`မင်္ဂလာပါ´
ဆိုင်ခင်းမယ်တောင် မကြံသေး၊ လူရှေ့မှာ လာရပ်ပြီး ပြုံးပြနေတဲ့ ထိုပုဂ္ဂိုလ်ကို မြင်လိုက်တော့ လောက၀တ်အရ ပြန်ပြုံးပြလိုက်ရသည်။ နောက်တော့ သူလဲ ကိုယ့်ဆိုင်ကိုကိုယ် ပြင်ဆင်ခင်းကျင်းနေရတာနဲ့ အလုပ်နည်းနည်းရှုပ်သွား၏။ အနည်းငယ် အားလပ်စပြုလို့ ခဏအနားရချိန်မှာပင် စောစောက ပုဂ္ဂိုလ်လည်း သူ့ဆိုင်ရှေ့ကို ပြန်ရောက်လာပြန်တော့သည်။ အင်း…၊ ထုံးစံအတိုင်း ထိုပုဂ္ဂိုလ် ဈေးတပတ်ပြည့်အောင် လှည့်ခဲ့ပြီးပြီနဲ့ တူပါရဲ့…။
***
ဈေးတန်းကလေး…။
ဒီဈေးတန်းကလေးကို သူ စရောက်ခါစကတော့ ဈေးတန်းထဲမှာ ဆိုင်ခန်းတွေက ကျဲတိကျဲတဲ…။ ဟိုတစ ဒီတစ ဖွင့်ထားတဲ့ ဆိုင်နည်းနည်းကလေးမှာမှ ပုံမှန် ဆိုင်ခင်းနိုင်တာက ပိုလို့တောင် နည်းသေးသည်။ အဲဒီတုန်းက ဒီဈေးတန်းကလေးကို စိတ်ဝင်စားသူတွေကလဲ တယောက်စ၊ နှစ်ယောက်စမျှသာ…။ ပြောရမယ်ဆိုရင်တော့ ဒီဈေးတန်းကလေးမှာ ဆိုင်လာခင်းကြတဲ့လူ အချင်းချင်း တဆိုင်နဲ့တဆိုင် ကူးလူးအားပေးလိုက်၊ ဘေးဘီက မိတ်ဆွေတွေကို `ဟဲ့…၊ ငါ့ဆိုင်ကလေးကို လာအားပေးပါဦး´ လို့ ဆွဲလွဲခေါ်လိုက်နဲ့သာ လုံးလည်ချာလည် လိုက်နေခဲ့ရသည်။
နောက်တော့ ဇွဲကောင်းကောင်းနဲ့ ပုံမှန်ဆိုင်ခင်းသူတွေရဲ့ အားထုတ်မှုကြောင့် ဈေးတန်းကလေးက တစတစနဲ့ လူသိများလာ၏။ ဈေးတန်းကလေးက ဆိုင်တွေက ဆိုင်ကြီး၊ ကန္နားကြီး မဟုတ်သည့်တိုင် အရည်အသွေး မသေးလှတဲ့ ဆိုင်တင် ပစ္စည်းကလေးတွေက ဖြတ်သွားဖြတ်လာတွေကို ဆွဲဆောင်နိုင်လာသည်။ ဒီလိုနဲ့ ဈေးတန်းကလေးဆီကို ပုံမှန် လာအားပေး လည်ပတ်သူတွေ များလာသလို ဈေးတန်းကလေးမှာ ဆိုင်ခင်းဖို့ စိတ်ဝင်စားသူတွေလဲ ထုနဲ့ထည်နဲ့ ဖြစ်လာတော့သည်။
နောက်ပိုင်းမှာတော့ တခြားသော ဈေးကြီးတွေက နာမည်ကြီး ဆိုင်ရှင်များကပင် ဒီဈေးတန်းကလေးရဲ့ ကျော်ကြားမှုကို အသိအမှတ်ပြုလာရတော့သည်။ ထို နာမည်ကြီး ဆိုင်ရှင်တွေထဲက တချို့ ဒီဈေးတန်းကလေးမှာ ဆိုင်ခန်းတနေရာ လာဖွင့်လိုက်တော့ ဈေးတန်းကလေးမှာ ပိုလို့ စည်ကားမြိုင်ဆိုင်နေတော့သည်ပေါ့။
သူ့အနေနဲ့ကတော့ ဒါသည်ပင် သူ့အိပ်မက်…။ ဟောဒီဈေးတန်းကလေးကို သူ စရောက်ခဲ့စဉ် ကတည်းက ဒီဈေးတန်းကလေးမှာ ဆိုင်မျိုးစုံစုံလင်လင်နဲ့ စည်စည်ကားကားကြီး ဖြစ်နေရင် ဘယ်လောက်ကောင်းပါလိမ့်မလဲ လို့ သူ မကြာခဏ တမ်းတခဲ့ဖူးသည်။
ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာတော့ ဈေးတန်းကလေးက သူ တမ်းတခဲ့ဖူးသလိုပင် စည်ကားလွန်းမက စည်ကားခဲ့လေပြီ။
***
လောကမှာ အဆိုးနဲ့အကောင်းက ကပ်လျက်ဒွန်တွဲနေတယ် ဆိုသည့် စကားက သွေးထွက်အောင် မှန်လွန်းလှ၏။
သူ စည်ကားစေချင်ခဲ့သော ဒီဈေးတန်းကလေးမှာ အခုဆိုရင် ဆိုင်ခန်းပေါင်း ဘယ်လောက်ရှိနေပြီ ဆိုတာ ရေတွက်လို့ မရနိုင်လောက်အောင် များပြားနေတာ မှန်ပေမယ့် တခါတလေကျတော့လဲ ဈေးတန်းကလေးကို ကြည့်ပြီး စိတ်ညစ်ညူးရတာတွေက ရှိလာပြန်သည်။
တချို့က ဈေးတန်းကလေးကို `အရက်စော်နံတယ်´ လို့ ပြော၏။ တချို့ကျတော့ `နပမ်းရုံကျနေတာပဲ၊ အမြဲတမ်း သတ်ပုတ်နေကြတယ်´ လို့ ပုတ်ခတ်၏။ ဒါပေမယ့် အရက်ဆိုင်ကို မရောက်ဘဲ တခြားတဘက်က ဆိုင်တန်းကောင်းတွေဘက်ကိုသာ ရောက်သူတွေကျတော့လဲ ဈေးတန်းကလေးကို ချီးမွမ်းလို့မဆုံး…။ ဆိုးတာတခုကတော့ တခါတလေကျရင် ဆယ်အိမ်ခေါင်းနဲ့ ရွာသူကြီးအမျိုး ခပ်ဆိုးဆိုးလူတချို့ ဈေးဆိုင်ထဲမှာ ရမ်းကားတတ်တာ တခုကတော့ အတော်ဆိုးလှ၏။
အင်းလေ…၊ လောကမှာ အကောင်းချည်းသက်သက်တော့ ဘယ်ရနိုင်ပါ့မလဲ…။
***
သူ့ဆိုင်ရှေ့မှာ စောစောတုန်းက လာပြုံးပြသွားတဲ့ ပုဂ္ဂိလ်သည်လည်း ဒီဈေးတန်းကလေးမှာ ဆိုင်ခန်းတခုတော့ ပိုင်ဆိုင်ထား၏။ ထိုပုဂ္ဂိုလ်ရဲ့ဆိုင်မှာ ဘာတခုမှတော့ မယ်မယ်ရရ တည်ခင်းမထားချေ…။ ဒါပေမယ့် ပုဂ္ဂိုလ်ကြီးက တခြားဆိုင်တွေကိုတော့ ဆိုင်ပေါက်စေ့ ရောက်နိုင်တယ်လို့ ပြောရမည်။ တခါတလေ သူ တခြားဆိုင်တွေကို ဟိုဟိုဒီဒီ လိုက်လည်ပလားဆိုတာနဲ့ ပုဂ္ဂိုလ်ကြီးကို အဲဒီဆိုင်ရှေ့မှာ ခပ်ပြုံးပြုံးကြီးနဲ့ အခန့်သားတွေ့ရပြီ။
ပုဂ္ဂိုလ်ကြီးကို သူ သတိထားမိတာ တခုကတော့ ပြုံးနိုင်လွန်းခြင်းပင်…။ သူမို့ သူ့ဆိုင်မှာ တခုခု အသစ် တည်ခင်းပြီလားဟေ့ ဆိုရင် ဆိုင်ရှေ့မှာ ပုဂ္ဂိုလ်ကြီးက ခပ်ပြုံးပြုံးနဲ့ သူများထက် အရင် ရောက်နှင့်နေပြီ။ သူ့ဆိုင်မှာ ခင်းကျင်းထားတာတွေကို သဘောကျလို့လား၊ ဒါမှမဟုတ် ဘာလို့ ပြုံးတာလဲ သူတကယ်မသိ…။ ဒီထက်ပို ထူးဆန်းတာက သူနဲ့ ပုံစံခြင်းမတူသော၊ တူသော တခြားဆိုင်တွေမှာလဲ ပုဂ္ဂိုလ်ကြီးက အမြဲလိုလို ပြုံးပြနေပြန်သည်။ နောက်တော့လဲ ` မိတ္တဗလ ပြည့်စုံဟန် တူပါရဲ့´ လို့သာ မှတ်ချက်ဖွဖွကို စိတ်ထဲကနေ ပေးရသည်။
အခုတော့ ဘာစိတ်ကူးပေါက်သည် မသိ…။ ပုဂ္ဂိလ်ကြီးက သူ့ဆိုင်ရှေ့က ခုံမှာ အခန့်သားထိုင်နေလေပြီ။
`ကျနော်တော့ ရွာပြန်တော့မယ်ဗျ´
`သြော်…၊ ဟုတ်ကဲ့၊ အပြီးပြန်မှာလား´
`ဟုတ်ကဲ့´
`ဟုတ်ကဲ့၊ ကောင်းပါတယ်ဗျာ´
အကြောင်းအရာ အလ္လာပ၊ သလ္လာပတွေနဲ့ စကားလုံးတောထဲကို နှစ်ယောက်သား မျောသွားကြပြန်သည်။ ခဏကြာတော့…
`ခင်ဗျားကိုတော့ လေးစားတယ်ဗျာ၊ လုပ်လဲလုပ်ကြပါ´
`ဟုတ်ကဲ့´
`သေချာလေးလဲ စံပြလုပ်ပြကြပါဗျာ၊ အပြောနဲ့ အလုပ်တလွဲတွေ မြင်နေရတာ အားမရဘူး´
`အင်း၊ ကျနော်လဲ စိတ်ထဲ ရှိသလိုတော့ လုပ်နေတာပဲ၊ စံပြရယ်တော့ မဖြစ်လောက်ပါဘူး။ ကိုယ့်ကိုယ်ကို အဲလိုပဲ ကျနော်မြင်တယ်´
နောက်တော့ သူကြီးအိမ်မှာ သူ နှစ်လလောက် နေဖူးတဲ့အကြောင်းတွေ၊ သူကြီးတို့ အမျိုးတွေက ဘယ်လိုဘယ်ပုံနဲ့ စကားတွေဖောင်ဖွဲ့ပြီး လေလှိုင်းတောမှာ လူးလွန့်ပြန်သည်။
`အားလုံးက ရွာကောင်းဖို့ လုပ်နေကြတာပဲလို့ ကျနော်မြင်ပါတယ်´
`ဒါပေါ့´
ကျောင်းတုန်းက သူ့ဆရာတယောက်က သူ့ကို သင်ပေးထားသည်။ လူတယောက် ကိုယ့်ကို စကားလာပြောနေရင် သူပြောနေတာကို စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ သူ့ကို သေချာစိုက်ကြည့်ပြီး အာရုံစိုက်နားထောင်ပေးပါ…တဲ့။ ဒါဟာ လူမှုဆက်ဆံရေးရဲ့ ယဉ်ကျေးမှု တခုပဲတဲ့…။ ဒီလိုနဲ့ပဲ `ဟုတ်ကဲ့´ တွေ ထပ်နေအောင် ပုဂ္ဂိုလ်ကြီးကို ဧည့်ခံရပြန်သည်။
`ကျနော် ငယ်ငယ်ကလေးတည်းက မဆဲပါဘူး၊ အမြဲကောင်းအောင်ပဲ ကြိုးစားနေတယ်၊ မိန်းမနဲ့တောင် ရန်မဖြစ်ဘူး၊ ပြောမရရင် မပြောဘဲနေတယ်၊ အမှန်တရားကိုတော့ အထိမခံဘူး၊ နောက်တော့ သူပဲ လာပြန်ကန်တော့ရတယ်´
`ဟုတ်ကဲ့´
`ဘယ်သူပဲ အုပ်ချုပ်ပါစေဗျာ၊ အဓိကက ရွာကောင်းဖို့ပါပဲ။ နောက်ပြီး ကိုယ့်တာဝန်ပိုင်းကို အကောင်းဆုံး အရိုးသားဆုံး လုပ်ကြဖို့ပါပဲ´
`ဟုတ်ပါတယ်၊ ကျနော်လဲ အဲဒီလိုပဲ မြင်ပါတယ်။ စေတနာမထားတဲ့လူကိုတော့ ဆန့်ကျင်ရမှာပေါ့´
`ပြောချင်တာကတော့ ကျနော်က ရွာလောက်တောင် မဟုတ်ဘူး၊ စကြာဝဠာကြီး တခုလုံးကိုတောင် ငြိမ်းချမ်းစေချင်တာ´
***
စကားစတွေ ဖြတ်ပြီးချိန်မှာတော့ ပုဂ္ဂိုလ်ကြီးလဲ တခြားဆိုင်ခန်းတွေဘက် ခြေဦးလှည့်သွားလေပြီ။ ဘယ်ဆိုင်မှာ သွားထိုင်ပြီး ဘာတွေ ပြောဖြစ်ဦးမယ်တော့ မသိ…။ သူကြီးတို့ အမျိုးတွေဆိုင်ကိုပဲ ရောက်လေမလား၊ ဒါမှမဟုတ် ဆိုင်ခန်းတိုင်းလိုလိုရဲ့ အရှေ့မှာ သွားပြုံးပြနေဦးမလားလဲ သူ မပြောတတ်ပါ။
မည်သို့ပင်ဖြစ်စေ…။
ဈေးတန်းကလေးကတော့ စည်ကားနေမြဲပင်…။
***
ကလိုစေးထူး