Tuesday, May 01, 2007

စပ်မိစပ်ရာ(၃)...

မြန်မာဘောလုံးအသင်းရဲ့ နည်းပြသစ်အဖြစ် ဘရာဇီးနိုင်ငံသား ဘောလုံးနည်းပြ မာကော့စ် အန်တိုနီ ဖော်လ်ပါးကို တလကို အမေရိကန်ဒေါ်လာ ၆၀၀၀ နှုန်းနဲ့ ငှားရမ်းလိုက်ပါပြီ။ ခြေစွမ်းအရ ကျလိုက်၊ ကျလိုက် ဖြစ်နေတဲ့ မြန်မာအသင်း ဘရာဇီး နည်းပြရဲ့ လမ်းညွှန်မှုနဲ့ အတူ လက်တင်ကစားဟန်တွေနဲ့ အစွမ်းပြ ကစားလို့ အရှေ့တောင် အာရှမှာ အောင်ပွဲခံနိုင်ပါစေ လို့ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ ဆုတောင်းလိုက်မိပါတယ်။

နိုင်ငံသား စိစစ်ရေး ကဒ်ပြားများကို လျင်မြန်လွယ်ကူစွာ ရရှိအောင် ၀န်ကြီးကိုယ်တိုင် ညွှန်ကြားမှုပေး ဆောင်ရွက်စေတဲ့ သတင်းတပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။ အဲဒီကိစ္စကိုတော့ (တကယ်လုပ်ကြမယ် ဆိုရင်) လှိုက်လှိုက်လှဲလှဲ ကြိုဆိုမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ `မှတ်ပုံတင် ပါရဲ့လား´ ဆိုတဲ့ စကားတခွန်းကို အမှီပြုပြီးတော့ အေးဓားပြတိုက်စားသူတွေနဲ့ စစ်ထဲ ဆွဲသွင်းသူတွေရဲ့ ရန်ကနေ အတန်ငယ်ဖြစ်ဖြစ် သက်သာသွားစေချင်လို့ပါ။ ယခု ဧပြီလ၊ နှစ်ပတ်အတွင်း ထုတ်ပေးနိုင်ခဲ့တဲ့ အရေအတွက်ကတော့ ၁၆၄၈၀ ဖြစ်ပါတယ်တဲ့။

မြန်မာပြည်မှာ လစာနှုန်းထားတွေ တိုးမြှင့်ပြီးတဲ့နောက်ပိုင်း ကုန်ဈေးနှုန်းတွေ တက်လာတဲ့ သတင်းကို စာပေ စိစစ်ရေးရဲ့ အဖြတ်အတောက်ရန်က လွတ်အောင် ပါးနပ်သိမ်မွေ့စွာ ရေးသားထားတဲ့ သတင်း တပုဒ်ကို ဖတ်ရတော့ မြန်မာဘလော့ဂ် စာအုပ်ထုတ်ဖို့ကိစ္စ ကိုစိုးဇေယျနဲ့ စကားအနည်းငယ် ပြောဖြစ်တုန်းက သူပြောပြဖူးတဲ့ စကားကို အမှတ်ရမိပါတယ်။ သူက-
`ဥပမာ အကိုရာ၊ ကြက်သွန်တွေ ဈေးတက်တာကို ကြက်သွန်တွေ ဈေးတက်နေပါတယ် ရေးရင် စိစစ်ရေးက ဘယ်ခွင့်ပြုပါ့မလဲ။ ဒီတော့ ကြက်သွန်တွေ ဒီတပတ် ဈေးမြောက်နေတယ်ပေါ့၊ အဲဒါမျိုး….။´
အင်း.. ဒီဘက်ခေတ်မှာ စာရေးရတာလည်း မလွယ်ကြပါလား..။

မနေ့တနေ့က စစ်အာဏာသိမ်းခဲ့တဲ့ ထိုင်းနိုင်ငံကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို ထုတ်ပြန်နိုင်ခဲ့ပါပြီ။ အပြည့်အ၀ မယုံရသေးသော်ငြားလည်း အခု လက်ရှိ အနေအထားအထိကတော့ ထိုင်းစစ်တပ်ဟာ ပြောတဲ့အတိုင်း ကတိတည်နေဆဲပါ။

ဗာဂျီးနီးယား နည်းပညာ တက္ကသိုလ်ဝင်းအတွင်းမှာ ကိုးရီးယား ကျောင်းသားက လူပေါင်း ၃၂ ယောက်ကို ပစ်ခတ်သတ်ဖြတ်တဲ့ အပြင် သူ့ကိုယ့်သူပါ အဆုံးစီရင်သွားခဲ့တာဟာ တကမ္ဘာလုံးမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရပါတယ်။ ဆိုးတာက အဲဒီဖြစ်ရပ် အပြီးမှာ (ကျနော့်စိတ်ထင်ပဲလားတော့ မသိနိုင်) ကျနော်တို့ အာရှသားတွေကို ကြည့်တဲ့ အမေရိကန် နယ်မြေခံတွေရဲ့ အကြည့်ထဲမှာ အရောင်တမျိုးမျိုးပါနေသလိုလို ခံစားရပါတယ်။

အခြားသော နိုင်ငံများကို တင်ပို့ရောင်းချရန် အလို့ငှာ ရုရှနိုင်ငံမှာ ရေပေါ် နျူကလီးယား ဓာတ်အားပေး စက်ရုံကို စတင်ဆောက်လုပ်နေပါပြီတဲ့။ ဘုရား.. ဘုရား..။

၈၈ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့ရဲ့ `အဖြူရောင် တနင်္ဂနွေ´ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ရက်သတ္တပတ် အတန်ငယ် ကြာခဲ့ပါပြီ။ ကိုယ့်ကိုယ်ကို ပြည်သူပါဆိုပြီး ဟန့်တားသူ တချို့ရှိခဲ့ပေမယ့် ဒီလှုပ်ရှားမှုကတော့ တန့်မသွားခဲ့ပါဘူး။ အခုတပတ်မှာဆိုရင် ရုပ်ရှင်မင်းသား ကိုကျော်သူ ကိုယ်တိုင်ကပါ တယ်လီဖုန်းမှတဆင့် နိုင်ငံရေး အကျဉ်းသားများရဲ့ မိသားစုဝင်တွေကို အားပေးစကားပြောခဲ့တာကို တွေ့ရလို့ ပီတိဖြစ်ရပါတယ်။ နိုင်ငံရေးပြစ်မှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ဖခင်ရဲ့ အိမ်ပြန်အလာကို မျှော်နေတဲ့ သားငယ်လေး တယောက်က `မိသားစု အတူတူနေချင်တယ်´ လို့ မျက်နှာငယ်လေးနဲ့ ပြောတာကို တွေ့ရတော့လည်း ရင်နင့်ရပြန်ပါတယ်။

နွေဝင်လာတာနဲ့ အမျှ ဒီမှာလည်း တဖြည်းဖြည်းနဲ့ ပူလာပါပြီ။ ၇၅ ဒီဂရီဖာရင်ဟိုက် ဆိုတဲ့ အပူချိန်ဟာ ကျနော်နေတဲ့ ပြည်နယ်ရဲ့ တနှစ်တာအတွက် နေလို့ အကောင်းဆုံး အချိန်ပါပဲ။ မြန်မာပြည်သတင်းတွေကို ငဲ့ကြည့်မိတော့ ရန်ကုန်မှာ ၁၀၃ ဒီဂရီတဲ့။ အင်း.. ဒါကြောင့် ဟိုဘက်ဘလော့ဂ်က သမင်နာမည်နဲ့ ဘလော့ဂါတယောက် ရာသီဥတုပူတဲ့ပို့စ်တွေ ခဏခဏရေးနေတာကိုး..။ (စောင်းပြောတာ.. :P)

စပ်မိစပ်ရာဆိုတော့ ဟိုရေးလိုက် ဒီရေးလိုက် ဖြစ်နေတဲ့အတွက့် ဖတ်မကောင်းရင်လည်း ခွင့်လွှတ်စိတ်နဲ့ ခဲနဲ့ ၀ိုင်းပေါက်ကြပါအုံး..။ အခုတလော အပြင်မှာ ကိစ္စ၀ိစ္စကလေးတွေက များတော့ ဘလော့ဂ်တွေကိုလည်း လိုက်မလည်နိုင်သေးတဲ့ အပြင် စာကိုလည်း ဖြောင့်ဖြောင့်တန်းတန်း မရေးရဘူး.။ :(

ကလိုစေးထူး

1 comment:

Anonymous said...

စပ်မိစပ်ရာလေးကလည်း ဖတ်လို့ကောင်းပါတယ်း)