Tuesday, May 29, 2007

မှန်ရှေ့ကလူ… ကျနော်

နားရက်များ ကုန်ဆုံးပြီး အလုပ်ပြန်ဆင်းရသည့် ပထမရက်မို့လားတော့ မသိ..။ ယနေ့အတွက် နေ့တာက ခါတိုင်းထက် ပိုမိုရှည်ကြာလေရော့သလား ဟု တွေးထင်မိသည်။

အလုပ်ချိန်ကုန်ဆုံး၍ အိမ်ကိုပြန်ရောက်ချိန်တွင်မတော့ လူက အတော်နွမ်းနေပေပြီ။ ဘာကိုမှ မစဉ်းစားအားနိုင်ဘဲ ရေချိုးခန်းသို့ ကသောကမျောဝင်ပြီး အားရပါးရ ရေမိုးချိုးပစ်လိုက်တော့မှ လူက အတန်ငယ် ကြည်လင်လာ၏။

ရေစက်လက်နှင့် ခန္ဓာကိုယ်ကို မွေးပွသဘက်ဖြင့် သုတ်စင်ရင်း မှန်ရှေ့ကို ရပ်ကြည့်မိတော့ ကိုးရို့ကားယားနိုင်လှသော လူတယောက်၏ ပုံရိပ်က မှန်ထဲတွင် ထင်ဟပ်နေလေ၏။ ရေသုတ်လက်စ ဆံပင်တွေက စုတ်ဖွားဖွားနှင့် အရပ်မြင့်လေဟန် ထိုလူကို ကြောင်အမ်းအမ်းဖြင့် ကြည့်မိရာ သူကလည်း ကျနော့်ကို နားမလည်ဟန် ပြန်ကြည့်၏။

မှန်မကြည့်ဖြစ်တာ ကြာလို့ပဲလားတော့ မသိ၊ အခုမှပင် ကိုယ့်မျက်နှာကိုယ် စေ့စေ့စပ်စပ် ပြန်ကြည့်မိသည်။ ခပ်လှမ်းလှမ်းက ကြည့်နေရတာ အားမရလှ..။ သို့နှင့် မျက်နှာကို ရှေ့ကိုတိုးလိုက်တော့ မှန်ထဲကလူကလည်း သူ့မျက်နှာကို ရှေ့သို့ တိုးသထက်တိုးလာ၏။

မှန်ဘေးမှ ဓာတ်ပုံထဲတွင်တော့ ယခုလက်ရှိ မှန်ထဲကလူထက် ငါးနှစ်လောက်ငယ်သော ကျနော်က ရှုတည်တည် မျက်နှာထားနှင့် ကြည့်လျက် ကျနော်ဘာဆက်လုပ်မည်ကို အသာ စောင့်ကြည့်နေ၏။

နဖူးပေါ် ၀ဲကျနေသော အတန်ငယ် ရှည်စပြုနေသည့် ဆံပင်တို့ကို သပ်တင်လိုက်တော့ အရေးအကြောင်းတချို့ တန်ဆာဆင်နေပြီ ဖြစ်သည့် နဖူးပြင်က အထင်းသား ပေါ်လာသည်။ အစက်အပြောက် တချို့ကလည်း နဖူးထက်၌ ဟိုနားတစက် ဒီနားတစက် ရှိနေသေးသည်။ အပေါ်နား ခပ်ကျကျတွင်တော့ ခပ်ရွယ်ရွယ် အမာရွတ်လေး တခု..။ ငယ်ငယ်က ကလေးအချင်းချင်း ရန်ဖြစ်တော့ ရန်ဖြစ်ဖက်က ခဲနှင့်ထုလိုက်ရာ နဖူးမှန်၍ မဏိကွမ်းစားပြီး ပြန်လာခဲ့ရသည်။ အိမ်ကိုရောက်တော့လည်း မေမေက ရန်ဖြစ်ရကောင်းလားဟု ရိုက်သေးသည်ကို ပြန်အမှတ်ရမိသည်။ အခုတော့ အနှီသကောင့်သားလေးလည်း ဘယ်ဆီရောက်နေပြီ မသိတော့..။

မည်းနက်နက် မျက်ခုံးအစုံကတော့ မပြောင်းလဲဟန် ရှိ၏။ ရှစ်တန်း ကျောင်းသားအရွယ်က ထင်သည်..။ ကျောင်းသားကဒ်လုပ်ဖို့ ဓာတ်ပုံသွားရိုက်ရ၏။ ဓာတ်ပုံရလာတော့ ကျနော့်ဓာတ်ပုံကို ကြည့်ပြီး ဖေဖေမေမေက `ငါတို့သားကြီးက မျက်ခုံးအတော်ကောင်းတာပဲကွ´ လို့ ပြောတော့ သဘောကျလွန်း၍ ထိုကျောင်းသားကဒ်လေးက ပုံကို အခါခါ ထုတ်ကြည့်ခဲ့ဖူးသည်။ မျက်မှောင်ကို ကြုံ့ကြည့်လိုက်တော့ အလိုမကျဟန်မျက်နှာထားနှင့် မှန်ထဲကလူ၏ အကြည့်ကြောင့် အမြန်ပြန်ပြင်လိုက်ရ၏။

မျက်လုံးအစုံကို စိုက်ကြည့်မိတော့ ပေတေခဲ့သည့် ဒဏ်တွေကြောင့်ထင့်..။ မျက်လုံးတွေက အပြစ်ကင်းစင်ဟန် တစက်တလေမှ မရှိတော့..။ ဟိုးတချိန် ငယ်ရွယ်စဉ်ဘ၀ ဖြူစင်ကြည်လင်သော မျက်လုံးတွေကို မပိုင်ဆိုင်တော့သည်မှာလည်း ကြာလှပါပြီကော..။ လောဘ၊ ဒေါသ၊ မောဟ လှိုင်းလုံးများအကြားတွင် ကူးရင်းခတ်ရင်းဖြင့် တခါတရံမှာဆိုရင်ဖြင့် ဒီမျက်လုံးတွေက သာမန်ထက် အရွယ်အစား ပိုမိုကြီးနေပေလိမ့်မည်။ ယင်းအချိန်တွင် မီးလျှံမီးတောက်များ ထွက်တော့မည်အလား ပူလောင်လျက် ဒီမျက်လုံးတွေက အကြည့်ခံရသူကိုလည်း အပူတွေ ကူးစက်စေခဲ့မှာ အသေအချာ..။ အခုလောလောဆည်မှာတော့ ၀ါကျင်ကျင်အရောင်နှင့် ဒီမျက်လုံးတွေက အရိပ်အယောင် တစုံတရာမဲ့စွာဖြင့် ကျနော့်ကို အကြောင်သား ပြန်ကြည့်နေပြန်၏။

ပါးနှစ်ဖက်..။ အပြစ်ကင်းစင်သော အရွယ်ကတော့ ထိုပါးတွေက မိဘတို့၏ မွှေးမွှေးကြူခြင်းကို အခါခါခံခဲ့ရသည်။ ၀မ်းနည်းမှုတွေ ကြုံလာတော့လည်း မျက်ရည်ချောင်းငယ်တွေက ပါးပြင်ပေါ် အခါခါဖြတ် စီးဆင်းခဲ့ဖူးသည်။ ငယ်စဉ်က ရေးရေးထင်ခဲ့ဖူးသော ပါးပြင်ပေါ်မှ ပါးချိုင့်ငယ်အစုံက ယခုတော့ ဘယ်ဆီရောက်သွားပြီ မသိတော့။ အားရပါးရ ပြုံးကြည့်လိုက်ရာ ဘယ်နှစ်ကြောင်းမှန်းမသိသော အရေးအကြောင်းတွေက ပါးတဖက်တချက်စီမှာ အလုအယက်ပေါ်လာသည်။ အလန့်တကြားနှင့် ပြန်တည်လိုက်တော့မှ ခေတ္တပြန်လည် ပုန်းခိုသွားကြ၏။

နှုတ်ခမ်းအစုံကတော့ ထူအမ်းအမ်းဟန်….။ ခပ်တင်းတင်း စေ့ကြည့်လိုက်တော့ လူမိုက်လိုလို ဘာလိုလို ပုံဟန်ပေါက်လာသည်။ စေ့လျက်သား နှုတ်ခမ်းကို ပစောက်ပုံဖော်လိုက်တော့ အပြုံးရိပ်ပေါ်လာ၏။ ဂငယ်ဟန် မဲ့ပြီး စေ့ကြည့်လိုက်တော့ နဂိုကမှ မချောမောသော ရုပ်သွင်က ပိုလို့တောင် အကျည်းတန်နေလေ၏။

`နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ´ …တဲ့။ ချစ်ဖွယ်သော စကားကို ဆိုနိုင်သည်မှာလည်း ဒီနှုတ်ပင်ဖြစ်သလို အသက်ကို ရန်အရှာခံနိုင်အောင် စွမ်းဆောင်နိုင်စွမ်းသည်မှာလည်း ဒီနှုတ်ပင် ဖြစ်နေပြန်သည်။

အသံကို အကြည်လင်ဆုံးထားပြီး `မင်္ဂလာပါ´ ဟု ပြောလိုက်တော့ အတော်ကျက်သရေ ရှိဟန် အသံက နှုတ်ဖျားမှ ငြင်သာစွာ ထွက်လာ၏။ `ဟေ့၊ မင်းဘာကောင်လဲကွ´ ဟု ခပ်ကျယ်ကျယ် ရေရွတ်မိတော့ အကျည်းတန်လှသော အသံက ဒီနှုတ်ဖျားမှပင် ခုန်ပေါက်ပြုတ်ကျလာကြသည်။

မှန်ရှေ့မှ နောက်သို့ အတန်ငယ် ဆုတ်ကြည့်လိုက်သည်။ မှန်ထဲမှ ထိုလူကလဲ လိုက်ဆုတ်သွားပြန်သည်။ ခါးထောက်လျက် မိုက်ကြည့်ကြည့်လိုက်တော့ သူကလဲ မခေ..။ မလျှော့စတမ်း ပြန်ကြည့်နေပြန်၏။

နောက်ဆုံးမှာတော့ ….။

ဇရာတွေ၊ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေကို မေ့ဖယ်ပစ်လိုက်ပြီး မှန်ထဲကလူကို အားရပါးရ ပြုံးပြပစ်လိုက်သည်။ ဒီလိုနှင့် မှန်ထဲကလူနှင့် ကျနော် အပြုံးချင်းပြိုင်လျက်…။ မှန်ဘေးရှိ ဓာတ်ပုံထဲမှာတော့ လွန်ခဲ့သောငါးနှစ်က တနည်းအားဖြင့် ငါးနှစ်စာ ပိုမိုနုပျိုသော ကျနော်ကတော့ ရှုတည်တည်နှင့် ကြည့်နေဆဲ..။ သို့သော်.. မပြုံးနိုင်သောသူ့ထက် လက်ရှိကျနော်က ပိုကြည့်ကောင်းသည်ဟု ထင်မိလေ၏။


ကလိုစေးထူး

10 comments:

MELODYMAUNG said...

ကိုကလိုစေးထူးရေ ဘာလို့ လဲတော့ မသိဘူး ဒီစာဖတ်ရင်း မျက်စိထဲမှာ သွားမြင်ပြီး ရယ်ချင်နေတာပဲ သိတယ် ပေးချင်တဲ့ ခံစားချက်ကဘာလဲ တော့ သိဘူး ရယ်ချင်တာပဲ သိတယ် အဟီး ဆောတီး

pandora said...

မိုက်တယ် ဒါမျိုး ရေးပုံတွေ သဘောကျတယ်ဗျာ..
မယ်လိုဒီမောင် ပြောသလို နည်းနည်းတော့ ရယ်ချင်သား ခွိ..

Anonymous said...

Hi pal,

I might be the guy who made your scar...

(You know, it's a better way to draw your attention)

Good writing, carry on.

မေဓာဝီ said...

အင်း .. သိပ်တော့ မဟုတ်တော့ဘူး ထင်တယ်။
မှန်ကြည့်ပြီး ပြုံးလိုက် မဲ့လိုက် .. နှုတ်ဆက်လိုက် အော်ငေါက်လိုက်နဲ့ … ။
ဘလော့မှာ စာရေးဖို့ ကုန်ကြမ်းရှာလဲ တခြားနည်းနဲ့ ရှာပါလား .. ။
တော်ကြာ ဘေးလူတွေမြင်ရင် …. တမျိုးတမည် ထင်နေပါဦးမယ်။
ဒါနဲ့ … လွန်ခဲ့တဲ့ ငါးနှစ်ကပုံနဲ့ လက်ရှိ ကြည့်ကောင်းနေတဲ့ ပုံကို ယှဉ်ပြီး ဘလော့မှာတင်လိုက်ပါလား။ စာဖတ်သူတွေအနေနဲ့ ဟုတ်မဟုတ် ကြည့်ပြီး ခန့်မှန်း အကဲခတ်လို့ ရတာပေါ့ … ။
ဟင်း ဟင်း ဟင်း :P

s0wha1 said...

အဲ...မမေ ရယ်ပုံကို အရမ်းရယ်ချင်တယ်...ဟီဟီ...

ကဲ ကိုကြီး ပြေးပေါက်မှားအောင် မမေ ပြောတာကို ထောက်ခံပါတယ်ဗျို့...
တင်လိုက်စမ်းပါ ကြာသလားလို့...:P

Anonymous said...

ဇရာရဲ့နောက်မှာလဲ အလှတရားတွေ ရှိတတ်ပါတယ်..
ဒီပို့စ်လေးက ပေါ့ပေါ့လေးနဲ့ အလွန်လေးနက်ပါတယ်..

ကလိုစေးထူး said...

ဘာမဟုတ်တာလေးလဲ ရေးတတ်ရင် စာဖြစ်တယ်လို့ ကြားဖူးတာနဲ့ မှန်ရှေ့မှာ ကိုယ့်မျက်နှာကိုယ်ကြည့်ရင်းနဲ့ တွေးမိတဲ့ အတွေးကို ချရေးလိုက်တော့ အားပေးလိုက်တာ အားရစရာကြီး။ `ရယ်ရတယ်တဲ့´။ :D
ရယ်လိုက်ကြတာလဲ.. အဟိတွေရော၊ ခွိတွေရော.. ဟိုဘက်အိမ်က ဆရာလေးဆို တဟင်းဟင်းနဲ့ သွားတောင်စေ့ရဲ့လားမသိ..။ အဲဒါကိုမှ အားပေးအားမြှောက် ထောက်ခံပြီး ရယ်တဲ့ s0wha1က ရှိသေးသဗျား။ နောက်တခါဆိုရင် ဟာသရေးလို့ရတဲ့ သဘောရှိတယ်။ =))
စာရေးသူရဲ့ ခံစားချက်ကို ပြောရရင်တော့.. အဟမ်းးး။ အသက်တွေကြီးလာလို့ ဇရာကို ချဉ်းကပ်လာရင်တောင် စိတ်ကြည်ကြည်လင်လင်ထားလို့ အပြုံးပန်းတွေဆင်နိုင်ရင် လူဟာ နုပျိုနေမှာပါဆိုတဲ့ အတွေးနဲ့ ရေးတာပါဗျာ။ :)

Chit Lay Pyay said...

အရမ်းမိုက်တယ်၊ ရေးတတ်လိုက်တာ၊ လေးစားပါတယ်၊ ရဲဘော်ဆက်လုပ်၊ အားပေးနေပါတယ်၊ ဟာသရသလေးရတာပေါ့၊ လူတွေကိုရယ်အောင်လုပ်နိုင်တာ နည်းတဲ့အရည်အချင်းလား၊ တော်တယ်တော်တယ်၊ မရီဘူးနော်၊ ဟီးဟီး

Anonymous said...

ဟာ ကိုစေးထူးက လုပ်ချလိုက်ပြန်ပြီ ။ ဒါလေးကလည်း အပီအပြင်ကောင်းပ ။ ဖတ်ရင်း မော်နီတာကြီးကိုကြည့်လို ဂျစ်တူးတယောက် ပြုံးပြနေလေရဲ့ ။

Unknown said...

တကယ်ရီရတာကွ..အဟီး
ကျနော်တောင် သဘောတော်တော်ကျသွားတာ ကော်မန့်တွေထပ်ဖတ်တော့ ပိုရီရတယ်ဗျ...ဟီး
မမေပြောသလို နှစ်ပုံယှဉ်ပြပေါ့ဗျ..
ဟားဟား