Saturday, July 12, 2008

အပျင်းကြွေး... အကြွှေးပျင်း...။

မနက် မိုးလင်းလို့ ခြောက်နာရီ ထိုးတာနဲ့ နှိုးစက်ရဲ့ မြည်သံကြောင့် အိပ်စက်ခြင်းကို အဖြိုခွင်းခံရတော့တာပါပဲ။ အဲဒီမှာတင် နေ့တနေ့တာရဲ့ `ပျင်းရိခြင်း´ က အစပြုတာ…။ စောပါသေးတယ်လို့ တွေးပြီး စောင်ခြုံထဲမှာ ပြန်ကွေးလိုက်၊ ဒါပေမယ့် မသိစိတ်ရဲ့ စေ့ဆော်မှုက ပျင်းရိခြင်းကို ခပ်ကြာကြာ ဇိမ်မကျခိုင်းတော့ အလွန်ဆုံး နာရီဝက်လောက် ထပ်မှိန်းပြီးပြီ ဆိုတာနဲ့ လူက အိပ်ရာကနေ ၀ုန်းခနဲထပြီး မျက်နှာကို ၀ရုန်သုန်းကားသစ်၊ မနက်စာကို ကမန်းကတန်းစားပြီး အလုပ်ထဲကို အချိန်မှီ ပြေးရတော့တာပဲ။

`ပျင်းတာက နာမည်ပဲ ဆိုးတာ၊ လူသက်သာတယ်´ လို့ ဘယ်သူက စပြောတာလဲတော့ မသိဘူး။ ဒါပေမယ့် အဲဒီစကားက တယ်လဲ မှန်တာပဲကိုး…။ ပျင်းရိမှုကြောင့် ဆုံးရှုံးသွားတာတွေ၊ နောက်ကျသွားတာတွေ အများကြီး ရှိပေမယ့် ဒီအသက်ဒီအရွယ် ရောက်တဲ့အထိ ကျနော်ကတော့ ကိုယ့်သဘောနဲ့ကိုယ် ပျင်းလို့ ကောင်းတုန်း…။

အသက်အရွယ် ဆိုလို့ ကျနော့်ရဲ့ ပျင်းရိခြင်းတွေက ဘာတွေကို ပျင်းတာလဲ လို့ ပြောရမယ်ဆိုရင် ဟိုးငယ်ငယ်တုန်းက ပျင်းတာနဲ့ အခုပျင်းတာကို ခွဲပြောရမယ်ထင်တယ်။ အပျင်းကဏ္ဍ ပိုင်းခြားခြင်းပေါ့…။ :D

ငယ်ငယ်ကနဲ့ အခု ထပ်တူထပ်မျှ အပျင်းခြင်းတူတာ တခုတော့ရှိတယ်။ အဲဒါကတော့ မနက်စောစော အိပ်ရာထရမှာကို ကျနော် သိပ်ပျင်းတယ်။ ငယ်ငယ်ကဆို ပိုဆိုးတာပေါ့…၊ အိပ်ရာစောစောထရမှာကို ပျင်းပါတယ်ဆိုမှ နောက်ထပ် အပျင်းတမျိုး ဖြစ်တဲ့ စာကျက်ရတာကိုပါ ပေါင်းပြီးတော့ မေမေက အစောကြီး အိပ်ရာနှိုးပြီး စာကျက်ခိုင်းတတ်တော့ တော်တော်လေးကို ပင်ပန်းဆင်းရဲကြီးခဲ့ရဖူးတယ်။ တခါတလေဆို အိပ်ငိုက်ငိုက်နဲ့ ဘာတွေ အော်ကျက်နေမှန်း မသိလို့ မေမေက တဟားဟားနဲ့ ထရယ်ဖူးသေးတယ်။

နောက်တခုက ကျနော် အ၀တ်လျှော်ရမှာကို သိပ်ပျင်းတယ်။ ဟိုးငယ်ငယ်ကတော့ ဒါက မေမေ့တာဝန်…။ ကလေးဆိုတော့ ကျနော်တို့ လျှော်လဲ မစင်မှာကို သိနေတော့ မေမေကပဲ ဒိုင်ခံလျှော်ပေးရတယ်။ ဒါပေမယ့် ကိုယ့်ဘ၀ ကိုယ်ကျောင်းရတဲ့ အရွယ်ကို ရောက်စပြုလာတော့ ဒါကြီးက ကျနော့်အတွက် တော်တော်ကြီးကျယ်တဲ့ ကိစ္စဖြစ်လာတယ်။ အ၀တ်လျှော်ရပျင်းပြီး ပစ်ထားမိလို့ အချိန်မတန်ခင် ပစ်လိုက်ရတဲ့ အ၀တ်တွေ အများကြီးပဲ…။ အခု ဒီနိုင်ငံမှာတော့ အ၀တ်လျှော်စက်ထဲ ထည့်လိုက်ရုံဆိုတော့ အပျင်းတဒုက္ခ ငြိမ်းရတယ်။

နှုတ်တိုက် အလွတ်ကျက်ရတာမျိုးဆိုလဲ ကျနော် အရမ်းပျင်းတယ်။ အဲဒါကတော့ ဟိုးငယ်ငယ် ကလေးပေါက်စတုန်းက သိပ်မသိသာပေမယ့် ခြောက်တန်းသာသာလောက်က စပြီးတော့ စာတွေကို ၏၊သည် မရွေး အလွတ်ကျက်မှတ်ရတာကြီးကို ကျနော် ပျင်းလာတယ်။ မှတ်မှတ်ရရ ကျနော် မြန်မာစာကို အဲဒီကတည်းက တခါမှ ခက်ဆစ်နဲ့ သဒ္ဒါကလွဲရင် တခါမှ အလွတ်မကျက်ခဲ့ဘူး။ စကားပြေတွေ၊ ကဗျာတွေဆိုရင် စိတ်ထဲတွေ့ရာတွေ လျှောက်လျှောက်ရေးတာပဲ။ ဆရာမက လိုက်ရေးခိုင်းတဲ့ စာတွေကို ၏၊သည် မရွေး ကျက်ရတာလောက် ပျင်းတာ မရှိဘူး။ အဲဒီ အကျင့်ကြောင့် ဆယ်တန်းရောက်တော့ ဇီဝဗေဒလို ဘာသာမျိုးက အဓိက ဒုက္ခပေးတော့တာပဲ။

ငယ်ငယ်တုန်းက ထမင်းစားပြီးရင် ပန်းကန်ဆေးရမှာ၊ ထမင်းစားပွဲ သိမ်းရမှာ အရမ်းပျင်းတယ်။ ဒါပေမယ့် အဲဒါကြီးက အခုလို အရွယ်မှာကျတော့ တဖြည်းဖြည်းနဲ့ ကိုယ်ကျင်လည် ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်က ထိန်းကျောင်းပေးလိုက်လို့လားတော့ မပြောတတ်ဘူး။ မပျင်းတော့ဘူး။ အဲဒါကို ပျင်းနေရင်လဲ လူတွေ ကဲ့ရဲ့မှာ စိုးတာကြောင့်လဲ ပါမယ်ထင်တယ်။

အခုလဲ အပျင်းကောင်းလို့ အကြွေးတင်နေခဲ့တာ ကြာပါပြီကော…။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။ ရွှေဂျမ်း Tag ထားတဲ့ `အပျင်းဆုံး အလုပ်´ ပို့စ်ကို ရေးဖို့ နှောင့်နှေးနေခဲ့တာလေ။ အကြောင်းပြချက်တွေ များစွာနဲ့အတူ အပျင်းရောဂါကိုပါ ပေါင်းပြီးတော့ ဟိုရွှေ့ဒီပို့နဲ့ မရေးဖြစ်ခဲ့တာ ဧပြီကတည်းက Tag ထားတဲ့ ပို့စ်ကို အခုမှပဲ ရေးပေးဖြစ်တော့တယ်။ ရွှေဂျမ်းတယောက်တော့ လာဖတ်ဖို့ ပျင်းနေဦးမလားတော့ မပြောတတ်ဘူး။ ကျနော်ကတော့ ဒီကနေ့မှာ တခြားအကြောင်းအရာတွေ ရေးရမှာကို ပျင်းတာနဲ့ပဲ အပျင်း Tag ကြွေး ဆပ်လိုက်တယ် ဆိုပါတော့…။

နောက်နေ့တွေကျရင်တော့ ရေးဖို့ ပျင်းလို့ မဖြစ်ဘူးထင်တယ်နော…။

ကလိုစေးထူး
(ရွှေဂျမ်းရေ…။ အခုမှပဲ အကြွေးဆပ်ဖြစ်တာ စိတ်မရှိနဲ့နော်။ ဘယ်လောက်ပျင်းတယ်ဆိုတာ အခု သိပြီမှတ်လား) :D

5 comments:

ကိုရင်ညိန်း said...

ဖတ်ရတာတောင် ပျင်းတယ်ဗျာ ။ အဟေးဟေး ။ ကျုပ်လည်း ငယ်ငယ်က အိပ်ငိုက်ရင်းစာကျက်ဖူးတယ်ဗျ။
မေမေသုပ်ကျွေးတဲ့ လ္ဘက်တွေ ငုံရင်းလေ အဟေးဟေး ။ ငယ်ငယ်က မေမေ အိပ်ရာကနိုးပြီဆို စိတ်ညစ်တော့တာပဲ အတင်းနှိုးပြီး စာကျက်ခိုင်းတာကိုး ၊ ခုတော့ လည်း နှိုးမယ့်သူမရှိပဲ ထ ထ နေရတယ်ဗျာ ။ ဒါပေမယ့် ပျင်းတာပါပဲ ။ အဟေးဟေး

Anonymous said...

ကျနော်လည်း အ၀တ်လျှော်ရပျင်းတယ် တူနေပြီး အစ်ကို့ လိုတော့ လျှော်စက်မရှိတော့ ခြေစက်ပဲ သုံးတယ် ဟားဟား ပျင်းလို့ လေ ဆပ်ပြာမှုန့် ထည့်ပြီးရင်တက်နင်း အဲ့ဒါအကောင်းဆုံးပဲ :P

လင်း said...

တော်တော်ကို ပျင်းနိုင်တဲ့လူပါလား၊ အကြွေးပို့ စ်ကို နှစ်ချို့မှရေးတော့တယ်။
မေ့တောင်မေ့ချင်နေပြီ

ရွှေဂျမ်း said...

အကြွေးလာယူတာပါ။ ကြွေးရှင်က မေ့တောင် မေ့ချင်ချင်ဖြစ်နေတာ။ ကြွေးဆုံးလို့ ထင်ထားတဲ့အထဲက ပြန်ရတာမို့ ကျေးဇူးတင်ပါတယ် ဒီနိုင်ငံရောက်လာတာ ပျင်းတတ်တဲ့လူတွေအတွက် နည်းနည်း သက်သာသလိုပဲနော် (အိမ်အလုပ်တွေပြောတာ)။ :P

ညီအကိုများ said...

အမလေး...ပျင်းလိုက်တာ.....၀ါး......... :D