Thursday, July 17, 2008

မပျောက်ပြယ်သော...။

ဒီနေရာမှာ ကျုပ် ရပ်နေခဲ့တာ ကြာပါပြီ။ ဒီလို ရပ်ဖို့ကိုလဲ ကျုပ်ကို လူတွေကပဲ ဖန်တီးပေးခဲ့တာလေ…။ အမှတ်ရရ ရှိနေစေဖို့၊ သူတို့ နောင်မျိုးဆက်တွေအတွက် စံနမူနာပြဖြစ်ဖို့၊ အောက်မေ့ဖွယ် ဖြစ်နေစေဖို့ ရည်ရွယ်ချက်တွေ တပုံတပင်နဲ့ လူတွေက ကျုပ်ကို ဒီနေရာမှာ ရပ်ခိုင်းခဲ့တာ…။

ညက မှောင်လွန်းလိုက်တာဗျာ…။ အနောက်ဘက်က `မင်းကျောင်း စာသင်တိုက်´ က သံဃာတပါးတလေရဲ့ မေတ္တာပို့ အမျှဝေသံ တချက်ချက်က ကျုပ်ရပ်နေတဲ့ နေရာအထိ ပျံ့လွင့်လာနေတယ်။ ငြိမ်းအေးလိုက်ပါဘိ…။

ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ပြည်သူ့ဆေးရုံက မီးရောင် မှိတ်တုတ်တုတ်ထဲမှာရော လူတွေ ဘာလုပ်နေကြမလဲ မသိဘူး။ အင်းလေ…၊ ဆေးရုံဆိုမှတော့ ဝေဒနာ ခံစားရသူနဲ့ ဝေဒနာကို ကုစားပေးသူတွေက သူတို့ အလုပ်နဲ့ သူတို့ ရှုပ်နေမှာပေါ့…။

အရှေ့တည့်တည့်…။ အင်း…၊ ကျုပ် မကြည့်ချင်ဆုံး နေရာက ကျုပ်ရဲ့ အဲဒီ အရှေ့တည့်တည့်ပဲ…။ ချောက်ကမ်းပါး တခုနဲ့ တူနေတဲ့ အဲဒီ အရှေ့တည့်တည့်မှာ `မထီမဲ့မြင်မှု´ ရဲ့ သရုပ်သကန်တွေ အများကြီးရှိနေတယ်။

ဇူလိုင်လရဲ့ မိုးစက်တချို့က ညမှောင်မှောင် အောက်မှာ လေနဲ့အတူ ရောပြီး ဝေါခနဲ ရွာချပစ်လိုက်တယ်။ မိုးစက်မိုးပေါက် တချို့က ကျုပ်ရဲ့ ခန္ဓာကိုယ်ပေါ်ကို အလန့်တကြား စီးယိုကျသွားလေရဲ့…။

***

ဟောဒီနေရာလေးမှာ ကျုပ် စပြီး ရပ်ခွင့်ရခဲ့တုန်းကတော့ ကျုပ်ပုံစံက အခုလို ဘယ်ဟုတ်လိမ့်မတုန်း….။ ဖြူဖွေး တောက်ပြောင်နေတဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ် တလျှောက်လုံးက သစ်လွင်ခြင်းနဲ့ ပြည့်စုံရုံတင် မကဘူး ကျုပ်ကို မြင်လိုက်တာနဲ့ လူတွေက အလိုလို ဦးညွှတ်ကြရတယ်။ ကုန်းမို့မို့ထက်မှာ ရပ်နေတဲ့ ကျုပ်ရဲ့ ရှေ့မှာ မြက်ခင်းစိမ်းစိမ်းလေးနဲ့ အတူ အတန်အသင့် ကျယ်ပြန့်တဲ့ ကွင်းပြင်ကလေးလဲ ရှိသေးတယ်။ အဲဒီ ကွင်းပြင်ကလေးထဲမှာ လူတွေက တနှစ်တခါ လာလာစုရုံးပြီး ကျုပ်ကို ဦးညွှတ်ကြတာပေါ့…။

စံထားခြင်း၊ အောက်မေ့သတိရခြင်း၊ လေးစား အောက်မေ့ခြင်း…။ အဲဒီအရာတွေ အားလုံးကို ကိုယ်စားပြုဖို့ ကမ္ဗည်းစာတန်းကိုတောင် ကျုပ်ခန္ဓာကိုယ်ပေါ်မှာ သူတို့ ရေးခဲ့ကြသေးတယ်…။

`အာဇာနည်နေ့ အထိမ်းအမှတ် ကျောက်တိုင်´ …တဲ့။

***

တချိန်တုန်းကတော့ ဇူလိုင် ၁၉ ရက်နေ့ ရောက်ပြီလား ဆိုရင် ကျုပ်ရှေ့ကို လူတွေ အများကြီး ရောက်လာလေ့ရှိတယ်။ ပန်းခွေတွေ၊ ပန်းခြင်းတွေကို သေသေသပ်သပ် ပြင်ဆင်လို့ ကျုပ်ရှေ့မှာချပြီးရင် တလေးတစား ဦးညွှတ် အလေးပြုလိုက်ကြတာများ သူတို့တတွေ အောက်မေ့ သတိရနေတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ၀ိညာဉ်တွေဟာ ကျုပ်ကိုယ်ထဲမှာ ပူးကပ်တည်ရှိနေသလားတောင် မှတ်ရတယ်။

ဘာမှမရှိတဲ့ ဟောဒီ ကျောက်တိုင်ကြီးကို သူတို့ အလေးထားခဲ့ကြတယ်။ အုတ်စိုင်အုတ်သားတွေနဲ့ ဆောက်ထားတဲ့ ဟောဒီကျောက်တိုင်ကြီးဟာ သူတို့သိပ်ချစ်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သူတို့ အမြဲတမ်း သတိရနေတယ်ဆိုတာကို ပြသချင်တဲ့ အထိမ်းအမှတ်နဲ့ သူတို့ တည်ဆောက်ခဲ့ကြတယ်။

လွမ်းဆွေး နာကျင်သံနဲ့ ဆိုညည်းနေတဲ့ အာဇာနည်နေ့ တေးသံတွေနဲ့လဲ သူတို့ရဲ့ အလွမ်းကို ဖော်ကျူးခဲ့ကြတယ်။ အာဇာနည် ခေါင်းဆောင်ကြီး မှာကြားခဲ့တဲ့ မိန့်ခွန်း မှာတမ်းတွေကို ပြန်နားထောင်ကြပြီးတော့လဲ သတိရခြင်းကို ပုံဖော်ကြတယ်။

***

ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုစာလောက်ကနေ စပြီးတော့ လူတွေရဲ့ ပြောင်းလဲမှုကို ကျုပ် သတိထားမိလာတယ်။

လူတချို့ရဲ့ အမိန့်ကြောင့် ဆိုပြီး လူတချို့က သူတို့ အလေးထားခဲ့ကြတဲ့ ဟောဒီ အာဇာနည်ကုန်းရှိတဲ့ နေရာကို ထိပါးကျူးကျော်စ ပြုလာတယ်။

ကျုပ်ရှေ့က မြက်ခင်းပြင်နေရာက မြေတွေကို တူးယူပြီးတော့ မြေကြီးတွေကို ကန်ထရိုက်ယူ ရောင်းစားတဲ့လူက ရောင်းစားတယ်။ အဲဒီလိုနဲ့ မြေတွေကို တတိတတိနဲ့ တူးလာလိုက်တာ အရင်က ကုန်းမို့မို့နေရာမှာ ချောက်ကမ်းပါးပုံစံ ဖြစ်လာပြီးတော့ အဲဒီကမ်းပါးက ကျုပ်ရှိတဲ့ နေရာကို ရောက်လုရောက်ခင် ဖြစ်တော့မှပဲ မြေကြီးတွေ တူးယူကြတာကို ရပ်တော့တယ်။ နောက်တော့ အဲဒီနေရာကို မြေကွက်ရိုက်ပြီး အိမ်တွေဆောက်ကြပြန်တော့ အခုဆိုရင် ကျုပ်ရဲ့ အရှေ့တည့်တည့်ဟာ အဲဒီ အိမ်တွေရဲ့ အိမ်နောက်ဖေး ဖြစ်နေပြီ။

ပြုပြင်မွမ်းမံခြင်း မရှိကြတော့လို့ တချို့နေရာ ဆွေးမြေ့ပဲ့ကြွေစ ပြုနေတဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေညှိချေးညှော်တွေလဲ တက်နေတာ ကြာပါပကောလား…။ မြက်ပင်ရိုင်းတွေ ပိန်းပိတ်အောင် ပေါက်နေတဲ့ ကျုပ်ရဲ့ အောက်ခြေတ၀ိုက်မှာ ဘာမှန်းမသိတဲ့ နွယ်ပင်ရိုင်းတချို့တောင် ပေါက်လို့ တွယ်ကပ်စပြုနေပြီ။

ဇူလိုင်လ ၁၉ ရက်နေ့ရဲ့ မနက်ခင်းတွေဟာလဲ လာရောက် ဦးညွှတ်အလေးပြုသူတွေ တဖြည်းဖြည်းနဲ့ လျော့ပါးလာလိုက်တာ အခုဆိုရင် ကျုပ်ရပ်နေတဲ့ ဟောဒီ အာဇာနည်ကုန်းကို ဘယ်သူမှ ရောက်မလာတဲ့ နှစ်တချို့တောင် ရှိလာခဲ့ပြီလေ။

လူသားတွေကို လူသားတွေက အသာစီးရချင်မှုက မမေ့စကောင်းတဲ့ နေ့ရက်တွေနဲ့ အဖြစ်အပျက်တွေကို မေ့လျော့သွားစေအောင် တွန်းပို့နေတာလား။ ဒီနေ့ဒီရက်ကို လူတွေက သတိရနေတယ်။ ဒါပေမယ့် လူတွေထဲက လူတချို့ကပဲ ဒီနေ့ဒီရက်ရဲ့ အတိတ်သမိုင်းကြောင်းကို မေ့ပျောက်ပစ်ဖို့ကို ကြိုးစားနေကြပြန်တယ်။ ကျုပ်က ကျုပ်ရပ်နေတဲ့ နေရာမှာ မားမားရပ်နေပေမယ့် ကျုပ်လို မားမားရပ်နိုင်တဲ့ စိတ်ထားမရှိတဲ့ လူတွေက လူတွေကို နှိပ်စက်ရင်းနဲ့ပဲ ကျုပ်ရှေ့မှာ လူတွေ ဦး လာလာညွှတ်နေတာကို မရှုစိမ့်တော့ဘူး။ မမြင်ချင်တော့ဘူး။

***

အခုရော…။

မနက်ဖြန်မနက်ဆိုရင် အာဇာနည်နေ့ကို ရောက်လာပြန်တော့မယ်။ ကျုပ်ရှေ့ကို ဘယ်သူတွေ ရောက်လာကြဦးမှာလဲ။ ဒါမှမဟုတ် ဘယ်သူမှ ရောက်မလာတဲ့ နှစ်တနှစ်ရော ဖြစ်နေဦးမလား။ မနက် ၁၀ နာရီ ၃၇ မိနစ်ဆိုရင်ရော…၊ ဟိုးအရင်ကလိုပဲ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဥသြသံတွေ ကြားရဦးမှာလား။ ဒါမှမဟုတ် မသိလိုက်မသိဘာသာနဲ့ပဲ မနက်ဖြန်မှာ ပြီးဆုံးသွားတော့မှာလား…။

ဟောဒီနေရာမှာ ကျုပ် ဘယ်လောက်ကြာကြာ ဆက်ရပ်ခွင့် ရဦးမှာလဲ…။ ဒီနေရာမှာ ကျုပ် ရှိနေခြင်းရဲ့ အဓိပ္ပာယ်တွေ ပြည့်စုံတဲ့ နေ့တွေကရော ဘယ်တော့ ပြန်ရောက်လာမှာလဲ….။

***

ဒီနေရာမှာ ကျုပ်ရပ်နေဆဲပါပဲ။

သင်္ခါရရဲ့ သဘောတရားအရ ကျုပ်ဟာလဲ တနေ့နေ့ တချိန်ချိန်မှာ ပျက်စီးသွားရဦးမှာပဲ။ ဒါပေမယ့် သေချာတာ တခုရှိတယ်။ ကျုပ် ပျက်စီးပြိုလဲသွားရင်တောင် ဟောဒီနေရာမှာ ဟောသလို ကျောက်တိုင် ဘာကြောင့် ပေါ်လာရတယ်ဆိုတဲ့ သမိုင်းကြောင်းက ပျက်စီးမသွားဘူး။ ကျောက်တိုင်ထက် ခိုင်မာတဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ စိတ်ဓာတ်တွေက ပျောက်ပြယ်သွားမှာ မဟုတ်ဘူး။


ကလိုစေးထူး

10 comments:

Anonymous said...

thanks for writing this post.
:)

Phyu

Myo Win Zaw said...

ဘယ်လိုပြောရမှန်းမသိတော့ဘူး

Anonymous said...

excellent

Pinkgold said...

ဒီပိုစ့်လေးကို ဖတ်ပြီး တစ်မျိုးလေး ခံစားသွားရတယ် အကိုရေ

Pinkgold said...

ဒီပိုစ့်လေးကို ဖတ်ပြီး တစ်မျိုးလေး ခံစားသွားရတယ် အကိုရေ

Unknown said...

Hi!
Very good post.
I respect you for writing this different view of our heart.

Khin Myat Nwe

capricorn said...

ကောင်းလိုက်တဲ့ စာစုလေး...ဖတ်ခွင့်ရတာဝမ်းသာပါတယ်အစ်ကိုရေ..

ကိုရင်နော်ခင်လေးငယ် said...

ရင်ထဲမှာ တစ်မျိုးလေးဖြစ်သွားတယ်..
အရမ်းကောင်းတဲ့ အတွေးလေးနဲ့ အရေးလေးပါ..
လေးစားမိပါတယ်.

တန်ခူး said...

ကျောက်တိုင်လေးနေရာက ပူးဝင်ရေးတဲ့ အတွေးလေးကို နှစ်သက်မိပါတယ်…

rita said...

ko say htoo

ma htinn par nae,,a kyaung kyaung kyaunt,,lu tway ma lar nai tar,,ma lar yel tar par... but thu tho sait hte mhar a myel mhat mhat ya ya shi nay par tel,,,never forget par,,,
lu tway ko,,kana nar lal pay fo,, kyauk tie kyi ko pyaw pay par naw