သူထဲက ပြည်သူပါဆိုတဲ့အဖွဲ့အစည်းထဲက လူက ပြည်သူကို နှိပ်စက်လို့ ထောက်ပြ ပြောမိရင်တော့ `စစ်တပ်ပဲကွာ၊ မတထောင်သားတွေနဲ့ ဖွဲ့စည်းထားတာ၊ မကောင်းတဲ့လူတော့လည်း ရှိတာပေါ့´ လို့ ဆင်ခြေပေးပြန်ပါတယ်။ ကဲ၊ ဟုတ်ပြီ။ အဲဒီမကောင်းတဲ့လူတွေက ခေါင်းဆောင် တက်လုပ်နေတော့ ဘယ်နှယ့်လုပ်ကြမတုန်းလို့ မေးရင်တော့ နှုတ်ဆိတ်သွားကြပြန်ပါတယ်။ နောက်ဆုံးတော့လဲ ဘူတာဟောင်း `အဆိုးမြင် ၀ါဒီ´ ဆိုတာကို ပြန်ဆိုက်ရပြန်ပါတယ်။

စစ်တပ်ထဲက ဘယ်အဆင့်ရာထူးနဲ့ ပုဂ္ဂိုလ် ဖြစ်နေပါစေ၊ အဲဒီပုဂ္ဂိုလ်ကလည်း စစ်တပ်ထဲကို စိတ်ဆန္ဒပါလို့ ၀င်သည်ဖြစ်စေ၊ အကြောင်း တခုခုကြောင့် ၀င်ရသည်ဖြစ်စေ `အခု ခင်ဗျားလုပ်နေတာ ဘယ်သူ့အတွက်လဲ´ လို့ သွားမေးလိုက်ရင် `ဟာ၊ နိုင်ငံအတွက်ပေါ့ဗျာ´ လို့ မဆိုင်းမတွ ပြန်ဖြေကြမယ့်လူချည်းပါပဲ။ အဲဒီလို ပြောပါများရင်းနဲ့ နိုင်ငံမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက ဟိုမှာဆိုလည်း သူတို့၊ ဒီမှာဆိုလည်း သူတို့ နေရာတကာ အတင်းကာရော သူတို့ချည်းသာ ဖြစ်လာတော့ စစ်သားတချို့ရဲ့ ခံယူချက်မှာ စစ်တပ်ထဲကို ၀င်ရတာဟာ မဟာ့မဟာ တိုင်းပြည်တာဝန်ထမ်းဆောင် နေသူကြီးလို့ အထင်ရောက်လာပါတယ်။

နေ့စဉ်ထုတ် သတင်းစာတွေနဲ့ ရေဒီယို၊ ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွေကို ကြည့်လိုက်ပြန်တော့လည်း နေရာတကာတိုင်းမှာ စစ်သားလောက် တိုင်းပြည်အတွက် အလုပ်လုပ်နေသူဆိုတာ မရှိ၊ ဒီတော့ နေရာမကျတာ တခုခုကိုပြောမိတာနဲ့ `တပ်မတော်ကို မစော်ကားနဲ့´ ဆိုတဲ့ စကားလုံးကို တွင်တွင်ကြီး သုံးတော့တာပါပဲ။

တကယ်တော့ စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် လိုအပ်ချက် တခုဆိုတာ အပြည့်အ၀ လက်ခံနိုင်ပါတယ်။ တပ်မတော်ကို ဖြိုခွဲပစ်ဖို့ဆိုတာဟာလည်း မတွေးသင့် မတွေးအပ်တဲ့ အတွေးပါ။ တပ်မတော်ပြိုကွဲတာနဲ့ တိုင်းပြည်ပါ ပြိုကွဲမယ်ဆိုတာကို ပြည်သူတိုင်းလိုလို နားလည်ကြပြီးသားပါ။ ဒါပေမယ့် လိုအပ်ချက်အရ ရှိနေရတဲ့ တပ်မတော်က မလိုအပ်တဲ့နေရာတွေမှာပါ ဟိုနှောက်ဒီရှုပ် ဖြစ်နေရင်တော့ မကောင်းလှပါဘူး။

`ပြည်သူအတွက် တသားတည်းဖြစ်သော တပ်မတော်´ လို့ ပြောပြီး ပြည်သူကို ကာကွယ်နေပါတယ်လို့ ဘယ်လောက်ပင် ပြောပါစေ။ တကယ့်လက်တွေ့ လုပ်ရပ်တွေမှာ ပုံမကျပန်းမကျဖြစ်ရင်တော့ ဝေဖန်ထောက်ပြ ခံရမှာ အသေအချာပါပဲ။ ဒါပေမယ့် အဲဒီလို ဝေဖန်ထောက်ပြသူတွေဟာ `တပ်မတော် ဖြိုခွဲသူ´ မဟုတ်ကြပါဘူး။

ဥပမာ တခုပြောရရင် ရပ်ကွက်ထဲမှာ ခပ်ဆိုးဆိုးဖြစ်နေတဲ့ သားဆိုးကို မိဘဖြစ်သူက `သားလေးရေ၊ မင်း ဒါလေးကတော့ တော်တော်ဆိုးတယ်ကွာ၊ မသင့်တော်ဘူး၊ လိမ္မာစမ်းပါ´ လို့ ဆုံးမသလိုပါပဲ။ ဘယ်မိဘမှ သူ့သားသမီး ဆိုးနေတာကို မကြည့်ချင်ပါဘူး။ မကြည့်ရက်ပါဘူး။ ဒီတော့ မိဘနဲ့ တူသော ပြည်သူက သူ့ရဲ့သားသမီးနဲ့ တူသော တပ်မတော်က မတော်တရော် ဖြစ်နေရင် ဆိုဆုံးမပါတယ်။ ဒါပေမယ့် စစ်တပ်ကိုယ်တိုင်က `တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ´ လို့ ခံယူထားရင်တော့လည်း ဆိုဆုံးမရ အင်မတန် ခက်လှပါတယ်။

***

ကျနော်တို့ နိုင်ငံဟာ ကားကြီး တစီးလိုပါပဲ။ တရွေ့ရွေ့နဲ့ သွားနေတဲ့ ကားကြီးပေါ်မှာ ကားမောင်းသူ မဟုတ်တဲ့၊ တနည်းအားဖြင့် ကားမမောင်းတတ်တဲ့ ကားမောင်းသူတစုက ကားကြီးကို ဟိုယိမ်းဒီယိုင်နဲ့ မောင်းလာခဲ့တာလည်း အတော်ကြာခဲ့ပါပြီ။
ကားထဲက လူတွေကလည်း တကယ်ကားမောင်းတတ်သူတွေကို မောင်းစေချင်လှပါပြီ။ ပန်းတိုင်ကိုလည်း ရောက်စေချင်လှပါပြီ။ ဒါပေမယ့် မမောင်းတတ်ဘဲ ယခုလက်ရှိ ကားမောင်းနေတဲ့ လူစု အချင်းချင်း သူမောင်းမယ် ငါမောင်းမယ်နဲ့ လုမောင်းကြရင်း ကားကြီးက ချောက်ထဲ ထိုးကျသွားမှာကလည်း ရှိနေပြန်ပါသေးတယ်။

အဲဒီတော့..

ကားမောင်း ကျွမ်းကျင်သူကိုသာလျှင် မောင်းခိုင်းစေချင်တာဟာ ကားကြီးပေါ်မှာလိုက်ပါလာတဲ့ လူတွေအားလုံး ဘေးမသီရန်မခနဲ့ ပန်းတိုင်သို့ ရောက်စေလိုတဲ့ ဆန္ဒသာလျှင် ဖြစ်ပါတယ်။

***

ပြည်သူနှင့် တသားတည်း ဖြစ်သော တကယ့်တပ်မတော် ဖြစ်လာစေရန် ရည်သန်လျက်..။

ကလိုစေးထူး

(၀န်ခံချက်။ မမေဓာဝီ ရေးခဲ့ဖူးသော `ကားတစီးဖြင့် ခရီးသွားခြင်း´ ပို့စ်မှ အတွေးတချို့ကို ယူငင်သုံးစွဲပါသည်)

Tuesday, May 22, 2007

မေမေ.. နေကောင်းလား…

ဒီနေ့မှာတော့ ကျနော်တယောက် ထူးအိမ်သင်ရဲ့ `အမေ´ သီချင်းခွေကို ဖွင့်နားထောင်ရင်း စိတ်နဲ့ ကိုယ်မကပ်လှဘဲ နာရီကိုသာ တကြည့်ကြည့်နဲ့ ဖြစ်နေခဲ့ပါတယ်။

ဒီမှာ ၂၂ ရက်နေ့ဆိုပေမယ့် မြန်မာအချိန်နဲ့ဆိုရင်တော့ အခုဟာ မေလ ၂၃ ရက်နေ့ကို ရောက်ခဲ့ပါပြီ။ ဒီနေ့..။ ကျနော့်မွေးနေ့၊ အသက် ၃၂ နှစ်ပြည့်တဲ့နေ့။

အသက်သာ ၃၂ နှစ် ပြည့်သွားခဲ့တယ်။

မေမေဟာ ကျနော့်အတွက် လုံလောက်တဲ့ စိတ်ချမ်းသာမှု တခါမှမရခဲ့ဖူးပါဘူး။ ကျနော်ကလဲ မေမေ့စကားကို တခါမှ ဟုတ်တိပတ်တိ နားမထောင်ခဲ့ဖူးပါဘူး။ အခုတော့ နားထောင်ချင်သပ ဆိုရင်တောင် မေမေနဲ့ ကျနော်က အဝေးကြီးမှာ..။

ခလုတ်ထိမှ အမိတ..တဲ့။ သီချင်းပေါင်းများစွာ၊ ၀တ္ထုပေါင်းများစွာ၊ ပုံပြင်ပေါင်းများစွာမှာ ဖတ်ဖူးပါရဲ့..။ အသိခေါက်ခက်ခဲ့တဲ့ ကျနော်ကတော့ အမိတပေါင်းများခဲ့သလို ခလုတ်ပေါင်းများစွာကလည်း တိုက်နေဆဲ..။

မေမေ….
………………………………………
…………………………………………………..
…………………………………………………….
………………………………………………………
…………………………………………………………

နေကောင်းလား။

(မွေးနေ့မှာ စိတ်ကို ကြည်ကြည်လင်လင် ထားရမတဲ့။ မေမေ့အတွက် စာရေးနေရင်းနဲ့ ဆို့နင့်လာတဲ့ စိတ်ကိုတော့ ထိန်းလို့မရဘူးဗျာ)

ကလိုစေးထူး

Monday, May 21, 2007

ကျနော့်အကြိုက် (၅) ...

ကျနော့်အကြိုက်အဖြစ် ဒီနေ့ တင်ပြချင်တဲ့ စာကတော့ အမေ လူထုဒေါ်အမာရေးခဲ့ပြီး ၁၉၉၄ခုနှစ်ထုတ်၊ ရိုးမရိပ်၊ ဖြူးမြို့နယ် မဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ `အဝေးရောက် သားသမီးများ´ ဆောင်းပါး ဖြစ်ပါတယ်။

ဖတ်ကြည့်ကြပါဦး။

ကလိုစေးထူး


အဝေးရောက် သားသမီးများ

နိုင်ငံခြား တိုင်းပြည်တစ်ခုကို ရောက်နေတဲ့ ကျွန်မ မြေးကလေး နှစ်ဦးဆီက စာများရတယ်။ သူတို့စာတွေထဲမှာ သူတို့ရောက်တဲ့ နိုင်ငံရဲ့ စီးပွားရေး အဆင့်အတန်း၊ လူမှုရေးအဆင့်အတန်းနဲ့ ပညာရေးအဆင့်အတန်းကို သူတို့ အကဲခတ်တတ်သလောက် အကဲခတ်ပြတာလည်း ပါတယ်။ အဲဒီတိုင်းပြည်မှာ ကျွန်မတို့နိုင်ငံလို သယံဇာတ ဘာမှ မကြွယ်ဝဘဲနဲ့ အဲဒီအဆင့်အတန်းမျိုး ရောက်နေကြတယ်ဆိုတဲ့ သူတို့စိတ်ထဲ မချင့်မရဲ ဖြစ်ပုံတွေလည်း ပါတယ်။

မြေးမတစ်ယောက်ဆီက စာမှာတော့ သူတို့ရောက်နေတဲ့ နိုင်ငံမှာ လခလစာ ဘယ်ရွေ့ဘယ်လောက် ရတယ်၊ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်းချီရနေတဲ့ အဓိပ္ပာယ်ရှိတယ်။ နေရေးထိုင်ရေးလည်း အစစအဆင်ပြေတယ်။ ဒါပေမယ့် သူမပျော်ဘူး၊ အဲဒီနိုင်ငံမှာ အကြာကြီး မနေချင်ဘူးတဲ့။ အခုထိ သူအလုပ်မလုပ်သေးဘူး၊ သူ့ယောက်ျားပဲ အလုပ်လုပ်နေတယ်။ ပုံတော်ရင်တော့ သူအလုပ်ဝင်လုပ်မယ်။ လုပ်ပြီးရင် ငွေစုမယ်။ နှစ်နှစ် သုံးနှစ်ကြာရင်တော့ သူတို့ ပြန်လာမယ်လို့ ပါပါတယ်။

မြေးယောက်ျားလေးရဲ့ စာထဲမှာတော့ သူတို့ရောက်နေတဲ့ နိုင်ငံရဲ့ တိုးတက်ပုံတွေ၊ မြန်မာနိုင်ငံထက် မူလက အောက်ကျတဲ့ နိုင်ငံဟာ နှစ်နည်းနည်းလေး အတွင်းမှာ အင်မတန် တိုးတက်အောင်မြင်နေပုံတွေကို အလွန် ၀မ်းပါးပြီး ရေးထားပါတယ်။

ကျွန်မတို့ နိုင်ငံကနေပြီး ထိုင်းလင်း၊ မလေး၊ စင်္ကာပူ၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ ပညာတတ် လူငယ်တွေ အတော်များများ ရောက်ရှိနေကြပါပြီ။ အနောက်နိုင်ငံတွေမှာလည်း ရောက်သင့်သလောက်တော့ ရောက်နေကြတာပဲ။ ဒါမျိုးကို အနောက်နိုင်ငံတွေမှာတော့ ဦးနှောက်ယိုစီးမှု Brain Drain လို့ သုံးနှုန်းပါတယ်။ ကိုယ့်နိုင်ငံထဲက ဦးနှောက်ကောင်းတဲ့ ပညာတတ်တွေ တိုင်းတစ်ပါးရောက်ကုန်တာကို နှမြောတဲ့ သဘောပါပါတယ်။

ဒီလို ပညာတတ်တွေနဲ့ အတူ ကျွန်မတို့ နိုင်ငံ တနင်္သာရီတိုင်းဘက်က၊ ကရင်ပြည်နယ်ဘက်က၊ မြစ်ဝကျွန်းပေါ် ဒေသက အလုပ်သမား၊ လယ်သမား လူတန်းစားတွေလည်း အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ပြီး အလုပ်လုပ်နေကြတာ တော်တော်များများ ရှိနေပြီလို့ ကြားရပါတယ်။ ဒီလို လယ်သမားတွေ အလုပ်သမားတွေ ထွက်ခွာသွားမှုကိုတော့ လုပ်အားတွေ ဖိတ်စင်ယိုစီးမှုလို့ ခေါ်ရမယ် ထင်ပါတယ်။ ဒီလူတွေဆီကတော့ စာတွေ ဘာတွေ မရနိုင်ပါဘူး။ သူတို့ခမျာမယ် ရရာအလုပ်ကို ပေးသမျှ လခနဲ့ ၀င်လုပ်ပြီး ဖြစ်သလို နေထိုင်ကြရသူများပေကိုး။

သူများနိုင်ငံတွေကို အခုလို ထွက်ပြီး စီးပွားရှာနေကြရပေမယ့် သူတို့အားလုံးဟာ မပျော်ကြဘူး။ အကြာကြီးနေဖို့လည်း စိတ်မကူးကြဘူး။ ငွေရှာလို့ရရင် အမိနိုင်ငံကို ပြန်လာမှာပဲဆိုတာ အားလုံးလောက်နီးပါးရဲ့ စိတ်ထဲမှာ ရှိကြပါတယ်။

ကျွန်မကို အဝေးရောက် ဆွေမျိုးများက တစ်လှည့်တစ်ပတ် သူတို့ဆို လာနေပါလားလို့ ခေါ်သူရှိပါတယ်။ ကျွန်မလည်း တခြားလူတွေလိုပါပဲ၊ နိုင်ငံခြားမှာ ပျော်အောင် မနေတတ်ပါဘူး။ ခဏတဖြုတ် မရောက်ဖူးတဲ့နေရာ၊ မမြင်ဘူးတဲ့ မြင်ကွင်းနဲ့ ရှုခင်းတွေကို ကြည့်ရ၊ မြင်ရပြီးရင် ပြန်ချင်မှာပါ။ ကိုယ့်နိုင်ငံ ကိုယ့်ဒေသလောက် နေပျော်တာ မရှိပါဘူး။ ကိုယ့်လူမျိုးလောက် သဘောကျစရာကောင်းတာလည်း မရှိပါဘူး။ ကိုယ့်လူမျိုး အချင်းချင်းနဲ့ပဲ ပေါင်းသင်း ဆက်ဆံချင်တယ်။

ကျွန်မတို့ဆီမှာ လူမျိုးအလိုက် ရှိနေတဲ့ ဉာဉ်ဆိုးကလေးတွေတော့ ရှိသလောက် ရှိတာပေါ့။ ဥပမာ ပျင်းရိတာ၊ ဇွဲမရှိတာ၊ အနွံအတာ မခံချင်တာ၊ သိပ် အောက်မကျို့ချင်တာ၊ ပျော်ပျော်ပါးပါး ပေါ့ပေါ့တန်တန်နဲ့ အချိန်ကုန်ချင်တာမျိုးကလေးတွေလေ။

ဒီအားနည်းချက် ချို့တဲ့ချက်မျိုးတော့ ကျွန်မတို့ လူမျိုးမှာ ရှိပါတယ်။ နို့ပေမယ့် ဒါက တစ်သက်လုံး ဘယ်လိုမှ ပြင်မရနိုင်တဲ့ လူမျိုးစရိုက်ကြီး ဆိုပြီး ပစ်မထားဘဲနဲ့၊ ယုံကြည်မှု၊ စည်းလုံးမှု၊ တက်ကြွှမှုတွေနဲ့ တိုက်ဖျက်ကြမယ်၊ ရှေ့ဆောင်ရှေ့ရွက်ပြုသူတွေက စနစ်တကျ စည်းရုံးပညာပေးပြီး အားလုံးလက်တွဲ ကြိုးစားကြမယ်ဆိုရင် ပြုပြင်လို့ ရရမှာပေါ့။ ပျော့ညံ့ချက်ဟာ ဘာမို့ ခံနိုင်ရမှာတုန်း။ အရေးကြီးတာက ဒီလိုပြုပြင်မှာက ဘာအတွက်၊ ဘယ်သူ့ဖို့ ပြုပြင်မှာဆိုတဲ့ မှန်ကန်မွန်မြတ်တဲ့ အသိရှိဖို့ပဲ လိုပါတယ်။

ကျွန်မတို့ လူမျိုးဟာ အလွန်အကင်းပါးတဲ့ လူမျိုးပါ။ သင်လိုက်ရင် သိလွယ်မြင်လွယ် တတ်လွယ် သိပ်ရှိပါတယ်။ ဒီအရည်အသွေးဟာ ငွေပေးဝယ်လို့ မရပါဘူး။ ကျွန်မတို့ လူမျိုးနဲ့ တခြားလူမျိုးနဲ့ ယှဉ်ကြည့်စမ်းပါ။ ပညာတတ်ခြင်းဖြစ်ဖြစ်၊ ပညာမဲ့ အလုပ်သမား လယ်သမား လူတန်းစားခြင်း ဖြစ်ဖြစ် လူမျိုးအလိုက် အကင်းပါး ဖျတ်လတ်မှုက အလွန်ကို သဘောကျစရာ ကောင်းပါတယ်။
အဲဒီတော့ ဘာပညာ ဘာအလုပ်မျိုးကိုမဆို ကျွန်မတို့မှာ မသင်ရသေးလို့ မတတ်သေးပေမယ့် သင်ခွင့်ရတဲ့ တစ်ချိန် သူများနည်းတူ ရင်ပေါင်တန်းနိုင်တဲ့ အရည်အသွေး အပြည့်အ၀ ရှိပါတယ်။ လူဟာ နုံပြီဆိုရင် ဆွဲတိုင်း မပါနိုင်ပါဘူး။ တွန်းတိုင်း မရောက်လာဘူး။ ကျွန်မတို့ လူမျိုးတွေက အနုံအဖျင်း မဟုတ်ကြဘူး။ သိပ်ကို အကင်းပါးတဲ့ လူမျိုး။

ပြီးတော့ ကျွန်မတို့ နိုင်ငံလောက် လုပ်စရာကိုင်စရာတွေ ပေါကြွယ်ဝတဲ့ နိုင်ငံမျိုး ဒီကမ္ဘာမှာ အတော်ရှားပါတယ်။ ကျွန်မဟာ အကြောင်းအားလျော်စွာ သူများနိုင်ငံ အတော်များများကို ရောက်ဖူးခဲ့ပါတယ်။

တချို့ စက်မှု အလွန်ထွန်းကားတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာ သူတို့ပိုင် ပြည်တွင်းထွက် ဘာမှ မယ်မယ်ရရ ရှိတာမဟုတ်ဘူး။ စက်မှုအတွက် သုံးစာရာ ရေနံလို ကျောက်မီးသွေးလို ရှိတာမဟုတ်ဘဲ သူများနိုင်ငံက ၀ယ်သုံးပြီး စက်ရုံတွေကို လည်ပတ်နေကြရတာမျိုး။ တချို့က သတ္တုကို သူများနိုင်ငံက မှာရတာမျိုး။ အထူးသဖြင့် ဥရောပနိုင်ငံတွေဟာ စားရေရိက္ခာလည်း ကိုယ့်မှာက မလုံလောက်၊ စက်ရုံအလုပ်ရုံတွေ အတွက် ကုန်ကြမ်းလည်း သူများနှာခေါင်းနဲ့ အသက်ရှုပြီး လုပ်ဆောင်နေကြတာကို တွေ့ရတယ်။

ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့လူမျိုးတွေ စားဖို့သောက်ဖို့ဆိုတာ ကျွန်မတို့နိုင်ငံထဲက ထွက်တာဟာ လုံလောက်ရုံမက နိုင်ငံခြားတောင် တင်ပို့ရောင်းချနေရပါသေးတယ်။ ရိက္ခာအတွက် ပူစရာ မရှိပါဘူး။ စိုက်ပျိုးနိုင်တဲ့ နေရာမှန်သမျှမှာသာ စိုက်ပျိုး၊ ငတ်မှာ မပူရပါဘူး။ ရိက္ခာတွင်လား၊ လူမှာ စားဝတ်နေရေးလို့ အရေးသုံးပါး ရှိတယ်။ ၀တ်ဖို့အရေးကောလို့ မေးလာရင် ၀ါဂွမ်းစိုက်လို့ မြန်မာနိုင်ငံအလယ်ပိုင်းက ကောင်းကောင်းရပါတယ်။ စိုက်လည်း စိုက်နေပါတယ်။ ကျွန်ဘ၀တုန်းက စတီးဘရားသားတို့လို အရင်းရှင် လက်ဝါးကြီးအုပ်တွေက မြန်မာ ၀ါတောင်သူတွေဆီက ၀ါဝယ်ပြီး နိုင်ငံခြား တင်ပို့လာခဲ့ကြတာပါ။ ကျွန်မတို့ ဥတုရာသီနဲ့ တကယ်လိုက်ဖက်တဲ့ ချည်ထည် ရက်လုပ်ဝတ်ဆင်ဖို့ ကိုယ့်နိုင်ငံထဲကချည်း ပြည့်စုံနိုင်ပါတယ်။

နေရေးအတွက်ကော သူများနိုင်ငံတွေမှာ မရှိတဲ့ သစ်တောကြီးတွေ ကျွန်မတို့မှာ ရှိတယ်။ ဒီသစ်တောကြီးက ထွက်တဲ့ သစ်နဲ့ အိမ်ဆောက်နေနိုင်တယ်။ နိုင်ငံခြားကို သစ်ရောင်းပြီး တလျှောက်လုံး နိုင်ငံခြားငွေရအောင် မြန်မာသစ်နဲ့ ငွေရှာလာခဲ့တဲ့ နိုင်ငံပါ။

စားစရာ၊ ၀တ်စရာ၊ နေစရာတွင်လားဆိုတော့ ဟုတ်ပါရိုးလား၊ ရေနံတို့၊ ကျောက်မီးသွေးတို့ကလည်း ထွက်နေသေးရဲ့၊ ရွှေငွေကျောက်သံ ပတ္တမြားတွေကလည်း နေရာပေါင်းများစွာက ထွက်နေသေးတယ်။ ရှိမှန်းမသိလို့ မတူးဖော် မရှာဖွေရသေးတာကလည်း ဘယ်လောက်များဦးမယ် မသိဘူး။ တောက်တီးတောက်တဲ့ မမှတ်ပါနဲ့။ တကယ်ချမ်းသာတဲ့ နိုင်ငံပါ။

ဒါကြောင့် ရိုးရိုးကုတ်ကုတ် လုပ်စားနေတယ်ဆိုဦးတော့ လူဦးရေ ထိန်းချုပ်စရာတောင် မလိုသေးဘဲ ဒူးနန့်ပြီး လုပ်ကိုင်စားနေနိုင်တဲ့ နိုင်ငံပါ။

အမိနိုင်ငံဟာ ဒီလိုပေါကြွယ်ဝတာနဲ့ အတူ အမိနိုင်ငံမှာရှိတဲ့ ဘာသာတရားကလည်း သူတစ်ပါးကို မေတ္တာထားနိုင်တယ်။ ကိုယ့်ထက်ဆင်းရဲ့ ဒုက္ခရောက်သူကို သနားကရုဏာသက်နိုင်တယ်။ ကိုယ်နဲ့အတူရှိသူ၊ ကိုယ့်ထက်သာသူကို ၀မ်းသာအယ်လဲ သာဓုခေါ်နိုင်တယ်။ မရှိရင် ဝေစားမယ်လို့ ပေးနိုင်ကျွေးနိုင်တယ်။ သူတစ်ပါးရဲ့ ကျုးကျော်စော်ကားမှုကို သည်းခံခွင့်လွှတ် ချေဖျောက်နိုင်တဲ့ ဘာသာတရားမျိုးကိုလည်း လက်ကိုင်ထားကြသေးတယ်။ တင်းတိမ် ရောင့်ရဲမှုကိုလည်း ကျင့်သုံးလိုက်ကြသေးတယ်။

ကဲ၊ ဘယ်လောက် နေချင်စဖွယ်ကောင်းတဲ့ နိုင်ငံပါလဲ။

ဒါနဲ့များ လူတွေ ဘာလို့များ သူများနိုင်ငံတွေထွက်ပြီး ရှာဖွေနေကြရသလဲလို့ မေးလာရင်တော့ ဒါဟာ အခိုက်အတန့်ကိစ္စ၊ အစာဝတော့ ဌာန ပြန်မည့်သူချည်း။ ကျွန်မတို့နိုင်ငံမှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် အချင်းချင်း လက်တွဲ လုပ်ဆောင်နိုင်ကြရင် ဘာမှမကြာတဲ့ ကာလမှာ လုပ်စရာအလုပ်တွေ တောင်ပုံရာပုံ ရှိလာမှာ၊ အဲဒီတော့ အဝေးရောက် သားသမီးတွေလည်း အားလုံး ပြန်လာကြမှာ၊ သူများနိုင်ငံတွေလို ခုမချမ်းသာသေးသကောလို့ စိတ်ဓာတ်မကျပါဘူး။ ကျွန်မတို့ဟာ မြန်မာ့ရေမြေပေါ်က မြန်မာတွေပါ။

လူထုဒေါ်အမာ

Saturday, May 19, 2007

နေ့လယ်...

တဖျောဖျောကျနေသော ရေပန်းမှုန်များကို ရပ်တန့်ပစ်ရင်း ရေချိုးခန်းအတွင်းမှ နံရံကပ်နာရီကို လှမ်းကြည့်မိတော့ နေ့လည် ၁၂ နာရီထိုးလုပါပြီ။

ပြင်ဆင်စရာရှိသည်များ ပြင်ဆင်၊ ကွန်ပြူတာကို ပိတ်၊ အိမ်ထဲမှ လှမ်းထွက်လိုက်ချိန်တွင်မတော့ တ၀ူးဝူးတိုက်ခတ်နေသော နွေလေက ကျနော့်ကို ခပ်ကြမ်းကြမ်း နှုတ်ဆက်လိုက်ပါသည်။ ခပ်လှမ်းလှမ်းမှာတော့ မာနတခွဲသားနှင့် ကျနော့်စီးတော်ယာဉ်က ကျနော့်ကို မှုန်ကုပ်ကုပ်နှင့် အလိုမကျဟန် ကြည့်နေလေ၏။

ကားထဲသို့ ၀င်လိုက်တော့ ပေါင်းအိုးငယ်ထဲသို့ ၀င်လိုက်ရသည့်အလား လုံနေသောလေက ပူခြစ်နေ၏။ စီဒီတချပ်ကို ထိုးထည့်ဖွင့်လိုက်တော့ ဗဒင်၏ `အဟောင်းဆိုင်´ သီချင်းသံက ခပ်ရှရှ ပေါ်ထွက်လာသည်။ ကားပြတင်းကို ဖွင့်ရင်း အသာမောင်းထွက်လိုက်တော့ ကားထဲမှ တေးသွားများက အပြင်ကိုခုန်ပေါက်ထွက်သွားသလို ကားပြင်မှ လေက လူကြမ်းတယောက်နှယ် ၀ူးဝူးဝါးဝါးဖြင့် ကားထဲသို့ ကဆုန်ပေါက် တိုးဝှေ့ဝင်လာသည်။

သီချင်းကို လိုက်ညည်းမိတော့ တခုခုကို သတိရမိရင်း ပြုံးချင်ချင် ဖြစ်သွားသည်။

`သိပ်ခက်တယ်~~~ စိတ်ပျက်တယ်~~~ ကိုယ့်ဘ၀~~ ဇာတ်ဆရာရယ်~~~ စိတ်ဓာတ်တွေ~~~ အဟောင်းဆိုင်တန်းထဲ´

***

လွန်ခဲ့သော ၁၃နှစ်..။ ဗဒင်သီချင်းခွေ နာမည်အလွန်ကြီးခါစ..။ ဘားအံမြို့က နေ့လည်ခင်းများစွာကို သတိရမိသည်။ ထိုစဉ်က ကျနော်က ဆယ်တန်းအောင်ထားသော်လည်း တက္ကသိုလ်ဆက်တက်ရန် စောင့်နေရဆဲ။ မေမေက ကျနော့်ကို `Nursing´ ၀င်ခွင့်အတွက် အလျှောက်ခိုင်းသည်။ `Male Nurse´ ပေါ့။ စတိုင်လ်ဘောင်းဘီနှင့် ကုတ်အကျီင်္ဖြူဖြူ ဆရာဝန်လိုလို ဘာလိုလို အမျိုးသား သူနာပြုတွေက ခပ်နွဲ့နွဲ့ဟန်တွေ များသည်။ မေမေကတော့ ဘာသဘောနှင့် အလျှောက်ခိုင်းသည် မသိ၊ ကျနော်ကတော့ သိပ်မကြိုက်လှ..။ သို့သော်.. ဘားအံကို သွားလည်ချင်စိတ်ကြောင့် မေမေလျှောက်ခိုင်းသည်ကို လူလိမ္မာယောင်ဆာင်ပြီး အသာတကြည် လက်ခံကာ လျှောက်ခဲ့သည်။

ဘားအံမှာ ကျနော်အနှစ်သက်ဆုံးနေရာသည်ကား ကန်သာယာ ဖြစ်၏။ ထိုစဉ်က လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်များတွင် ပုံမှန်အားဖြင့် ကက်ဆက်ခွေသာ ဖွင့်လေ့ရှိသော အစဉ်အလာကို ခွဲထွက်၍ တချို့ဆိုင်များက တီဗွီ၊ ဗွီဒီယို ဖွင့်ပေးပြီး စားသောက်သူများကို ဆွဲဆောင်သည့် အလေ့အထ အစပျိုးချိန်။

ဇွဲကပင် ခန်းမ အနောက်ဘက်ခပ်ကျကျ ပန်းခြံ၏ ကုန်းမို့မို့ပေါ်တွင် ဖွင့်ထားသော လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ဖွင့်ပေးထားသော တီဗွီကို ငေးလိုက်၊ သီချင်းနားထောင်လိုက် ဖြတ်သွားသမျှ ကားတွေကို လိုက်ကြည့်လိုက်၊ ဆိုင်ထိုင်ရတာ အတန်ငယ်ကြာလာလျှင် ကန်သာယာ တံတားပေါ်ကို နေပူပူအောက်မှာ ဖြတ်လျှောက်လို့ ဇွဲကပင်တောင်ကို မျှော်ငေးလိုက်နှင့် အရသာ ခံဖူးသည်။ ညနေစောင်းတော့ `ချစ်သူလမ်းကြား´ သို့ ချစ်သူမပါဘဲ လျှောက်၏။ ခပ်ကြောင်ကြောင်တော့ အနိုင်သား။

***

ပူခြစ်နေသော နွေလယ်န့ခင်းတခုတွင် ကျနော့်ပထမဆုံး ရည်းစားက မိုးပေါ်က အပူနှင့် နင်လားငါလား ထပ်တူထပ်မျှ ပူလောင်သည့် စကားတခွန်းဖြင့် ကျနော့်ကို လမ်းခွဲသွားခဲ့သည်။ သူပြောခဲ့သော စကားက မှတ်သားလောက်စရာ၊ မမေ့လောက်စရာ။

`တောတိုးရင် ပုဆိုးစုတ်တယ် မောင်၊ ငါ တောမတိုးချင်ဘူး´ တဲ့..။

ပုဆိုးစုတ်မှာကြောက်လို့ တောမတိုးခဲ့သော သူမက သူမထက် အသက်များစွာကြီးသော အရာရှိတယောက်ကို ရွေးချယ်လက်ထပ်သွားချိန်မှာတော့ ကျနော်တယောက် နေ့တွေ ညတွေမသိသော ကာလတို့က အတန်ငယ်ကြာခဲ့ဖူးသည်။ အသည်းကွဲရသော အရသာက ခံရတော့ အခက်သား။

***



ဒါကတော့ ကျနော့် အလုပ်ထဲက နေ့လယ်ခေတ္တနားချိန်တွင် မြန်မာတဖက်၊ မက္ကဆီကန်တဖက် ကစားကြသော ဘောလုံးပွဲလေး ဖြစ်သည်။

တရက်မှာ အလုပ်နားခိုက် မက္ကဆီကန် အလုပ်သမားများက ကျနော်တို့ (မြန်မာများ) ကို ကျီစယ်၏။ ငါတို့ဆီက မားကွက်စ်က ကမ္ဘာကျော်တယ်ကွ၊ ဘာစီလိုနာမှာ ကစားနေတာ တဲ့။ မားကွက်စ်ကို မသိပေမယ့် ကျနော့်ရောင်းရင်း ကရင်များက `မက္ကဆီကိုနဲ့ မြန်မာ ဘယ်သူသာလဲ ကန်ကြမလား´ ဟု ချဲလင့်လုပ်တော့ အအေးပေါ့သော နေ့တိုင်းတွင် မြန်မာ Vs မက္ကဆီကို ဖိတ်ခေါ်ဘောလုံးပွဲက ဖြစ်တတ်လာသည်။ တခါတခါတော့လဲ မြန်မာက နိုင်လိုက်၊ တခါတခါတော့လဲ မက္ကဆီကိုက နိုင်လိုက်။ ပျော်စရာတော့ အကောင်းသား။

***

`ကားဆီချိန်းတာ အားလုံး ပြီးပါပြီ´

အထက်ပါ စကားသံကြောင့် စောင့်ဆိုင်းအခန်းထဲတွင် ဖွင့်ထားပေးသော တီဗွီကို ပျင်းရိလှစွာ စိတ်မပါလက်မပါ ကြည့်နေရင်း ဟိုဟိုဒီဒီပြေးလွှားနေသော အတွေးအာရုံက ပစ္စုပ္ပန်ဆီကို အလန့်တကြားဖြင့် ပြန်ရောက်လာ၏။

ဆီချိန်းပြီးခါစ၊ ရေဆေးပြီးခါစ ကျနော့် ကားပြာလေးက နေ့လယ်နရောင်အောက်တွင် ဖိတ်ဖိတ်လက်သော အပြုံးဖြင့် ၀င့်ကြွားလျက်။

အိမ်အပြန်လမ်းမှာတော့ မဆုံးသေးသော ဗဒင်သီချင်းသံက ပျံ့လွင့်နေ၏။

`ဆုံးဖြတ်ချက်တွေ ပြီးမြောက်တော့မှ ပြန်လာမယ် ~~~ လက်တွေ့ဘ၀က လွတ်မြောက်တော့မှ ပြန်ခဲ့မယ်´


ကလိုစေးထူး



Thursday, May 17, 2007

စပ်မိစပ်ရာ(၄)..

ကိုမျက်လုံးရဲ့ ဘလော့ဂ်မှာ အဆိုတော် ဒီလေးနဲ့ အင်တာဗျူးထားတာကို ဖတ်လိုက်ရပါတယ်။ ကိုဇော်မိုးအောင် ဘလော့ဂ်မှာတုန်းကလည်း The Trees တီးဝိုင်းအဖွဲ့နဲ့ တွဲရိုက်ထားတဲ့ ပုံလေးတွေ မြင်ဖူးပေမယ့် အခုလို အင်တာဗျူးကတော့ ဘလော့ဂါတွေထဲမှာ (ကျနော်ဖတ်မိသလောက်) ပထမဆုံးပါ။ တခြားသော အနုပညာရှင်တွေရဲ့ အင်တာဗျုးတွေကိုပါ ဖတ်ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်လေမလဲ လို့ လောဘကြီးမိပါတယ်။

မြန်မာနိုင်ငံမှာ ပိုလီယို ရောဂါ ကင်းရှင်းပြီဖြစ်ကြောင်း ၂၀၀၀ ပြည့်နှစ်က ကြေညာခဲ့ပြီး ဖြစ်ပေမယ့် မနှစ်က ဇွန်လအတွင်း ပြင်ဦးလွင်မြို့မှာ ရောဂါပိုး ထပ်မံတွေ့ရှိပြီးတဲ့နောက် အခုတခါ ဒုတိယအကြိမ်အဖြစ် ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာ ထပ်မံတွေ့ရှိပြန်ပါပြီ။ ကမ္ဘာပေါ်မှာ တီဘီရောဂါ ဖြစ်ပွားမှု အများဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း အပါအ၀င်ဖြစ်ပါသတဲ့။

၂၀၁၇ ခုနှစ်ကို အစောဆုံးထားပြီး တရုတ်က ဟောင်ကောင်ကို ဒီမိုကရေစီ အပြည့်အ၀ ပေးပါမယ်တဲ့။ မတ်လက ပြီးဆုံးသွားတဲ့ ဟောင်ကောင်ရွေးကောက်ပွဲမှာ လက်ရှိအုပ်ချုပ်ရေးမှူး ဒေါ်နယ်ဆန်ကို ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ် တဦးပေါ်ထွက်လာခဲ့ပြီး အဲဒီပြိုင်ဘက်ဟာ ဟောင်ကောင်ပြည်သူတွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်လာမှာကို တရုတ်ခေါင်းဆောင်တွေက စိုးရိမ်လျက်ရှိပါတယ်။ အင်း.. ဆရာနဲ့ တပည့် တထပ်တည်းလိုပါပဲလား လို့ တွေးမိပါတယ်။

အမေရိကန် စာရေးဆရာမ အမ္မာဘွမ်းဘာ့ဂ်က `ကောင်းမှု၊ ဆိုးမှုတွေကို ဝေမျှကြ၊ တခါတရံမှာတော့ တကိုယ်ကောင်းဆန်ကြ၊ နာကျင်မှုတွေ၊ ကြင်နာမှုတွေကို တချိန်တည်းမှာ ခံစားကြ၊ အချစ်၊ ရယ်မောခြင်း၊ ကာကွယ်ပေးခြင်းတွေနဲ့ သံယောဇဉ် နှောင်ဖွဲ့ကြရင်း ၀န်ထုပ်ဝန်ပိုးတွေနဲ့ လေးလံသွားတဲ့ ဘ၀ကို တရွေ့ရွေ့ လျှောက်လှမ်းနေကြတဲ့ ထူးခြားတဲ့ ဖွဲ့စည်းမှုလေး တခုဟာ မိသားစုပါပဲ´ လို့ ဆိုပါသတဲ့။ ကျနော် တခု စိတ်ကူးယဉ်မိတယ်။ မြန်မာဘလော့ဂါ မိသားစု ဆိုတဲ့ စိတ်ကူးပါ။

သတင်းစာထဲက ဆောင်းပါးတွေကို ဖတ်ရတာဟာ တခါဖတ်ရင် နာမည်တမျိုးနဲ့ ကလောင်တွေက တခါမှမကြားဖူးတဲ့ နာမည်တွေ ဖြစ်နေတာ များတာကို သတိထားမိပါတယ်။ ငါးမင်းဆွေ၊ ခြင်ကျား၊ မအူပင်ခြင်ရိုင်း၊ ပေါက်စ၊ တက္ကသိုလ်မြတ်သူ၊ အောင်မိုးစံ၊ လှသိန်းဌေး ..၊ နောက်တော့ ဘာတဲ့..၊ စုနိုင်သူ ဆိုတာတောင် တွေ့ဖူးလိုက်ပါသေးတယ်။ မဟုတ်တာ လုပ်ချင်တဲ့လူများ နာမည်များများ တယ်ကြိုက်ကြသကိုးလို့ အတွေး ပေါက်မိပါတယ်။

ဘားအံမြို့ကို ရွှေ့ပြောင်းနေထိုင်သူတွေ ပိုများလာတာကို သတင်းတပုဒ်အနေနဲ့ ဖတ်လိုက်ရပါတယ်။ မော်လမြိုင်၊ မြ၀တီ စတဲ့ မြို့တွေနဲ့ အနီးစပ်ဆုံးအနေအထား ဖြစ်နေလို့ လူဦးရေ ထူထပ်လာတယ်လို့ ကောက်ချက်ချထားပါတယ်။ ဘားအံဟာ အင်မတန် နေလို့ကောင်းတဲ့ မြို့လေးပါ။ ဒီသတင်းကို ဖတ်မိတော့ ဘားအံက ကန်သာယာနဲ့ ဇွဲကပင်ခန်းမရဲ့အလှ၊ ကန်သာယာ တံတားပေါ်ကနေ ဇွဲကပင်တောင်ကို လှမ်းမျှော်ကြည့်ရတဲ့ အရသာကို လွမ်းဆွတ်မိပါတယ်။ ကျောင်းတော်ကြီးကိုလည်း သတိရမိပါရဲ့။

ဒီနှစ် ပရီးမီးယားလိဂ် ဖလားကိုတော့ မန်ချက်စတာ ယူနိုက်တက်က ချဲလ်ဆီးဆီကနေ လွှဲပြောင်းရယူသွားခဲ့ပါတယ်။ ကျနော်ကတော့ မန်ယူအသင်း ၀က်စ်ဟမ်းကို ရှုံးသွားတာကို ကြည့်ပြီးမှ ချဲလ်ဆီးသာ အာဆင်နယ်ကို နိုင်ခဲ့ရင်လို့ လွတ်တဲ့ငါး ကြီးနေမိပါသေးတယ်။ ပထမတန်းမှာတော့ ရွိုင်ကိန်းနည်းပြလုပ်တဲ့ ဆန်းဒါးလန်းအသင်းက ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်ကို တက်လှမ်းလာပါတော့မယ်။ နောက်နှစ်ကျရင်တော့ တွေ့ကြပြီပေါ့ ဆရာတပည့်နှစ်ယောက်၊ ဖာဂူဆန်နဲ့ ရွိုင်ကိန်း။ ဗေဗုံထိဗုံထီ..။

မြန်မာဘောလုံးအသင်း အခြေအနေကို လှမ်းမျှော်ကြည့်တော့ နေပူထဲမှာ ဘရာဇီးနည်းပြနဲ့ ယူ-၂၃ ဘောလုံးသမားလေးတွေ မြန်မာဘီယာသောက်၊ အဲလေ. ထရိန်နင်ဆင်းနေပါတယ်။ အားတက်စရာ တခုဖြစ်တဲ့ သတင်းတပုဒ်ကတော့ နယူးယောက်အခြေစိုက် လူငယ်ဘောလုံးကလပ်တခုမှာ မြန်မာဘောလုံးသမား လူငယ် သုံးယောက် ပါဝင်ကစားနေပါပြီ။ `မြန်မာအားကစား အမေရိကန်ကို လွှမ်းရမည်´ ။ …..ယိစ်((((((။

အလုံမြို့နယ်က နေအိမ်တခုမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်မီးအားမြှင့်စက်ကနေ တဆင့် ၀ါယာရှော့ဖြစ်ပြီးတော့ မီးလောင်ကျွမ်းတာ မီးခိုးလုံးများ မွန်းကြပ်ပြီးတော့ အိပ်ပျော်နေတဲ့ မိသားစု လေးဦး အသက်ဆုံးပါးသွားခဲ့ရပါတယ်။ ရန်ကုန်လို မြို့ကြီးမှာ ဒီအဖြစ်ဆိုးနဲ့ အသက်ဆုံးရတာကို ကြားရတာ စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဒါဟာ ရေကြီးလို့ ဖြစ်ရတာလား၊ မီးမလာလို့ ဖြစ်ရတာလား၊ ….လား? ….လား????။

ချိုးလင်းပြာ စာစောင်မှာ `အမျိုးသမီးများကို ထိခိုက်ခံစားလွယ်သည် ဟူ၍လည်းကောင်း၊ အဝေဖန် မခံနိုင်ဟူ၍ လည်းကောင်း အများက သုံးသပ်နေသည်များရှိသည်။ ထို့အတွက်ကြောင့်လည်း အမျိုးသမီးများသည် ဝေဖန်ရေးနှင့် ပို၍ရင်းနှီးအောင် နေသင့်သည်´ လို့ ရေးထားတာကို ဖတ်လိုက်ရပါတယ်။ အဟမ်း အဟမ်း။ ကဲ.. အမျိုးသမီးတို့ရေ..။ ပြင်ထားပေတော့ဗျို့၊ ဝေဖန်ပစ်မယ်၊ လာထား.. ယိစ်(((((((။

တခြားလူတွေက အလုပ်ပိတ်ရင် အားပါတယ်။ စာပိုရေးဖြစ်ပါတယ်။ ကျနော်ကတော့ ပြောင်းပြန် အလုပ်လုပ်တဲ့ ရက်ကျမှ စာရေးဖြစ်ပါတယ်။ အလုပ်နားတဲ့ရက်မှာကတော့.. ဟဲဟဲ..။ ကဲ..ဒီနေ့တော့ ဒီလောက်ပဲခင်ဗျ။ စိတ်ထဲရှိရာလေးတွေကို ဟိုသတင်းဒီသတင်းတွေကနေ စုတုကူးလိုက်ပါတယ်။

ကလိုစေးထူး

ကိုးကား။ ချိုးလင်းပြာစာစောင်၊ Weekly Eleven ဂျာနယ်၊

Wednesday, May 16, 2007

ဘလော့ဂ် ရေးသူ...

ကျနော်တို့ ဘလော့ဂ် ရေးတယ်
ယုံကြည်ချက်၊ ခံစားချက်…
ကျေနပ်ချက်၊ မကျေနပ်ချက်…
စိတ်ကူးချက်၊ မျှော်မှန်းချက်…
ဝေမျှရင်း၊ ခံယူရင်း
သင်ယူရင်းနဲ့…
ကျနော်တို့ ဘလော့ဂ် ရေးတယ် …။

အားပေးနေမယ်နော်၊ ဆက်ရေးပါ
ကျေးဇူးပါနော်၊ အတွေးအမြင်တွေ ရစေတယ်
ကြိုးစားနော်၊ ဖတ်လို့ကောင်းတယ်
စာများများရေးပါ၊ စာရေးတာကောင်းတယ်
…………………..
……………………
ချီးမွမ်းမှုတွေကို နေ့စဉ်စားသုံးရင်း
ကျနော်တို့ ဘလော့ဂ် ရေးတယ် …။

မင်းက ဒါမျိုးလေးတွေရေးမှ ထမင်းစားရမယ်ဆိုတာ ငါသိတယ်
ဘာမဟုတ်တာလေးကို ဇာချဲ့တယ်
အလကားပါ၊ ဘာတွေရေးထားမှန်းမသိဘူး
အင်တာနက်ပေါ်မှာ အတင်းတုတ်တယ်
……………………
……………………
ဝေဖန်စကားလုံးတွေနဲ့ လုံးထွေးသတ်ပုတ်ရင်းနဲ့လည်း
ကျနော်တို့ ဘလော့ဂ် ရေးတယ် …။

ဟင်းတခွက်ချက်လိုက်တာ
တယောက်ကပြောတယ်
`အစပ်အဟပ် မတည့်ဘူး´ တဲ့
နောက်တယောက်ကတော့
`စားလို့ ကောင်းသားပဲကွ´ တဲ့
နောက်တော့လည်း သူတို့တတွေ
အဲဒီဟင်းရဲ့ အာဟာရကို အတူတူစားကြပြီး
နောက်တခွက် ထပ်ချက်ခိုင်းကြပြန်တော့
ကျနော်တို့ ဘလော့ဂ် ရေးတယ် …။

မိသားစု အတူတူနေချင်တဲ့ ကလေးငယ်
သားပြန်အလာကို မျှော်နေတဲ့ အမေ
ဘောင်းဘီချွတ်ပြတဲ့ ပြည်သူ့စစ်သား
ခိုးရာပါ စိန်တွေနဲ့ မင်္ဂလာပွဲ
နယ်မြေပျောက်သူ၊ ကျောင်းပျောက်သူတွေ
…………………..
…………………..
…………………..
ကျနော်တို့ ဘလော့ဂ်ရေးတယ် …။

ဒီလိုနဲ့..။
နှလုံးသားနဲ့ ခံစားမိတဲ့ စကားလုံးတွေက
ပန်းတပွင့် ဖြစ်လေမလား
ကြယ်တစင်း ဖြစ်လေမလား
အလင်းရောင် ဖြစ်လေမလား
ဒါမှမဟုတ်
မြားတစင်းများ ဖြစ်သွားလေမလား
……………………
……………………
ကျနော်တို့ ဘလော့ဂ်ရေးတယ် …။

အခန်းထဲက ကွန်ပြူတာထဲမှာ
နေ့စဉ်ရောက်နေကျ မြန်မာပြည်ရှိတယ်
ဟိုးခပ်ဝေးဝေးမှာ ပန်းတိုင်ရှိတယ်
မျှော်လင့်ခြင်းတွေ ရှိတယ်
အဲဒီအတွက်…
ကျနော်တို့ ဘလော့ဂ်ရေးတယ် …။

ကလိုစေးထူး

Tuesday, May 15, 2007

ယောက်ျားစိတ်ဓာတ် Vs မိန်းမစိတ်ဓာတ်



လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပါတယ်။

စာအုပ်ဘီရိုကို မွှေနှောက်မိရင်း အမျိုးသမီးစာစောင်လေး တခုရဲ့ နောက်ဖုံးက ကာတွန်းတကွက်ကို သတိထားမိသွားပါတယ်။

ကာတွန်းထဲမှာ ယောက်ျားကြီး လေးယောက်က စားပွဲဝိုင်းတခုခုမှာ အာပေါင်အာရင်း သန်သန်နဲ့ ပြောနေကြပုံ၊ တဖက်မှာတော့ မိန်းမနှစ်ယောက်က အကြော်ကြော်နေကြတဲ့ပုံပါ။

ယောက်ျားနှစ်ယောက်က တယောက်နဲ့ တယောက် အပြန်အလှန် ဒီလိုပြောပါတယ်-

`ဟိုဘက်လမ်းက ကောင်မလေ ဂဃနဏ ဘာမှ သိတာမဟုတ်ဘူး´

`ဟုတ်တယ်၊ ဒီမိုကရေစီကိုတောင်မှ ဓအောက်ခြိုက်နဲ့ ပေါင်းလိုပေါင်း၊ ဒါကြောင့် ငါပြောတယ် မဟုတ်လား၊ ဟိုကောင်နဲ့ တတွဲတွဲလုပ်နေတာလည်း မျက်စိနောက်စရာ..၊ ဟွန်း..´

အဲဒီမှာတင် ယောက်ျားတယောက်က ၀င်ပြောလိုက်ပါတယ်-

`တော်ကြပါတော့..၊ မင်းတို့ဟာက အတင်းပြောလို့ကို မဆုံးနိုင်တော့ဘူး၊ မိန်းမတွေကျနေတာပဲ´

***

ကျနော်တို့ အမျိုးသားတွေ (တချို့)မှာ အကျင့်ဆိုးကြီး တခုရှိတယ်လို့ ကျနော်မြင်မိတာ တခုကတော့ `မိန်းမကျင့် မိန်းမကြံ´ `မိန်းမလို မိန်းမရ´ `မိန်းမကျနေတာပဲ´ `မိန်းမ စိတ်ဓာတ်´ စသဖြင့် စကားတွေကို ယောက်ျားခြင်း အနိုင်ယူလိုလေ့ ရှိရာမှာ ခပ်ပေါ့ပေါ့ သဘောထားလေရော့သလား မဆိုနိုင်၊ အလွယ်တကူ ပြောပစ်လိုက်လေ့ရှိတဲ့ အကျင့်ဆိုးကြီးပါ။ တခါတလေမှာများ ဆိုရင်တော့ အမျိုးသမီးတချို့ ကိုယ်နှိုက်ကိုက ပြောလေ့ရှိနေပြန်ပါသေးတယ်။ ဘာဖြစ်လို့ပါလဲ..??။

ကျနော်တို့ နေထိုင်ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်လေ့လာကြည့်မိတဲ့အခါ ကျနော်တို့ အမျိုးသားတွေဟာ အမိဝမ်းထဲက ကျွတ်ပြီ ဆိုတာနဲ့ ယောက်ျားဖြစ်တာ တခုတည်းနဲ့တင် အလိုလိုနေရင်းနဲ့ ဦးစားပေးခံရလေ့ရှိပါတယ်။ ကလေးငယ်ငယ် တောက်တောက်ပြေးလွှား ဆော့ကစားကြတဲ့ အရွယ်ချင်းတူတူတောင်မှ ယောက်ျားလေးကို ဆိုရင် `ဟိုကောင်လေး။ ထဘီတန်းအောက်ကနေ ဖြတ်မပြေးနဲ့လေ၊ ဘုန်းနိမ့်မယ်´ ဆိုတာမျိုး လူကြီးတွေက တားမြစ်လေ့ ရှိပါတယ်။

ကလေးဘ၀ကနေ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတော့ ပညာသင်ကြရပါတယ်။ ပညာသင်ရတာခြင်း အတူတူမှာလည်း အမျိုးသားများက မိသားစုမှာ ဦးစားပေး ပုဂ္ဂိုလ် အဖြစ်ခံရလေ့ ရှိပြန်ပါတယ်။

`မိန်းကလေးပဲ၊ သေစာရှင်စာတတ်ရင် တော်ရောပေါ့´

`အချိန်တန်တော့လည်း ယောက်ျားတယောက် ရမှာပဲဟာ၊ လင်ကောင်းသားကောင်း ရဖို့သာ အဓိက´

ဒီလိုနဲ့ပဲ ပညာသင်ချင်ပေမယ့် အမျိုးသားဦးစားပေး မိသားစုရဲ့ အမှုမဲ့အမှတ်မဲ့ ခွဲခြားမှုကြောင့် သင်ခွင့်မရတဲ့ အမျိုးသမီးငယ်တွေ မြန်မာနိုင်ငံမှာ မနည်းလှပါဘူး။

ကျနော်စဉ်းစားကြည့်မိပါတယ်။ အတင်းပြောတာခြင်း အတူတူ မိန်းမပြောတော့ အတင်း၊ ယောက်ျားပြောတော့ သတင်းပါ..တဲ့။ ပွစိ ပွစိနဲ့ တတွတ်တွတ်ပြောနေတဲ့ ယောက်ျားကိုတော့ မိန်းမပါးစပ်တဲ့။ ဒါပေမယ့် အဲဒီလိုပြောတဲ့ လူတွေဟာ သူမတူအောင် ထူးချွန်တဲ့ အမျိုးသမီးတွေကိုတော့ `ဟာ၊ တယ်တော်ပါလား၊ အမျိုးသားများထက် သာလွန်ပါပေ့´ လို့ ချီးကျူးစကား ပြောဖို့ရန် တော်တော်နဲ့ နှုတ်ဆွံ့အလေ့ ရှိပါတယ်။ တချို့များကတော့ တော်တော်ဆိုးပါတယ်။ `မိန်းမဟာ မိန်းမပါပဲကွာ၊ ဘယ်လောက်ပဲ ပညာတတ်တတ်၊ တော်တော်၊ မိန်းမဆိုတာ နောက်ဆုံးတော့ ယောက်ျားအတွက်ပါ၊ ယောက်ျားကို အလုပ်အကျွေးပြုရတာပါပဲ´ တဲ့။ ဘယ်လောက်များ ဆိုးဝါးလိုက်ပါသလဲ။

`အမျိုးသမီး အခွင့်အရေး´ ဆိုတဲ့ စကားလုံးဟာ ကျနော်တို့ မြန်မာ လူ့ပတ်ဝန်းကျင်ကို စတင်ရောက်ရှိလာစကတော့ အသစ်အဆန်း ဖြစ်နေခဲ့ပါတယ်။ မြန်မာ အမျိုးသား အတော်များများက `ငါတို့ မြန်မာ အမျိုးသမီးတွေ ဘာများ အခွင့်အရေး ဆုံးရှုံးနေလို့လဲ´ လို့ အထွန့်တက်ကြပါတယ်။ လက်ရှိအုပ်ချုပ်နေသူတွေ ကိုယ်တိုင်ကိုက `မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားနည်းတူ အခွင့်အရေး အပြည့်ရှိပါတယ်´ လို့ မကြာခဏ ကြွေးကြော်လေ့ရှိပါတယ်။

ဒါပေမယ့် အတော်များများ သတိမထားမိတာကတော့ ကျနော်အထက်က တင်ပြခဲ့တဲ့ အမျိုးသားတွေရဲ့ အမျိုးသမီးတွေ အပေါ်ထားတဲ့ စိတ်တချို့ပါ။ ယောက်ျားများ ပွေရှုပ်တော့ `ယောက်ျားကောင်း မောင်းမတထောင်´ တဲ့။ သူမတူအောင် ပွေရှုပ်တဲ့ အမျိုးသားတယောက်က သူ့ဘ၀အတွက် အိမ်ထောင်ပြုချင်ရင်တော့ ပြစ်မျိုးမှဲ့မထင် အပျိုစင်ကလေး ဆိုတာမျိုးမှပါ။ `ရည်းစား တထောင် လင်ကောင်တယောက်´ ဆိုတဲ့ မိန်းကလေးမျိုးဟာ တကယ့်တကယ်တမ်းမှာတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုတ်ချမှုဒဏ်ကို အမျိုးသားတွေထက် အဆပေါင်းများစွာ ပိုမိုခံရလေ့ရှိပါတယ်။

`ယောက်ျားက ယောက်ျားစကားပြော၊ တည်တည်တံ့တံ့ပြော၊ ပြောတဲ့တိုင်းလဲ တည်အောင်လုပ်´

တကယ်တော့ စကားကို တည်တည်တံ့တံ့ပြောတဲ့ အမျိုးသမီးတွေ၊ အပြောနဲ့ အလုပ်နဲ့ တည်အောင်နေတဲ့ အမျိုးသမီးတွေ တပုံကြီးပါ။ ဒါပေမယ့် အမျိုးသားကမှပဲ တည်တံ့ခန့်ငြားသယောင်ယောင်၊ ယောက်ျားစကားကမှသာလျှင် ခိုင်မာသယောင်ယောင်။ ဒီကြားထဲကမှ အပြောနဲ့ အလုပ်မညီညွတ်တဲ့ ယောက်ျားကို မှတ်ချက်ပေးလိုက်ပြန်တာက `ဒီကောင် မိန်းမကျင့် မိန်းမကြံ သိပ်နိုင်တယ်´..တဲ့။

`ယောက်ျားက ယောက်ျားစိတ်ဓာတ်မွေးစမ်းပါ´ `ယောက်ျားပီပီ သတ္တိရှိစမ်းပါ´

တကယ်တော့ ယောက်ျားထက် သာလွန်မြင့်မြတ်တဲ့ စိတ်ဓာတ်ပိုင်ရှင် အမျိုးသမီးတွေ အများကြီးပါ။ ယောက်ျားစိတ်ဓာတ်ကမှ ကြီးမားနေသယောင်ယောင်၊ မိန်းမစိတ်ဓာတ်က ယောက်ျားထက် နိမ့်သယောင်ယောင်။ တော်ရုံယောက်ျားတွေ လုပ်နိုင်ခဲတဲ့ အလုပ်ကို အများအကျိုးအတွက် သတ္တိကောင်းကောင်းနဲ့ လုပ်နိုင်စွမ်း ရှိကြတဲ့ အမျိုးသမီးအာဇာနည်တွေကလဲ ကမ္ဘာအနှံ့ ဒုနဲ့ဒေးပါပဲ။

မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ ဒါထက်ပိုပြီး ပြည်ရွာနိုင်ငံ၊ ဒါထက်ပိုပြီး ကမ္ဘာလောက တိုးတက်ဖို့ သာယာဖို့အတွက် အဓိက စိန်ခေါ်နေတာဟာ့ `ခွဲခြားဆက်ဆံမှု ပြဿနာ´ပါ။ လူမည်းကို လူဖြူက ခွဲခြားတာ၊ ဇာတ်နိမ့်ကို ဇာတ်မြင့်က ခွဲခြားတာ၊ ဆင်းရဲသူကို ချမ်းသာသူက ခွဲခြားတာ စသဖြင့် ခွဲခြားမှုပေါင်း မြောက်မြားစွာမှာမှ အမျိုးသမီးကို အမျိုးသားက ခွဲခြားဆက်ဆံတာကတော့ လူ့ပတ်ဝန်းကျင်နဲ့ အနီးစပ်ဆုံးသော ပြဿနာ တခုဖြစ်နေပါတယ်။

`အမျိုးသမီးအခွင့်အရေး တန်းတူပေး´ တဲ့။ သိပ်တော့ ခက်လှတဲ့ ကိစ္စ မဟုတ်ပါ။ လောကကောင်းကျိုးကို အမျိုးသားတွေနည်းတူ တတပ်တအားပါဝင်ခွင့်လို့ ပြောရင် ပိုမှန်မလားပါပဲ။ လူချင်းမတူလို့ စွမ်းဆောင်ရည်ချင်း ကွာတာကို အမျိုးသမီးနဲ့ အမျိုးသား ကွာဟမှုလို့ မြင်နေတဲ့ အမြင်ကို ဖယ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

အမျိုးသမီးတွေက ဒီစကားတွေကို ထပ်ခါထပ်ခါ ဘယ်လောက်ပင် ပြောနေပါစေ၊ ကျနော်တို့ အမျိုးသားတွေက တုတ်တုတ်မှ မလှုပ်ရင်တော့ `တန်းတူရေး´ ဆိုတာက အလှမ်းဝေးနေဆဲ ဖြစ်မှာပါ။ အမျိုးသမီးနဲ့ အမျိုးသားအကြား `တန်းတူရေး´ အမြင် ရှိပါတယ်လို့ မိမိကိုယ်ကို သတ်မှတ်ထားတဲ့ အမျိုးသားတွေ မြောက်မြားစွာ ရှိနေသော်လည်း တချို့သော အမျိုးသားများရဲ့ စိတ်ပိုင်းဆိုင်ရာ မသိစိတ်တချို့ကတော့ စကားလေး တခွန်းနဲ့အရ ဖြစ်စေ ခွဲခြားချင်စိတ်ကလေးက ပေါ်နေပါသေးတယ်။

အထက်က ကျနော်ရေးထားတာတွေကို `မင်းက စကားအကျ ကောက်တာပဲ´၊ `ဘာမဟုတ်တာလေးကို လာပြောနေတယ်´ လို့ သတ်မှတ်ကောင်း သတ်မှတ်နိုင်ပါသေးတယ်။ ခွဲခြားရာ၊ ချိုးနှိမ်ရာ သက်ရောက်တဲ့ အဲဒီလိုစကားမျိုးကို အသေးစိတ်က မစ မပြောမိအောင် ထိန်းသိမ်းကြတော့ ပိုမကောင်းပေဘူးလားခင်ဗျာ။

`ပြောင်းလဲမှု´ ဆိုတဲ့ စကားသုံးလုံးက တကယ့်လက်တွေ့မှာ ပုံဖော်လုပ်ဆောင်ရတာ အင်မတန်ခဲယဉ်းလေ့ ရှိပါတယ်။ အသားကျနေတဲ့ ပုံသေကားချပ်တချို့၊ အရိုးစွဲနေတဲ့ အယူအဆတချို့၊ အမြစ်တွယ်နေတဲ့ ရိုးရာတချို့ ဒါတွေကို ကျော်ဖြတ်ပြီးမှ ကောင်းမွန်သော ပြောင်းလဲမှုဆီကို ရောက်စေနိုင်ပါလိ့မ်မယ်။ `အရေးမပါလောက်ပါဘူးကွာ´ ဆိုပြီးတော့ မျက်ကွယ်ပြုလို့ အဟောင်းထဲမှာပဲ နစ်မျောနေရင်တော့ အကောင်းကို ပြောင်းလာမယ် မထင်ပါဘူး။

အဲဒီအမျိုးသမီးစာစောင်ရဲ့ အယ်ဒီတာ အမှာစကားတခုကိုပဲ ယူသုံးချင်ပါသေးတယ်။ `ဒီနေ့လုပ်ရပ်မှန်သမျှဟာ မနက်ဖြန်ကောင်းဖို့ ဖြစ်သင့်ပါတယ်´။ ဒီနေ့အတွက် မနက်ဖြန်မှာ ငြင်းနေရတာဟာ မကောင်းလှပါဘူး။

ခွဲခြားမှု တခုကြောင့် တိုးတက်မှု အညွှန့်ကို တုံးစေပါတယ်။ နှိမ့်ချမှု တခုကြောင့် အနာဂတ်တခုကို ပျက်စီးစေပါတယ်။ ဒီတော့ ခွဲခြားနှိမ့်ချတာ မှန်ရင် အမှုမဲ့အမှတ်မဲ့ဖြစ်စေ၊ အမှတ်ရရနဲ့ ဖြစ်စေ ဆင်ခြင်သင့်လှပါတယ်။ ယောက်ျားစိတ်ဓာတ်၊ မိန်းမစိတ်ဓာတ် စသဖြင့် ဘယ်လိုပင်ခွဲခြားနေပါစေ။ အဲဒီစိတ်ဓာတ်က ဦးတည်ချက်ကောင်းဖို့ အဓိကပါပဲ။

အဲဒီတော့..။

ကျနော် အရင့်အရင် ဆောင်းပါးတချို့မှာ ရေးခဲ့တုန်းကလို ထပ်မံဆုတောင်းလိုက်ပါတယ်။

စစ်မှန်သော ထက်မြက်သော အတွေးအမြင်များ၊ အမျိုးသမီးတိုင်း အမျိုးသားတိုင်းတွင် ပိုမိုရင့်သန်ပြီး တိုင်းပြည်၏ ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေ။

ကလိုစေးထူး

Monday, May 14, 2007

ဟိုးရှေ့က ပန်းတိုင်...

ငိုနေသူ…. များစွာတွေ
ဆာလောင်သူ…. များစွာတွေ
မွန်းကျပ် အခန်းကျဉ်းငယ်မှာလေ..
အလင်း... ပျောက်လို့နေ
ပိတ်ဆို့ အခန်းကျဉ်းငယ်မှာလေ….
အကျဉ်း.. ကျလို့နေ

အကြင်နာရယ်… မဲ့သူတွေအယောင်ဆောင်ကာ… ပြုံးနေပေ
အားလုံး ဒုက္ခပင်လယ်ဝေ လည်း မမှုတော့ပေ
အတ္တဖုံးလွှမ်းကာသာလေ.. အမြဲ.. ရက်စက်နေ

ဘယ်အခြေအနေတွေ ကြုံပါစေ
အားတင်း ဇွဲခိုင်စေ
လက်တွဲ… မြဲစို့လေ
ငြိမ်းချမ်းရေး ပန်းတိုင်ဆီ
အရောက်လှမ်း… ရှေ့ ဆက်မလေ..။

ဒီနေ့မှာတော့ အလုပ်လုပ်နေရင်းနဲ့ မနေ့က ၀ယ်လာခဲ့တဲ့ လက်တင်တေးသွားခွေ ဖြစ်တဲ့ Incas ခွေကို နားထောင်ဖြစ်ပါတယ်။

နားထောင်ရင်းနဲ့ Four circle အမည်ရတဲ့ တေးသွားကို နားထောင်ရတော့ အဲဒီတေးသွားနေရာမှာ စာသားထည့်ကြည့်ချင်လာတာနဲ့ စိတ်ထဲပေါ်လာတဲ့ စာသားလေးတွေ ချရေးကြည့်မိတယ်။ အဲဒါတွေကတော့ အပေါ်မှာ ရေးထားတဲ့ စာသားလေးတွေပါ။

အသံသွင်းကြည့်တော့ အဆင်မပြေလှဘူး ဖြစ်နေတယ်။ ဘယ်လိုပဲ လုပ်လုပ် တီးလုံးက ပိုကျယ်နေတော့ နောက်ဆုံးမှာ လက်လျှော့ပြီး ဒီတိုင်းပဲ တင်လိုက်ရပါတယ်။ (နဂိုကလည်း အသံက မကောင်းတော့ တီးလုံး ကျယ်နေတာက ခပ်ကောင်းကောင်းပါပဲ)။

သီချင်းနာမည်ကို ဟိုးရှေ့က ပန်းတိုင် လို့ ပေးထားပါတယ်။ နားထောင်ပေးကြပါအုံး။

ကလိုစေးထူး

Sunday, May 13, 2007

အလုပ်ပိတ်သော တနေ့မှာ…

ဒီတပတ်ပိတ်ရက်မှာ..



ကျနော်တို့ ပြည်နယ်ရဲ့ နွေရာသီမှာမှ ဖွင့်လှစ်နိုင်တဲ့ လေဟာပြင် ဈေးတခုကို ရောက်သွားခဲ့ပါတယ်။ ကွင်းပြင်မှာလည်း ဈေးသည်တွေက အစီအရီနဲ့ ချရောင်းတာကို လိုက်ဝယ်ရတာဟာ ကျဉ်းကျပ်နေတဲ့ စိတ်တွေကို ပေါ့ပါးစေတဲ့အပြင် လူမျိုးစုံကိုလဲ မြင်ရပါတယ်။


ငှက်ပျောသီး လေးဖီး တဒေါ်လာ၊ ဖရဲသီး တလုံးတဒေါ်လာ၊ သရက်သီးတခြင်း တဒေါ်လာနဲ့ အော်ဟစ်ရောင်းချနေတဲ့ ဒီဈေးသည်ကြီးအနားမှာ လူအတော်အုံပါတယ်။ အများဆုံး ၀ယ်ယူကြတဲ့လူမျိုးတွေက မက္ကဆီကန်နဲ့ အာရှသားတွေပါ။

ဈေးက ကွင်းပြင်မှာ ရောင်းချကြတာအပြင် ဈေးရုံနှစ်ခုနဲ့လည်း ရောင်းချကြပါတယ်။ ဈေးရုံထဲမှာ ရောင်းနေကြတဲ့ မြင်ကွင်းကတော့ ခါတိုင်း သွားနေကြ Food Center တို့ Mall တို့လို မာတခွဲသားဟန် မပေါက်ပါဘူး။ ဈေးခေါ်၊ ဈေးဆစ်၊ ဈေးမေး ပညာသုံးခုကို အလျဉ်းသင့်သလို အသုံးချရတဲ့ မြန်မာပြည်ဈေးနဲ့ အတော်ကြီးကို နီးစပ်ပါတယ်။ ကျနော်ကတော့ ဈေးဝယ်တာထက် ထူးခြားတလေးတွေကို လိုက်ကြည့်၊ ဓာတ်ပုံရိုက်တာကိုပဲ ပိုလုပ်ဖြစ်ခဲ့ပါတယ်။




ဈေးရုံထဲရောက်တော့ ပထမဆုံး သတိထားဖြစ်တာက ဒီပန်းအိုးလေးတွေပါ။ မြန်မာပြည်မှာက ဈေးလဲချိုလှပြီး ဘုရားတင်လေ့ရှိတဲ့ ဇော်စိမ်းလို့ခေါ်ကြတဲ့ ဒီပန်းလေးတွေက ဒီမှာတော့ အလှစိုက်တဲ့ ပန်းတွေဖြစ်နေပါတယ်။ ခပ်ငယ်ငယ်အရွယ် ပန်းအိုးလေးက ဈေးကို ကြည့်မိတော့ ၁၃ဒေါ်လာတဲ့။





ဒီနေရာကို ရောက်တော့ ခြေလှမ်းတွေက တန့်ကနဲဖြစ်သွားပါတယ်။ ဆိုင်းပုဒ်အောက်မှာတော့ စကားရပ်ပြောနေတဲ့ လူနှစ်ယောက် အနားက ငှက်လှောင်အိမ်တခု။ လှောင်အိမ်ထဲက တကစ်ကစ်နဲ့ အော်နေတဲ့ ငှက်ကလေးတွေ အသံကြောင့် ဆိုင်ထဲကို စိတ်ဝင်စားခြင်းကြီးစွာနဲ့ လှမ်းဝင်လိုက်ပါတယ်။







ဒီဆိုင်လေးမှာ တိရိစ္ဆာန် အကောင်ငယ်လေးတွေကို ရောင်းပါတယ်။ နားရွက်ထောင်တဲ့ ပညာရှိယုံကလေးတွေက တကောင်ကို ၁၅ဒေါ်လာ၊ ဖိုးရွှေလိပ်က ၁၂ဒေါ်လာ၊ ခေါင်းညိတ်တတ်တဲ့ ပုတ်သင်ညိုကတော့ ဈေးအမြင့်ဆုံး အကောင်က ဒေါ်လာ ၂၅၀ပါ။ ကြွက်ဖြူ၊ မြွေ၊ ဖား၊ တောက်တဲ့ စတဲ့ အကောင်ငယ်လေးတွေကိုလည်း တွေ့ခဲ့ပါတယ်။ ဘယ်လိုလူမျိုးတွေကတွက်ဝယ်တယ်တော့ မသိပါ။ ရောင်းရတာ အများဆုံးကတော့ ယုန်ငယ်လေးတွေပါ။











ကျိကျိကျာကျာ မြည်သံလေးတွေက နားထဲမှာ ချိုနေပေမယ့် မြင်ကွင်းကတော့ ကြည့်ရတာ အဆင်မပြေလှပါ။ စကားပြောတတ်တဲ့ ကြက်တူရွေး အနီအကောင်ကြီးက တကောင်ကို ၁၃၀၀ ဒေါ်လာပါတဲ့။ တောပျော်ငှက်ကလေးတွေရဲ့ အလှနဲ့ အသံက ဆိုင်ရှင်မိန်းမကြီးရဲ့ အပြုံးနဲ့ ဘယ်လိုမှ မအပ်စပ်လှပါဘူး။ ဒီငှက်ကလေးတွေက သူတို့ နေထိုင်ရမယ့် တောထဲကနေ ဒီလိုနေရာကို ဘာကြောင့်ရောက်လာတာပါလိမ့်လို့ တွေးမိတော့ ငှက်ဈေးသည်ကိုရော ငှက်ဈေးဝယ်တွေကိုပါ အစွယ်တငေါငေါနဲ့ အတ္တဘီလူးတွေလို မြင်ယောင်မိလာပါတယ်။




ခွေးမျိုးစုံ ရောင်းချတဲ့ ဆိုင်လေးပါ။ ခွေးတွေကို လိုက်ကြည့်ရတာ ခွေးဆိုတာဟာ အကောင်သေးလေလေ ဈေးကြီးလေလေပါလားလို့ အတွေးပေါက်မိပါတယ်။ ဈေးကြီးပေးပြီး ၀ယ်သွားရမယ့် ခွေးတွေကို ဂရုစိုက်ရမယ့် တာဝန်ကလည်း မသေးပါဘူး။ ဒါပေမယ့် ခွေးချစ်သူတွေကတော့ ဒီဆိုင်နားမှာ ကြိတ်ကြိတ်တိုးပါပဲ။




အ၀တ်ဆိုင်တန်းတွေဘက်ရောက်တော့ နွေရာသီအတွက် ၀တ်စရာ ဘောင်းဘီအတို မရှိတာနဲ့ ဟိုဟိုဒီဒီလိုက်ကြည့်မိပါတယ်။ Mall တွေမှာထက်စာရင် ဈေးတော်တယ်လို့ ဆိုရပေမယ့် အ၀တ်တထည် တထည်ရဲ့ ဈေးကတော့ (အာရှနိုင်ငံတွေထက် စာရင်) တော်တော်ဈေးကြီးတယ်လို့ ဆိုရမှာပါ။ ဂျင်းရှော့ပင်တထည် ၀ယ်ဖြစ်သွားတော့ သဘောကောင်းချင်ယောင် ဆောင်ထားတဲ့ ဆိုင်ရှင်တရုတ်မကြီးက ၂၀ဒေါ်လာတန်ကို ၁၇ ဒေါ်လာနဲ့ ဈေးလျှော့ပေးပါတယ်။ ကျနော့်ကို ဘယ်နိုင်ငံကလဲ မေးလို့ မြန်မာနိုင်ငံက လို့ ဖြေတာ မြန်မာနိုင်ငံကို သူမသိပါဘူး။ ကျနော်လည်း ၀ယ်မိတဲ့ ဘောင်းဘီကိုတောင် ခပ်ညစ်ညစ်နဲ့ `မ၀ယ်တော့ဘူးကွာ´ လို့ ပြောချင်စိတ်ပေါက်သွားတယ်။




ဘောလုံးအသင်း အင်္ကျီတွေ ရောင်းတဲ့ ဒီဆိုင်ကိုရောက်တော့ ကျနော်အားပေးတဲ့ ချဲလ်ဆီးအသင်း ၀တ်စုံကို လိုက်ရှာမိပါသေးတယ်။ ဒါပေမယ့် လက်တင်အမေရိကနိုင်ငံက ကလပ်အသင်းတွေရဲ့ ၀တ်စုံတွေကိုသာ တွေ့ခဲ့ရပါတယ်။ ပရီးမီးယားအသင်း ၀တ်စုံ တထည်မှ မတွေ့ပါဘူး။ ရေးဗားပလိတ်အသင်းရဲ့ ၀တ်စုံကိုတွေ့လို့ ဈေးကို ကြည့်လိုက်တော့ အင်္ကျီတထည်က ၅၆ ဒေါ်လာတဲ့..။ ဒီလိုနဲ့ပဲ မြင်သာမြင်ရ မကြင်ရ ဖြစ်ခဲ့ရပါတယ်။





ဈေးရုံအပြင်ကို ထွက်လိုက်တော့ လွမ်းဆွေးဖွယ် တေးသွားသံ တခုကြောင့် လှည့်ကြည့်မိတော့ လက်တင်တေးသွားနဲ့ အတူ ပုလွေသံသာသာကို လိုက်ဖက်စွာ တီးမှုတ်နေတဲ့ လူငယ်တချို့ကို တွေ့လိုက်ရပါတယ်။ ဘေးနားက ဆိုင်လေးမှာကတော့ လက်တင်တေးသွား စီဒီတွေနဲ့ အတူ ဖန်စီလေးတွေကို ရောင်းပါတယ်။ သူတို့ရဲ့ တေးသွားကို သဘောကျမိလို့ စီဒီတချပ်ဝယ်မိတော့ သဘောကောင်းတဲ့ သူတို့က ကျနော့်အတွက် တေးသွားတပုဒ် ထပ်မံတီးမှုတ်ပြပါတယ်။ ကျနော့်မိတ်ဆွေများကို နမူနာသဘော နားဆင်စေချင်လို့ Memory Stick ဆန့်သလောက်လေးနဲ့ ဗီဒီယိုရိုက်လာခဲ့ပါသေးတယ်။ ဒီနေရာ မှာ နားထောင်ပါ ခင်ဗျာ။


ဈေးတန်းကလေး ရှိရာက ပြန်ထွက်လာတော့ ညနေစောင်းပါပြီ။ အင်း..။ ပြီးဆုံးပြန်ပေါ့ ပိတ်ရက် နှစ်ရက်တာ..။

ကလိုစေးထူး