Thursday, May 17, 2007

စပ်မိစပ်ရာ(၄)..

ကိုမျက်လုံးရဲ့ ဘလော့ဂ်မှာ အဆိုတော် ဒီလေးနဲ့ အင်တာဗျူးထားတာကို ဖတ်လိုက်ရပါတယ်။ ကိုဇော်မိုးအောင် ဘလော့ဂ်မှာတုန်းကလည်း The Trees တီးဝိုင်းအဖွဲ့နဲ့ တွဲရိုက်ထားတဲ့ ပုံလေးတွေ မြင်ဖူးပေမယ့် အခုလို အင်တာဗျူးကတော့ ဘလော့ဂါတွေထဲမှာ (ကျနော်ဖတ်မိသလောက်) ပထမဆုံးပါ။ တခြားသော အနုပညာရှင်တွေရဲ့ အင်တာဗျုးတွေကိုပါ ဖတ်ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်လေမလဲ လို့ လောဘကြီးမိပါတယ်။

မြန်မာနိုင်ငံမှာ ပိုလီယို ရောဂါ ကင်းရှင်းပြီဖြစ်ကြောင်း ၂၀၀၀ ပြည့်နှစ်က ကြေညာခဲ့ပြီး ဖြစ်ပေမယ့် မနှစ်က ဇွန်လအတွင်း ပြင်ဦးလွင်မြို့မှာ ရောဂါပိုး ထပ်မံတွေ့ရှိပြီးတဲ့နောက် အခုတခါ ဒုတိယအကြိမ်အဖြစ် ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာ ထပ်မံတွေ့ရှိပြန်ပါပြီ။ ကမ္ဘာပေါ်မှာ တီဘီရောဂါ ဖြစ်ပွားမှု အများဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း အပါအ၀င်ဖြစ်ပါသတဲ့။

၂၀၁၇ ခုနှစ်ကို အစောဆုံးထားပြီး တရုတ်က ဟောင်ကောင်ကို ဒီမိုကရေစီ အပြည့်အ၀ ပေးပါမယ်တဲ့။ မတ်လက ပြီးဆုံးသွားတဲ့ ဟောင်ကောင်ရွေးကောက်ပွဲမှာ လက်ရှိအုပ်ချုပ်ရေးမှူး ဒေါ်နယ်ဆန်ကို ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ် တဦးပေါ်ထွက်လာခဲ့ပြီး အဲဒီပြိုင်ဘက်ဟာ ဟောင်ကောင်ပြည်သူတွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်လာမှာကို တရုတ်ခေါင်းဆောင်တွေက စိုးရိမ်လျက်ရှိပါတယ်။ အင်း.. ဆရာနဲ့ တပည့် တထပ်တည်းလိုပါပဲလား လို့ တွေးမိပါတယ်။

အမေရိကန် စာရေးဆရာမ အမ္မာဘွမ်းဘာ့ဂ်က `ကောင်းမှု၊ ဆိုးမှုတွေကို ဝေမျှကြ၊ တခါတရံမှာတော့ တကိုယ်ကောင်းဆန်ကြ၊ နာကျင်မှုတွေ၊ ကြင်နာမှုတွေကို တချိန်တည်းမှာ ခံစားကြ၊ အချစ်၊ ရယ်မောခြင်း၊ ကာကွယ်ပေးခြင်းတွေနဲ့ သံယောဇဉ် နှောင်ဖွဲ့ကြရင်း ၀န်ထုပ်ဝန်ပိုးတွေနဲ့ လေးလံသွားတဲ့ ဘ၀ကို တရွေ့ရွေ့ လျှောက်လှမ်းနေကြတဲ့ ထူးခြားတဲ့ ဖွဲ့စည်းမှုလေး တခုဟာ မိသားစုပါပဲ´ လို့ ဆိုပါသတဲ့။ ကျနော် တခု စိတ်ကူးယဉ်မိတယ်။ မြန်မာဘလော့ဂါ မိသားစု ဆိုတဲ့ စိတ်ကူးပါ။

သတင်းစာထဲက ဆောင်းပါးတွေကို ဖတ်ရတာဟာ တခါဖတ်ရင် နာမည်တမျိုးနဲ့ ကလောင်တွေက တခါမှမကြားဖူးတဲ့ နာမည်တွေ ဖြစ်နေတာ များတာကို သတိထားမိပါတယ်။ ငါးမင်းဆွေ၊ ခြင်ကျား၊ မအူပင်ခြင်ရိုင်း၊ ပေါက်စ၊ တက္ကသိုလ်မြတ်သူ၊ အောင်မိုးစံ၊ လှသိန်းဌေး ..၊ နောက်တော့ ဘာတဲ့..၊ စုနိုင်သူ ဆိုတာတောင် တွေ့ဖူးလိုက်ပါသေးတယ်။ မဟုတ်တာ လုပ်ချင်တဲ့လူများ နာမည်များများ တယ်ကြိုက်ကြသကိုးလို့ အတွေး ပေါက်မိပါတယ်။

ဘားအံမြို့ကို ရွှေ့ပြောင်းနေထိုင်သူတွေ ပိုများလာတာကို သတင်းတပုဒ်အနေနဲ့ ဖတ်လိုက်ရပါတယ်။ မော်လမြိုင်၊ မြ၀တီ စတဲ့ မြို့တွေနဲ့ အနီးစပ်ဆုံးအနေအထား ဖြစ်နေလို့ လူဦးရေ ထူထပ်လာတယ်လို့ ကောက်ချက်ချထားပါတယ်။ ဘားအံဟာ အင်မတန် နေလို့ကောင်းတဲ့ မြို့လေးပါ။ ဒီသတင်းကို ဖတ်မိတော့ ဘားအံက ကန်သာယာနဲ့ ဇွဲကပင်ခန်းမရဲ့အလှ၊ ကန်သာယာ တံတားပေါ်ကနေ ဇွဲကပင်တောင်ကို လှမ်းမျှော်ကြည့်ရတဲ့ အရသာကို လွမ်းဆွတ်မိပါတယ်။ ကျောင်းတော်ကြီးကိုလည်း သတိရမိပါရဲ့။

ဒီနှစ် ပရီးမီးယားလိဂ် ဖလားကိုတော့ မန်ချက်စတာ ယူနိုက်တက်က ချဲလ်ဆီးဆီကနေ လွှဲပြောင်းရယူသွားခဲ့ပါတယ်။ ကျနော်ကတော့ မန်ယူအသင်း ၀က်စ်ဟမ်းကို ရှုံးသွားတာကို ကြည့်ပြီးမှ ချဲလ်ဆီးသာ အာဆင်နယ်ကို နိုင်ခဲ့ရင်လို့ လွတ်တဲ့ငါး ကြီးနေမိပါသေးတယ်။ ပထမတန်းမှာတော့ ရွိုင်ကိန်းနည်းပြလုပ်တဲ့ ဆန်းဒါးလန်းအသင်းက ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်ကို တက်လှမ်းလာပါတော့မယ်။ နောက်နှစ်ကျရင်တော့ တွေ့ကြပြီပေါ့ ဆရာတပည့်နှစ်ယောက်၊ ဖာဂူဆန်နဲ့ ရွိုင်ကိန်း။ ဗေဗုံထိဗုံထီ..။

မြန်မာဘောလုံးအသင်း အခြေအနေကို လှမ်းမျှော်ကြည့်တော့ နေပူထဲမှာ ဘရာဇီးနည်းပြနဲ့ ယူ-၂၃ ဘောလုံးသမားလေးတွေ မြန်မာဘီယာသောက်၊ အဲလေ. ထရိန်နင်ဆင်းနေပါတယ်။ အားတက်စရာ တခုဖြစ်တဲ့ သတင်းတပုဒ်ကတော့ နယူးယောက်အခြေစိုက် လူငယ်ဘောလုံးကလပ်တခုမှာ မြန်မာဘောလုံးသမား လူငယ် သုံးယောက် ပါဝင်ကစားနေပါပြီ။ `မြန်မာအားကစား အမေရိကန်ကို လွှမ်းရမည်´ ။ …..ယိစ်((((((။

အလုံမြို့နယ်က နေအိမ်တခုမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်မီးအားမြှင့်စက်ကနေ တဆင့် ၀ါယာရှော့ဖြစ်ပြီးတော့ မီးလောင်ကျွမ်းတာ မီးခိုးလုံးများ မွန်းကြပ်ပြီးတော့ အိပ်ပျော်နေတဲ့ မိသားစု လေးဦး အသက်ဆုံးပါးသွားခဲ့ရပါတယ်။ ရန်ကုန်လို မြို့ကြီးမှာ ဒီအဖြစ်ဆိုးနဲ့ အသက်ဆုံးရတာကို ကြားရတာ စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဒါဟာ ရေကြီးလို့ ဖြစ်ရတာလား၊ မီးမလာလို့ ဖြစ်ရတာလား၊ ….လား? ….လား????။

ချိုးလင်းပြာ စာစောင်မှာ `အမျိုးသမီးများကို ထိခိုက်ခံစားလွယ်သည် ဟူ၍လည်းကောင်း၊ အဝေဖန် မခံနိုင်ဟူ၍ လည်းကောင်း အများက သုံးသပ်နေသည်များရှိသည်။ ထို့အတွက်ကြောင့်လည်း အမျိုးသမီးများသည် ဝေဖန်ရေးနှင့် ပို၍ရင်းနှီးအောင် နေသင့်သည်´ လို့ ရေးထားတာကို ဖတ်လိုက်ရပါတယ်။ အဟမ်း အဟမ်း။ ကဲ.. အမျိုးသမီးတို့ရေ..။ ပြင်ထားပေတော့ဗျို့၊ ဝေဖန်ပစ်မယ်၊ လာထား.. ယိစ်(((((((။

တခြားလူတွေက အလုပ်ပိတ်ရင် အားပါတယ်။ စာပိုရေးဖြစ်ပါတယ်။ ကျနော်ကတော့ ပြောင်းပြန် အလုပ်လုပ်တဲ့ ရက်ကျမှ စာရေးဖြစ်ပါတယ်။ အလုပ်နားတဲ့ရက်မှာကတော့.. ဟဲဟဲ..။ ကဲ..ဒီနေ့တော့ ဒီလောက်ပဲခင်ဗျ။ စိတ်ထဲရှိရာလေးတွေကို ဟိုသတင်းဒီသတင်းတွေကနေ စုတုကူးလိုက်ပါတယ်။

ကလိုစေးထူး

ကိုးကား။ ချိုးလင်းပြာစာစောင်၊ Weekly Eleven ဂျာနယ်၊

4 comments:

Anonymous said...

စပ်မိစပ်ရာ(၄) ကိုဖတ်ပြီး တွေးမိတွေးရာ တွေး၍ ဒီကွန်မန့်လေးကို ရေးမိရေးရာ ရေးခဲ့ပြီးသကာလ ဟိုးရှေ့က ပန်းတိုင်ဆီကို ချီတက်သွားပါပြီ...ဟီး...

Anonymous said...

ဟုတ်ကဲ့ရှင့် …ဝေဖန်ရေးနဲ့ ရင်းနှီးအောင် နေပါ့မယ်။
လိုအပ်ရင်တော့ လက်နက်ပုန်း ထုတ်သုံးရမှာပဲ။
သိတယ် မဟုတ်လား။
စစ်ကိုင်းချောင်မှာ ရှောင်လင်ဘုန်းကြီး ဝေါ်ပုထုကို အတွင်းဒဏ်ရာ ရအောင် လုပ်ထည့်လိုက်တဲ့ …
အော်မေ့ဂိုဏ်းချုပ် သီလရှင်ဆရာလေး မေဓာဝီတဲ့နော် …
ယိစ်))))
:P

Anonymous said...

ကိုစေးထူးရေ… စပ်မိစပ်ရာက တကယ်ပဲ နှံ့စပ်ပါပေတယ်။ :)

ဆရာလေးရေ… ကြောက်ပါတယ်။ :D

Anonymous said...

အဟီ မပန် စလိုက်တဲ့ဇာတ်လမ်းမှာ မမေနဲ့ ကိုပုကြီးမျောပါနေတာ မြင်ရတော့ အားရစရာပဲး)

အင်စပက်တော်ကြီးလို့ မပြောရဘူး ။ စပ်မိစပ်ရာကလည်း စုံလင်ပး) အမျိုးသမီးတွေ ဝေဖန်ရေးကိစ္စဖတ်ပြီး ပြုံးမိတယ် ။ ရန်ကုန်မှာ မိသားစု မီးထဲ သေတာဖတ်တော့ ၀မ်းနည်းတယ် ။ ဗမာဘောလုံးသမားတွေ အမေရိကားကလပ်မှာ ရောက်နေတာဖတ်တော့ ဂုဏ်ယူတယ် ။

ကဲ.. တနင်္ဂနွေရဲ့ မနက်စောစောမှာ (အဟီ တကယ်တော့ ၁၀၂ာရီခွဲနေပြီ ။ ဂျစ်တူး မနက်စော၂) ဒီပို့စ်ကို ခံစားချက်ပေါင်းများစွာနဲ့ ဖတ်လို့ ပြန်သွားပါကြောင်း အင်စပက်တော်ကြီးကို သတင်းပို့ခဲ့ပါသည်း)