Wednesday, July 16, 2008

စစ်တပ်နဲ့ စစ်ဗိုလ် ...(နိဂုံး)

အပွင့်ဆိုသည်မှာ…

ပုခုံးပေါ်မှာ အပွင့်သေးသေး တပွင့် စပြီး ရလိုက်တယ် ဆိုတာဟာ တကယ်တမ်း သေသေချာချာ စဉ်းစားလိုက်မယ်ဆိုရင် အဲဒါဟာ `ပြည်သူ့ဝန်´ ဆိုတဲ့ ထမ်းတံပိုးကို သူတို့ ပုခုံးပေါ် တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ တပွင့်ကနေ နှစ်ပွင့်၊ နှစ်ပွင့်ကနေ သုံးပွင့်၊ သုံးပွင့်ကနေ တခွေ…၊ အဲဒီလိုနဲ့ အပွင့်အရောင် ပိုပြောင်လာလေလေ၊ အပွင့်တွေ ပိုများလာလေလေ ပုခုံးပေါ်က ထမ်းတံပိုးကြီးက ကြီးလာလေလေဆိုတာမျိုးပဲ ဖြစ်ရမှာပါ။ အခုကတော့ ပုခုံးပေါ်က အပွင့်ကို ထမ်းတံပိုးလို့ သဘောထားတဲ့ စစ်ဗိုလ်တွေ အစား `တန်ခိုး အရှိန်အ၀ါ´ လို့ သဘောထားကြတဲ့ စစ်ဗိုလ်တွေပိုများနေရတာကြောင့် စစ်တပ်မှာ နာမည်ပျက်ရပါတယ်။ အဲဒီ နာမည်ပျက်မှုတွေကို ပြန်ပြီး အဖတ်ဆယ်ဖို့ဆိုတာကလဲ ပုခုံးပေါ်မှာ အပွင့်တွေ ပိုင်ဆိုင်ထားတဲ့ အဲဒီ စစ်ဗိုလ်တွေမှာပဲ တာဝန်ရှိပါတယ်။

ယနေ့ခေတ် လူငယ် စစ်ဗိုလ်ပေါက်စတွေဟာ အရင့်အရင် သူတို့ရဲ့ နောင်တော်စစ်ဗိုလ်တွေထက်စာရင် ပိုပြီး မျက်စိပွင့်၊ နားပွင့်တဲ့ အခွင့်အလမ်းတွေ ရှိနေတာကို ကျနော် အထူးအထွေ ရေးနေစရာတောင် မလိုပါဘူး။ ပြည်သူတွေရဲ့ အသံအစစ်ကို ကြားခွင့်ရနေပါလျက်နဲ့၊ အခြေအနေအမှန်တွေကို ပကတိအတိုင်း မြင်နေပါလျက်နဲ့ နားလည်ရကောင်းမှန်း မသိတဲ့ အပြင် ဆရာထက် တပည့်လက်ဝါးစောင်းကို တလွဲဆံပင်ကောင်း ထက်ချင်နေကြတဲ့၊ မောက်မာရိုင်းစိုင်းလွန်းလှတဲ့ ဗိုလ်ပေါက်စတွေ အတွက်ကတော့ သူတို့ ပုခုံးပေါ်က အပွင့်တွေဟာ အဆိပ်ပန်းတွေနဲ့ ထပ်တူထပ်မျှ ကျနေမှာ အသေအချာပါ။

စစ်တပ်နဲ့ စစ်ဗိုလ်…

`စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် မရှိမဖြစ် အဖွဲ့အစည်း´ ဆိုတာကို စစ်ဗိုလ်တိုင်းက ပြောလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီလိုသာ ပြောလိုက်တယ် စစ်တပ်သိက္ခာတက်အောင် ဘာလုပ်သင့်သလဲဆိုတာကိုတော့ စစ်တပ်ရဲ့ အကြီးအကဲဆိုသူ ခေါင်းဆောင် စစ်ဗိုလ်က အစ ကောင်းစွာ သဘောပေါက်ခြင်း မရှိပါဘူး။ အဲဒီလို ခေါင်းဆောင်ရဲ့ သစ္စာတော်ကို ခံနေရတဲ့ စစ်ဗိုလ် အယုတ်အလတ် အမြတ်မရွေးတွေကရော နောင်တချိန်ချိန်မှာ သူတို့တတွေရဲ့ လက်ထဲကို စစ်တပ်ရောက်လာခဲ့ရင် ဘာဆက်လုပ်ကြမလဲ….။

အထက်မှာ ကျနော် တင်ပြခဲ့သလို `ငါတို့မှာ ဒီအဆင့်ရဖို့ မနည်းကြိုးစားလာရတာ… အခု ငါတို့ အလှည့်ရောက်ပြီ၊ ကျန်တဲ့ကောင်တွေ နာဖို့သာပြင်ထား´ ဆိုတဲ့ အတွေးမျိုးနဲ့ စစ်ဗိုလ်တွေ စစ်တပ်ထဲမှာ များသထက်များလာတာကိုတော့ မလိုလားတာ အမှန်ပါ။

စစ်တပ်ထဲက စစ်သားဟောင်းကြီး တဦးရဲ့ စကားတခွန်းကို ဖတ်မှတ်ဖူးခဲ့တာ မှတ်သားစရာ ကောင်းလှတာမို့ ပြန်လည် ဖောက်သည်ချပါရစေ…။

`ငါ့သားများ စစ်ထဲဝင်ရင်လေ…၊ သူ့ကို ပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာဟာ တကယ်သာလိုက်နာနိုင်ရင်* ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီးပေါ့´

စစ်တပ်ဟာ ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီး ဖြစ်တာ ဟုတ်မဟုတ်ဆိုတာကို သက်သေအနေနဲ့ ကျနော်တို့က စစ်တပ်ထဲမှာ အသီးသီးအသက ပါဝင်လှုပ်ရှားနေကြသူတွေရဲ့ စရိုက်တွေကို အကဲခတ်ယုံမှတပါး တခြား မရှိပါဘူး။ ဒီတော့ စစ်တပ်ထဲမှာကမှ ခေါင်းဆောင်မှု နေရာမှာ ပါဝင်နေပါတယ်ဆိုတဲ့ ပြန်တမ်းဝင် အရာရှိ စစ်ဗိုလ်တွေ အနေနဲ့ မိမိရဲ့ အပြုအမူ၊ အပြောအဆိုတွေအနက်က တခုခုကြောင့် အထက်က စစ်သားဟောင်းကြီးရဲ့ စကားကို ပြောင်းပြန် မှတ်ယူရမလို ဖြစ်အောင်တော့ မလုပ်သင့်ပါဘူး။

နိဂုံး…

တကယ်တော့ စစ်တပ်နဲ့ ပက်သတ်ပြီး ရေးခဲ့တာတွေဟာ အကြောင်းအရာပေါင်း များလှပါပြီ။ `တဆိတ်ရှိ စစ်တပ်ကိုပဲ ဝေဖန်ချင်နေလို့´ လို့ အဝေဖန်ခံရလွန်းလို့ အရေထူနေပေမယ့် မောက်မာရိုင်းစိုင်းလွန်းတဲ့ စစ်ဗိုလ်တချို့ကို တွေ့တော့ ရေးဖို့ တွန်းအားတခု ဖြစ်ဖြစ်လာရပြန်ပါတယ်။ ဒီလူတွေ ဘာလို့ မောက်မာနေရသလဲ၊ ဘာကြောင့် ဒီလောက်တောင်မှပဲ အတွေးအခေါ်ပိုင်းအရ၊ စာနာမှုပိုင်းအရ၊ လူသားဆန်မှုပိုင်းအရ စုတ်ပြတ်သတ်အောင် ချွတ်ချော်တိမ်းပါးနေရသလဲ ဆိုတာကို ဆန်းစစ်ကြည့်ချင်တဲ့ သဘောအရ ဒီလိုစာမျိုးကို ရေးမိပြန်ပါတယ်။

မောက်မာနေတဲ့ တချို့ စစ်ဗိုလ်ပေါက်စတွေ ကျနော်တို့ ပြည်သူထဲက ပြည်သူတွေက သူတို့ အဲဒီလို မောက်မာတဲ့ အချိန်မှာ စိတ်ထဲမှာ ဘယ်လိုခံစားသွားရတယ်ဆိုတာကို သိစေချင်တယ်။ ဒီဆောင်းပါးကြောင့် ယဉ်ကျေးသွားတာမျိုးကို မျှော်လင့်တယ် ဆိုတာထက် `ငါတို့လုပ်နေတာဟာ ဘာတွေဖြစ်နေလဲ၊ ငါတို့ စစ်တပ်ထဲမှာ ဘာတွေ ဖြစ်နေလဲ´ ဆိုတာကို ပြည်သူက ဘယ်လိုမြင်နေပြီလဲ ဆိုတဲ့ အသိတရားလေးတော့ သူတို့စိတ်ထဲကို ၀င်သွားစေချင်လို့ ဒီဆောင်းပါးကို ရေးပါတယ်။


ကလိုစေးထူး


(စာကြွင်း။ ဆောင်းပါးထဲက စစ်သားဟောင်းကြီး ပြောတဲ့ စကားမှာ `တကယ်သာ လိုက်နာနိုင်ရင်´ ဆိုတဲ့ အဓိက စကားလုံးတခု ကျနော် မေ့လျော့သွားတာကို စီဘောက်စ်ကနေ တဆင့် ဖြည့်စွက်ပေးတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။)

7 comments:

Anonymous said...

"ငါတို့မှာ ဒီအဆင့်ရဖို့ မနည်းကြိုးစားလာရတာ… အခု ငါတို့ အလှည့်ရောက်ပြီ၊ ကျန်တဲ့ကောင်တွေ နာဖို့သာပြင်ထား "
မှန်လိုက်တဲ့စကား...။ အဲဒါ စစ်တပ်မှာပါ မဟုတ်ပါဘူး. ဗျ။ အရပ်ဖက်မှာလဲ အဲဒီလို ပြောတတ်တဲ့ လူတွေကို ကိုယ်တွေ့ ကြုံခဲ့ဘူးတယ်။

စိမ့်ဝင်သွားတဲ့ ယဉ်ကျေးမှူများ ဖြစ်နေပီလား မသိဘူး။
ဘာပဲဖြစ်ဖြစ် ကိုစေးထူး အဲလိုရေးပေမဲ့ နောက်ဆုံးကျွဲပါးစောင်းတီးပဲ ဖြစ်မှာ အမှန်ပဲ။
ပြည်သူတွေ ရင်ထဲမှာ သူတို့ကို မုန်းတဲ့ အမုန်းတရားတွေကို ဘယ်လိုအရာနဲ့ ဖြေဖျောက်နိုင်မလဲ ဆိုတာ သူတို့တွေ နားလည်သင့်နေပီ။ ပြည်သူတွေရဲ့ ရင်ထဲက စကားသံတွေ နာကျည်းချက်တွေကို ဘယ်လိုမျိုး ပြောင်းလဲ အောင် လုပ်နိုင်မလဲ ပြောင်းလဲလာမဲ့ လက်တွေ့ကျတဲ့ လုပ်ရပ်တွေကိုတော့ ကျနော်တို့ မသေခင်...စောင့်တော့ကြည့်ရမှာပါပဲ။ သိပ်တော့မထင်လှပါဘူး။
မကောင်းတဲ့သူက ပိုများနေသလို ပဲ။
ကောင်းတဲ့ သူတွေတော့ရှိနေမှာပါ။

Anonymous said...

ကိုစေးထူး ကိုတော့လေးစားတယ်ဗျာ...အရေးအသားပိုင်း ကော အတွေးအခေါ်ပိုင်းမှာ ပါ ပြောစရာ မရှိလောက်အောင်ပါပဲ ..။ ရှုရှား က စစ်ဗိုလ် တချို့ မောက်မာ တာကလည်း ပိုပိုဆိုးလာတယ်ခင်ဗျ..။ ဆိုးမှာ ပေါ့ဗျာ...မောက်မာတဲ့ သူကို တချို့ ဘလော့ဂါတွေ က ဦးချိုးမယ်ဟဲ့  ဆိုပြီး ဆော်ကြ နှက်ကြ ဆဲကြ ဆိုကြ လုပ်ကြ တော့ ငိုချင်ရက် လက်တို့ ဆိုသလိုပဲ နဂို ကမှ ရိုင်းချင်တဲ့ သူက တလွဲဆံပင်ကောင်း မခံချင်စိတ်နဲ့ ပိုရိုင်းလာ ပိုမောက်မာလာတာ ပေါ့ဗျာ...။ ဒါကလည်း သူတို့တတွေ ဘာကြောင့် ပိုမို မောက်မာ ရိုင်စိုင်းလာ ကြသလဲ ဆိုတာ ရဲ့ တပိုင်း တစ ပဲ လို့ထင်တယ်ဗျ..။ မတူတဲ့ သူကို ကိုယ့်ဘက် ပါလာအောင် သိမ်းသွင်းတဲ့နေရာမှာ ရိုင်းစိုင်းတဲ့ သူကို သူကို ယဉ်ကျေးလာအောင် သိမ်းသွင်းတဲ့ နေရာမှာ အမှားတွေ ထောက်ပြရုံနဲ့ မလုံလောက်ဘူးလို့ မြင်တယ်ဗျ...။ အဲ ဘယ် လို သိမ်းသွင်းကြမလဲ စည်းရုံးကြမလဲ ဆိုတာကတော့ ဆရာ့ ဆရာ ကြီးများ ကြံစည် ကြပါကုန်....။


( "ငါတို့မှာ ဒီအဆင့်ရဖို့ မနည်းကြိုးစားလာရတာ… အခု ငါတို့ အလှည့်ရောက်ပြီ၊ ကျန်တဲ့ကောင်တွေ နာဖို့သာပြင်ထား "
မှန်လိုက်တဲ့စကား...။ အဲဒါ စစ်တပ်မှာပါ မဟုတ်ပါဘူး. ဗျ။ အရပ်ဖက်မှာလဲ အဲဒီလို ပြောတတ်တဲ့ လူတွေကို ကိုယ်တွေ့ ကြုံခဲ့ဘူးတယ်။

စိမ့်ဝင်သွားတဲ့ ယဉ်ကျေးမှူများ ဖြစ်နေပီလား မသိဘူး။ )


မှန်လိုက်တဲ့ စကားဗျာ....။

Mintasay said...

It totally reflects what is happing nowadays. Great article, bro.
With respect, mintasay

hintharmin said...

ကိုကလိုစေးထူးပြောတဲ့ စစ်ဗိုလ်ဆိုတဲ့ အကြောင်းအရာတွေကို အရပ်သားတစ်ယောက်အနေနဲ့ လက်ခံလို့ရပေမယ့် စစ်သားတစ်ယောက် အနေနဲ့ဆိုရင် လက်ခံလို့မရတဲ့ အကြောင်းတရားတွေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်လောင်းဘ၀မှာ ရဲဘော်သစ်ဘ၀မှာ ခံရတာတွေကို တေးမှတ်ပြီးတော့ စီနီယာဘ၀.. ဒုတပ်ကြပ်၊ တပ်ကြပ်ဘ၀တွေမှာ ပြန်ပြီး နှိပ်ကွပ်တယ်ဆိုတာကို ကျွန်တော်စပြီး ဝေဖန်ပါတယ်..။ ဗိုလ်လောင်းဘ၀ ရဲဘော်သစ်ဘ၀ဆိုတာတွေက အရပ်သားဘ၀ကနေ စစ်သားဘ၀ကို စတင်ပြီး ကူးပြောင်းရမယ့် အချိန်တွေပါ..။ စစ်သားဆိုတာ မတစ်ထောင်သားတွေကို စုစည်းထားတဲ့ နေရာတစ်ခုပါ..။ စစ်သားထဲမှာ ချမ်းသာတဲ့ အသိုင်းအ၀န်းက လာတဲ့သူတွေ ရှိသလို.. လမ်းဘေးကလူတွေလည်း ပါပါတယ်..။ ပြီးတော့ လက်ရှိ လူကြီးသားသမီးတွေလည်း အများအပြားပါ..။ သူတို့တွေအကုန်လုံးက ဆယ်တန်းအောင် ဒီအက်စ်အေကို တက်ပြီဆိုပါတော့.. အပြင်မှာ သူ့ဘာသာ ဘာကြီးပဲ ဖြစ်နေဖြစ်နေ.. စစ်တပ်ထဲမှာတော့ သူက ဗိုလ်လောင်းဘ၀ပဲ ဖြစ်ဖြစ် ရဲဘော်သစ်ဘ၀ပဲ ဖြစ်ဖြစ် စည်းကမ်းနဲ့ အုပ်ချုပ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ မွေးကင်းစကလေး တစ်ယောက်ပါဘဲ..။ အဲဒီ့အချိန်မှာ သူတို့ကို အထက်အမိန့်နာခံတယ်ဆိုတဲ့ စိတ်ဓာတ်ကို ရိုက်မသွင်းရင် လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းကြီးတစ်ခုဟာ ဘယ်လိုလုပ်ပြီး တစ်ဦးကို တစ်ဦးအုပ်ချုပ်လို့ရမှာလဲ..။ လူကိုလူချင်း အုပ်ချုပ်နေရတဲ့ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းမှာ အမိန့်နာခံမှုဟာ အရေးအကြီးဆုံးမို့လို့ ဗိုလ်လောင်းဘ၀.. ရဲဘော်သစ်ဘ၀တွေမှာ နှိပ်ကွပ်ခံရတာပေါ့ဗျာ..။ သူတို့လေးတွေ စီနီယာဘ၀၊ ဒုတပ်ကြပ်၊ တပ်ကြပ်ဘ၀တွေမှာ ပြန်ပြီး နှိပ်ကွပ်တယ်ဆိုတာက ဆရာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို ရိုက်နှက်ဆုံးမရာမှာ ဒေါသတရား ကင်းရှင်းသလိုပါဘဲ..။ သူတို့လေးတွေ စည်းကမ်းရှိပါစေဆိုတဲ့ ရည်ရွယ်ချက်ပဲရှိပါတယ်.. နောက်ပြီး ဗိုလ်လောင်းဘ၀၊ ရဲဘော်သစ်ဘ၀တွေဆိုတာ တကယ်ကြုံတွေ့ခံစားဖူးတဲ့ သူတွေအတွက်ကတော့ အရမ်းကို အမှတ်ရစရာကောင်းတဲ့ ဘ၀တစ်ကွေ့ဖြစ်သလို မိခင်ကျောင်းတော်ကြီးနဲ့ နောင်တော် ဗိုလ်လောင်း၊ ဆရာကြီးတွေကိုလည်း ရန်ငြိုးမထားကြပါဘူး.။ အဲဒီ့တော့ ကိုကလိုစေးထူးရဲ့ နှိပ်ကွပ်တယ်ဆိုတာ စစ်သားတွေအတွက်တော့ မမှန်ဘူးပေါ့ဗျာ..။

ပြီးတော့ စစ်ဗိုလ်ဆိုတဲ့ ပခုံးပေါ်မှာ နိုင်ငံတော်တံဆိပ်ကို တစ်ပွင့်ပဲဖြစ်ဖြစ် နှစ်ပွင့်.. သုံးပွင့်ကနေ နောက်ရာထူးကြီးသွားလူကြီးတွေက အစ မျက်နှာထားတင်းကြတာ များပါတယ်..။ မျက်နှာထားဘာလို့တင်းလဲဆိုတော့ မြန်မာလူမျိုးတွေက အရောတ၀င်နေရင် နည်းနည်းပေါတယ်ထင်ကြပါတယ်..။ ကိုယ့်အမျိုးတွေအကြောင်း ကို ကိုယ်အသိဆုံးနေမှာပါ..။ လေးစားမှုဆိုတာလည်း မရှိကြပါဘူး..။ ထိုက်သင့်တဲ့ ရာထူးနဲ့ ထိုက်သင့်တဲ့ လေးစားမှုဆိုတာကို ရရှိဖို့ မျက်နှာထားကို တည်တည်ထားရပါတယ်..။ ဒါကလည်း ဗိုလ်လောင်းဘ၀၊ ရဲဘော်သစ်ဘ၀တွေမှာ သင်ပေးလိုက်ပြီးသားပါ..။ သင်ပေးတယ်ဆိုလို့ ပြည်သူတွေကို ခပ်တည်တည်နေရမယ်လို့ မဆိုလိုဘူးနော်..။ ရယ်(ရီ) ရင်ဖြီတယ်.. ပြုံးရင်နှုန်းသွားမယ်ဆိုတာ ဗိုလ်လောင်းစကားပေါ့..။ ပထမနှစ်ဗိုလ်လောင်းဘ၀မှာ ရယ်(ရီ)ခြင်း ပြုံးခြင်းမရှိအောင်လို့ စပြီးလေ့ကျင့်ပေးတဲ့ အရာတွေပေါ့..။ ဒါပေမယ့် လိုအပ်ရင်တော့ ဘယ်သူက မရယ်(ရီ) မပြုံးဘဲ နေမှာလဲဗျာ..။ မျက်နှာထားတင်းတာက ပြည်သူတွေအတွက် အရေးကြီးတယ်လို့ မထင်ပါဘူး..။ စစ်ဗိုလ်တွေ မျက်နှာထားတင်းရင် သူတို့ ထမင်းငတ်တာမှ မဟုတ်တာနော်..။

နောက်တစ်ခုက အခြားအဆင့်တွေ စစ်ဗိုလ်ဖြစ်ဖို့ တပ်ရေးဗိုလ်ကြီးတို့ ဘာတို့နဲ့ အဆင်ပြေမှဆိုတာ လုံးဝမဟုတ်ပါဘူး.။ သူ့မှာအရည်အချင်းရှိတယ်.. သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ဖြေပိုင်ခွင့်ရှိပါတယ်..။ ဒီလိုမျိုးနှိပ်ကွပ်မယ်ဆိုရင် အခုခေတ် အခြားအဆင့်တွေကလည်း ပါးစပ်ပါတဲ့သူတွေပဲ.. ငတုံးဆိုတာ မရှိဘူးလေ..။ သူတို့ က ငြိမ်ခံမှာမဟုတ်ပါဘူး..။ ပြသနာရှာမှာပေါ့..။ အဲဒါလေးတွေကို ဝေဖန်ချင်လို့ပါဗျာ..။

ကလိုစေးထူး said...

မှတ်ချက်ပေး အားပေး၊ ဝေဖန်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဟင်္သာမင်း ရဲ့ ဝေဖန်ချက်ကိုလဲ ကြိုဆိုကြောင်း ပြောလိုပါတယ်။ ပြန်ပြီးတော့လဲ တုံ့ပြန် ဆွေးနွေးပါမယ်။
ဟင်္သာမင်း ပြောသွားသလိုပဲ စစ်တပ်ထဲမှာ ရိုက်နှက်ဆုံးမတယ် ဆိုတာတွေက ဒေါသတရားတွေ တကယ်ကိုပဲ ကင်းရှင်းနေပါတယ် ဆိုရင် ကျနော့်အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ စစ်တပ်ရဲ့ သဘောသဘာဝကိုလဲ တီးခေါက် လေ့လာနားလည်ပြီးသားမို့ စစ်တပ်တွင်း အုပ်ချုပ်ရေး ကိစ္စတွေမှာ လွယ်ကူစေဖို့အတွက် မတထောင်သားများကို ရိုက်ရနှက်ရတာတွေ တချို့ကို နားလည်ပေးလို့ရတဲ့ သဘောကိုလဲ ကျနော် ဆောင်းပါးထဲမှာ ရေးခဲ့တာပါပဲ။ ဒါပေမယ့် ရိုက်နှက်မှုတိုင်းသည် ဒေါသတရား ကင်းရှင်းနေပါတယ် ဆိုတာကိုတော့ ကျနော် လက်မခံပါဘူး။ ဘာမှ ပြန်မလုပ်နိုင်တဲ့ ငုပ်တုတ်လေးတွေ ထိုင်နေရရှာတဲ့ အရပ်သားတွေကိုတောင် လူမြင်ကွင်းမှာ ပက်ပက်စက်စက် ရိုက်ခဲ့သေးတာပဲဗျာ။ ဒါပေမယ့် အဲဒီလိုမျိုးချည်းပဲ စစ်တပ်တတပ်လုံး ဖြစ်နေပါတယ်လို့တော့ ကျနော် မပြောခဲ့ဘူးနော်။ အဲဒီလို လူတွေ တပ်ထဲမှာ ပိုပြီး နေရာရလာလေလေ စစ်တပ် နာမည်ပျက်လေလေ ဆိုတာမျိုးကိုပဲ ဇောင်းပေး ရေးခဲ့တာပါ။ ပြီးတော့ စစ်တပ်တွင်းမှာတင်ကိုပဲ ပြောရမယ်ဆိုရင်လဲ လေ့ကျင့်ရေး ကျောင်းတွေက တပ်သားသစ် သင်တန်းတွေမှာ ရိုက်နှက်နေကြတာတွေဟာ တကယ်ပဲ ဒေါသတရား ကင်းပါတယ် ဆိုတာကို ကိုဟင်္သာမင်း လုံးဝ ဥဿုံ တာဝန်ယူရဲပါ့မလား။ အဲဒါနဲ့ ဆက်စပ်လို့ ကျနော့် ညီလေးရဲ့ အတွေ့အကြုံကို အခြေခံပြီး ကျနော်ရေးခဲ့ဖူးတဲ့ `အကြောင်းထူး မရှိ´ ဆိုတဲ့ စာစုလေးကို ဘေးကလင့်ခ်မှာ (အချိန်ရမယ် ဆိုရင်) ဖတ်စေချင်ပါတယ်။ လုပ်ကြံရေးထားတဲ့ စာကြောင်း တကြောင်းမှ မပါတာကို ရဲရဲကြီး တာဝန်ယူပါတယ်။ သင်တန်းကျောင်းက ဗိုလ်ကြီးတွေ၊ ဆရာကြီးတွေကို ရန်ငြိုးမထားဘဲ အောက်မေ့နေတယ်ဆိုတာ ဗိုလ်လောင်းတွေ အတွက်တော့ ဟုတ်ကောင်းဟုတ်မယ်၊ ဒါပေမယ့် အခြားအဆင့်တွေ အတွက်ကတော့ မဟုတ်ဘူးဗျ။ ဒီကနေ့ခေတ် မြန်မာစစ်တပ်မှာ စစ်သင်တန်းကို ဟုတ်တိပတ်တိ မတက်ရဘဲ အားအားရှိ ဖက်ထိပ် (Fatigue) ချည်းပဲ ခိုင်းခိုင်းပြီး လေးလပတ်လုံးလုံး ကျွန်သာသာ အနှိပ်ကွပ်ခံရတဲ့ သင်တန်းမျိုးကို အခြားအဆင့် စစ်သည်တွေ အောက်မေ့ သတိရနေလား၊ ပြန်သတိမရချင်လောက်အောင် ခါးသီးနေကြလားဆိုတာ စစ်တပ်ထဲက လူတွေက ကျနော့်ထက် ပိုသိမှာပါ။

နောက်တချက် ဟင်္သာမင်း ပြောသွားတဲ့ စစ်ဗိုလ်တွေ မျက်နှာထားတင်းတယ်ဆိုတာကို အသားပေးရေးထားတဲ့ အချက် ကျနော့်ဆောင်းပါးမှာ မပါခဲ့ဘူးဗျ။ ကျနော် အဓိကရေးခဲ့တာက ပုခုံးပေါ်က အပွင့်အားကိုးနဲ့ မောက်မာရိုင်းစိုင်းတဲ့ စစ်ဗိုလ် (တချို့) ကို ဦးတည်ရေးခဲ့တာပါ။ စစ်ဗိုလ်တယောက် မျက်နှာထားတင်းတိုင်း ကျနော် အားအားယားယား ရေးနေစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် မောက်မာရိုင်းစိုင်းတာမျိုးကတော့ မျက်နှာထားတင်းတာနဲ့ တခြားစီပဲဗျ။ စစ်ဗိုလ်တွေ အနေနဲ့ ကျနော်တို့ကို နေရင်းထိုင်ရင်းနဲ့လဲ ဘာမှ လာပြုံးပြစရာ မလိုပါဘူး။ မျက်နှာထား တင်းရုံမကလို့ ရှစ်ခေါက်ပဲ ချိုးချိုး ကိစ္စမရှိပါဘူး။ ဒါပေမယ့် ပြည်သူနဲ့ ထိတွေ့ဆက်ဆံရာမှာ မောက်မာရိုင်းစိုင်းလာရင်တော့ ပြောရ၊ ရေးရတော့မှာပဲ။ ဘာကြောင့် အဲဒီလူတွေ ဒီလို ရိုင်းနေရတယ် ဆိုတဲ့ အခြေခံ အချက်ကို ရှာရတော့မှာပါပဲ။

အောက်ဆုံး အချက် စစ်ဗိုလ်ဖြစ်ဖို့ အတွက် အခြားအဆင့်တွေရဲ့ တက်လမ်းက အရာရှိတွေ အပေါ် မတည်မှီနေပါဘူးလို့ ဟင်္သာမင်း ပြောသွားတဲ့ပုံစံအရဆိုရင် ကျနော့်ဘက်ကနေ ထပ်ပြီး ချေပလေလေ ပေရှည်လေလေပဲ ဖြစ်တော့မှာမို့လို့ ကျနော် မပြောလိုတော့ဘူး။ အခြားအဆင့်တွေ ဗိုလ်သင်တန်း အောင်ခွင့်ကို အဓိကစိစစ်နေတာ အရာရှိတွေပါဗျ။ အဲဒီ စိစစ်နေတဲ့ အဆင့်ဆင့်သော အရာရှိအားလုံးသည် အဂတိ လိုက်စားမှု လုံးဝဥဿုံ ကင်းရှင်းပါတယ်လို့ ပြောချင်တယ်ဆိုရင်လဲ ကျနော် ဘာမှ ပြောစရာ အကြောင်း ဆက်မရှိတော့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်ကို ဝေဖန် ထောက်ပြလာတာကိုတော့ ကြိုဆိုကြောင်း ထပ်မံပြောကြားလိုပါတယ်။

hintharmin said...

ကိုကလိုစေးထူး ပြောတဲ့ အချက်တွေကိုလည်း ကျွန်တော်က လက်ခံပါတယ်ဗျာ..။
ကျွန်တော့်ကို လုံးဝဥသုံတာဝန်ယူခိုင်းတာတော့ ကျွန်တော်က တစ်ခု ပြောလိုပါတယ်..။

အပြစ်ပေးတဲ့နေရာမှာ ပေးတဲ့သူရဲ့ စိတ်က ဘယ်လိုပဲစိတ်ထားထား.. အပြစ်ပေးခံရတဲ့သူရဲ့ စိတ်မှာ ယူတတ်ရင်တော့ ရတာပေါ့ဗျာ..။ လေ့ကျင့်ရေး ကျောင်းတွေမှာ ဆောင်ပုဒ်တွေထောင်ထားတယ်.. နေရာအနှံ့ပေါ့..။

အဲဒီ့အထဲက မီးနာမှ သံကောင်းမည် ဆိုသလိုပေါ့.. ။ ကိုယ့်ကို လေ့ကျင့်ပေးနေတယ်လို့ ခံယူလိုက်ရင် အဲဒီ့ ပြသနာတွေ မပေါ်တော့ဘူးပေါ့ဗျာ..။

နောက်မှ ဆက်ရေးပါဦးမယ်ဗျာ...။

mgngal said...

လောကကြီးမှာနေတတ်ရင် ကြေနပ်စရာကြီးပါ။ ယူတတ်ရင်လည်း ကိုယ့်အတွက်ချည်း ပါပဲ။ ထောက်ပြတာလေးတွေကိုကျေးဇူးတင်ပါတယ်
ပြည်သူတွေရြ့ အုမင်ကို သိရတာပေါ့ဗျာ