Wednesday, July 02, 2008

စိတ်ညစ်နေလား...(၂)

အလုပ်တွေ သိပ်ပင်ပန်းပြီး နွမ်းနယ်နေတဲ့ အခါ၊ စိတ်ဖိစီးမှုတွေကြောင့် မပျော်မရွှင် ဖြစ်တဲ့အခါ အခုလို တီဗွီ အစီအစဉ်လေးတွေက ကျနော်တို့တွေရဲ့ စိတ်ကို အထိုက်အလျောက်တော့ ကြည်လင်ပေါ့ပါ့စေတာ အမှန်ပါပဲ။ အခုလဲ အမှတ်မထင်ကြည့်မိတဲ့ America’s got talent အစီအစဉ်ရဲ့ နှစ်သက်စရာကောင်းတဲ့ တင်ဆက်ပုံတွေကြောင့် `စိတ်ညစ်နေလား…´ ပို့စ်ကို ထပ်မံတင်ဆက်ဖြစ်ပါတယ်။ တွေးတောနေရတာတွေ၊ စိတ်ပူနေရတာတွေ၊ အလိုမကျဖြစ်နေရတာတွေ၊ မောပန်းနေရတာတွေကို တခဏလေး မေ့ထားလိုက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ပဲ အဲဒီ အစီအစဉ်လေးတွေကို ကြည့်ကြရအောင်လား။

America’s got talent ကို ကျနော် နှစ်သက်မိတဲ့ ပထမဆုံး အချက်ကတော့ `လွတ်လပ်မှု´ ပါပဲ။ မိမိ တတ်ကျွမ်းတဲ့ အစွမ်းအစကို အသက်အရွယ်မရွေး၊ တတ်ကျွမ်းမှု မရွေး လွတ်လပ်စွာ တင်ဆက်နိုင်ပါတယ်။ မိမိတင်ဆက်လိုက်တာကို လူအများက လက်ခံ၏၊ လက်မခံ၏ အပေါ်မှာ မူတည်ပြီးတော့ ဒိုင်သုံးယောက်က မှတ်ချက်ပေး အကဲဖြတ်ပါတယ်။ ဒါကြောင့်လဲပဲ ကြံကြံဖန်ဖန် လျှာအရှည် လာပြိုင်တဲ့လူကိုတောင် တွေ့ဖူးလိုက်ပါသေးတယ်။ အမျိုးသမီး တယောက်က ကြီးမားလှတဲ့ သူ့ရင်သားတွေနဲ့ အချိုရည် ဗူးခွံတွေကို ဖိညှစ်ပြတာ၊ သစ်သားပြားကို ရင်သားနဲ့ ရိုက်ခွဲပြတာတွေလဲ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ မှန်ကန်တဲ့ အစွမ်းအစမဟုတ်တာကြောင့် ပထမအဆင့်မှာတင်ပဲ သူတို့တွေ အပယ်ခံရတာပါပဲ။
လာရောက် ယှဉ်ပြိုင်ကြတာမှာလဲ ပြိုင်ပွဲဝင်ပုံစံ အမျိုးအမျိုးအစားစားပါပဲ။ သီချင်းဆို၊ အက၊ မျက်လှည့်၊ စတန့်၊ ထူးဆန်းထွေလာ၊ အစသဖြင့် ပုံစံမျိုးစုံ လာပြိုင်ကြတာမို့ မကောင်းတဲ့လူ တယောက်ယောက် လာပြိုင်ရင် မကောင်းသလို ပရိသတ်က သြဘာပေးသလို တကယ့်ကို အားစိုက်ပြီး ကြိုးစားယှဉ်ပြိုင်တဲ့ ထက်မြက်သူတွေကိုတော့ ပရိသတ်တင်မက ဒိုင်တွေကပါ အားပါးတရ ချီးကျူးပါတယ်။

ဒီအစီအစဉ်ကို Final ဆုပေးပွဲ မရောက်ခင် အထိ ကောင်းနိုးရာရာလေးတွေ ရွေးချယ်ပြီး ကျနော့် ဘလော့ဂ်မှာ နှစ်ပတ် တခါ တင်ဆက်သွားပါမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဒီပို့စ်လေးကို ကြည့်ရှုပြီးကြရင် ကျနော့် မိတ်ဆွေများရဲ့ စိတ်တွေ အခိုက်အတန့်လေးပဲ ဖြစ်ဖြစ် ပေါ့ပါးကြည်လင်သွားစေတဲ့ ဆန္ဒပါ။ ကဲ…၊ ဒီ နှစ်ပတ်တာ အတွင်းမှာ တင်ဆက်သွားတဲ့ အစီအစဉ်တွေထဲက တချို့ကို ကြည့်ရှုခံစားကြည့်ကြပါစို့…။




Russian bar trio လို့ အမည်ပေးထားတဲ့ ဒီအဖွဲ့မှာ အရပ်ညီတဲ့ အမျိုးသားနှစ်ယောက်နဲ့ ရုပ်ရည် ပြေပြစ်တဲ့ အမျိုးသမီး တယောက် ပါပါတယ်။ ပေ ၃၀ အရှည် ရှိတဲ့ ဘားတန်းကို အမျိုးသားနှစ်ယောက်က တဘက်တချက်စီကနေ ထမ်းထားပြီး အဲဒီ ဘားတန်းပေါ်မှာက ကျွမ်းဘား ကစားပြတဲ့ အမျိုးသမီးရဲ့ စွမ်းရည်ဟာ အံ့ဘနန်း ရင်သပ်ရှုမောစရာမို့ ဒိုင်တယောက်က `အိုလံပစ်ထက် ပိုကောင်းတဲ့ တင်ဆက်မှု´ လို့ ချီးမွမ်းခဲ့ရပါတယ်။




Eli Mattson လို့ အမည်ရတဲ့ အသက် ၂၆ နှစ်အရွယ် လူငယ်လေးရဲ့ နှစ်သက်စရာကောင်းတဲ့ အချက်ကတော့ မိမိကိုယ်ကို ယုံကြည်မှု ရှိတဲ့ ဟန်ပန်နဲ့အတူ ၀ါရင့် အဆိုတော်ကြီးတယောက်နှယ် သီဆိုတီးခတ်ဟန်ပါပဲ။ ကြိုးစားအားထုတ်ပြီး ဖျော်ဖြေတင်ဆက်မှု အပြီး ဒိုင်သုံးယောက်လုံးရဲ့ ထောက်ခံအားပေးမှုကို ကြားရတဲ့ အခိုက်အတန့်က သူ့မျက်နှာထားဟာလဲ ဒီပြိုင်ပွဲကို သူ ပေါ့ပေါ့တန်တန် သဘောထားပြီး ၀င်ပြိုင်ခဲ့တာ မဟုတ်ဘူး ဆိုတာကို ပေါ်လွင်စေပါတယ်။




ဒီကောင်မလေးရဲ့ တင်ဆက်မှုကို ကြည့်ပြီးတော့ ကျနော်တို့ ရွှေပြည်ကြီးမှာတုန်းက အငြိမ့်ပွဲတွေမှာ လူရွှင်တော်တွေက `ကျနော်က အသံတော့ သိပ်မကောင်းပါဘူး၊ ဒါပေမယ့် ရုပ်နဲ့ ထိန်းပြီး ဆိုပြပါမယ်´ လို့ ပြက်လေ့ရှိတာကို သတိရမိပါတယ်။ အသံအားဖြင့် မဆိုးလှဘူးဆိုပေမယ့် သိပ်အကောင်းကြီးထဲမှာ မပါတဲ့ ဒီကောင်မလေးက ရုပ်ရည်အားဖြင့်တော့ အင်မတန်ချောမော ပြေပြစ်တာမို့ ရုပ်နဲ့ ထိန်းဆိုတယ် ဆိုတာ ဒါမျိုးကိုး လို့ ပြောရမလိုပါပဲ။




The southern belles လို့ အမည်ပေးထားတဲ့ မိန်းမပျို လေးယောက်ရဲ့ clog dancers အဖွဲ့ရဲ့ တင်ဆက်မှုမှာ ဒိုင်နှစ်ယောက် မတ်တပ်ရပ်ပြီး ထောက်ခံချီးကျူးပါတယ်။ ညီညာသွက်လက်တဲ့ သူတို့ရဲ့ အကကို ပရိသတ်ကလဲ တခဲနက် အားပေးကြပါတယ်။




လူအများရှေ့ရောက်ရင် ထိန်းချုပ်ရ ခက်ခဲလွန်းတာကြောင့် တိရစ္ဆာန် လိမ္မာတင်ဆက်သူတွေဟာလဲ များသောအားဖြင့် မအောင်မြင်တတ်ကြပေမယ့် အခု ခွေးလိမ္မာကတော့ အံ့သြစရာ အစွမ်းပြနိုင်တာမို့ လာ့ဗေးဂက်စ် သွားခွင့် လက်မှတ် ရသွားခဲ့ပါတယ်။




မီးတုတ်ချောင်းတိုတွေကို ပစ်မြှောက်ကစားပြတဲ့ ဒီလူငယ်လေးရဲ့ ဖျော်ဖြေမှုဟာလဲ လာ့ဗေးဂက်စ်မြို့မှာ နောက်တဆင့် သွားရောက် ယှဉ်ပြိုင်ဖို့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ဖျော်ဖြေမှုအပြီးမှာ သူတို့ သားအမိနှစ်ယောက်ရဲ့ အပျော်က ကြည့်ရှုသူတွေဆီကိုပါ ကူးစက်လောက်တဲ့ သန္တရသကို ပေးစေခဲ့ပါတယ်။



ပြီးခဲ့တဲ့ အပတ်က တင်ဆက်ခဲ့တဲ့ လေးနှစ်အရွယ် ကလေးမလေးနည်းတူ အဆိုထူးချွန်တဲ့ နောက်ထပ် ကလေးတဦးပါ။ ကိုးနှစ်အရွယ် ဒီကလေးရဲ့ သီဆိုဖျော်ဖြေမှုကို ကြည်နူးစိတ်ကြောင့် ကျတဲ့ မျက်ရည်တွေ အပြည့်နဲ့ သူ့မိခင်က စင်ဘေးကနေ အားပေးနေဟန်ဟာ ကရုဏာသက်ဖွယ် ကောင်းလှပါတယ်။

တခြားသော ယှဉ်ပြိုင်သူတချို့လဲ လာ့ဗေးဂက်စ်မြို့ကို နောက်တဆင့်အတွက် ထပ်မံယှဉ်ပြိုင်ခွင့် ရသွားကြတာတွေ ရှိပါသေးတယ်။ ဒီအစီအစဉ်မှာ ၀င်ရောက်ယှဉ်ပြိုင်သူတွေဟာ သူတို့ရဲ့ အားကျိုးမာန်တက် ယှဉ်ပြိုင်တင်ဆက်မှု အပြီးမှာ ချီးကျူးခံရတဲ့အခါ အားရကျေနပ်ဟန် မျက်နှာထားတွေဟာလဲ ဒီအစီအစဉ်ရဲ့ နှစ်သက်ဖွယ် ဆွဲဆောင်မှု တခုပါပဲ။ နောက်တဆင့်မှာ ဘယ်သူတွေ ဘယ်လို တင်ဆက်ကြဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြပါဦးစို့။ အခု အစီအစဉ်တွေကနေ တစုံတရာ စိတ်လက်ပေါ့ပါးမှု ရနိုင်ကြပါစေလို့ မျှော်လင့်ရင်း…။


ကလိုစေးထူး


7 comments:

Anonymous said...

thanks!

phyu

Yan said...

စိတ်ညစ်ချင်နေတာ. ဒါလေးဖတ်ပြီး ပျော်သွားပြီ.
ပို့စ်တွေ ပြန်ရေးဦးမယ် ကိုစေးထူးကြီးရေ...

တိတ်ကဲဗျာ.

Anonymous said...

ကျေးဇူး အစ်ကိုရေ့ ကိုယ့်ပါသာ ရှာကြည့်တော့ အဆင်မပြေဘူး အစ်ကို့ ဆီမှာကြည့်မှပဲ အိုကေတော့တယ်း) အားလုံးစိတ်ဝင်စားစရာတွေကြီးပဲ စိတ်ညစ်တာတွေ 70% လောက်လျှော့သွားပြီး :)

စိုးထက် - Soe Htet ! said...

သိပ် ပြီး စိတ်မညစ်တတ်ဖူး ဗျ ... ဒါပေမယ့် ဒီ ကလစ် လေးတွေ ကတော့ ရှာကြည့်နေကျ :P

nu-san said...

ကိုစေးထူးတင်ပေးထားတဲ့ file အားလုံးကြည့်ဖြစ်တယ်.. စိတ်ဝင်စားဖို့ကောင်းတယ်။ တစ်ယောက်ချင်းစီရဲ့ အရည်အချင်းတွေကို တထိုင်တည်းကြည့်ရတော့ ပို အဆင်ပြေတာပေါ့။ လာ့ဗေးဂက်စ်မြို့ကို သွားခွင့်ရတဲ့သူတွေရဲ့ အပျော်တွေကြည့်ရတာ ရသမျိုးစုံခံစားရတယ်နော်။ အထူးသဖြင့်တော့ အမေတွေရဲ့ ခံစားချက်ပဲ။

နောင်လာမယ့်အစီအစဉ်တွေလည်း စောင့်မျှော်နေပါတယ် မျှဝေပေးတာ ကျေးဇူးပါဗျို့..

Angel Eyes said...

I really enjoy reading this post and watching the videos. Thanks.

Anonymous said...

ko ko,

i miss u.


2.