Wednesday, August 08, 2007

အမိုးနဲ့... ဒီဗွီဘီ ရုပ်သံ


အင်္ဂါနေ့ကပါ…။

ဘလော့ဂ်ပေါ်မှာ ကျနော့်စာ တလှည့်၊ (စောင့်မျှော် ဖတ်သူတွေ များနေတဲ့) ကိုဝင်းနိုင်ဦးစာ တရက် တင်ဖြစ်နေတာမို့ အဲဒီနေ့က ကိုဝင်းနိုင်ဦးရဲ့ မှတ်တမ်းပို့စ် တင်ရမယ့် နေ့ပေါ့…။

တင်ရမယ့် ပို့စ်အတွက် တနင်္လာနေ့ကတည်းက ၀ီရိယကောင်းကောင်းနဲ့ ရိုက်ပြီးနှင့်နေတာမို့ အားလပ်ချိန် ရနေပါတယ်။ ဒီတော့ မဖတ်ဖြစ်သေးတဲ့ သတင်းတွေ လိုက်ဖတ်၊ ထုံးစံအတိုင်း မချစ်သော်လည်း အောင့်ကာနမ်းနေကြ မြန်မာ့သတင်းစာတွေကို လိုက်ဖတ်နဲ့…။ အင်း…၊ ဒီအပတ်အတွက် ဒီဗွီဘီ ရုပ်သံကိုလည်း မကြည့်ရသေးဘူးပဲ…။ ဒီလိုနဲ့ ဒီဗွီဘီ ၀က်ဘ်ဆိုက်ကိုသွား…။ ရုပ်သံမှတ်တမ်းကို ကြည့်မလို့ စဖွင့်လိုက်ရုံသာ ရှိသေး…။

`ဒေါက်… ဒေါက်… ဒေါက်´

တံခါးခေါက်သံ ခပ်ဖွဖွကြောင့် သတင်းအစီအစဉ်ကို ခဏရပ်ဖို့ Pause ကို ကလစ်လိုက်ရတယ်။ အစီအစဉ် ကြေညာသူ နန်းခမ်းကရောက်တယောက် ပါးစပ် အဟောင်းသားနဲ့ ရပ်ကျန်ခဲ့တုန်း တံခါးဝ ချောင်းကြည့်ပေါက်ကနေ ချောင်းလိုက်တော့ အမိုး…။ လွန်ဆွဲပွဲမှာ ပို့စ်က ကျနော့် အမိုး…။ သူ့မြေးလေး နှစ်ယောက် လက်ကို ဆွဲလို့…။ တံခါးဖွင့်ပေးလိုက်တော့…

`ဒီစာတွေ ဖတ်မတတ်လို့ ဖိုးခွား ဖတ်ပေးပါအုံး´
`သြော်…၊ ဟုတ်… အမိုး´

အမိုးလက်ထဲက စာအိတ်တွေကို ဖွင့်ဖောက်ဖတ်ပြီး သူ နားလည်အောင် ရှင်းပြ၊ နောက်တော့ အလ္လာပ သလ္လာပတွေ နှုတ်ဆက် ပြောဆိုအပြီးမှာတော့ ကွန်ပြူတာစကရင်ပေါ်က ပါးစပ်အဟောင်းသားနဲ့ ရပ်နေတဲ့ နန်းခမ်းကရောက်ကို အမိုးတွေ့သွားတယ်။

`ဖိုးခွား ရုပ်ရှင်ကြည့်နေတာလား´
`မဟုတ်ဘူး အမိုးရဲ့၊ အဲဒါ သတင်းလေ´

ပြောပြောဆိုဆိုနဲ့ Play ခလုတ်ကို ပြန်နှိပ်လိုက်တော့ နန်းခမ်းကရောက် တယောက် လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာတယ်။ အမိုးကိုလည်း နီးရာကုလားထိုင် တခု ဆွဲယူပြီး ထိုင်စေလိုက်တယ်။ ကလေးနှစ်ယောက်ကတော့ ကွန်ပြူတာကို အငေးသား…။

`သက္ကရာဇ် ၂၀၀၇ ခု၊ သြဂုတ်လ (၄)ရက်နဲ့ (၅)ရက် ဒီတပတ်အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း နေရင်းဒေသကို စွန့်ခွာ ထွက်ပြေးလာရသူတွေ တိုးပွားလာလို့ သံလွင်မြစ်ဘေးမှာ ဒုက္ခသည် စခန်းသစ်တခု ထပ်မံဖွင့်လှစ်ခဲ့ရတဲ့ သတင်းနဲ့ ထိုင်းနိုင်ငံကို သွားရောက်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြရတဲ့ မြန်မာလယ်သမားတွေအကြောင်း အပါအ၀င် မြန်မာပြည်ဆိုင်ရာ ပြည်တွင်း ပြည်ပသတင်းတွေကို အရင်ဆုံး ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်…´

သတင်းကြေညာသံရဲ့ အစပိုင်းမှာတင် အမိုးတယောက် စိတ်ဝင်စားလာဟန် လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ ကွန်ပြူတာမှာ ပေါ်လာတဲ့ အသံနဲ့ ပုံရိပ်တွေကို စူးစူးစိုက်စိုက်နဲ့ အသေအချာ နားထောင် ကြည့်ရှုနေတယ်။

`ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲက သံလွင်မြစ်ကမ်းနံဘေးမှာရှိတဲ့ အူဝဲထ ဆိုတဲ့ ဒုက္ခသည် စခန်းသစ်တခု ဖြစ်ပါတယ်´

စီစဉ်တင်ဆက်သူ ဦးသက်နိုင်ဦးရဲ့ အသံနဲ့အတူ သံလွင်မြစ်ကမ်းဘေးက လူတချို့၊ ဆောက်လက်စ တဲတချို့၊ တဒေါက်ဒေါက်နဲ့ သစ်ခုတ်ဝါးထွင်သံ တချို့နဲ့ အပြစ်မဲ့ ကလေးငယ်လေးတွေရဲ့ ပုံရိပ်တချို့ ပေါ်လာပါတယ်။ ဘာမှန်းမသိရှာကြတဲ့ ကလေးလေးတွေက တခစ်ခစ်နဲ့ ရယ်လို့…။ ကြည့်နေတဲ့ အမိုး မျက်နှာ တွေခနဲ မှိုင်သွားတယ်။

`ဒီစခန်းဟာ အီသုထ စခန်းမှာ ဒုက္ခသည် ဦးရေ များပြားလာတာကြောင့် အီသုထ စခန်းရဲ့ အထက်ဘက် ၁၅ မိုင် အကွာမှာ ဒီစခန်းကို ထပ်မံ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်´

ကျိုးတို့ကျဲတဲ တဲအိမ်စုလေးတွေက မီးခိုးတွေ တအူအူနဲ့…။ အပူသည်တွေ ဟိုတစဒီတစုနဲ့ ပုံရိပ်တွေ ဖြတ်ခနဲ ဖြတ်ခနဲ ပေါ်လာတယ်။ ဦးသက်နိုင်ဦးရဲ့ စကားသံက ဒီပုံရိပ်တွေရဲ့ အဖြစ်အပျက်တွေကို ပြောပြနေတယ်။

`ဒီစခန်းက ဒုက္ခသည် အများစုဟာ ထန်းတပင်မြို့နယ်နဲ့ သံတောင်မြို့နယ်တွေကနေ ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်´

ဒီအခိုက်မှာ အမိုးဆီက စကားသံ တခွန်း ထွက်တာတယ်။

`အမိုးတို့ မြန်မာပြည်က ထွက်လာတုန်းကလည်း အဲဒီလိုပဲလေ´

အမိုးကို ကြည့်ရတာ တော်တော်လေးကို စိတ်မချမ်းမမြေ့ဖြစ်နေပုံပါပဲ။ `အမိုးသူတို့ကို သိလား´ လို့ မေးမိတော့ `မသိဘူး၊ ဒါပေမယ့် အမိုးတို့တွေက တူတူပဲလေ´ …တဲ့။ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမှန်းမသိ…၊ နင့်ခနဲ ခံစားလိုက်ရတယ်။ `အမိုးတို့တွေက တူတူပဲလေ´ တဲ့။ အဲဒီ စကားထဲမှာအဓိပ္ပာယ်တွေ အများကြီး ပါသွားသလိုပဲ။

`ကျမတို့ တိုင်းရင်းသားတွေ ကိုယ့်နေရာ ကိုယ့်ဌာနေ ပြန်နေရဖို့ အတွက်ပေါ့၊ ငြိမ်းချမ်းရေး လိုချင်တယ်လေ´

လေသံဝဲ၀ဲနဲ့ တိုင်းရင်းသူကြီး တယောက်ရဲ့ ကြိုးစားပြောနေရဟန် ဗမာစကားနဲ့ အတူ ထင်းခွဲနေတဲ့ အမယ်အို၊ ရေချောင်းလေး ဘေးက ကလေးငယ်၊ ဆေးမလုံ မလောက်နဲ့ မည်ကာမတ္တ ဆေးခန်းက လူနာတွေရဲ့ ပုံတွေ ပေါ်လာပြန်တယ်။

နောက်တော့ ဘာဟင်းမှ မပါတဲ့ ဆန်ကြမ်းထမင်း ပန်းကန်ထဲက ထမင်းဆုပ်တွေကို ကြုံးကြုံးပြီး စားရင်း တခစ်ခစ်နဲ့ ရယ်ပြနေတဲ့ အပြစ်မဲ့ကလေးငယ်လေးရဲ့ ပုံရိပ်နဲ့ အတူ သတင်း အစီအစဉ် နောက်တခုကို ကူးသွားတယ်။

အမိုးဆီက စကားသံ နောက်တခွန်း ထွက်လာပြန်တယ်။

`စစ်ဖြစ်တာ မကောင်းဘူးနော်´

ကျနော် ဘာပြန်ဖြေရမှန်းမသိဘူး။ ယောင်အမ်းအမ်းနဲ့ `ဟုတ်´ လို့ ပြန်ဖြေလိုက်ပေမယ့် အမိုးစိတ်ထဲမှာ ခံစားနေရတာကို ဘယ်လိုစကားလုံးနဲ့ နှစ်သိမ့်ရမှန်း မသိဘူး။ အမိုး စိတ်အပြောင်းအလဲ ဖြစ်လို ဖြစ်ငြား စကားလမ်းလွှဲတဲ့ အနေနဲ့…

`အမိုး၊ ရုပ်ရှင်ကြည့်မလား၊ ကျနော် ဖွင့်ပြမယ်လေ´

အမိုးခေါင်းခါပြတယ်။

`မကြည့်တော့ပါဘူး ဖိုးခွားရယ်´

နောက်တော့ အမိုးတို့ မြေးအဘွားသုံးယောက်နဲ့ ကျနော် ကွန်ပြူတာက လာနေတဲ့ သတင်းကို ဆက်ကြည့်နေတယ်။ နောက်ထပ်သတင်းကတော့ မြန်မာနိုင်ငံက လယ်သမားတချို့ ထိုင်းနိုင်ငံက လယ်ယာလုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်နေတဲ့ သတင်း…။

အသက် ၆၇ နှစ် ရှိပါပြီဆိုတဲ့ မြန်မာ့ တိုင်းရင်းသူ လယ်သူမကြီးရဲ့ တိုင်းရင်းသား ဘာသာစကားနဲ့ သီချင်းညည်းသံ တစ…။ ကျနော်တော့ နားမလည်ပါဘူး။ အိမ်ကို လွမ်းဆွတ်နေဟန် ဆိုထားတာ ထင်ရဲ့။ အဲဒီအစီအစဉ်ပြီးတော့…

`ဖိုးခွား၊ အမိုး ပြန်မယ်နော်´

အမိုးမျက်လုံးအိမ်မှာ မျက်ရည်တွေကို တွေ့လိုက်သလိုပဲ။ ဒါပေမယ့် ကျနော် မမြင်ချင်ဟန်ဆောင်လိုက်တယ်။

`ဟုတ်၊ အမိုး၊ နောက်နေ့လဲ လာလည်နော်´

အားယူအပြုံးတခုကို ပြုံးပြရင်း မြေးနှစ်ယောက်လက်ကို ဆွဲလို့ အမိုး ပြန်သွားတယ်။

***

အမိုးပြန်သွားတော့ ကျနော် စက်ရှေ့မှာ ငူငူကြီး ထိုင်နေမိတယ်။ သတင်းအစီအစဉ်တွေက ထပ်လာနေတုန်းပဲ…။ နားထဲမှာလည်း `အမိုးတို့တွေက တူတူပဲလေ´ `စစ်ဖြစ်တာ မကောင်းဘူးနော်´ ဆိုတဲ့ အမိုးရဲ့ စကားသံတွေက ပဲ့တင်သံ တခုလိုလို ထပ်ခါတလဲလဲ ကြားယောင်နေမိတယ်။

အဲဒီအခိုက်မှာပဲ…။

ကွန်ပြူတာမှာ လူတယောက်ရဲ့ ပုံရိပ်ပေါ်လာတယ်။ မျက်နှာထားကလည်း မာထန်နေတာပဲ။ လူပုံက အိုမင်းနေတာတောင် ထီမထင်ဟန် လူမိုက်ပုံစံနဲ့…။ ပြီးတော့ သူက စကားတခွန်းကို ခပ်မာမာ ပြောလိုက်တယ်။

`စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်´

တော်ပါသေးရဲ့…။ အမိုး အိမ်ပြန်သွားတာ စောသွားပေလို့…။


ကလိုစေးထူး

5 comments:

M.Y. said...

ကိုစေးထူးရေ
.လွန်ဆွဲပွဲကအမိုးတံခါးလာခေါက်တယ်ဆိုလို့  ဘာများဖြစ်မလဲနဲ့..
အေးဗျာ.အဲလိုthird country ပြောင်းရွှေ့ ရတဲ့အမိုးတွေများစွာ ရေခြားမြေခြားအသက်တွေကြီးမှပျော်ပါ့မလားမသိ..အမိုးတို့ ဖထီးတို့ အားလုံး ကိုယ်မြေ ကိုယ်ယာ..ဖားစည်သံဝေတဲ့ ဇွဲကပင်တောင်မှာဘဲ ပျော်ရွှင်နေစေချင်ပါသည်…အဲဒိ စစ် တွေ မရှိရင်ကောင်းမယ်ဗျာ..ကိုစေးထူး ရေးထားတာတွေးစရာ စဉ်းစားစရာလေးတွေပါဘဲ..ကောင်းတယ်…

Anonymous said...

စစ်ဖြစ်တယ်ဆိုတာ နောက်ဆုံးတော့ ပြည်သူတွေပဲ အထိနာရတာ ။ နိုင်ငံခြင်း ကျူးကျော်လို့ တိုက်ရတဲ့ စစ်ထက် ၊ ကိုယ့်နိုင်ငံသားချင်း ပြန်တိုက်နေတဲ့ စစ်က ပိုနာတာပေါ့ ။

ပူဖောင်းတွေထဲမှာ နေကြတဲ့ လူတွေဟာ အဲလို ကိစ္စတွေကို ၊ မျက်နှာလွှဲထားကြတယ် ။ ဂျစ်လည်း တပိုင်းတဒေသထိ ပါဝင်မယ်လို့ ကိုယ့်ဘာသာ ဆန်းစစ်မိလို့ ဒီပို့စ်နဲ့အတူ စိတ်မကောင်းဖြစ်ရပါတယ် ။

pandora said...

ရင်ကိုလာမှန်တယ်.. စိတ်မကောင်းဘူး.. အဲဒီအပြင် ကိုယ်ဘာတတ်နိုင်မှာလဲ ဆိုတာ ဆက်စဉ်းစားမိတော့ ပိုစိတ်မကောင်းဘူး

Anonymous said...

really touch and now thinking of 2 a moes whom I met on the street here in the Netherlands. They have so many problems adapting the environment, language, culture etc..

Anonymous said...

အမိုးနဲ့ပတ်သက်တဲ့အကြောင်းကို စိတ်ဝင်စားစွာ လာဖတ်သွားပါတယ်။
ဒီနေ့ ဘုရားကျောင်းမှာ ဗမာစကားလုံးဝမတတ်တဲ့ အမိုးတွေ အများကြီးနဲ့တွေ့လာတယ်..။
ကျွန်မ ဗမာဆိုတာ သူတို့သိတာနဲ့ သူတို့မျက်နှာက အရိပ်တွေ ပြောင်းသွားတာကို ၀မ်းနဲစွာတွေ့လိုက်ရတယ်…။
ဒီလိုနဲ့ ဗမာတိုင်းသူတို့ထင်သလို မဟုတ်တာကို ဖြည်းဖြည်းချင်း ရှင်းပြရမှာပေါ့လေ။