Saturday, July 26, 2008

ရမ်းသမ်းကွတ်ခ်...။

`ဟေ့လူ၊ ဒီညနေ ဘယ်သွားစရာရှိလဲဗျ´

သောကြာညနေမို့ ဘဏ်ကိုသွား၊ ဈေးဝယ်လို့ အိမ်ပြန်ရောက်မယ်မှ မကြံသေး မဆုံဖြစ်တာ သုံးလေးလလောက် ကြာနေတဲ့ မိတ်ဆွေ တယောက်ဆီက ဖုန်းဆက်လာပါတယ်။

`မရှိပါဘူး၊ ဘာလို့တုန်း´
`ဒါဆို ကျနော် ခင်ဗျားအိမ်လာလည်မလို့´
`လာစေဗျာ၊ လာစေ´

အဲသလိုနဲ့ ရွှတ်နောက်နောက် ပြန်ပြောပြီးလို့မှ သိပ်မကြာပါဘူး…။ ပုဂ္ဂိုလ်က ရောက်ချလာပါလေရော…။ လက်ထဲမှာလဲ ဘီယာ တဖာကို ဆွဲလို့…။

***

အမှန်က သောကြာညနေမှာ ကျနော် ထူးထူးခြားခြားနဲ့ ဟင်းတခွက် သေသေချာချာ ချက်ပြီးတော့ ဘလော့ဂ်လာဖတ်တဲ့ မိတ်ဆွေတွေကိုလဲ ကျွေးမယ်ပေါ့၊ အဲသလို စီစဉ်ထားတာ…။ ဟိုပုဂ္ဂိုလ်လာတော့ အစီအစဉ်က ပျက်မလို ဖြစ်သွားပါလေရော…။ ဒါပေမယ့် ဘယ်ရမလဲလေ၊ သူ့ကိုပါ ညာတာပါတေးနဲ့ တိုလီမုတ်စလေးတွေ ဟိုခိုင်းဒီခိုင်း လုပ်ပြီး ကလိုစေးထူးရဲ့ `ရမ်းသမ်း cook´ အစီအစဉ် စပစ်လိုက်တာပေါ့။

အခုဆိုရင် ကျနော်တို့ ဈေးတန်းထဲမှာ…၊ အဲလေ :D ကျနော်တို့ ဘလော့ဂါတွေထဲမှာ ဟင်းချက်ထူးချွန်သူတွေရဲ့ ချက်နည်းပြုတ်နည်း ဘလော့ဂ်တွေလဲ သေသေသပ်သပ်နဲ့ ပေါ်လာနေတာ သွားရည်ယိုချင်စရာကြီးပါပဲ။ အခု ကျနော် ချက်ကျွေးမယ့် ဟင်းတခွက်ကတော့ ဘလော့ဂ်တွေ ပေါ်မှာ မတွေ့မိသေးတဲ့ ဟင်းတခွက်ပါ…။ ရုပ်တည်ကြီးနဲ့ ဆီက ဘယ်လောက်၊ ဆားကဘယ်လောက်၊ အသားက ဘယ်လောက် ဆိုပြီးတော့လဲ ဟင်းချက်နည်းကို မတင်ချင်တော့ စစနောက်နောက် ချက်ချက်ပြုတ်ပြုတ်လေးပေါ့နော…။ ကဲ… လာလေ့။



အဲဒါကတော့ ကျနော် ချက်တော့မယ့် ဟင်းမှာပါမယ့် အမယ်ပစ္စည်းတွေပေါ့…။ ရေခဲတုံးနဲ့တူတဲ့ ၀က်ရိုးတွေရယ်၊ အမေကြီးကားရောက် ပိန္နဲစည်သွတ်ဘူးရယ်၊ ကြက်ဖ နှစ်ကောင် တံဆိပ် မျှင်ငါးပိ ဘူးရယ်…။ စကားကြုံလို့ ပြောရဦးမယ်။ အာရှဆိုင်တွေကို ရောက်ခဲ့လို့ ငါးပိဘူး ၀ယ်တော့မယ်ဆိုရင် ကျနော် အခုပြထားတဲ့ ကြက်ဖနှစ်ကောင် တံဆိပ် မျှင်ငါးပိကတော့ မြန်မာပါးစပ်နဲ့ အနီးစပ်အဆင်ပြေဆုံး ငါးပိပါပဲဗျို့။ တချို့ငါးပိတွေက သကြားတွေ ရောထားတော့ ချိုအီအီကြီး…။ အခု ငါးပိကတော့ ကရင်ငါးပိထောင်း လုပ်ဖို့လဲကောင်း၊ ဟင်းထည့်ချက်လို့လဲ ကောင်းပေါ့…။




ထုတော့မယ်တဲ့…၊ ထောင်းတော့မယ်…။ :D

ကျနော်ငယ်ငယ်တုန်းကပေါ့။ မေမေက သူမီးဖိုချောင် ၀င်ပလားဆိုရင် ကျနော့်ကို သူ့အနားမှာ အမြဲခေါ်တတ်တယ်။ ထိုင်ခုံအပုလေး တလုံးကို ဆွဲပြီး မီးဖိုနားမှာ မေမေထိုင်ပြီလားဟေ့ ဆိုရင် နေရာကနေ မထတော့ဘူး။ `သားကြီး၊ မေမေ့ကို ဆီပုလင်းယူပေးစမ်း´ `ဟိုစင်ပေါ်မှာ ကြက်သွန်ဖြူ နည်းနည်းလောက် လှမ်းယူပေး´ `ရော့…၊ အဲဒီ အသားတွေကို ရေသွားဆေး´ စသဖြင့် စသဖြင့် ရေရေလည်လည် ခိုင်းတော့တာပဲ။ အဲဒီလို ခိုင်းတဲ့အထဲမှာ ကြက်သွန်လှီးတာနဲ့ ငရုတ်သီးထောင်းတာလဲ အပါအ၀င်ပဲလေ။ တွေ့တယ်ဟုတ်…၊ ကျနော်လှီးထားတဲ့ ကြက်သွန်တွေက ပါးပါးလေးမှတ်လား။ :P မပါးရင်လဲ ပါးတယ်လို့သာ မှတ်လိုက်။ :D



တကယ်က ကျနော်တို့ မြို့မှာတုန်းကဆိုရင် အခုလို ဟင်းမျိုး ချက်တော့မယ်ဆိုရင် ပိန္နဲသီး ခပ်ရင့်ရင့်ကို ဘေးပတ်ပတ်လည်မှာ သစ်သားဒုတ် ခပ်မာမာနဲ့ နာနာရိုက်ရတယ်။ တဘုန်းဘုန်းနဲ့ ရိုက်လို့ ပိန္နဲသီးက ပျော့အီအီလိုလို ဘာလိုလို ဖြစ်တော့မှပဲ ဘေးက ဆူးတွေကို ဓားထက်ထက်နဲ့ တရွှတ်ရွှတ် လှီးထုတ်ပစ်ရတာ။ ပြီးတော့ အတုံးတွေတုံး၊ ရေပြောင်ပြောင်ဆေးပြီး ချက်စားတာပဲ။

အခုကျတော့ စည်သွတ်ဘူးနဲ့ လာတာဆိုတော့လဲ ဖောက်စက်ထဲကို ဂျွီးခနဲ ထည့်ဖောက်လိုက်တာနဲ့ ကိစ္စကပြတ်ရော…။ ဟို သဘာဝ ပိန္နဲသီးရဲ့ အရသာကိုတော့ ဘယ်မှီပါ့မလဲ…။ ဒါပေမယ့် လုံးဝ မရှိတာထက်စာရင်တော့ တော်သေးတာပေါ့။

ဝက်သားက ခဲနေလို့ ရေပူတွေနဲ့ ဆေးပြီး အမြန်နွှေးပစ်ရသေးတယ်။ ပြီးမှ အတုံးတွေ တုံး။ ငရုတ်သီးထောင်းထားတာရယ်၊ ၀က်သားရယ်၊ ဆီနည်းနည်း၊ ဆားနည်းနည်း၊ နနွင်းနည်းနည်း အချိုမှုန့်နည်းနည်းနဲ့ အိုးထဲမှာ ရောနယ်ပြီး မီးဖိုပေါ် တင်ထားလိုက်တယ်။ ဆယ်မိနစ်လောက်ကြာတော့ ဟင်းအိုးကို တခါထပ်ဖွင့်၊ စောစောက ပိန္နဲသီးအတုံးကလေးတွေကို ရောထည့်၊ ရေနည်းနည်းထည့်ပြီး ထပ်ချက်ရတယ်။

ဟင်းချက်နေတုန်းကမှာ တခြား လက်စွမ်းပြရတာ တခုကတော့ ကရင် ငါးပိထောင်းပဲ။ ဟိုတနေ့က ရှားရှားပါးပါး ရလာတဲ့ သရက်သီးစိပ်ကလေးတွေနဲ့ ကရင် ငါးပိထောင်းအပြင် ဘူးသီးစိပ် ဟင်းခါး တခွက်ပါ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးတီး ချက်ပစ်လိုက်သေးတယ်။

အဲဒါတွေ ချက်လို့ပြီးပြီ ဆိုရင်တော့….။



ဟဲဟဲ…၊ တွေ့တယ်မှတ်လား။ ကရင်ငါးပိထောင်းရယ်၊ ၀က်သားနဲ့ ပိန္နဲသီးချက်ရယ်၊ ဘူးသီးဟင်းခါးရယ်လေ။ ဘူးသီးက အခွံမနွှာဘူးလို့ ပြောမလို့လား။ နုနုလေးမို့ မခွာတော့တာလေ။ အဟဲ၊ ပျင်းတာလဲ ပါတာပေါ့။ အဲဒီဟင်းနဲ့ ပွဲတော် မတည်ကြခင်မှာ ကျနော်တို့ ဘာလုပ်ကြသေးလဲ ဆိုတော့…။




စောစောက ဟင်းကို ထမင်းနဲ့ မတွဲမီမှာ ဘီယာနဲ့တွဲလို့ မိတ်ဆွေ ၀ယ်လာတဲ့ ၀က်သားချဉ်နဲ့ ပုဇွန်ကြော်ကိုပါ ၀ိုင်းထဲ ခေါ်သွင်းလိုက်တော့ ဟို ကြော်ငြာ သီချင်းလေး တပုဒ်ကိုတောင် သတိရမိသေး…။ ဘာတဲ့။

`ဘီယာဟာ အရက်တော့ မဟုတ်ပါ၊ တငွေ့ငွေ့လေးနဲ့ အတော်လာတာ ~~~ ဟေ့~~~ ပလုံစီနေတဲ့ အမြှုပ်ကလေးများက သွားရည်ယိုချင်စရာ~~~ နေညိုရင်သာ´

ကျနော့်မိတ်ဆွေများ အလုပ်ပိတ်ရက်မှာ စိတ်ရွှင်လန်း ပျော်ရွှင်ကြပါစေ။



ကလိုစေးထူး

27 comments:

Anonymous said...

ဟွန်းးးးးးးးးးးးးးးးးးးးးးးးး

ပီန္နဲသီး ဟင်းတော့ စားချင်တယ် ကရင်ငါးပိထောင်း
လဲ စားကြည့်ချင်တယ်..။

JINGHPAW WUNPAWNG said...

Getting Hungry.... Hummmm

Seng Awng

လင်းလက်ကြယ်စင် said...

အကိုက ချက်တတ်တော့ မဆိုးပါဘူး .. ။ မြန်မာပြည်မှာ နေရတာတော့ မြန်မာအစားအသောက် သိပ်စုံတာပေါ့ .. ။ စင်္ကာပူမှာတော့ ရေချိုငါးကလည်းမရှိ ၊ အရွက်တွေကလည်းမစုံ ၊ မြန်မာဆိုင်မှာ သွားဝယ်တော့လည်း မလတ်ဆတ်တာပဲရ ၊ မြန်မာလို ချက်ပြုတ်စားနေပေမယ့်လည်း ဟင်းတွေက ထပ်နေတာချည်းပါပဲ .. ။ အစားအသောက် မမက်သူတောင် မြန်မာပြည်က အစားအသောက်တွေကို လွမ်းပါဘိ :)

pandora said...

တကယ် သွားရည်ကျသွားတယ်ဟ. တစ်ခွက်လောက် ပို့လိုက်စမ်းပါ ကစေးထူးရာ။

Anonymous said...

အဟင့် ..ဗိုက်တောင်ဆာသွားပြီ..
မိုက်တယ်နော်..ကောင်းမယ့်ပုံပဲ..ဟီး

Anonymous said...

ကျနော်ကိုလည်း တစ်ခွက်လောက်း) အစ်ကိုကတော်သား ဟင်းချက်ကောင်းတယ် အမေတွေကို ၀ိုင်းကူမှပဲ သားတွေက ဟင်းချက်တက်တော့မှာပေါ့ မဟုတ်၇င်တော့ မလွယ်ဘူးဗျို့  ကျနော်လည်းချက်တော့ ချက်တက်တယ် အခုတော့ ပျင်းနေလို့  မချက်တာကြာပြီး ဘာဆို ဘာမှမဖြစ်တော့ဘူးး :)

စိုးထက် - Soe Htet ! said...

မိုက်တယ် :)

nu-san said...

ကိုစေးထူးရေ.. ဟင်းတွေ ကြည့်ရတာ တကယ်ဗိုက်ဆာလာတယ်ဗျာ.. အကိုတို့ဆီမှာ သရက်သီလေးတွေလည်း ရတယ်နော်.. ကောင်းလိုက်တာ.. အိုဆာကာမှာတော့ အဲဒီလိုလေးတွေ ၀ယ်မရဘူးရယ်.. ဘူးသီးမရှိ၊ သရက်သီး နတ္ထိပဲ။ ၀က်နံရိုး ပိန္နဲသီးဟင်းထက် ကရင်ငါးပိထောင်းကို စိတ်ဝင်စားတယ်.. ကိုစေးထူးအားရင် အဲဒ်ီနည်းလေး လုပ်ပါဦးဗျို့.. ဟင်းချက်ထားတာကြည့်ရတာ ရမ်းသမ်း cook လက်ရာလောက်တော့ မဟုတ်လောက်ဘူး... :D

Soe Mya Nandar Thet Lwin (Borros Roxo) said...

ငရုတ်ဆုံကြီးက အယ်စတုံကြီးတော့။ :)))

ချက်ပုံချက်နည်းကတော့ တင်ထားတဲ့ ပုံတွေ ကြည့်တာနဲ့တင် ကဗျာမဆန်တဲ့ လူအို အဲ လူပြို ချက်နည်းပါပေပဲ.. :P (Kidding နော်)

ရမ်းသမ်း cook ဆိုတော့ Taste ကတော့ ဘယ်လိုနေမယ်မှန်း မသိ။ ဟီ ဟိ :))

တခါမှ အဲဒီလိုဟင်းမျိုး မစားဖူးဘူး။ စားတော့ကြည့်ခြင်သား....

Thanks for sharing!!
Nandar

ကိုရင်ညိန်း said...

တောက် ! အသိနောက်ကျလိုက်လေချင်းဗျာ .. အောင့်လို့မရတော့ဘူးဗျ ကရင်ငါးပိထောင်းလေး မေးလ်နဲ့ အတက်ခ်ျမန့်တွဲ ပို့လိုက်ဗျာ ၊ မရောက်ရင်တော့ အဲဒီ ရမ်းသမ်း cook ကို ဘန်းမယ်ဗျာ ။ အဟေးဟေး ၊ မြန်မာပြည်မှာများ တွေ့ဖြစ်ရင် တစ်ဝိုင်းလောက် နွှဲလိုက်ချင်သေးဗျာ ။ ( ထမင်းဝိုင်းနော် ။ အဟေးဟေး )

ပုံရိပ် / Pon Yate said...

ကိုစေးထူး.. ကရင်ငါးပိထောင်း လုပ်နည်းလည်း မပါဘူး။ ပြောပြပါဦး။ ၀က်သားနဲ့ ပိန္နဲသီးချက်တာ တခါမှ မစားဖူးဘူး။ ကောင်းမှာပဲ။ ကြုံရင်လုပ်စား ကြည့်ဦးမယ်။

ကိုပေါ said...

မသောက်တော့ပါဘူးဆိုပြီး မနေ့က သောက်ဖြစ်သွားတာ ကိုစေးထူးရဲ့ ပို့စ်ကြောင့်ပေါ့ဗျာ။ (မှတ်ကရော…..တရားခံရှာပစ်လိုက်တယ်။း-)

ပီကေ said...

ရှလွတ် ရှလွတ်၊ ရေးထားတာ စားချင်စရာ။
တော်သေးတာပေါ့။ အားရပါးရ စားနေသောက်နေပုံတွေ မတင်ထားလို့။ တင်ထားရင်တော့ မနာလိုမိမှာ အမှန်ပဲ။
ပြောစရာတော့ ကျန်သေးတယ်။ နောက်မှ လာပြောတော့မယ်။ အခု ဖတ်ပြီး ဗိုက်ဆာသွားလို့ သွားလွှေးလိုက်ဦးမယ်။ ;P

Anonymous said...

ရှလွတ်... သွားရေကျသွားပါတယ်
ငရုတ်ဆုံကြီးကို အရမ်းသဘောကျတယ်။
ကိုစေးထူး အိမ်က ယူလာတာလား၊ ဒီမှာ ၀ယ်တာလား။
ကျွန်မကတော့ ဘလန်ဒါနဲ့ပဲ နှစ်ပါးသွားနေရတာ ကြာပြီ။

MELODYMAUNG said...

အဟီး ပုံတွေကြည့်ရင်း ဖတ်ရင်းနဲ့ သွားရည်ကျသဗျ
တကယ်လဲမစားရဘူး အဟွန့် လာတော့မစားခိုင်းနဲ့နော် လေယာဉ်လက်မှတ်ဖိုးချိဘူး :(
အနော်ကတော့ ချင်ပူမှာ ခဏခဏချက်စားနေတာမို့
လာစားမလား ဒီမှာ ချက်စရာတွေ ပေါမှပေါ အဟိဟိ
(မမြင်ရဘူးမလား မယုံရင် လာခဲ့ ဒါပဲ)

လင်း said...

ပုံတွေကိုကြည့်ရင်း သားရေတမြားမြားကျ တံတွေးကို ဂလုဂလုနဲ့ မြို ပြီးပြန်သွားရတယ်။ ဗိုက်တကယ်ဆာလာပြီ ။ ကရင်ငါးပိထောင်းထောင်းနည်းလေးပေးပါ

မြရွက်ဝေ said...

ဝက်သား ပိန္နဲသီးချက် စားချင်တယ် စားချင်တယ်
ကိုစေးထူး ရမ်းသမ်းcookက ကျမ ရမ်းသမ်းcookတာထက် စားကောင်းမယ်ထင်တယ်။ :P

Anonymous said...

I’m still at work and happened to read this post that I shouldn’t have. Makes me starving!! Now, I’m asking everybody to spare their left over snacks and chips. :D :D

ကလိုစေးထူး said...

အားပေးလိုက်ကြတာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးဆိုတော့ ပို့စ်တင်တဲ့လူတောင် တော်တော် မာန်တက်သွားတယ်။ :D

ဒါပေမယ့် ပိန္နဲသီးဟင်းထက် ကရင်ငါးပိထောင်းက ပိုပြီး ပေါ်ပြူလာဖြစ်သွားတာကိုတော့ သိပ်မကျေနပ်ချင်ဘူး။ သို့သော်...။ :P

ကရင်ငါးပိထောင်း ထောင်းနည်းကို တောင်းဆိုထားကြသူတွေ အတွက်တော့ ကျနော်ထောင်းတဲ့ နည်းကို ပြောပြချင်ပါတယ်။

ကျနော်ကတော့ ငါးပိထောင်းတော့မယ်ဆိုရင် ငါးပိစိမ်းစား နည်းနည်းကို မီးဖုတ်တယ်။ (မြန်မာပြည်မှာတုန်းကတော့ ထမင်းအိုးနှပ်တော့မယ်ဆိုရင် စလောင်းဖုံးပူပူပေါ်မှာ ငါးပိကို ကပ်တင်ထားလိုက်တယ်၊ ထမင်းအိုးရဲ့ အပူရှိန်ကြောင့် ငါးပိက ကျက်ပါတယ်။ မီးဖိုမှာ စိတ်ရှည်ရှည်နဲ့ ဖုတ်နိုင်ရင်လဲ ကောင်းပါတယ်)။ ပြီးရင် သရက်သီး၊ ဒါမှမဟုတ်လဲ မရမ်းသီးစိတ် တွေကို ခပ်သေးသေးလေးတွေ စိတ်ထားရတယ်။ ငရုတ်သီးစိမ်းကို အိုးကင်းထဲ ထည့်လှော်ထားရပါတယ်။ (ငရုတ်သီးစိမ်း မရနိုင်ရင်လဲ အကျက်မှုန့်နဲ့ ထောင်းနိုင်ပါတယ်)။ ငရုတ်သီးစိမ်းလှော် ကျက်ရင် သူ့ကို အရင် ငရုတ်ဆုံထဲ ထည့်ထောင်းရပါတယ်။ ငရုတ်သီးတွေ ညက်မှ ငါးပိဖုတ်ကို ဆုံထဲမှာ ထည့်ထောင်းပါတယ်။ ပြီးမှ စောစောက သရက်သီးစိတ် ဒါမှမဟုတ် မရမ်းသီးစိတ် သေးလေးလေးတွေကို ရောထောင်းရပါတယ်။ တတ်နိုင်သူ တချို့ကတော့ ပုဇွန်ခြောက် နည်းနည်းကို ငရုတ်သီးစိမ်းလှော်ထောင်းတဲ့ အချိန်မှာကတည်းက ရောထောင်းတတ်ကြပါတယ်။ အဲဒီလို အားလုံး ရောထောင်းပြီးရင်တော့ အချိုမှုန့် အနည်းငယ်ကို (ကြိုက်တတ်ရင်ပေါ့) ထည့်နယ်ပြီး ပန်းကန်ထဲ ခပ်ထည့်ထားလို့ရပါပြီ။ ထမင်းနဲ့ စားခါနီးမှာ ရှောက်သီး (သို့မဟုတ်) သံပုရာသီး နည်းနည်းလေး ညှစ်ထည့်ပြီးတော့ မြိန်ရည်ယှက်ရည် စားလို့ရပြီပေါ့။

Anonymous said...

မှတ်သွားပါတယ်.

မာန်တက်ရင် နောက်တခါ ထပ်ချက်ပါ

Anonymous said...

ကရင်ငါးပိထောင်း လုပ်နည်း ဖတ်ရင်း သွားရေကျ လာပြီ။ စားချင်လိုက်တာ။

Anonymous said...

ကြည့်ရတာကောင်းမယ့်ပုံပဲ ဗိုက်ဆာလာပြီ ...:D


Khine

Anonymous said...

ဟင်း ကရင်ငပိထောင်းနည်းကရခိုင်ငရုတ်သီးထောင်းနည်းနဲ့တုတယ်နော်..


ခိုင်

Anonymous said...

very nice! my mom(ah moe) cooked for us last time. i miss my mom and this curry. i really love like this curry and nga pi htaung.. :)

တန်ခူး said...

အိုး… အတွေ့ နောက်ကျလေခြင်း… ရမ်းသမ်းcookက အရမ်းကိုgoodနေပါရောလား… ပိန္နဲသီးကို တို့ သာစားဖူးတာ… အဲလို ဟင်းချက်မစားဖူးဘူး… အသစ်ရသွားတဲ့ ဟင်းတခွက်အတွက် ကျေးဇူးပါ ကိုစေးထူးရေ…

Anonymous said...

လာတာ နောက်ကျလို့ ဟင်းကကုန်ပြီနဲ့ တူတယ်

Unknown said...

ဟာ...အစ်ကို ညစာစားပွဲလွတ်သွားတာ နာတယ်ဗျာ...။ ပြောရင်းဗိုက်ဆာလာပြီ။ ဆွဲလိုက်အုံးမယ် :)