Wednesday, May 16, 2007

ဘလော့ဂ် ရေးသူ...

ကျနော်တို့ ဘလော့ဂ် ရေးတယ်
ယုံကြည်ချက်၊ ခံစားချက်…
ကျေနပ်ချက်၊ မကျေနပ်ချက်…
စိတ်ကူးချက်၊ မျှော်မှန်းချက်…
ဝေမျှရင်း၊ ခံယူရင်း
သင်ယူရင်းနဲ့…
ကျနော်တို့ ဘလော့ဂ် ရေးတယ် …။

အားပေးနေမယ်နော်၊ ဆက်ရေးပါ
ကျေးဇူးပါနော်၊ အတွေးအမြင်တွေ ရစေတယ်
ကြိုးစားနော်၊ ဖတ်လို့ကောင်းတယ်
စာများများရေးပါ၊ စာရေးတာကောင်းတယ်
…………………..
……………………
ချီးမွမ်းမှုတွေကို နေ့စဉ်စားသုံးရင်း
ကျနော်တို့ ဘလော့ဂ် ရေးတယ် …။

မင်းက ဒါမျိုးလေးတွေရေးမှ ထမင်းစားရမယ်ဆိုတာ ငါသိတယ်
ဘာမဟုတ်တာလေးကို ဇာချဲ့တယ်
အလကားပါ၊ ဘာတွေရေးထားမှန်းမသိဘူး
အင်တာနက်ပေါ်မှာ အတင်းတုတ်တယ်
……………………
……………………
ဝေဖန်စကားလုံးတွေနဲ့ လုံးထွေးသတ်ပုတ်ရင်းနဲ့လည်း
ကျနော်တို့ ဘလော့ဂ် ရေးတယ် …။

ဟင်းတခွက်ချက်လိုက်တာ
တယောက်ကပြောတယ်
`အစပ်အဟပ် မတည့်ဘူး´ တဲ့
နောက်တယောက်ကတော့
`စားလို့ ကောင်းသားပဲကွ´ တဲ့
နောက်တော့လည်း သူတို့တတွေ
အဲဒီဟင်းရဲ့ အာဟာရကို အတူတူစားကြပြီး
နောက်တခွက် ထပ်ချက်ခိုင်းကြပြန်တော့
ကျနော်တို့ ဘလော့ဂ် ရေးတယ် …။

မိသားစု အတူတူနေချင်တဲ့ ကလေးငယ်
သားပြန်အလာကို မျှော်နေတဲ့ အမေ
ဘောင်းဘီချွတ်ပြတဲ့ ပြည်သူ့စစ်သား
ခိုးရာပါ စိန်တွေနဲ့ မင်္ဂလာပွဲ
နယ်မြေပျောက်သူ၊ ကျောင်းပျောက်သူတွေ
…………………..
…………………..
…………………..
ကျနော်တို့ ဘလော့ဂ်ရေးတယ် …။

ဒီလိုနဲ့..။
နှလုံးသားနဲ့ ခံစားမိတဲ့ စကားလုံးတွေက
ပန်းတပွင့် ဖြစ်လေမလား
ကြယ်တစင်း ဖြစ်လေမလား
အလင်းရောင် ဖြစ်လေမလား
ဒါမှမဟုတ်
မြားတစင်းများ ဖြစ်သွားလေမလား
……………………
……………………
ကျနော်တို့ ဘလော့ဂ်ရေးတယ် …။

အခန်းထဲက ကွန်ပြူတာထဲမှာ
နေ့စဉ်ရောက်နေကျ မြန်မာပြည်ရှိတယ်
ဟိုးခပ်ဝေးဝေးမှာ ပန်းတိုင်ရှိတယ်
မျှော်လင့်ခြင်းတွေ ရှိတယ်
အဲဒီအတွက်…
ကျနော်တို့ ဘလော့ဂ်ရေးတယ် …။

ကလိုစေးထူး

4 comments:

pandora said...

ကိုယ့်အိမ်ခြံဝင်း ကိုယ်ပိုင်ပြတင်းပေါက်က
ဖွင့်ချခွင့်မရတာတွေ
တံဆိပ်တုံးထုစရာမလို
သံကွန်ချာမခတ်တဲ့
ဦးနှောက်ရပ်ဝန်းက
လွတ်လပ်တဲ့ ကွန်ယက် ထောင့်တနေရာသွား
ကျနော်တို့ဘလော့ဂ်ရေးတယ်



(အဲဒီလို အထက်ကပြောထားတာတွေ
ကိုယ့်ဘလော့ဂ်မှာ ကိုယ်မရေးရဲတော့
ကိုစေးထူးဘလော့ဂ်ကို လာရေးတယ်..)

Anonymous said...

ကိုသံလွင်ရဲ့ “ဘလော့ဂ်ရေးသူ” လည်း … ကောင်းတယ်။
ပန်ဒိုရာရဲ့ နောက်ဆက်တွဲလည်း …ကောင်းတယ်။
ဟုတ်ကဲ့ ကိုသံလွင် ….
ကျမတို့ ဘလော့ဂ်မှာ စာတွေဆက်ရေးကြပါစို့ …

မေဓာဝီ
၁၇၊ မေ၊ ၂၀၀၇
မွန်းလွဲ ၂နာရီ ၄၅

Hteink Min said...

ဟုက်ကဲ့ ကျွန်တော်လည်း အမှားတွေ ပြုပြင်ရင်း ဘလော့ရေးမယ်။ ကျွန်တော်တို့မှာ ဒါလေးပဲ ချမ်းသာခွင့်ရှိတယ်။

MELODYMAUNG said...

ကိုကလိုစေးထူးရေ mmblogbook ထဲ recommend လုပ်ချင်လို့ ဒီပို့စ်လေး မသွားတယ်နော်