Wednesday, October 31, 2007

အတွေးစများ(၃)...

ဘလော့ဂ်မရေးဘဲ ခွင့်တိုင်လိုက်တာ ရက်အတန်ကြာသွားတော့ တကယ့်တကယ်တမ်း ပြန်ရေးမယ်ဆိုတော့ အတွေးတွေ အပျင်းထူနေပါလေရော…။ ဒါပေမယ့် အဲဒီ အပျင်းထူနေတဲ့ အတွေးတွေကို ဟိုတစ ဒီတစနဲ့ လိုက်ဖမ်းဆုပ်မိပြန်တော့…။

ဒီဘက်နောက်ပိုင်း ကာလတွေမှာ လက်ရှိ အာဏာပိုင်တွေနဲ့ သူတို့ကို ထောက်ခံနေသူ (လို့ ယူဆရသူ) တွေကို လက်သံပြောင်ပြောင်နဲ့ ကလောင်စွမ်းပြတဲ့ ဘလော့ဂါအသစ်တွေ အလျှိုလျှိုပေါ်လာတာကို သတိထားမိပါတယ်။ ဘလော့ဂ်လောကမှာ လူသစ်ပေမယ့် တခြားစာပေနယ်မှာ လက်စွမ်းပြခဲ့သူတွေ ဖြစ်နေမလားလို့ တွေးမိလောက်အောင်ကို အရေးသွက်၊ အတွေးထက်လွန်းလှပါတယ်။ ထိချက်၊ ငြိချက်၊ သရော်ချက်တွေကလည်း ပိုင်နိုင်ပါပေ့…။ သွားလေရော့…၊ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ အကြံဉာဏ်ကြီး…။

စီဘောက်စ်တွေထဲက ဖရုဿဝါစာတွေကလည်း စိတ်ပျက်စရာပါပဲ…။ အဲဒီထက်ပို စိတ်ပျက်စရာကောင်းတာက ဘယ်သူကမှန်း မသိ၊ ဘယ်သူ့ကိုမှန်းမသိ လိုက်လံဆဲဆိုနေတဲ့ အမည်ပေါင်းစုံက ရေးတဲ့ အဆဲစာတွေကို အကဲဖြတ်ပြီး ဒီမိုကရေစီလိုလားသူတွေက မိုက်ရိုင်းစွာ ဆဲဆိုနေသယောင်ယောင် မှတ်ချက်ပြု ရေးသားတာတွေက ပိုစိတ်ပျက်စရာကောင်းပါတယ်။ ဒါဟာ လှည့်ကွက်တခုလားတော့ မသိနိုင်ပါဘူး။ ဆဲတဲ့ကိစ္စတွေကိုလည်း ခဏခဏလဲ ရေးခဲ့ဖူးပါရဲ့။ သို့သော်…။

ကျနော်တို့တတွေ တခုခု ရေးလိုက်၊ ပြောလိုက်တိုင်းဟာ အာဏာပိုင်တွေကို `အပြစ်တင် ဝေဖန်နေတာချည်းပဲ´ လို့ ဆွဲယူသုံးသပ်ပစ်တာကလည်း စိတ်မကောင်းစရာပါပဲ။ အာဏာပိုင်တွေကို ဆန့်ကျင်မိရင်ပဲ `နိုင်ငံရေးသမား´ လို့ အတင်းကာရောကြီး သတ်မှတ်လို သတ်မှတ် နဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ သမုတ်မှုကြီးကို သုံးနေကြတုန်းပါပဲ။ သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် ဘလော့ဂ်ရေးနေကြသူ ပြည်တွင်းပြည်ပက ဘလော့ဂါတွေဟာ လူငယ်၊လူလတ်ပိုင်းတွေက အများစု ဖြစ်ပြီးတော့ ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ ပတ်သက်မှု မရှိကြပါဘူး။ ဒါပေမယ့် သူတို့တိုင်းပြည်အပေါ် သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒကိုတော့ မတူတဲ့ ရှုထောင့်အမျိုးမျိုးကနေ ရေးတတ်သလိုလေး ရေးပြီး စာဖတ်သူတွေရှေ့ ချခင်းပြနေကြပါတယ်။ အာဏာပိုင်တွေ မတရားတာရင် မတရားဘူးပြောမယ်၊ တိုင်းပြည်အတွက် ဘယ်နေရာလေးမှာ ဘယ်လိုလေး ဆိုရင် ကောင်းမှာပဲလို့ တွေးပြီး အဲဒီအတွေးကို တင်ပြချင်တင်ပြမယ်။ ဒါတွေဟာ အပြစ်တင် ဝေဖန်ခြင်း သက်သက်မဟုတ်ပါဘူး။ အာဏာပိုင်တွေအနေနဲ့ ဒါဟာ`ပြည်သူတွေရဲ့ အသံပါလား´ လို့ သဘောပိုက်ပြီးတော့ ဖြစ်သင့်၊ လုပ်သင့်တာကို ပြည်သူ့ဆန္ဒ အစစ်အမှန်နဲ့ အညီ အကောင်အထည်ဖော်ရမှာပါ။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ အာဏာပိုင်ကို ဆန့်ကျင်မိတာနဲ့၊ ဒီမိုကရေစီကို လိုလားမိတာနဲ့ပဲ `အဖြူကို ပထွေးတော်ချင်တယ်´ တို့၊ `ဝေလေလေ နိုင်ငံရေးသမားတွေ´ တို့ စသဖြင့် ပြောဆိုပုတ်ခတ်ပစ်လိုက်တာဟာ အတော်ကို ဆိုးဝါးပါတယ်။

သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး လုပ်စားသူ ဘိုမှူးချုပ် သူရ မြင့်မောင်တယောက် အောက်တိုဘာ ၂၄ ရက်နေ့တုန်းက နိုင်ငံတော် သံဃာ့ မဟာနာယက ကျောင်းဆောင်မှာ ဆရာတော်ကြီးတွေကို သာသာနာရေး ဆိုင်ရာ ကိစ္စတွေကို သွားရောက် လျှောက်ထားရာမှာ သပိတ်မှောက်ကံဆောင်ပွဲကို ဦးဆောင်ခဲ့သူ သံဃာတော်တွေဟာ `ထောင်ထွက်တွေ´ လို့ ပြောဆိုတာကို ဖတ်လိုက်ရပါတယ်။ ကျနော် စဉ်းစားမိတာက အဲဒီဝန်ကြီး ဘယ်လို မျက်နှာနဲ့ အဲဒီ ဆရာတော်တွေရှေ့မှာ အဲဒီလို စကားမျိုး လျှောက်ထားနိုင်လဲ ဆိုတာပါ။ တကယ်တော့ လိမ်နေတာကို နားထောင်နေရတဲ့ ဆရာတော်ကြီးတွေထဲမှာ အင်းစိန် ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တိလောကာ ဘိဝံသ ဟာ သာသနာရေး ၀န်ကြီး ပြောတဲ့ အတိုင်းဆိုရင် `ထောင်ထွက်´ ပါပဲ။ (အရေးအသားအတွက် တောင်းပန် ကန်တော့ပါ၏ ဘုရား)။ ၁၉၉၀ ခုနှစ်တုန်းက နအဖကို သံဃာ့ကံဆောင်ပွဲ ပြုလုပ်ခဲ့မှုနဲ့ ဖမ်းဆီး ထောင်ချပစ်ခဲ့တဲ့ အဲဒီ ဆရာတော်ကြီးကိုရော သံဃာတုလို့ သတ်မှတ်ချင်သေးတာလား ဆိုတာကတော့…။

လူမှုရေးနဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်သူလူထုအပေါ် သြဇာပိုမို သက်ရောက်နိုင်တဲ့ အနုပညာရှင်တွေ ပါဝင်ဆောင်ရွက်လာဖို့ လိုတယ်လို့ သတင်းတပုဒ်မှာ ဖတ်လိုက်ရတော့ ကိုဇာဂနာ၊ ကိုကျော်သူ နဲ့တကွ အနုပညာရှင်တချို့ သူတို့ ယုံကြည်ရာ ပြည်သူ့အရေးမှာ ပါဝင်မိလို့ အဖမ်းဆီးခံရ၊ ရှောင်တိမ်းရတာကို သတိရမိပါတယ်။ လူမှုရေး ကြိုက်သလောက်လုပ်ပါ၊ သို့သော်…၊ အာဏာပိုင်ကိုတော့ နည်းနည်းလေးမှ မထိခိုက်၊ မဝေဖန်မိလေနှင့် ဆိုတဲ့ သဘောများလား…။

အင်မတန်မှ အားတက်စရာကောင်းတာ တခုကို ဘလော့ဂ်တွေကို လိုက်ဖတ်ရင်းနဲ့ သတိထားမိပါတယ်။ အဲဒါကတော့ မြန်မာပြည်တွင်းက လူငယ်တွေရဲ့ ထက်မြက်တဲ့ အတွေးစိတ်ကူးတွေပါ။ ဘယ်လောက်ပဲ သတင်းအမှောင်ချထားပေမယ့် သူတို့ရဲ့ အတွေးတွေ၊ ယုံကြည်ချက်တွေက မှောင်မနေပါဘူး။ ပိတ်ဆို့မှု ပေါင်းစုံကြောင့်သာ အကန့်အသတ် တစုံတရာထားပြီး သူတို့ရဲ့ ခံစားချက်ကို ရေးသားတင်ပြနေရပေမယ့် သူတို့ရဲ့ စိတ်ထဲက ဖြစ်ချင်မှုတွေနဲ့ ထက်မြက်လှတဲ့ သူတို့ရဲ့ စဉ်းစားတွေးခေါ်ဉာဏ်တွေကိုတော့ သူတို့ရဲ့ အရေးအသားတွေက တဆင့် ခံစားသိရှိရလို့ အားတက်မိပါတယ်။

နောက်ဆုံး တွေးမိတဲ့ အတွေးကိုတော့ ကျနော်တို့ မြို့မှာ ကပြသွားဖူးတဲ့ ဇာတ်မင်းသားလေး တယောက်အကြောင်းကို သတိရမိရင်း တွေးမိပါတယ်။ ဒီလိုပါ…။

***

ကျနော်တို့ မြို့လေးမှာ မိုးလေကင်းစင်လို့ ဆောင်းဦးပေါက်ပြီ ဆိုရင် ဇာတ်ပွဲတွေ ခဏခဏ ကျင်းပလေ့ရှိပါတယ်။ ဘုရားပွဲ၊ ရန်ပုံငွေပွဲ စသဖြင့် ဇာတ်ပွဲတွေက ဆောင်းလေမြူးမြူး ဖုန်းလူးလူးနဲ့ပေါ့…။

၁၉၉၃ ခုနှစ် ၀န်းကျင်လောက်တုန်းက ကျနော်တို့ နယ်ဘက်မှာ လှည့်လှည် ကပြနေတဲ့ ဇာတ်အဖွဲ့တွေထဲက `ရန်ကုန်ကိုကို´ ဆိုတဲ့ ဇာတ်မင်းသားလေးက လူကြိုက်အတော်များပါတယ်။ ရုပ်ကလေးကလည်း အသင့်အတင့်၊ သီချင်းဆိုလဲ ကောင်း၊ အကလည်း ညက်ညောလှပ ဆိုတော့ တခြားသော မြို့တွေကလဲ ရန်ကုန်ကိုကို ဆိုရင် အတော်အားပေးကြပါတယ်။

ဒီလိုနဲ့ ကျနော်တို့ မြို့ကလေးရဲ့ ဘုရားပွဲတခုမှာ ရန်ကုန်ကိုကို တယောက် လာကတယ် ဆိုပါစို့…။

စတေ့ရှိုးအစီအစဉ်ရောက်တော့ သူက သီချင်းတွေ တပုဒ်ပြီး တပုဒ်ဆိုလိုက်၊ အောက်က ပရိသတ်က အားပေးလိုက်ပေါ့။ တချို့ဆိုရင် ငွေစကလေးတွေတောင် ဆုချလို့…။

ဒီလိုနဲ့…။

သူဆိုနေတဲ့ သီချင်းတပုဒ် မှာတော့ သီချင်းစာသားကလဲ မှားပြီး၊ သံစဉ်ကလည်း အ၀င်အထွက်က မညီ ဖြစ်ပါလေရော…။ သီချင်းလဲဆုံးရော စင်ထောင့်တနေရာကနေ အသံတခု ထွက်လာတယ်။ သီချင်းဆုံးခိုက် အခိုက်အတန့်လေးဆိုတော့ အတော်လေးကို ကျယ်ကျယ်လောင်လောင်ပါပဲ။ `ဟေ့ကောင်၊ ဘာတွေ ဆိုနေတာလဲ၊ ဆင်းတော့၊ ဆင်းတော့´…တဲ့။ အဲဒီလိုမျိုး ဆက်တိုက်ကို အော်တာပါ။ အဲဒီမှာတင် ရန်ကုန်ကိုကို က မိုက်ခွက်ကြီးကိုင်ပြီးတော့…

`ဟေ့၊ ခင်ဗျား အားမပေးချင်ထွက်သွား၊ ဟိုမှာ အားပေးနေတဲ့လူတွေ အများကြီး၊ ခင်ဗျား နားမထောင်လို့လဲ ဘာမှ ဖြစ်မသွားဘူး´

လို့ ဒေါသတကြီးနဲ့ ပြောလိုက်ပါတော့တယ်။

***

တခါတခါကျတော့လည်း ချီးကျူးသံဆိုတာက ချိုမြိန်မွှေးအီတဲ့ သစ်သီးတလုံးကို စားရသလို ခံစားရသလောက် ဝေဖန်ခံရရင်တော့ ဆေးခါးကြီးတလုံးကို သောက်ရသလိုပဲ ခံစားရတတ်ပါတယ်။ ဒါပေမယ့် အဲဒီ ဆေးခါးကြီးက ကိုယ့်ကို သက်လုံကောင်းစေဖို့ ဆေးခါးကြီး ဆိုရင်တော့ လာတိုက်သူကိုတောင် ကျေးဇူးတင်ရမှာပါပဲ။

***

ရန်ကုန်ကိုကို တယောက် စင်ပေါ်ကနေ `ခင်ဗျားအားမပေးချင် ထွက်သွား´ လို့ ဒေါသတကြီးနဲ့ အော်တော့ တော်တော်များများက ထပြန်ကြပါတယ်။ အဲဒီထက် စိတ်နည်းနည်းပိုမြန်သူတွေကတော့ ပြောင်းဖူးရိုးတွေနဲ့ ဂုဏ်ပြုကြတာပေါ့။ အဲဒီတော့မှ သူက ငိုသံပါနဲ့ ပရိသတ်ကို ပြန်တောင်းပန်ပါတယ်။ ဒါပေမယ့် အချိန်က နှောင်းသွားခဲ့ပါပြီ။

ဟုတ်ကဲ့…၊ အဲဒီနောက်ပိုင်းမှာ ကျနော်တို့မြို့မှာ ရန်ကုန်ကိုကို ဘယ်တော့မှ လာ မကတော့သလို ဘယ်သူကမှလဲ ရန်ကုန်ကိုကို ဇာတ်အဖွဲ့ အကြောင်းကို စကားထဲတောင် မပြောတော့ပါဘူး။


ကလိုစေးထူး

Tuesday, October 30, 2007

ပျော်ရွှင်စွာဖြင့် လက်ကမ်းပါသည်…

ကျနော် ခွင့်ယူထားတာ အတန်ငယ်ကြာခဲ့ပါပြီ။

ဒီနေ့မှာတော့ ကျနော် ဘလော့ပြန်အရေးစေချင်ဆုံးသော မမေဓာဝီတယောက် `ဘလော့ဂ်ပြန်ရေးတော့မယ်´ လို့ ပြောလာတော့ အတိုင်းမသိ ၀မ်းသာခဲ့ပါတယ်။ သူ ဘလော့ဂ်ရေးတာ နားလိုက်ကတည်းက ၀မ်းနည်းစိတ်၊ ခံပြင်းစိတ်နဲ့အတူ တွဲထားတဲ့ လက်ချင်း ဆွဲဖြုတ်ခံခဲ့ရသလို ခံစားနေခဲ့ရတာဟာ အခု သူ ပြန်ရေးတော့မယ်ဆိုတော့ အားတော်တော်တက်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေလည်း သူ့စာတွေကို ပြန်ဖတ်ရတော့မှာပါ။ ဒါပေမယ့် မအားလပ်တဲ့အချိန်တွေများမှာမို့ အရင်လောက်တော့ လက်သွက်နိုင်မှာ မဟုတ်ဘူးလို့ သူ ပြောပေမယ့် ဘာမှ မရှိတော့တဲ့ အဖြူရောင်ပြင်ကြီးကိုပဲ နေ့စဉ်မြင်ခဲ့ရတဲ့ ကျနော့်အတွက်ကတော့ တပတ်ကို တပုဒ်ပဲ ပြန်ရေးရင်တောင် ပျော်ရွှင်စရာပါ။

မမေဘလော့ဂ် ပြန်ဖွင့်တဲ့ အထိမ်းအမှတ်သဘောနဲ့ မမေကို ကြိုဆိုတဲ့ ကဗျာလေးတပုဒ် ရေးထားပါတယ်။ ကဗျာနာမည်က ရိုးရိုးလေးပါပဲ။ မေဓာဝီ…သို့…တဲ့။

မေဓာဝီ…သို့

တွေးမိတွေးရာ ရေးမိတာမို့
စိတ်ကူးသီရာ စာကဗျာနှင့်
မှတ်ဖွယ်စုံစု၊ ထုတ်နှုတ်ပြုကာ
စိတ်အားထက်ရည်၊ တင်ဆက်သည်
ရိုးသား တည်ကြည်၊ မေဓာဝီ… (သို့)…။

ပန်းတိုင်ကိုမြန်း၊ ခရီးလမ်းတွင်
ရံဖန်ခါ၌၊ မတူစရိုက်
လူတသိုက်က
ရန်စွယ်ပိုမို၊ သံမချိုလဲ
ကြည်စင်စိတ်ထား၊ မုန်းမပွားလင့်…။

ရံဖန်ခါတွင်
အားငယ်နွမ်းသွင်၊ လန်းမရွှင်နှင့်
ညှိုးငယ်စိတ်ချုံး၊ အပူဖုံးလျှင်
တွဲလက်ညီတူ၊ အားပေးကူအံ့…။

ရံဖန်ခါဝယ်
အမြင်ခြင်းလှယ်၊ ကြည်နူးဖွယ်ဖြင့်
ကလောင်သွက်လက်၊ အရေးထက်စဉ်
ဝမ်းသာကြည်ဖြူ၊ ပျော်ရွှင်တူအံ့…။

မေဓာဝီသို့..၊
ထာဝရရည်၊ စိတ်တည်ကြည်ဖြင့်
စာပန်းသီမြန်း၊ ပြန်လာလမ်းကို
ကမ်းလင့်ကြိုဆို၊ ထွေးနွေးပိုသည်
စိတ်ထားတွဲလက် မြဲစေသော်ဝ်…။


ကလိုစေးထူး

Wednesday, October 24, 2007

ခွင့်တိုင်ခြင်း…

ကျနော့်ရဲ့ ဘလော့ဂ်ကို ခေတ္တနားခွင့်ပြုပါခင်ဗျာ။ ကိုယ်ရေးကိုယ်တာကို ဦးစားပေးတာ မဟုတ်ပေမယ့် အခက်အခဲတချို့ကြောင့် ကျနော် နောက်ပိုင်းရက်တွေမှာ ပို့စ်တင်ဖြစ်အုံးမှာ မဟုတ်ပါဘူး။ ခွင့်ယူတယ်ပဲ ဆိုကြပါစို့…။

လာအားပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။

ကလိုစေးထူး

Monday, October 22, 2007

နိုင်ငံဂျားမှာ...

ကျနော် ရှစ်တန်း ကျောင်းသား ဘ၀ကပါ။

ဆရာက တခါမှာတော့ စာသင်ခန်းအလယ်မှာ ရပ်ပြီးတော့ သူ့ဖ၀ါးကို ထောင်လို့ တဘက်ခြမ်းစီက တပည့်တွေကို `ဘယ်လိုမြင်ရလဲ´ လို့ တလှည့်စီမေးပါတယ်။ ထုံးစံအတိုင်း လက်ဖ၀ါးဘက်ခြမ်းက လူတွေက `လက်ဖ၀ါးပါဆရာ´ လို့ ဖြေသလို လက်ဖမိုးဘက်ခြမ်းက လူတွေတော့ `လက်ဖမိုး´ လို့ ဖြေကြတာပါပဲ။

ဆရာက ပြန်ပြောတာကတော့ `အေး၊ ဆရာကတော့ လက်ဝါးစောင်း လို့ မြင်တယ်´ လို့ ပြောရင်းနဲ့ အခြေအနေတရပ်အပေါ် လူတွေရဲ့ အမြင်မတူကြပုံကို သင်ကြားပေးခဲ့ဖူးပါတယ်။

***

အသစ်မတင်ဖြစ်တာ ကြာပြီဖြစ်တဲ့ Weekly Eleven ဂျာနယ်မှာ အသစ်ထပ်မံ တင်လာတာကို တွေ့လို့ ဖတ်ရှုကြည့်တဲ့အခါမှာတော့ ဂျာနယ် No.1 Volume.3 မှာ ဆောင်းပါးရှင် မောင်စံပေါ ရေးတဲ့ `နိုင်ငံဂျား ရောဂါ´ ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။

ဆောင်းပါး ခေါင်းစဉ်ကို မြင်လိုက်တာနဲ့ ဘယ်အကြောင်းအရာကို ဦးတည်ရေးမယ်ဆိုတာ သိသာပေမယ့် ဘယ်လိုဘယ်ပုံ ရေးထားမလဲ ဆိုတာ စိတ်ဝင်စားမိတာနဲ့ အစအဆုံး ဖတ်ကြည့်ဖြစ်ပါတယ်။

သုံးလေးခေါက်လောက် အပြန်အလှန်ဖတ်ပြီးတဲ့ အခါမှာ ကျနော့်စိတ်ထဲမှာ တခုတွေးမိပါတယ်။ အဲဒါကတော့…

`ပြည်ပရောက် မြန်မာတွေဟာ ပြည်တွင်းက မြန်မာတွေအတွက် မျက်စိစပါးမွှေးစူးစရာ လူတန်းစားတွေ´ ဖြစ်နေပြီလား ဆိုတဲ့ အတွေးပါ။

တကယ်တော့ အဲဒီလိုပုံစံ ဆောင်းပါးတွေ၊ ၀တ္ထုတွေကို အရင်အရင့်ကလည်း စာရေးဆရာ အတော်များများက ရေးကြလွန်းလို့ ခဏခဏဖတ်ရဖူးပြီးသားပါပဲ။ ရုပ်ရှင်၊ ဗွီဒီယိုတွေထဲမှာဆိုရင်တော့ `နိုင်ငံခြားပြန်´ ဆိုတဲ့ ဇာတ်ကောင်တော်တော်များများဟာ လူအမြင်ကပ်စရာ၊ ဟားစရာ တနည်းအားဖြင့် လှောင်ပြောင် သရော်စရာ အဖြစ် အမြဲတစေ လိုလို ဖော်ပြလေ့ရှိပါတယ်။

ကိုယ့်နိုင်ငံသားတွေက တိုင်းတပါးကို အထင်ကြီးတဲ့စိတ် ၀င်မသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားကြ၊ ပညာပေးကြတာမို့ ဖြစ်သင့် ရှိသင့်ပေမယ့် သူတို့ မရေးဘဲ ချန်လှပ်ထားလေ့ရှိတာကတော့ `ပြည်တွင်းက လူတွေက ဘာကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာချင်လာရတာလဲ´ ဆိုတဲ့ အခြေခံအချက်ကိုပါပဲ။ ရေးသည့်တိုင်အောင်လည်း ပြည်ပထွက်လာသူတွေဟာ ကိုယ့်တိုင်းပြည်ကို မချစ်သူတွေ၊ သူတပါးတိုင်းတပါးကို အထင်ကြီးသူတွေ အစရှိသဖြင့်သာ စွပ်စွဲ ရေးသားကြတာက ပိုများတာကို တွေ့ရပါတယ်။ အဲဒီလိုနဲ့ ကြာလာတော့ ပြည်ပရောက် မြန်မာအတော်များများဟာ ဗီလိန်တွေ ဖြစ်ရပါတယ်။

တကယ်ဆိုရင်တော့ ကျနော်တို့ မြန်မာလူမျိုးတွေဟာ အင်မတန်ချစ်စရာကောင်းတဲ့ `ရောင့်ရဲလွယ်ခြင်း´ ဆိုတဲ့ အရိုးခံစိတ် ပိုင်ဆိုင်သူ လူမျိုးတွေပါ။ တော်ရုံတန်ရုံ ဒုက္ခလောက်ကို မမှုဘဲ မိမိ မွေးရပ်ဇာတိမှာပဲ ရိုးရိုးကုပ်ကုပ် အေးချမ်းစွာ နေလိုတဲ့ လူတွေများပါတယ်။ ဘယ်လိုမှ မဖြစ်သာ၊ မတတ်သာတဲ့ အခါမှသာ အပြောင်းအလဲ တခုခုကို လိုလားတောင်းဆိုကြတာမျိုးပါ။ တော်ရုံကိစ္စကို `ဘ၀ပေး ကုသိုလ်ကံပါပဲလေ´ ဆိုပြီးတော့ ဖြေသိမ့်တွေးတတ်တာမျိုးပါ။

ဒါပေမယ့် အချိန်ကာလ ရွေ့လျောလာမှုနဲ့ ပြောင်းလဲလာတဲ့ ခေတ်၊ စနစ်တွေကြောင့် အဲဒီ `ရောင့်ရဲလွယ်တဲ့ စိတ်´ က အလုပ်မဖြစ်တော့ပါဘူး။ နွားလှည်းနဲ့ ခရီးသွားနေရာကနေ မော်တော်ကားကို မျက်စပစ်လာတဲ့ခေတ်၊ ကျေးစေတမန်ကို အားကိုးနေရာကနေ ကွန်ပျူတာ အင်တာနက်ကို လက်လှမ်းလာတဲ့ ခေတ်ကြီးမှာ တောက လယ်သမားကြီးက သူ့သားကို သူ့လိုပဲ လယ်ထဲမှာ နွားနဲ့ ဖက်ရုန်းပြီး ဘ၀ကို ပြီးဆုံးသွားတာမျိုး မမြင်ချင်တော့ပါဘူး။ ဒါက ခေတ်စနစ်တခုရဲ့ တောင်းဆိုမှု တခုပါ။

နောက်တချက် စဉ်းစားစရာကတော့ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလွန်းတဲ့ ပြဿနာပါ။ နှစ်နဲ့ချီသင်ကြားခဲ့ပြီး ဘွဲ့ရတယောက်ကို သူသင်ခဲ့တဲ့ ပညာနဲ့ ထိုက်တန်တဲ့လစာရနိုင်မယ့် အလုပ်မျိုး လောက်ငအောင် မပေးနိုင်ခြင်းဟာ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ ကျနော် ဆယ်တန်းအောင်ခါစက နယ်မြို့ကလေးမှာ ရုံးစာရေးအဖြစ် ၀င်လုပ်တော့ ရှစ်တန်းနဲ့ ကျောင်းထွက်ပြီး ဆိုက်ကားထွက်နင်းနေတဲ့ ကျောင်းနေဖက်ဟောင်းက `မင်းလစာက ငါဆိုက်ကား တပတ်နင်းစာလောက်တောင် မရှိဘူး´ လို့ နောက်ပြောင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့အခြေအနေကလည်း အဲဒီအတိုင်းပဲ ဖြစ်နေပါတယ်။

တခြားနိုင်ငံရောက် မြန်မာတွေကို ဖယ်ထားပြီးတော့ နီးနီးနားနား အိမ်နီးချင်း ထိုင်းနိုင်ငံကို လေ့လာကြည့်မယ်ဆိုရင်တောင် အဲဒီနိုင်ငံကို ရောက်သွားတဲ့ မြန်မာလူမျိုး အတော်များများဟာ သူတို့နိုင်ငံသားတွေ မလုပ်ချင်ကြတဲ့ အောက်ခြေသိမ်းအလုပ်တွေကိုသာ လုပ်ကြရတာများပါတယ်။ ဒါပေမယ့် သေချာတာကတော့ အဲဒီလူတွေက မောင်စံပေါရေးခဲ့တဲ့ `နိုင်ငံဂျား ရောဂါ´ ထပြီးတော့ တိုင်းပြည်က ထွက်လာတဲ့ လူတွေမဟုတ်ပါဘူး။

အဲဒီနိုင်ငံတွေက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ မဆလာသယ်၊ အုတ်သယ်နေရတဲ့ မြန်မာဘွဲ့ရတွေ၊ အပျော်ခန်း၊ဇိမ်ခန်းတွေမှာ ဘ၀တန်ဖိုးကို ချခင်းပြီး ငွေရှာနေရတဲ့ မြန်မာအမျိုးကောင်းသမီးတွေ သူတို့တွေ သူတို့တွေအားလုံးကို `မင်း မြန်မာပြည်ကနေ ဘာလို့ ထွက်လာတာလဲ´ လို့ မေးလိုက်ပါ။ ဘယ်သူကမှ `ဒီနိုင်ငံကို အထင်ကြီးလို့´ လို့ ဖြေမှာမဟုတ်ပါဘူး။ နေရင်းထိုင်ရင်းနဲ့လည်း ဘယ်သူကမှ ကိုယ့်ကို မွေးဖွားတဲ့ ဇာတိတိုင်းပြည်ကို အထင်သေးစိတ်တွေ ၀င်မနေပါဘူး။ သေချာတာကတော့ သူများတိုင်းပြည်တွေ တိုးတက်နေတာကို မြင်ရတဲ့ အခါမှာတော့ `ငါ့နိုင်ငံကျတော့ ဘာလို့ အဲဒီလို မတိုးတက်ရတာလဲ´ ဆိုတဲ့ မချင့်မရဲစိတ်ကတော့ လူတိုင်းမှာ ဖြစ်ကြတာပါပဲ။

ဆိုကြပါစို့…။ နိုင်ငံခြားမှာ အတတ်ပညာတခုခုကို သူတို့နိုင်ငံက လူတွေထက် မညံ့အောင် တတ်မြောက်တဲ့အထိ သင်ကြားလာတဲ့ မြန်မာတယောက်က သူ့နိုင်ငံပြန်ရောက်တဲ့အခါ သူတာဝန်ထမ်းဆောင်သင့်တဲ့ နေရာက သူတတ်လာတဲ့ ပညာအရည်အချင်းနဲ့ ကိုက်ညီတဲ့ နေရာဖြစ်သင့်ပါတယ်။ လစာဝင်ငွေကလည်း တိုင်းတပါးမှာ အလုပ်လုပ်စဉ်ကလောက် မကောင်းသည့်တိုင်အောင် ထိုက်တန်လျောက်ပတ်တဲ့ လစာနှုန်းထား ရနေမယ်ဆိုရင် ဘယ်သူကမှ တိုင်းတပါးမှာ အောက်ကျနောက်ကျခံပြီး အလုပ်လုပ်မယ်လို့ ကျနော်မထင်ပါဘူး။ ခက်တာက ကျနော်တို့ နိုင်ငံမှာက ဘုရားကားအောက်၊ မျောက်ကား အထက် ဖြစ်နေတဲ့ ပြဿနာပါ။

ဆောင်းပါးရှင် မောင်စံပေါက …
`ဦးနှောက် ယိုစီးမှု လို့လည်း မပြောပါဘူး၊ ထူးချွန်တဲ့၊ တော်တဲ့ ကလေးတွေ လောလောဆယ် အခြေအနေအရ မပြည့်စုံသေးတဲ့ ဘ၀မှာ တခြားသွားမယ်ဆို သွားကြ၊ မရှိလို့ မဖြစ်ဘူးဆိုတာ ဘာမှမရှိဘူး၊ အတုမဲ့ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုသွားပေမယ့် ကမ္ဘာကြီးက ဆက်ရှိနေတယ်။ လူသားတွေက ဆက်လက် ရှင်သန်ဆဲ´

လို့ ရေးထားတာကို ဖတ်လိုက်ရတော့ အတွေးတွေ အတော် ချာချာလည်သွားပါတယ်။ တကယ်တော့ ကိုယ့်နိုင်ငံက ပညာတတ်တွေ တခြားနိုင်ငံထွက်ပြီး အလုပ်လုပ်နေတာ၊ တနည်းအားဖြင့် သူတို့ရဲ့ အရည်အချင်းတွေကို တခြားနိုင်ငံမှာ သွားသုံးနေရတာက ဦးနှောက်ယိုစီးမှု မဟုတ်ပေဘူးလား။ `မရှိလို့ မဖြစ်ဘူး ဆိုတာ ဘာမှ မရှိဘူး´ ဆိုတာကလည်း အပေါ်ယံ စဉ်းစားရင် ဟုတ်သယောင်ယောင်ပေမယ့် တကယ်တော့ တိုင်းပြည်အတွက် ရတနာအမွှေအနှစ်သဖွယ် ဖြစ်တဲ့ ပညာတတ်လူတန်းစားက တိုင်းပြည်တခုမှာ မရှိလို့ မဖြစ်ပါဘူး။

`ဒီတိုင်းပြည်ရဲ့ ပညာရေးက အလကားပါပဲ´ လို့ ပြောသူတွေကို မောင်စံပေါ်က အပြစ်ဖို့ပါတယ်။ တကယ်တမ်း အပြစ်ဖို့သင့်တာက ဘယ်သူ့ကိုလည်း ဆိုတာကတော့ ပြောနေစရာတောင် မလိုပေမယ့် အခြေအနေအရ ရေးသားဖို့ မ၀ံ့လို့ အပြစ်တင်လို့ ရသူကိုပဲ တင်လိုက်တာလို့ မြင်မိပါတယ်။ တကယ်တမ်းသာ ကျနော်တို့ တိုင်းပြည်ရဲ့ ပညာရေး နိမ့်ကျမှု ပြဿနာကို ပြောကြစတမ်းဆိုရင် အရှည်ကြီးပါ။

ဒီစာကို ရေးရတာဟာ ပြည်ပရောက် မြန်မာတွေကို `လုံးဥဿုံ´ အကာအကွယ်ပေးလိုတဲ့ ရည်ရွယ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေတရပ်ကိုတော့ သိစေချင်မိတဲ့ ဆန္ဒတော့ ရှိပါတယ်။ ပြည်ပရောက်တွေထဲမှာလည်း မောင်စံပေါ်ရေးသလို ထောက်ပြချင်စရာကောင်းတဲ့ လူတချို့လည်း ရှိနေတာကတော့ အမှန်ပါပဲ။ သို့သော်…၊ ပြည်ပရောက်သူ အားလုံး `တိုင်းတပါးကို အထင်ကြီးသူ´ ဆိုတာကတော့ မဟုတ်ပါဘူး။

***

တခါက ကျနော့်အလုပ်ရှင်က ကျနော့်ကို မေးဖူးပါတယ်။

`မင်း အမေရိကန်မှာ နေရတာ အဆင်ပြေလား´
`ဟုတ်ကဲ့၊ ပြေပါတယ်´
`၀င်ငွေကရော မင်းနိုင်ငံထက်ပိုများမှာပေါ့´
`ဒါပေါ့´
`ဒါဖြင့် မင်းဒီမှာပဲ တသက်လုံး အခြေချမှာလား´
`ဟင့်အင်း၊ ဒီနေရာကို ကျနော့်အတွက် ခေတ္တနားတဲ့ နေရာလို့ပဲ မှတ်ထားပါတယ်´
`ဘာလို့လဲ´
`ကျနော်က မြန်မာလေ´

ကျနော်ယုံကြည်ပါတယ်။ တခြားသော ပြည်ပရောက် လူတော်တော်များမှာလဲ အဲဒီလို အတွေးတွေပဲ ရှိနေကြမှာပါပဲ။

ကလိုစေးထူး

Sunday, October 21, 2007

ရွှေပင်မှာ နားစေဖို့…

ငယ်ငယ်တုန်းက ကျောင်းစာမှာ သင်ခဲ့ရဖူးတာ ရှိပါတယ်။

`ကျေးညီနောင်´ ပုံပြင်မှာ လေပြင်းမုန်တိုင်းဒဏ်ကြောင့် တကောင်သော ကျေးက ရသေ့ကျောင်းတော်ကို ရောက်လို့ တကောင်ကတော့ ခိုးသူတွေ လက်ထဲကို ရောက်သွားတဲ့ ပုံပြင်လေးပါ။

ရသေ့ကျောင်းတော်ကို ရောက်သွားတဲ့ ကျေးလေးက ယဉ်ကျေးသလောက် ခိုးသူတွေ လက်ထဲကို ရောက်သွားတဲ့ ကျေးမှာတော့ ခက်ထန်ကြမ်းကြုတ်ပုံကို သင်ခန်းစာယူစရာ သင်ကြားခဲ့ရတာမို့ ကလေးဘ၀ကပင် အခုအထိတိုင်အောင် စိတ်ထဲစွဲနေအောင် အမှတ်ရခဲ့ရပါတယ်။

***

လူတယောက်ရဲ့ အတွေးအခေါ်၊ အသိအမြင်၊ ယုံကြည်ချက်ဟာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ၊ သူ့ရဲ့ စဉ်းစားဆင်ခြင်ဉာဏ်တို့အပေါ် အခြေခံလေ့ရှိပါတယ်။ လူတွေဟာ မိမိဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ အရောင်စွန်းထင်းမှုကို များစွာ ရိုက်ခတ်ခံရလေ့ရှိပါတယ်။ ချွင်းချက်အားဖြင့် မတူကွဲပြားတာတွေ ရှိကြပေမယ့် ခက်ထန်ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်လာရတဲ့လူ အတော်များများရဲ့ စိတ်နေစိတ်ထား အတော်များများဟာ တခြားသော ပတ်ဝန်းကျင်နဲ့ မတူကွဲပြားလှစွာနဲ့ အပြောအဆို၊ အပြုအမူ ထူးခြား ခက်ထန်နေတာကို သတိထားမိလာရပါတယ်။

တခါတလေကျတော့လည်း အထက်က တင်ပြခဲ့တာတွေနဲ့ ကွဲပြားခြားနားတဲ့ လူတချို့၊ တနည်းအားဖြင့် ကိုယ်ပိုင် ဆင်ခြင်စဉ်းစားဉာဏ်နဲ့ ရင့်ကျက်တဲ့ လူတွေကတော့ သူတို့ ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုက သူတို့နဲ့ မသက်ဆိုင်လှဘဲ တည်ငြိမ်မှု ရှိကြပေမယ့် ရာခိုင်နှုန်းအားဖြင့်တော့ အင်မတန်နည်းပါးလှတာကတော့ အမှန်ပါပဲ။

***

ကျနော့်ထက် တနှစ်စောပြီး ဆယ်တန်းကို နှစ်ခြင်းပေါက်အောင်သွားတဲ့ သူငယ်ချင်းတယောက် အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်းကိုပါ တက်ရောက်ခွင့် ရသွားတော့ တပ်ထဲမှာ အရာရှိပေါက်စအဖြစ်ပေါ့…။ ပုခုံးပေါ်မှာ ရွှေကြယ်ပွင့်လေး နှစ်ပွင့်နဲ့ ဘိုပေါက်စ သူငယ်ချင်းက တရက်မှာတော့ ကျနော်တို့ မြို့ကို ခွင့်ပြန်လာပါတယ်။

ကျောင်းသားဘ၀က အင်မတန်မှ အေးဆေးပြီး သိမ်မွေ့လှတဲ့ အဲဒီသူငယ်ချင်းက စစ်တပ်ထဲမှာ နှစ်အတန်ကြာ ဖြတ်သန်းဖူးတဲ့ အခါမှာ အပြောအဆို အပြုအမူက အစ တော်တော်ကြီးကို ပြောင်းလဲသွားပါတယ်။ သူ့ရဲ့ ဘိုပေါက်စ ရာထူးရဲ့ အရှိန်ကို သူငယ်ချင်း အချင်းချင်းအကြားကိုပါ ယူလာတော့ စကားပြောရတာ အရင်ကလို မနွေးထွေးတော့ပါဘူး၊ မဖြူစင်တော့ပါဘူး။

အဆိုးဆုံးအချက်ကတော့ သူ့ရဲ့ အတွေးထဲမှာ `မြန်မာပြည်မှာ စစ်တပ်ကို ဘယ်ကောင်မှ ကာပြန်လို့ မရဘူး´ ဆိုတဲ့ အတွေးကြီး ၀င်လာခဲ့တာပါပဲ။

***

လွန်ခဲ့တဲ့ ရက်အနည်းက ကျနော် `ကပ်ဆိုး၏ တံလျှပ်များ´ ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ထဲမှာ လူထုထောက်ခံပွဲ အတုအယောင်တွေကြောင့် ပြည်သူတွေ `အစည်းအဝေးကပ်´ ဆိုက်နေရာတဲ့ အကြောင်းကို အခြေခံရေးခဲ့တာပါ။



စာတပုဒ်အပေါ် လူတွေရဲ့ ထင်မြင်ချက် အမျိုးမျိုး ရှိနိုင်တာကို နားလည်ထားပေမယ့် အထက်ပါ မှတ်ချက်ကတော့ ထူးခြားလွန်းလှတာကြောင့် ၀င်ရောက်ရေးသားသူရဲ့ အိုင်ပီကို ကြည့်မိတော့ မြင်ရတဲ့အတိုင်း ရုရှက ဖြစ်နေပါတယ်။

ကျနော် ဘလော့ဂ်အတော်များများကို ဖတ်ဖြစ်တဲ့အခါ ရုရှက မြန်မာလူငယ် စစ်ပညာတော်သင်တွေရဲ့ ဘလော့ဂ်တချို့ကိုလည်း ဖတ်ဖြစ်ပါတယ်။ အဲဒီအထဲမှာ တချို့သော လူငယ် အရာရှိငယ်လေးတွေဟာ အင်မတန်မှ စိတ်သဘောထား ပြေပြစ်ဟန် ရှိတာကို သူတို့ရဲ့ အရေးအသားနဲ့ တခြားသော ဘလော့ဂါတွေအပေါ် ဆက်ဆံရေးတွေက တဆင့် တွေ့ခဲ့ရပါတယ်။ အင်မတန်လည်း ကျေနပ်စရာကောင်းလှပါတယ်။ အဲဒီလို စစ်အရာရှိငယ်တွေများလေလေလေ ပြည်သူအပေါ်နဲ့ တကယ်စေတနာထားမယ့် ခေါင်းဆောင်လောင်းတွေ များလာလေလေပါပဲ။

ဒါပေမယ့် အခု မှတ်ချက်ကို ၀င်ရေးသွားတဲ့ အမည်မသိ ပုဂ္ဂိုလ်ရဲ့ အယူအဆကတော့ အင်မတန်မှ အန္တရာယ်ကြီးမားလှသလို ခက်ထန်လွန်းရာလည်း ကျနေပါတယ်။ `ငါတို့ကို မနိုင်ရင် ငြိမ်းချမ်းရေးတွေ ဘာတွေလည်း ပြောမနေနဲ့၊ မင်းတို့နိုင်ရင် ငါတို့ကို ကြိုက်သလိုလုပ်၊ အခုကတော့ ငါတို့လုပ်သမျှခံပေတော့´ ဆိုတဲ့ အယူအဆဟာ ယနေ့ခေတ် လူငယ်တယောက် အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးက အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတယောက်မှာ လုံးဝ မရှိသင့်သလို စဉ်းစားဆင်ခြင်တုံ တရားလည်း နည်းလွန်းတယ်လို့ မြင်ပါတယ်။

အဲဒီမှတ်ချက်ကို `စကားအသာရရင် ပြီးရော´ ဆိုတဲ့ သဘောနဲ့ ရေးခဲ့တာဆိုရင်တော့ တော်ပါသေးရဲ့လို့ ဖြေတွေးနိုင်သေးပေမယ့် အဲဒီလိုအယူအဆသာ သူ့စိတ်ထဲမှာ တကယ်ကိန်းအောင်းနေတယ်ဆိုရင်တော့ မြန်မာပြည် အနာဂတ် စစ်တပ်ဟာ လက်ရှိအခြေအနေထက် ပိုမို မိုက်ရိုင်းခက်ထန်လာမယ်ဆိုတဲ့ အရိပ်အယောင်ပါပဲ။ ဒီလို စစ်ဘိုပေါက်စမျိုး ရုရှမှာတင်မက မြန်မာပြည် တနံတလျားက စစ်တပ်တွေမှာ ဘယ်နှစ်ယောက်တောင် ရှိနေလိမ့်မလဲဆိုတာ မတွေးဝံ့ပါဘူး။

တဖက်ကပြန်တွေးရင်တော့ အဲဒီလို ဆင်ခြင်တုံ နည်းလှတဲ့ လူမျိုးတွေ ရှိသလို ရင့်ကျက်တည်ငြိမ်ပြီး ပြည်သူအပေါ် မရက်စက်လိုတဲ့ အရာရှိငယ်တွေလည်း တပ်ထဲမှာ ရှိနေနိုင်သေးတာပဲ ဆိုတဲ့ အချက်ပါ။ ခက်တာက အဲဒီ အရာရှိငယ်တွေအင်အားက စောစောလို ပုဂ္ဂိုလ်တွေထက် နည်းနေလေမလား၊ ဒါမှမဟုတ် ခက်ထန်တဲ့ စစ်ဘိုအုပ်စုကို နှလုံးရည် သိမ်မွေ့ယဉ်ကျေးတဲ့ အရာရှိငယ်တွေက လွန်ဆန်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။

***

ထောက်လှမ်းရေး အရာရှိ ဒုဗိုလ်မှူးကြီးဟောင်း ကြည်ဆွေ ရေးခဲ့တဲ့ `အာဏာရှင်ကြီး၏ အတွင်းရေးများ´ ဆိုတဲ့ စာအုပ်ထဲမှာ ဦးနေ၀င်းလက်ထက်က စစ်တပ်တွင်း အရာရှိတွေရဲ့ အခြေအနေကို ဖော်ပြထားတာကို ပြန်လည် ကောက်နှုတ်ရရင်…

တပ်မတော်တွင် တာဝန်များ ထမ်းဆောင်ခဲ့ကြသော ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် နီးကပ်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် လူကြီးများ၏ ပြောပြချက်များအရ `ဗိုလ်ချုပ်(နေ၀င်း)က လူကောင်းလူတော်ကို အခုမှ ခွဲခြားပြောတာ မဟုတ်ဘူး၊ ကျနော်တို့ တပ်မတော်မှာ တာဝန်ယူခဲ့စဉ်တုန်းက မကြာခဏ ပြောတတ်တဲ့ စကားဖြစ်တယ်။ တော်တဲ့ကောင်တွေကို ကြပ်ကြပ်သတိထား၊ မင်းတို့ကို ခွစီးသွားလိမ့်မယ်။ ဆရာမွေးသလို ဖြစ်လိမ့်မယ် လို့ အမြဲပြောခဲ့တယ်။ သစ္စာရှိတဲ့ကောင်၊ ကောင်းတဲ့ကောင်တွေကို မွေး၊ နောက်မှ တော်အောင်လုပ်ယူ၊ အဲဒါ အန္တရာယ်ကင်းတယ်´ လို့ အမြဲပြောခဲ့ကြောင်းများကို သိရပါသည်။ ဗိုလ်ချုပ်ကြီးသည် လူတော်များကို မကြိုက်သည်မှာ ၎င်း၏ ဗီဇ ဖြစ်ပုံရပါသည်။

အဲဒီစာအုပ်ရဲ့ တနေရာမှာဆိုရင်လည်း…

ဗိုလ်ချုပ်ကြီး၏ လူကောင်းလူတော်စနစ်အရ လက်ရွေးစင်ဖြစ်လာကြသော ခေါင်းဆောင်များသည်လည်း နိုင်ငံရေး အမြင်ရင့်ကျက်သူများ မဟုတ်ကြသဖြင့် လူပြိန်းတွေး တွေးပြီး လုပ်လာခဲ့ကြကြောင်းများကို တွေ့လာခဲ့ရပါသည်။ `သစ္စာရှိဖို့သည်သာ အဓိက၊ ထိုက်တန်သော အရည်အချင်း ရှိလာအောင် ကြိုးစားရန် မလို´ ဟူသော ယုံကြည်ချက်များလည်း ရှိလာခဲ့ကြပါတော့သည်။ ထိုသို့ ယုံကြည်လာသည် နှင့်အမျှ အခွင့်ရသမျှကို ရဲတင်းစွာ ယူလာကြပါတော့သည်။ `ဒို့ဟာ ဒီရာထူးမျိုးကို တခြားအစိုးရ လက်ထက်မှာ ဘယ် ရနိုင်မှာလဲကွ၊ ဗိုလ်ချုပ်ကြီးနေ၀င်း လို လူမျိုးကြောင့်သာ ဒို့ဟာ ဒီအခြေအနေမျိုးကို ရလာခဲ့တာပဲ။ သူ့အပေါ်မှာ သစ္စာ ရှိဖို့ကလွဲရင် ဘယ်သူ့မှ သစ္စာရှိဖို့ မလိုဘူးကွ´ ဟူ၍ပင် ရဲရဲတင်းတင်းပြောသူများ ရှိလာခဲ့ကြပါသည်။

အဲဒီ စာအုပ်ထဲကအတိုင်းသာ ယနေ့ခေတ် တပ်မတော်မှာ အဲဒီလို ပုံစံမျိုး စစ်ဘိုတွေက တစတစနဲ့ အင်အားကြီးထွားလာရင်…။

***

ပုံပြင်ထဲမှာတော့ ခိုးသူလက်ထဲ ရောက်သွားတဲ့ ကျေးလေးက ခက်ထန်ကြမ်းကြုတ်ပါသတဲ့…။

ကျနော်က အဲဒီပုံပြင်ကို တမျိုးပြန်တွေးကြည့်မိပါတယ်။ ခိုးသူလက်ထဲ ရောက်တဲ့ ကျေးတိုင်းကို ခက်ထန်တယ်လို့ မထင်မြင်ချင်သေးပါဘူး။ အဲဒီပတ်ဝန်းကျင်က ခေတ်သစ်ကျေးတွေ အားလုံးကို `ဒီပုတ်ထဲက ဒီပဲပါပဲ´ လို့ သိမ်းကြုံးမထင်ချင်ပါဘူး။

ဒါပေမယ့် ခက်ထန်လွန်းတဲ့ ခေတ်သစ်ကျေးတွေ ယဉ်ကျေးလာဖို့ကတော့ အားလုံးရဲ့ အနာဂတ်အတွက် လိုအပ်နေပါပြီ။


ကလိုစေးထူး


လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၅)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများ (ဒုတိယပိုင်း)
နိုင်ငံရေး အကျဉ်းသားနဲ့ ထောင်အာဏာပိုင် ထောင်လူဆိုးတို့ ဆက်ဆံရေး

နိုင်ငံရေး အကျဉ်းသားတွေကို အဲဒီလို လေးစားချစ်ခင်တဲ့ အထဲမှာ ထောင်အာဏာပိုင်တွေ လက်သပ်မွေးထားပြီး အုပ်ချုပ်ရေးပိုင်း ရောက်နေတဲ့ ရာဇ၀တ် အကျဉ်းသားတွေတော့ မပါပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်ထဲမှာ မတရားတာတွေ တွေ့ရင်၊ လူဆိုးတွေက ရိုးရိုး မျက်နှာမွဲ အကျဉ်းသားတွေကို နှိပ်စက် ညှဉ်းပန်းနေတာ တွေ့ရင် အနည်းဆုံး ခြိမ်းခြောက်ငွေညှစ်နေတာမျိုးကအစ တွေ့ရင် ကန့်ကွက်တတ်၊ တိုင်တန်းတတ်ပါတယ်။ အုပ်ချုပ်ရေးပိုင်း ရောက်နေတဲ့ ရာဇ၀တ်အကျဉ်းသား လူဆိုးတွေက ထောင်အာဏာပိုင်တွေနဲ့ ပေါင်းပြီး မတရားမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ထောင်ထဲမှာ လုပ်နေကြ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေဟာ သူတို့အတွက် `အနှောက်အယှက်´ `ခလုတ်ကန်သင်း´ `အန္တရာယ်´ လို့ သတ်မှတ် ယူဆကြတာပါ။

အဲဒီအကြောင်းတွေကြောင့် နိုင်ငံရေး အကျဉ်းသားတွေကို မကြိုက်ကြဘဲ `ထောင်တွင်းမှာ မလိုလားအပ်သူတွေ´ အဖြစ် ရှုမြင်ကြတာပါ။ (သူတို့ အကျိုးစီးပွားကို ထိခိုက်တာကိုး။ ဒါပေမယ့် သူတို့က လူနည်းစု ဖြစ်ပါတယ်)။

ဒါ့အပြင် သူတို့ဟာ ထောင်အာဏာပိုင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအကြား `အထင်အမြင် လွဲမှားမှုတွေ´ ဖြစ်လာအောင်၊ မုန်းတီးလာအောင်၊ ပဋိပက္ခတွေ တိုးပွားလာအောင်လည်း လုပ်တတ်ကြပါတယ်။

လုပ်နည်းကတော့ `နိုင်ငံရေး အကျဉ်းသားတွေ ဆူပူဖို့ ကြံစည်နေတယ်´ `ထောင် အာဏာပိုင် ဆန့်ကျင်ရေးလုပ်ဖို့ တိုင်ပင်နေကြတယ်´ `ထောင်အပြင်နဲ့ လျှို့ဝှက် ဆက်သွယ်ပြီး သတင်းတွေ ပို့နေတယ်´ `ဘယ် ထောင် အရာရှိကို တိုင်ဖို့ လုပ်နေတယ်´ စသဖြင့် ထောင်အာဏာပိုင်တွေကို သတင်းတွေ သွားပို့ တိုင်ကြားတာမျိုးပါ။

တခါတခါလည်း နိုင်ငံရေး အကျဉ်းသားတွေမှာ မလွဲသာ မရှောင်သာ အဲဒီလို လုပ်ဖို့ အစီအစဉ်တွေ ရှိတတ်ပါတယ်။ ဒါကို တနည်းနည်းနဲ့ ထောင်လူဆိုးတွေ သိသွားတဲ့ အခါမျိုးတွေမှာ အာဏာပိုင်တွေကို သွားပြီး သတင်းပေးပို့တတ်ပါတယ်။ တခါတခါကျတော့လည်း အဲဒီလို သတင်းမျိုးတွေကို လုပ်ကြံ သွားပို့တတ်ပါတယ်။ ထောင်အာဏာပိုင်တွေကလည်း အဲဒီလို သတင်းမျိုးဆိုရင် ယုံချင်ချင်ဆိုတော့ ထောင်လူဆိုးတွေ အဲဒီလို လုပ်တာ မဆန်းပါဘူး။ လူဆိုးတွေ အဲဒီလို သတင်းပေးပို့ကြရာမှာ ရည်ရွယ်ချက် သုံးချက် ရှိပါတယ်။

ပထမ ရည်ရွယ်ချက်က ထောင်အာဏာပိုင်တွေကို ထိခိုက်နစ်နာစေမယ့် သတင်းမျိုး သူတို့ ကြိုတင်ပေးနိုင်ခြင်း အားဖြင့် ထောင်အာဏာပိုင်တွေ မျက်နှာသာပေးတာ၊ ယုံကြည်တာ ခံရဖို့ပါ။

ဒုတိယ ရည်ရွယ်ချက်ကတော့ ထောင်အာဏာပိုင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပြေလည်အောင် ပဋိပက္ခတွေ ဖန်တီးပေးဖို့ပါ။

အဲဒီလို ထောင်အာဏာပိုင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပြေလည်တဲ့အခါ ထောင်လူဆိုးတွေအနေနဲ့ သူတို့ လုပ်ချင်တာတွေ လုပ်ခွင့်ကို ထောင်အာဏာပိုင်တွေက ပိုပေးလာတတ်လို့နဲ့ သူတို့ရဲ့ လုပ်ရပ်အမှားတွေ ဥပဒေ ချိုးဖောက်မှုတွေ ကိုယ်ကျိုးရှာမှုတွေကို ထောင်အာဏာပိုင်တွေက သိပ် ဂရုမစိုက်တော့လို့ မသိချင်ယောင် ဆောင်ပေးလို့ ဖြစ်ပါတယ်။

တတိယ ရည်ရွယ်ချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေက မတရားမှုကို သည်းမခံတတ်ဘဲ ဆန့်ကျင်ကန့်ကွက်တတ်တော့ ထောင်ထဲမှာ မတရားတတ်တဲ့၊ အကျဉ်းသားအချင်းချင်း နှိပ်စက် ညှဉ်းပန်းတတ်တဲ့ ထောင်လူဆိုးတွေက သူတို့ အကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုပြီး နိုင်ငံရေး အကျဉ်းသားတွေကို တေးမှတ်ထားပြီး လက်စားချေတဲ့ အနေနဲ့ ထိခိုက်နစ်နာသွားအောင် ကြံစည် လုပ်ဆောင်တာ ဖြစ်ပါတယ်။

အခု ဖော်ပြခဲ့တာတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ရိုးရိုးအကျဉ်းသားတွေနဲ့ မတူတဲ့ ထောင်လူဆိုးတွေရဲ့ သဘောထား ဖြစ်ပါတယ်။

ထောင်အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေအပေါ် ထားတဲ့ သဘောထားကတော့ နှစ်ရပ် ရှိပါတယ်။

ပထမသဘောထားကတော့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက မုန်းတီးပြီး မလိုလားအပ်သူတွေ အဖြစ် သဘောထားတာပါ။ ဒါကလည်း အကြောင်း ရှိပါတယ်။

ဥပဒေအရ ခွင့်ပြုထားပြီး အကျဉ်းသားတွေ တရားသဖြင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အာဏာပိုင်တွေ လျှို့ဝှက်ထားတဲ့ ကြားထဲက အဲဒီ အခွင့်အရေးတွေကို နိုင်ငံရေး အကျဉ်းသားတွေက အနည်းနဲ့ အများ သိကြပါတယ်။ သိအောင်လည်း ကြိုးပမ်း လေ့လာကြပါတယ်။ ဒီလို သိတာမျိုးကို ထောင်အာဏာပိုင်တွေက မကြိုက်ကြပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေက အဲဒီလို သိရုံမက အဲဒီအခွင့်အရေးတွေကို တရားသဖြင့် ရရှိရေးအတွက် တောင်းဆိုတတ်သလို၊ အဲဒီ အခွင့်အရေးတွေကို ထောင်အာဏာပိုင်တွေက ဖောက်ဖျက်လာရင်လည်း ငြိမ် မခံတတ်ကြပါဘူး။

ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဘ၀တူ နိုင်ငံရေး အကျဉ်းသားတယောက် ထိခိုက်ရင် မခံတတ်ဘဲ လက်သည်းဆိတ် လက်ထိပ်နာ ဆိုသလို ကိုယ်နဲ့ သိသိ၊ မသိသိ ထိခိုက်သူဘက်က ရပ်ကြ၊ ၀ိုင်းဝန်းကြ၊ အရေးဆိုကြ၊ အနာခံ တိုက်ပွဲဝင်တတ်ကြပါတယ်။ စောင့်ရှောက် ကူညီတတ်ကြပါတယ်။ ထောင်အာဏာပိုင်တွေ အမုန်းဆုံးက အဲဒီ အချက် ဖြစ်ပါတယ်။

ထောင်ထဲမှာ `ငါ´ ပဲ ရှိတယ်။ `ငါတို့´ ဆိုတာ မရှိဘူး လို့ ထောင်အာဏာပိုင်တွေ ပြောတတ်ကြပါတယ်။

သဘောက ထောင်အာဏာပိုင်တွေနဲ့ စကားပြောရာမှာ အကျဉ်းသားတဦးက `ကျနော်´ လို့သာ သုံးနှုန်းရပါတယ်။ `ကျနော်တို့´ ဆိုတဲ့ အများကို ကိုယ်စားပြုတဲ့ အသုံးအနှုန်း ဗဟုဝု၀် မသုံးရပါဘူး။ ထောင်ထဲမှာက လူတွေကို တဦးချင်း သွေးခွဲအုပ်ချုပ်တာဆိုတော့ အများအတွက် အနစ်နာခံပြီး ပြောတတ်၊ လုပ်တတ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေ ဘယ်လိုလားကြပါ့မလဲ။

နိုင်ငံရေး အကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်ရဲ့ ဒုတိယ သဘောထားကတော့ နိုင်ငံရေး အကျဉ်းသားဆိုတာ သူပုန်တွေ၊ ရန်သူတွေ အုပ်ချုပ်တဲ့ အစိုးရက မလိုလားသူတွေလို့ သတ်မှတ် ယူဆထားတဲ့ အတွက် မျက်နှာသာအပေးခံချင်တဲ့ အောက်လက် ငယ်သားတွေ ထုံးစံအတိုင်း အုပ်ချုပ်သူ အစိုးရအကြိုက် နိုင်ငံရေး အကျဉ်းသားတွေကို အခွင့်အရေးရရင် ရသလို ဖိနှိပ်ပေးရမယ်။ ညှဉ်းပန်း နှိပ်စက်ပေးရမယ်၊ ဒါမှ အစိုးရဆီက အခွင့်အရေး ရမယ်။ ရာထူးတက်မယ် ဆိုတဲ့ သဘောထားပါ။ အဲဒီလို ဖြစ်အောင်လည်း အစိုးရက ပုံသွင်း နားသွင်းထားတယ် မဟုတ်လား။

ထောင်အာဏာပိုင်တွေရဲ့ အရိုးစွဲနေတဲ့ အဲဒီ သဘောထား နှစ်ရပ်ကြောင့်ပဲ ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေကို ဥပဒေလက်လွတ် ဖိနှိပ်မှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ ပြဿနာမရှိ ပြဿနာရှာမှုတွေ ဆိုးဝါး ပြင်းထန်နေရတာပါ။

အဲဒီလိုနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို `မလိုလားအပ်သူတွေ´ `ဒုက္ခပေးမယ့် လူတွေ´ `ပြဿနာရှာသူတွေ´ အဖြစ် ထောင်အာဏာပိုင်တွေက အမြဲတမ်း သံသယပွားနေတာမို့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အရိုးသားဆုံး၊ အသန့်ရှင်းဆုံး တောင်းဆိုချက်၊ မေတ္တာ ရပ်ခံချက်၊ အကြံပြုချက်တွေကိုတောင် နိုင်ငံရေး လှုပ်ရှားမှု၊ သို့မဟုတ် ထောင်အာဏာပိုင် ဆန့်ကျင်ရေး လုပ်ရပ်တွေ အဖြစ် ဇွတ်တရွတ် သတ်မှတ် ယူဆကြပါတော့တယ်။ အဲဒီ သဘောထားတွေရဲ့ အကျိုးဆက်အဖြစ်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်မှုတွေ ထောင်ထဲမှာ ၀မ်းနည်းစရာ ဖြစ်လာရတော့တာပါ။

ဆက်ရန်…

Thursday, October 18, 2007

စပ်မိစပ်ရာ (၁၂)...

စပ်မိစပ်ရာကို မရေးဖြစ်ခဲ့တာ အတန်ကြာခဲ့ပါပြီ။ တခြားရေးချင်တာတွေကို အတော်ကြာအောင် ရေးခဲ့ပြီးတဲ့ တိုင်အောင် စိတ်ထဲမှာ သဘောမတွေ့တာလေးတွေ၊ စာဖတ်သူတွေကိုလည်း အတွေးမျှချင်တာလေးတွေ ရှိနေသေးတော့ စပ်မိစပ်ရာ ကို ခြေဦးပြန်လှည့်မိပါရဲ့။


ဘယ်အချိန်က ဘယ်သူတွေနဲ့ ဘယ်လိုဘယ်နည်း တရားဝင်အောင် ဖွဲ့စည်းလိုက်မှန်း မသိလိုက်ရပေမယ့် သတင်းစာမှာ ဗြောင်ကျကျ နေရာယူလာတာကတော့ `ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့´ ပါတဲ့။ ကျနော်သိထားတဲ့ ကျနော်တို့ နိုင်ငံအာဏာပိုင် အဖွဲ့အစည်းနာမည်က `နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ´ ပါ။ `နေပြည်တော်´ ဆိုတဲ့ အသုံးအနှုန်းကိုလည်း အဲဒီလိုပဲ မလိမ့်တပတ်နဲ့ သုံးခဲ့တာဟာ အခုဆိုရင် သူတို့စိတ်တိုင်းကျ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းမှာပါ အဲဒီနာမည်က အူကြောင်ကြောင်နဲ့ နေရာယူနေပါပြီ။ အခုလည်း…။

အာဏာပိုင်တွေရဲ့ မိုက်ရိုင်းမှု တခုကိုလည်း ခံပြင်းမိပါသေးတယ်။ အဲဒါကတော့ ဘိုချုပ်ကြီး စိုးဝင်း သေရွာလားတဲ့ ကိစ္စကို ၀မ်းနည်းခြင်း အထိမ်းအမှတ်ဆိုပြီး နိုင်ငံတော် အလံကို တိုင်တ၀က်လွှင့်ထူခြင်းကို သုံးရက်တိုင်တိုင် ပြုလုပ်စေတာပါ။ ကျနော်တို့ နိုင်ငံမှာ နိုင်ငံတော် အလံကို တိုင်တ၀က် လွှင့်ထူတာကို အာဇာနည်နေ့ အခမ်းအနားမှာသာ ကျဆုံးလေပြီးတဲ့ အာဇာနည်ကြီးတွေကို ဦးညွှတ်ခြင်းနဲ့ အတူ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ပြုလုပ်ပါတယ်။ အခုတော့ ဘိုချုပ်ကြီး စိုးဝင်း သေတဲ့ ကိစ္စမှာ အာဇာနည်ကြီးတွေလို တန်းတူထား ဂုဏ်ပြုရလောက်အောင် ဘာတွေကိုများ ပြည်သူလူထုအတွက် အနစ်နာခံခဲ့လို့ အလံကို တ၀က်လွှင့်ခြင်းကို သုံးရက်ကြီးများတောင် ပြုလုပ်စေရတာလဲ ဆိုတာ စဉ်းစားလို့ မရပါဘူး။ ဒါလဲ အာဏာပိုင်တွေရဲ့ အူကြောင်ကြောင် နိုင်တာတခုပဲလို့ ထင်ပါရဲ့လို့ ဖော့တွေးလိုက်တော့မှ ခံပြင်းစိတ်က အတန်ငယ် ပြေပျောက်ပါတယ်။

ကိုမင်းကိုနိုင်ရဲ့ အသက် (၄၅)နှစ် ပြည့်မြောက်ခဲ့ပါပြီ။ လူလတ်ပိုင်းအရွယ်ကို ရောက်လာတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ သူ့အသက်ရဲ့ သုံးပုံတပုံကျော်ကြာ အချိန်ကာလကို အကျဉ်းထောင်ထဲမှာ ကုန်ဆုန်းခဲ့ရပါတယ်။ မနှစ်က အသက်(၄၄)နှစ်ပြည့် မွေးနေ့တုန်းကလည်း ထောင်ထဲမှာ၊ ဒီနှစ် (၄၅)နှစ်ပြည့် မွေးနေ့ကျတော့လည်း ထောင်ထဲမှာ…။ အဝေးရောက်နေတဲ့ ညီငယ်တယောက်က အကိုရင်းကို လွမ်းတဲ့ လွမ်းဆွတ်စိတ်မျိုးနဲ့ အတူ ကိုမင်းကိုနိုင် အမြန်ပြန်လွတ်မြောက်ပြီး အားလုံးရဲ့အကျိုးကို သယ်ပိုးခွင့်ရတဲ့ အခြေအနေကို ရောက်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။

ဟာသသရုပ်ဆောင်နဲ့ ဒါရိုက်တာ ကိုသူရ ခေါ် ကိုဇာဂနာ ပြန်လည်လွတ်မြောက် လာခဲ့ပါပြီ။ သတင်းဌာနတွေနဲ့ ဘလော့ဂ်တွေမှာ သူ လွတ်လာတဲ့ သတင်းကို ဖတ်မိကတုန်းက အထိ `တကယ်လွတ်လာတာ ဟုတ်ပါ့မလား´ လို့ မယုံမရဲ ဖြစ်နေခဲ့မိပေမယ့် ဒီဗွီဘီ သတင်းဌာနနဲ့ ကိုဇာဂနာရဲ့ အင်တာဗျူးကို နားထောင်အပြီးမှာတော့ စိတ်အေးသွားရပါတယ်။ ကိုဇာဂနာရဲ့ အဖြေစကားတွေထဲက အင်မတန်မှ သဘောကျစရာ ကောင်းတဲ့ အပြင် စေ့စေ့တွေးလေ ရေးရေးပေါ်လေလေ စကားတချို့ကတော့…

`… … … … အဲဒီနေရာက အဆိုးဆုံးနေရာဗျ၊ ထောင်ထဲမှာ အဆိုးဆုံးနေရာပဲ။ စစ်ခွေးတိုက်ဆိုတာ…၊ စစ်ခွေးတိုက်ဆိုတဲ့ အတိုင်းပဲ။ ကျနော်က ၀မ်းတွေသာသွားတာပေါ့ဗျာ။ ထောင်ထဲရောက်မယ်ဆိုတော့ ပေါ်ဦးတို့နဲ့ တွေ့မယ်။ သူငယ်ချင်းတွေနဲ့လည်း တွေ့မယ်၊ ဘယ်သူတို့နဲ့ တွေ့မယ်ဆိုပြီးတော့ပေါ့…။ ဘယ်…၊ သူငယ်ချင်းတွေနဲ့ မတွေ့ရဘဲနဲ့ တခါတည်း တန်းတွေ့ရတာက စစ်ခွေးတွေနဲ့ တွေ့ရတာပဲ။ အဲဒီမှာ အားပါးတရနဲ့ နှုတ်ဆက်မယ့် လူတွေများ အောက်မေ့တယ်။ ၀ူး၊၀ူး၊ ၀ုတ်ဝုတ်ဝုတ် ဆိုတဲ့ အသံတွေနဲ့ စပြီးတော့ အဲဒီ စစ်ခွေးတွေ ကြားထဲ ရောက်သွားတော့တာပဲ´

`ကျနော်တို့ မြန်မာလူမျိုးတွေက မွေးကတည်းကစပြီး သေသည်အထိ သရဏဂုံ သုံးပါးနဲ့ သေရတာ။ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ သရဏဂုံ သုံးပါးနဲ့ သေရတာလေ။ မွေးလာကတည်းက အဲဒါနဲ့ မွေး၊ သေလည်း အဲဒါနဲ့ သေရတာ။ အခုတော့ နောက်ဘိတ်ဆုံး စကားလုံးက ပြောင်းရတော့မလို ဖြစ်တယ်။ သံဃံသရဏံ ဂန်းစာမိ နဲ့ပဲ ဖြစ်ကုန်ကြပြီလို့။ သံဃံသရဏံက ဂစ္ဆာမိ မဟုတ်ဘဲ ဂန်းစာမိ ဖြစ်သွားပြီ´

မြန်မာပြည်က အင်တာနက် ကဖေးဆိုင်တွေကို ကန့်သတ်ထိန်းချုပ်နေတဲ့ သတင်းကို ဖတ်ရတာကလည်း စိတ်မသက်သာစရာကောင်းလှပါတယ်။ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ၀က်ဘ်ဆိုက်တွေကို ကန့်သတ်တာကတော့ အာဏာပိုင်တွေကို တမျိုး နားလည်ပေးလို့ ရပါသေးတယ်။ (သူတို့ ဒုက္ခရောက်မှာစိုးလို့ တားတာကိုး)။ အင်တာနက် အသုံးပြုသူတွေ ကိုယ်စား အဝေးကြီးကနေ တွေးပြီး စိတ်ကသိကအောင့်ဖြစ်မိတာက ကိုယ်သုံးနေတဲ့ ကွန်ပြူတာ မော်နီတာ စခရင်ကို တခြားလူက အချိန်မရွေး လာစစ်နေတာကြီးကိုပါ။ ဘယ်လောက်များ ကသိကအောင့်ဖြစ်စရာ ကောင်းလိုက်မလဲ…။ ကိုယ့်မိဘ၊ မောင်နှမသားချင်း၊ ချစ်သူဆီ အဆက်အသွယ်လုပ်နေတာကိုတောင် စိတ်အေးလက်အေး ပို့ခွင့်မရမယ့်အခြေအနေ…။

တလောက မြန်မာ့အလင်း အင်္ဂလိပ်ဘာသာ သတင်းစာထဲမှာ ပုံနဲ့စာနဲ့ လွဲမှားပြီး သတင်းဖော်ပြတာကို တွေ့လိုက်ရပါတယ်။ သာမန်မှားသွားသည်ဖြစ်စေ၊ တခုခုကြောင့် အဲဒီလို ဖော်ပြမိတာ ဖြစ်စေ ကျနော်ကတော့ အဲဒီ သတင်းရဲ့ တာဝန်ရှိသူ ၀န်ထမ်းအတွက် စိတ်ပူပန်မိပါတယ်။ လွန်ခဲ့တဲ့ နှစ်အတန်ကြာတုန်းကလည်း ဘိုချုပ်ကြီး ခင်ညွှန့်ရဲ့ နောက်ကျောမှာ `ကမ္ဘာကျော် လူလိမ်ကြီး´ ဆိုတဲ့ စာတန်း အထင်းသားကြီးနဲ့ သတင်းစာ ထွက်ခဲ့စဉ်ကလည်း တကယ့်တကယ်တမ်း နစ်နာစွာ အရေးယူခံလိုက်ရတာက သတင်းစာတိုက်က ၀န်ထမ်းတွေပါပဲ။ နီးရာဓား ကြောက်နေရတဲ့ ၀န်ထမ်းဘ၀က သက်သာလှတာ မဟုတ်ပါဘူး။

သတင်းစာရဲ့ နောက်ကျောဖုံး အပြည့်နဲ့ ပြည်ပသတင်းဌာနတွေကို မယုံဖို့၊ ပြည်ပသတင်းဌာနတွေက ဘယ်လိုလိမ်နေကြောင်း ပြူးတူးပြဲတဲနဲ့ နေ့စဉ်နေ့တိုင်း စာရွက်ဖိုး၊ မှင်ဖိုး၊ အကုန်ခံ ဖော်ပြနေတာ တွေ့တော့ ကျနော် ကြည့်လိုက်ရဖူးတဲ့ ကိုဇာဂနာနဲ့ ဦးကျော်ဟိန်းတို့ အဓိကသရုပ်ဆောင်တဲ့ `အနမ်း´ ဆိုတဲ့ ဇာတ်လမ်းတိုကလေးကို သတိရမိပါတယ်။ ဦးကျော်ဟိန်းကြီးက ဧည့်ခံပွဲလာ ပရိသတ်တွေဆီ တ၀ိုင်းပြီး တ၀ိုင်းလှည့်လည်ပြီးတော့ `ကျူပ်လို ပါမောက္ခတယောက်က အိမ်ဖော်ကောင်မလေးကို နမ်းမလားဗျ´ လို့ မလုံမလဲနဲ့ လိုက်ပြောနေတဲ့ ပုံစံနဲ့ အခု အာဏာပိုင်တွေက သတင်းစာမှာ အတင်းကာရော ကြော်ငြာနေတဲ့ ပုံစံက တထပ်တည်းကျနေတော့ ဖြစ်မှဖြစ်ရလေ ဆိုပြီးတော့ မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်လိုက်ချင်ပါရဲ့…။

ညနေ အလုပ်က ပြန်လာတော့ ဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်ပါသေးတယ်။ အဲဒီမှာ လူထုမေတ္တာကို အားရပါးရကြီး ခံယူနေတဲ့ ဘလော့ဂ်တခုကို ရောက်တော့ လွန်ခဲ့တဲ့ ရက်နှစ်ဆယ်လောက်တုန်းက ဘုန်းဘုန်းတွေ မြို့အနှံ့ မေတ္တာပို့လို့ ဘေးအန္တရာယ်ကင်းရှင်းပါပြီ လို့ ပို့စ်တင်ရာက အခုကျတော့ အဲဒီ ဘုန်းဘုန်းတွေက သံဃာတုတွေပါ၊ ဘုန်းကြီးကျောင်းမှာ ဘာတွေ့ပါတယ်၊ ညာတွေ့ပါတယ်လို့ ပို့စ်ထပ်တင်ပြန်တော့ `တတ်လဲ တတ်နိုင်ပါပေ့´ လို့ သြချမိပါတယ်။

ဟိုစပ်စပ် ဒီစပ်စပ်သာ အားလုံး လိုက်ရေးရရင်တော့ ကုန်နိုင်ဖွယ် ရှိမယ်မထင်တာကြောင့် နောက်တပတ် စပ်မိစပ်ရာမှာကျမှ ပြန်ဆုံကြစို့ရဲ့…။


ကလိုစေးထူး


Wednesday, October 17, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၄)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများ
(ပထမပိုင်း)
နိုင်ငံရေး အကျဉ်းသားနဲ့ ရာဇ၀တ်အကျဉ်းသား ဆက်ဆံရေး

၁၉၉၂ ခုနှစ်တုန်းက အင်းစိန်ထောင် တထောင်ထဲမှာတင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း နှစ်ထောင်နီးပါး ရှိပါတယ်။ မြန်မာနိုင်ငံမှာ ထောင်ပေါင်း (၄၀)နီးပါးရှိတော့ အဲဒီထောင်တွေက နိုင်ငံရေး အကျဉ်းသားတွေကိုပါ ပေါင်းလိုက်ရင် စုစုပေါင်း ငါးထောင်အထက်မှာ ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

န၀တအစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို `နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်ဘူး။ ရာဇ၀တ်အကျဉ်းသားတွေ´ လို့ မျက်စိမှိတ် ဇွတ်အတင်း ငြင်းဆန်နေပေမယ့် ထောင်ထဲမှာကျပြန်တော့လည်း ရာဇ၀တ်အကျဉ်းသားတွေလို သဘောမထားပြန်ပါဘူး။ ထောင်ထဲမှာတော့ ရာဇ၀တ်အကျဉ်းသားတွေက န၀တလို မဟုတ်ဘဲ နိုင်ငံရေး အကျဉ်းသားတွေကို `နိုင်ငံရေး အကျဉ်းသားတွေ´ လို့ပဲ ရိုးရိုးရှင်းရှင်း သတ်မှတ်ကြပါတယ်။ လေးလေးစားစားလည်း ဆက်ဆံပြီး ကူညီလည်း ကူညီကြပါတယ်။ ဒါကြောင့် ရာဇ၀တ် အကျဉ်းသားတွေက န၀တထက်စာရင် ပို ရိုးသားဖြောင့်မတ်ပြီး ပိုပြီးလည်း အတွေးအခေါ် ရှင်းလင်းပုံရတယ်လို့ ပြောရမလားပဲ။

တကယ်တော့ ထောင်ထဲမှာ နှိုင်းယှဉ်ကြည့်ရင် ရာဇ၀တ် အကျဉ်းသားတွေက နိုင်ငံရေး အကျဉ်းသားတွေထက် ပိုလွတ်လပ်ပြီး ပိုပြီးတော့လည်း အခွင့်အရေး ရပါတယ်။ (အဲဒီအကြောင်းတွေကို နောက်ပိုင်းမှာ ဖော်ပြပါမယ်)။

ဒါကြောင့်မို့ နိုင်ငံရေး အကျဉ်းသားတွေက တခါတုန်းက `ရာဇ၀တ် အကျဉ်းသားတွေလို့ သတ်မှတ်တယ်ဆိုရင် ကျနော်တို့ကို ရာဇ၀တ်အကျဉ်းသား အခွင့်အရေးပေးပါ´ လို့ ထောင်အာဏာပိုင်တွေကို တောင်းဆိုခဲ့ဖူးပါတယ်။ ထောင်အာဏာပိုင်တွေ အကျပ်ရိုက်သွားပြီး နောက်ဆုံးတော့ နိုင်ငံရေး အကျဉ်းသားလည်း မဟုတ်၊ ရာဇ၀တ်အကျဉ်းသားလည်း မဟုတ်၊ `သီးသန့် အကျဉ်းသား´ လို့ သူတို့ကိုယ်တိုင် ဘာမှန်းမသိတဲ့ နာမည်တခု ပေးပြီး ရာဇ၀တ် အကျဉ်းသားတွေနဲ့ ခွဲခြားသတ်မှတ်ပြန်ပါတယ်။

အင်းစိန်ထောင်မှာ တိုက်(၆)တိုက်မှာ သီးခြားခွဲနေရတဲ့ နိုင်ငံရေး အကျဉ်းသား ငါးရာလောက်က လွဲလို့ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အဆောင်တွေမှာ ရာဇ၀တ်အကျဉ်းသားတွေနဲ့ ရောပြီး အတူတူ နေကြရတာပါ။ ကွဲပြားခြားနားချက်တွေ အများကြီး ရှိနေပေမယ့် ရာဇ၀တ်အကျဉ်းသားတွေဟာ နိုင်ငံရေး အကျဉ်းသားတွေကို လေးလေးစားစား ရှိကြပါတယ်။

သူတို့ လေးစားကြတဲ့ အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် ပထမအချက်က သူတို့ ရာဇ၀တ်အကျဉ်းသားတွေဟာ များသောအားဖြင့် ကိုယ့်အကျိုး စီးပွားအတွက် တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်လို့ ထောင်ကျလာတာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကတော့ သူတို့နဲ့ မတူဘဲ အများပြည်သူရဲ့ အကျိုးစီးပွားအတွက် ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ့်ဘ၀ကို အပျက်ခံ၊ အနစ်နာခံပြီး ထောင်ထဲရောက်လာကြတာလို့ သူတို့က သတ်မှတ် ယူဆထားကြလို့ ဖြစ်ပါတယ်။

ဒုတိယအချက်က ရာဇ၀တ်အကျဉ်းသားတွေရဲ့ ပင်ကိုယ်သဘောမှာ အရိုက်နှက်ခံ၊ အညှဉ်းဆဲခံရသူ၊ ခံရဲသူတွေကို သူရဲကောင်းတွေအဖြစ် အထင်ကြီး လေးစားတတ်တဲ့ ညဉ် ရှိပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေဟာ ထောက်လှမ်းရေး အဆင့်ဆင့်မှာ အညှဉ်းဆဲခံခဲ့ရရုံမက ထောင်ထဲမှာလည်း ထစ်ခနဲဆိုရင် အရိုက်နှက် အညှဉ်းဆဲ ခံနေကြရ ဆိုတော့ သူတို့က အဲဒီ ခံနိုင်ရည်ကို အထင်ကြီးကြပါတယ်။ ရာဇ၀တ်အကျဉ်းသားတွေက ထောက်လှမ်းရေးဆိုရင် သူတို့ `ကြောက်လှချည်ရဲ့´ ဆိုတဲ့ ထောင်အာဏာပိုင်တွေထက်တောင် ပိုပြီး ကြောက်ကြတာကလား။

တတိယအချက်ကတော့ ထောင်ထဲမှာ အရိုက်နှက် အညှဉ်းပန်းခံရမယ့် အန္တရာယ် ရှိနေတဲ့ကြားက နိုင်ငံရေး အကျဉ်းသားတွေဟာ မကြောက်မလန့် အရိုက်နှက်၊ အညှဉ်းဆဲ ခံပြီး မတရားမှုကို ကန့်ကွက်၊ ဆန့်ကျင်တတ်လို့ ဖြစ်ပါတယ်။ ရာဇ၀တ်အကျဉ်းသား ဆိုတာက ရိုးရိုး ထောင်အရာရှိကလေးကိုတောင် စကားပြောရဲဖို့ ဝေးလို့၊ သူတို့ရှေ့ ရပ်နေရင်တောင် တုန်နေကြတာကလား။ နိုင်ငံရေး အကျဉ်းသားတွေကတော့ ထောင်ဥပဒေ မှားရင် မှားတယ်၊ ကိုယ် ဘာ နစ်နာရင် နစ်နာတယ်လို့ သာမန် ထောင်အရာရှိလောက်ကို မပြောနဲ့၊ ထောင်ပိုင်၊ ညွှန်ချုပ်က အစ ပြောရဲကြတယ် မဟုတ်လား။

စတုတ္ထအချက်က နိုင်ငံရေး အကျဉ်းသားတွေ အချင်းချင်း ကူညီစောင့်ရှောက်တတ်ကြတာ၊ တယောက် ဒုက္ခရောက်ရင် တယောက်က ပစ်မထားဘဲ ကူညီတတ်တာ၊ တယောက်ထိရင် တယောက် မခံတတ်တာ၊ စားစရာရှိရင် တယောက်ထဲ မစားဘဲ ရှိအတူ မရှိအတူ ဝေမျှစားတတ်တာ၊ အနှိမ်ခံ ရာဇ၀တ် အကျဉ်းသား မျက်နှာမွဲတွေကို အစားအစာ၊ အ၀တ်အစား၊ ဆေးဝါးက အစ ပေးကမ်း ကူညီစောင့်ရှောက်တတ်တာတွေကိုပါ။

သူတို့ ရာဇ၀တ် အကျဉ်းသားတွေကျတော့ အဲဒီလို စိတ်မျိုး မရှိကြဘဲ ကိုယ်ဖြစ်ကိုယ်ခံ၊ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ စိတ်ထားက အနည်းနဲ့ အများ ရှိကြတာ မဟုတ်လား။

နိုင်ငံရေး အကျဉ်းသားတွေကို သူတို့ အလေးစားဆုံး ဖြစ်ရတဲ့ ပဉ္စမအချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်ထဲမှာ အခွင့်အရေးကို ရရင် ရသလို မယူတတ်ကြတာကိုပါ။ `ထောင်ထဲမှာ အခွင့်အရေး ရဖို့အတွက် ထောင်အာဏာပိုင်တွေကို လာဘ်မပေးဘူး။ ထောင်အာဏာပိုင်တွေရဲ့ မျက်နှာသာ အပေးခံရဖို့ သူလို ကိုယ်လို ဘ၀တူ အကျဉ်းသားတွေကို ခုတုံး မလုပ်ဘူး။ မရင်းဘူး။ မစတေးဘူး။ ပြီးတော့ အကျဉ်းသား အချင်းချင်း အနိုင်ကျင့် နှိပ်စက်တဲ့ အလုပ်ကို လုပ်ရတဲ့ ထောင်အုပ်ချုပ်ရေးပိုင်းမှာ ၀င်မလုပ်ဘူး´ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်ကို လာဘ်ပေးပြီး အခွင့်အရေး ယူမယ်ဆိုရင် အယူနိုင်ဆုံး ဖြစ်တာကို ထောင်အာဏာပိုင်တွေကရော၊ ရာဇ၀တ် အကျဉ်းသားတွေကပါ သိကြပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို အဲဒီလို လေးစားပေမယ့် သူတို့လေးစားတာကို ရာဇ၀တ် အကျဉ်းသားတွေက ပေါ်ပေါ်လွင်လွင် မပြရဲဘဲ ထောင်အာဏာပိုင်တွေ မသိအောင် ခိုးဝှက်ပြီးတော့သာ ပြကြပါတယ်။ အကြောင်းကတော့ နိုင်ငံရေး အကျဉ်းသားတွေကို အဲဒီလို လေးစားတာမျိုးကို ထောင်အာဏာပိုင်တွေက မကြိုက်ကြလို့ပါ။

လေးစားတာကို မပြောနဲ့၊ ရိုးရိုးသားသား ခင်မင်ရင်းနှီးတာမျိုးကိုတောင် ထောင်အာဏာပိုင်တွေက လက်မခံနိုင် ဖြစ်နေပါတယ်။ `နိုင်ငံရေး အကျဉ်းသားတွေနဲ့ အပေါင်းအသင်း မလုပ်ရ၊ စကား မပြောရ၊ ထမင်း အတူ မစားရ´ လို့တောင် ရာဇ၀တ် အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဗြောင်တမျိုး၊ သွယ်ဝိုက်ပြီးတော့ တနည်း ပိတ်ပင်ထားကြတာပါ။ အဲဒီလို ပိတ်ပင်တာကို မလိုက်နာရင် တိုက်ရိုက်တော့ အရေးမယူပါဘူး။ ဒါပေမယ့် ထောင်ထဲမှာက တိုက်ရိုက် အရေးယူလို့ မရတဲ့ ကိစ္စတွေဆိုရင် ထောင်အာဏာပိုင်တွေက သွယ်ဝိုက် အရေးယူတာမျိုး၊ တမင်လုပ်ကြံ အမှုဆင် အရေးယူတာမျိုး၊ ဒါမှမဟုတ် တေးထားမှတ်ထားပြီး သူတို့ `ခွင်´ ၀င်လာတဲ့ အချိန်၊ အဲဒီ အကျဉ်းသား အပြစ်တခုခု ကျူးလွန်လာတဲ့ အချိန်မျိုးတွေမှာ ပိုပိုသာသာ ပုံကြီးချဲ့ အပြစ်ပေး အရေးယူတာမျိုး၊ ရက်ရက်စက်စက် ရိုက်နှက် အရေးယူတာမျိုးတွေက ထောင်ထဲမှာ အများသားဆိုတော့ အဲဒါမျိုးတွေ တွေးကြောက်ပြီး ရာဇ၀တ် အကျဉ်းသားတွေဟာ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေ ရှေ့မှာ တတ်နိုင်သလောက် ခပ်ရှောင်ရှောင် နေကြတာ များပါတယ်။

ဆက်ရန်…

Tuesday, October 16, 2007

ရေချိုးသူ...


အိုက်စပ်စပ်နိုင်လှသော အလုပ်ရုံထဲက ထွက်လာတော့ ချွေးစေးတွေက အနေရခက်လှစွာဖြင့် ခန္ဓာကိုယ်တ၀ိုက်တွင် ကပ်ငြိပါလာကြသည်။ အပြင်မှာ တိုက်ခတ်နေသော လေက အေးသလိုလို၊ နွေးသလိုလိုနှင့် ပင်ပန်းလာသမျှကို ပြေပျောက်ခြင်းငှာ မစွမ်းသာနိုင်…။

အိမ်ပြန်ရောက်လို့ နားမယ်မှ မကြံသေး၊ ကျနော့်အမိုးကို စားစရာအတွက် ဈေးဆိုင်လိုက်ပို့ရပြန်သည်။ နွမ်းနယ်မှုကို ခဏအသာထားလို့ အမိုးသွားလိုရာ လိုက်ပို့ပြီးတော့ ညနေမှောင်ရီပျိုးလေပြီ။

ထိုင်ခုံမှာ အတန်ကြာအောင် ဘာမှမလုပ်နိုင်သေးဘဲ ငူငူကြီးထိုင်နေမိသေးသည်။ `လန်းဆန်းသွားအောင် ရေချိုးတာ ကောင်းပါတယ်´ ဟု တွေးရင်း အ၀တ်အစားလဲပြီး ရေချိုးခန်းတွင်းသို့ အလျင်စလိုနှင့် ၀င်လိုက်၏။

ရေပန်းဖွားအောက်သို့ ၀င်လိုက်တော့ တဖျောဖျောကျနေသော ရေပေါက်များက ကျနော့်ခန္ဓာကိုယ်ပေါ် ဖြတ်သန်းပြီး ၀ရုန်းသုန်းကား နိုင်လှစွာ စီးကျသွားကြသည်။

***

မေမေက ပြောဖူးသည်။ ကျနော်ငယ်ငယ်က ရေအင်မတန်ကြိုက်သည် ဟူ၏။ ရေဇလုံထဲ ရေဖြည့်ပြီး ကျနော့်ကို ထည့်ထားလိုက်လျှင် တခစ်ခစ်နှင့် ရယ်မောပြီး ဘယ်လောက်ကြာကြာထားထား အားရပါးရ ဆော့နေတတ်သည်ဟု ပြောဖူးသည်။

မွေးကင်းစ ကိုယ့်ကိုယ်ကို လူမှန်း မသိသေးစ အရွယ်မှာတော့ ညစ်ပတ်ပေရေ နေလျှင် ရေချိုးသန့်စင်ရကောင်းမှန်း မသိစကောင်းခဲ့…။ ဘာမှမှ နားမလည်ဘဲကိုး…။ ကိုယ့်ခန္ဓာကိုယ်က သန့်ရှင်းနေလား၊ တခုခု စွန်းပေနေလားဆိုတာကို ဆုံးလဲမဆုံးဖြတ်တတ်သေး…။ ဒီတော့ မိဘတို့က ဂရုတစိုက် ရေမိုးချိုး သန့်စင်ပေးခဲ့ရသည်။

နည်းနည်းသိတတ်စ အရွယ်ရောက်လာတော့ ရေဇလုံထဲမှာ တခစ်ခစ်နှင့် ရေဆော့ရသော အဆင့်ကို လွန်မြောက်ပြီး လူကြီးတွေ ခပ်ဖြည့်ထားသော စဥ့်အိုးထဲမှ ရေကို ဖလားလေးကို မနိုင့်တနိုင်ခပ်ရင်း ရေချိုးတတ်စ ပြုလာပြီ။ ဒါပေမယ့် ရေချိုးခြင်း ကိစ္စကို လုံးဝဥဿုံ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် အဆင့်တော့ မရောက်သေး။ ရေချိုးသည် ဆိုခြင်းကိုလည်း ချေးညှော် သန့်စင်ဖို့ထက် ရေကစားရဖို့ဟု နားလည်လို့ ကောင်းတုန်း…။ မေမေက `သားကြီး၊ ဂျီးတွေ ပြောင်အောင်တွန်းနော်´ လို့ အမြဲမှာပေမယ့် ရေချိုးပြီးတိုင်းလိုလို မပြောင်စင်သော အပေအရေတွေကို မေမေက နောက်ထပ်တခါ သန့်စင်ပေးရမြဲ။

တဖြည်းဖြည်းနှင့် အရွယ်ရောက်တော့ ရေချိုးခြင်းအပေါ် မိဘများ၏ အာရုံထားမှုက တစတစနှင့် လျော့လာသည်။ မိမိခန္ဓာကိုယ်ပေါ် စွန်းပေလာသည့် ပေရေမှုများကို ကိုယ်တိုင် သန့်စင်လာရသည်။ တနည်းအားဖြင့် ကိုယ့်ကိုယ်ကို တာဝန်ယူမှုက အရွယ်ရောက်လာလေလေ ပိုများလာလေလေ…။

ရက်အတန်ကြာအောင် ရေမချိုးသော သူများကို ကျနော် မကြာခဏ တွေ့ဖူးသည်။ ချေးညှော်တွေ၏ ညစ်ပတ်ပေရေမှုကို အသာထားအုံး၊ ထိုသူများ၏ ညှင်းသိုးသိုး ပုံစံကပင်လျှင် သူတို့နားမှ ခပ်ခွာခွာနေချင်စရာ ကောင်းလှသည်။ အနားကပ်မိလျှင်တော့ အနှီပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ်မှ ထွက်သော အနံ့အသက်များက ဆိုးလှပါဘိ…။

တချို့ကျတော့ ရေကို ချိုးတော့ ချိုးသည်။ သို့သော် သူတို့ ခန္ဓာကိုယ်ပေါ်မှာ ပေရေနေသော အစွန်းအထင်းများ သန့်စင်သည် မသန့်စင်သည်ကို အဓိကမထားလှ…။ ဗုန်းဗုန်းဗွမ်းဗွမ်းနှင့် ရေတွေ တဖလားပြီးတဖလား ကိုယ်ပေါ် လောင်းချ၊ တချို့ရေတွေက အလဟဿဖြစ်ပြီး ဘေးကို စင်လိုစင်နှင့် ဆပ်ပြာတိုက်တော့လည်း တာဝန်ကျေမျှသာ။ တခါတလေ ဆပ်ပြာပင် မတိုက်…။ ပြီးလျှင်တော့ `ငါ ရေချိုးပြီးပြီကွ´ ဟု ခပ်တည်တည်ပြောပြီး မသန့်စင်သော ခန္ဓာကိုယ် အဟောင်းပေါ်ကို အမွှေးနံ့သာတွေ ဖြန်းလို့…၊ နောက်နေ့တွေမှာလည်း ထိုနည်းနှင်နှင့် သူတို့၏ ခန္ဓာကိုယ်မှာ ချေးညှော်တွေက အထပ်ထပ်…။

`လှပါတယ် ပြောကာမှ ရေမချိုးရသေးဘူးတဲ့´ ဟူသည့် ကျီစယ်စကားက နှစ်သက်စရာ အလွန် ကောင်းလှသည်။ ရေမချိုးရသေးဘူးဆိုသည့် လူက ပေရေမှုတွေ ရှိနေလျက်နဲ့တောင် လှနေသေးသည် ဆိုတော့ ရေမိုးချိုး သန့်စင်ပြီးလို့ ကြည်စင်သွားလျှင် ဘယ်လောက်များ လှနေမှာပါလိမ့်…။

***

ခန္ဓာကိုယ်ပေါ် အနှံ့သို့ စီးကျနေသည့် ရေဖွားများကို ခဏ ရပ်တန့်စေပြီး ဆပ်ပြာတုံးကို လှမ်းယူမိတော့ ဘေးနားရှိ စင်ပေါ်မှ ပစ္စည်းများက မြင်ကွင်းထဲသို့ ရောက်လာပြန်သည်။ ပေါင်ဒါဗူး၊ ကုန်လုဆဲဆဲ မှောက်ခုံဖြစ်သော ခေါင်းလိမ်းဆီဗူး၊ Body Spray၊ အစရှိသည် ရှိသည်…။ သို့သော် သေချာသည်ကတော့ ထိုအရာတွေမှာ အညစ်အကြေးတွေကို သန့်စင်ပေးဖို့ ကူညီပေးနိုင်သော အရာတွေ မဟုတ်…။

ဒါဖြင့် ဆပ်ပြာက ကျနော့် ခန္ဓာကိုယ်ကို သန့်စင်သွားဖို့အတွက် အဓိကအရာများလား…။ မဟုတ်ပါ။ ဆပ်ပြာက ခန္ဓာကိုယ်ကို သန့်ရှင်းသွားအောင် အထောက်အကူပေးသည့် ပစ္စည်းတခုသာလျှင်ပင်…။

ကျနော့်ခန္ဓာကိုယ် သန့်စင်သွားဖို့ အဓိက အရေးအပါဆုံးက ကျနော်သာလျှင်ဖြစ်သည်။ ကျနော့်ခန္ဓာကိုယ် သန့်ရှင်းသွားအောင်၊ နွမ်းနယ်နေသော စိတ်လန်းဆန်းသွားအောင် ရေချိုးချင်စိတ် ရှိနေရမည့် ကျနော်သာလျှင် အဓိကအကျဆုံးဖြစ်၏။ ရေချိုးချင်သည့် စိတ်ကို ဆပ်ပြာကဲ့သို့ ပစ္စည်း၏ အထောက်အပံ့ကို ယူလိုက်ရင်တော့ စွန်းထင်းနေသော ပေရေမှုများက ကပ်ညိနေနိုင်တော့မှာ မဟုတ်တာ အသေအချာပင်…။

***

စိတ်ကျေနပ်လောက်သည်အထိ တကိုယ်လုံးကို သန့်စင်အပြီးတွင်တော့ ရေချိုးခြင်းကို လက်စသတ်၍ သဘက်ကိုဆွဲယူပြီး ခန္ဓာကိုယ်အနှံ့မှ ရေပေါက်များကို သုတ်စင်ပစ်လိုက်သည်။

မှန်ရှေ့တွင် ရပ်ကြည့်မိပြန်တော့ ရေစိုဆံပင်တွေ ဖွာရရာ ကျလျက်သား လူတယောက်ကို နွမ်းနယ်ဟန် ကင်းစွာ တွေ့လိုက်ရသည်။ ထိုလူကို ကြည့်ပြီး ကျနော့်နှုတ်မှ ခပ်ဖွဖွရွတ်လိုက်သည်။

`ကျနော် ရေတကယ် ချိုးပြီးပြီ´


ကလိုစေးထူး

Monday, October 15, 2007

ကပ်ဆိုး၏ တံလျှပ်များ…



တရုတ်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း လီဖုန် မြန်မာပြည်ကို ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ခဲ့စဉ်တုန်းက ဖြစ်ပါတယ်။

ရန်ကုန်အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို လီဖုန် အရောက်မှာ မြန်မာနိုင်ငံက တာဝန်ရှိသူတွေက ကြိုဆိုကြ၊ ခရီးဦးကြိုဆို ပြုကြပေါ့။ ညရောက်တော့ အဲဒီသတင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြား အစီအစဉ်ကနေ ထုံးစံအတိုင်း ရုပ်သံရိုက်ချက်တွေ ဝေေ၀ဆာဆာနဲ့ တင်ဆက်ပါတယ်။

သတင်းကြေညာသူ အမျိုးသမီးက…

`တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀န်ကြီးချုပ် လီဖုန် လေဆိပ်မှ ထွက်ခွာရာ လမ်းတလျှောက်တွင် မြန်မာပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများက နှစ်နိုင်ငံ အလံများကို ဝှေ့ယမ်း၍ သောင်းသောင်းဖြဖြ နှုတ်ဆက်ကြပါသည်´ လို့ ကြေညာပြီးတော့ ကားတန်းဖြတ်သွားရာ လမ်းတလျှောက် ဘေးဝဲယာက ကျောင်းသူကျောင်းသားလေးတွေပုံကို ပြပါတယ်။ အဲဒီမှာတင် သတင်းတင်ဆက်သူ တည်းဖြတ် ချန်လှပ်ဖို့ လစ်ဟာသွားပုံရတဲ့ ရုပ်သံထဲက အသံတသံက ပီပီသသကြီး ပေါ်လာပါတော့တယ်။

အဲဒါကတော့ ကားတန်းပေါ်က တယောက်ယောက်က ကျောင်းသူကျောင်းသားလေးတွေကို အော်ဟစ်နေတဲ့…

`လက်ပြထား၊ လက်ပြထား´

ဆိုတဲ့ အသံပါပဲ။ သတင်းနားထောင်နေတဲ့ လူတွေမှာ တအုန်းအုန်းနဲ့ တော်တော်နဲ့ အတောမသတ်နိုင်အောင် ထရယ်ကြတာ မှတ်မိနေပါသေးတယ်။

***

၁၉၉၃ ခုနှစ်၊ မြန်မာပြည်တွင်းမှာ `ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း´ ဆိုပြီး စတင်ဖွဲ့စည်းတော့ လူတွေက `အဲဒါက ဘာအဖွဲ့ကြီးတုန်း´ လို့ အချင်းချင်း မေးခွန်းထုတ်ကြပါတယ်။ အာဏာပိုင်တွေရဲ့ လုပ်နည်းလုပ်ဟန်တွေကို အလွတ်ရနေပြီးသား လူကြီးတွေက `မဆလခေတ်ကလိုပေါ့ကွာ၊ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ဘာညာနဲ့ပေါ့၊ နောက်ပိုင်းကျရင် အရန်အဖွဲ့ဝင်၊ တင်းပြည့်အဖွဲ့ဝင်ဆိုပြီး ဖြစ်လာလိမ့်မယ်´ လို့ ပြောကြတာကို ကြားခဲ့ရဖူးပါတယ်။ အဲဒီတုန်းကတော့ အာဏာပိုင်တွေဟာ အဲဒီအဖွဲ့ကို `လူမှုရေး အဖွဲ့ပါ´ လို့ ကြွေးကြော်ခဲ့ကြပါတယ်။

အသင်းဖွဲ့ပြီး သိပ်မကြာခင်မှာပဲ သူတို့ အသင်းရဲ့ အင်အား ဘယ်ရွေ့ဘယ်မျှ ရှိကြောင်း သတင်းစာတွေမှာ ဦးစွာ ကြွားလုံးထုတ်ပါတယ်။ (အမှန်တကယ်ကတော့ အဲဒီတုန်းက အခြေခံပညာကျောင်းသူ ကျောင်းသားတွေကို ဘုမသိ ဘမသိနဲ့ အသင်းဝင်လျှောက်လွှာတွေ အဖြည့်ခိုင်းပြီး အသင်းဝင်စာရင်းကို အတင်းကာရော သွင်းခဲ့ကြတာပါ)။

နောက်တော့ `ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ သင်းလုံးကျွတ် အစည်းအဝေး´ ဆိုပြီးတော့ ပြည်နယ်နဲ့ တိုင်းအလိုက် အစည်းအဝေးတွေ လုပ်ပါတယ်။ အစည်းအဝေးမှာ ပြောရမယ့် အဆိုပြုလွှာနဲ့ ထောက်ခံလွှာ ဆိုတာတွေကို ဘယ်သူက ရေးလို့ရေးမှန်းမသိ ၏၊ သည် မရွေးဖတ်ရတဲ့ အစည်းအဝေးတွေ လုပ်ကြပါတယ်။

အဲဒီကနေ အရသာတွေ့သွားလားတော့ မပြောတတ်ပါဘူး။ အုပ်ချုပ်သူ ပုဂ္ဂိုလ်များဟာ ထစ်ခနဲရှိတာနဲ့ အဲဒီလိုပဲ ထောက်ခံပွဲ၊ ကန့်ကွက်ပွဲ၊ ဆန္ဒထုတ်ဖော်ပွဲ၊ အစရှိသဖြင့် အမည်ပေါင်းစုံနဲ့ အစည်းအဝေးတွေကို သူတို့ရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ နိုင်ငံအနှံ့မှာ အမြဲတစေလိုလို ပြုလုပ်ပါတော့တယ်။

***

မြန်မာပြည်ဟာ စစ်ဆင်ရေး အထမ်းသမားဖြစ် အတင်းအဓမ္မ ခိုင်းစေမှု၊ လုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့အလယ်မှာ အပုပ်နံ့ထွက်လေ့ ရှိပေမယ့် မြန်မာအာဏာပိုင်တွေက တကမ္ဘာလုံးကို လှည့်ဖျားပြီး ပြည်သူတွေကို အနုနည်းနဲ့ နှိပ်စက်နေတာ တခုကိုတော့ တခြားနိုင်ငံတွေက မသိကြပါဘူး။ အဲဒါကတော့ `ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတင်းအကျပ် တက်ရောက်စေသော အတုအယောင် အစည်းအဝေးများ´ ပါပဲ။

အခုဆိုရင် ကျနော်တို့နိုင်ငံအနှံ့မှာ `အမျိုးသားညီလာခံနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ထောက်ခံကြိုဆိုပွဲ´ ဆိုတဲ့ အမည်နဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် အလှည့်ကျ ပြုလုပ်နေတာကို တွေ့နေရပါတယ်။ အဲဒီအစည်းအဝေးပွဲတွေကို လူအင်အား ဘယ်လောက် တက်ရောက်ကြောင်း၊ ဘယ်လိုဘယ်ပုံ တင်ပြကြကြောင်း ဟန်ချက်ညီညီနဲ့ သတင်းထုတ်ပြန်နေတာဟာ နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာတွေမှာ စာမျက်နှာအပြည့်ပါပဲ။ ဒီတော့ အဲဒီအခမ်းအနားတွေ ဖန်တီးကြပုံကို လေ့လာကြည့်ချင်ပါတယ်။

***

တကယ်တော့ အဲဒီလို အခမ်းအနားတွေ လုပ်ကြရမယ်ဆိုတာနဲ့ အရင်ဆုံး မျက်ခုံးလှုပ်ရတာက ပြည်သူတွေပါပဲ။ အရပ်တကာလှည့်ပြီးတော့ ရယကတွေ၊ ဆယ်အိမ်ခေါင်းတွေက ဘယ်နေ့မှာ ဘာအခမ်းအနားရှိလို့ တအိမ်တယောက် တက်ရမှာဖြစ်ကြောင်း၊ မတက်နိုင်ရင် ဒဏ်ငွေ ဘယ်လောက်ပေးရမှာ ဖြစ်ကြောင်း စသဖြင့် လိုက်လံ အကြောင်းကြားပြီး လူစုတာဟာ ပြည်သူတွေအတွက်တော့ ဆန်းလှတော့တာ မဟုတ်ပါဘူး။ ဒါတောင် တံတားဖွင့်ပွဲ၊ လမ်းဖွင့်ပွဲ၊ ဟိုလူကြီးလာ၊ ဒီလူကြီးလာ အစရှိတာတွေအတွက် အင်အားပြနိုင်ဖို့ အတင်းအကျပ် လူစုတာတွေကို ထည့်မတွက်ရသေးပါဘူး။ အဲဒါတွေပါ ထည့်တွက်ရမယ်ဆိုရင်တော့ မြန်မာပြည်သူတွေရဲ့ `အခမ်းအနား ကပ်ဘေးဒဏ်´ က မသေးလှပါဘူး။

တခါတရံကျတော့ အဲဒီအခမ်းအနားတွေကို တက်ချင်လာအောင် မက်လုံးပေး အတက်ခိုင်းတာလည်း ရှိတတ်ပါတယ်။ ဥပမာ ဘားအံမြို့မှာ လုပ်မယ့် ပြည်နယ် ကြံ့ခိုင်ရေးအသင်း သင်းလုံးကျွတ် အစည်းအဝေးကို သွားတက်ဖို့အတွက် ကျနော်တို့မြို့က နီးစပ်ရာလူငယ်တွေကို `ဘားအံ အလည်ခရီးပေါ့ကွာ၊ ခရီးစရိတ်၊ စားစရိတ်ပေးမှာ၊ လိုက်ခဲ့၊ အစည်းအဝေးက ဘာမှမဟုတ်ပါဘူး´ လို့ မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူးက လိုက်လံ စည်းရုံးတာကို မြင်ခဲ့ရဖူးပါတယ်။

အစည်းအဝေးကို သွားတက်ကြတဲ့ ပြည်သူအများစုက အဲဒီအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးမှာလဲ ဆိုတာထက် အဲဒီအစည်းအဝေး ဘယ်အချိန်ပြီးမလဲ၊ မြန်မြန်ပြီး မြန်မြန်နားအေး သဘောမျိုး ထားကြတာ များကြပါတယ်။ နေကပူပူ၊ အခမ်းအနား ပြုလုပ်ရာ ကွင်းပြင်မှာ ချွေးသံတရွှဲရွှဲနဲ့ အပေါ်ကနေ ရဟတ်ယာဉ်ဖြတ်မောင်းရင် အတင်းကာရော လက်ဝှေ့ယမ်းခိုင်းသေးတာမို့ အင်မတန် စိတ်ညစ်ဖွယ်ကောင်းလှပါတယ်။

ပြည်သူတွေက ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ အဲဒီအစည်းအဝေးတွေကို ဘယ်လိုပဲ မတက်ချင် မတက်ချင် အာဏာပိုင်တွေကတော့ အခါအခွင့်သင့်တိုင်း ကျင်းပမြဲ ကျင်းပနေသလို အခုလည်းပဲ ကျင်းပနေဆဲပါပဲ။

***

အဲဒီလို အတုအယောင် ထောက်ခံပွဲ အခမ်းအနားတွေကို အာဏာပိုင်တွေက စီမံ ကျင်းပရတဲ့ အကြောင်းရင်းကတော့ သူတို့ကို ပြည်သူတွေက ထောက်ခံနေပါတယ်လို့ ကမ္ဘာကို လိမ်ချင်လို့ပါပဲ။ ပြည်သူတွေကို လိမ်တာကတော့ ရိုးနေပြီမို့ အရှက်လဲ ကုန်နေတော့ မထူးခြားလှတော့ပေမယ့် ကမ္ဘာ့နိုင်ငံတွေကိုတော့ သူတို့ဟာ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုကို ရနေပါတယ်လို့ ထင်မြင်လာအောင် ဒီနည်းနဲ့ လိမ်ရင် ရနိုင်တယ်လို့ တွက်ဆထားလို့ အခုလို အခမ်းအနားပွဲတွေကို အချိန်ကုန်၊ ငွေကုန်ခံပြီး ကျင်းပနေတာပါ။





အဲဒီလို အလိမ်အညာတွေနဲ့ ကုလသမဂ္ဂကိုပါ လိမ်ညာလှည့်ဖျားနေတဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ မသတီစရာ ကောင်းလှပေမယ့် အံတုခြင်းငှာ မစွမ်းသာတဲ့ ပြည်သူတွေမှာ အလိုမတူပါဘဲနဲ့ အခမ်းအနား ကပ်ဘေးဒဏ်ကို ခံနေရတာကတော့ ခံပြင်းစရာ ကောင်းလှပါတယ်။

အာဏာပိုင်တွေကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ပြည်တွင်းပြည်ပ အတိုက်အခံတွေနဲ့၊ သတင်းဌာနတွေအနေနဲ့လည်း ဒီအခမ်းအနားတွေဟာ ပြည်သူ့ဆန္ဒအစစ်အမှန် မဟုတ်ကြောင်း၊ အာဏာပိုင်တွေရဲ့ လိမ်လှည်လှည့်ဖျားခြင်းသာ ဖြစ်ကြောင်းကို ထင်သာမြင်သာအောင် ဖော်ထုတ်မှုပိုင်းမှာ အားနည်းနေတယ်လို့ သတိထားမိပါတယ်။

ပြည်တွင်းမှာ နေထိုင်ရတဲ့ ပြည်သူကတော့ ဒီအခမ်းအနားကို မတက်ချင်လည်း လွန်ဆန်ခြင်းငှာ ဘယ်လိုမှ စွမ်းသာမှာ မဟုတ်ပါဘူး။ တက်ချင်သည်ဖြစ်စေ၊ မတက်ချင်သည်ဖြစ်စေ တက်ကြရမှာပါပဲ။

***

`လက်ပြထား၊ လက်ပြထား´

ကားတန်းပေါ်က အော်သံ၊ နေပူထဲက ကျောင်းသားကျောင်းသူလေးတွေရဲ့ စိတ်မပါလက်မပါ အလံဝှေ့ယမ်းဟန်၊ စာရွက်တွေ တထပ်ကြီးနဲ့ သတင်းကြေညာနေတဲ့ မြန်မာ့အသံ ၀န်ထမ်း…။

ဒါပေမယ့် တရုတ်ဝန်ကြီးချုပ် လီဖုန်ကတော့ သူ့ကို မြန်မာပြည်က ကျောင်းသား ကျောင်းသူလေးတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပဲလို့ ထင်သွားခဲ့မှာပါပဲ။

အခုလည်း `လက်ပြထား၊ လက်ပြထား´ ပုံရိပ်တွေက နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်နေရပြန်ပါပြီ။ တရုတ်ဝန်ကြီးချုပ် လီဖုန်တယောက် ဘာမှ မသိလိုက်သလို ကုလသမဂ္ဂနဲ့တကွ တခြားနိုင်ငံတွေကပါ ဘာမှမသိစွာနဲ့ အဲဒါတွေကို အဟုတ် လို့ ထင်သွားကြမှဖြင့်…။


ကလိုစေးထူး

Sunday, October 14, 2007

စစ်တပ်ထဲမှာ (နိဂုံး)…


တပ်တွင်း အခြေအနေ

သံဃာ့ကံဆောင်သပိတ်နဲ့ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်အကြမ်းဖက် ဖြိခွင်းခဲ့စဉ်တုန်းက တချို့က အဲဒီစစ်သားတွေထဲက စစ်သားတချို့ စစ်ဖိနပ် မစီးဘဲ သာမန် ခြေညှပ်ဖိနပ်တွေကိုသာ စီးထားကြတာကို `အဲဒီလူတွေ စစ်သားအစစ်မှ ဟုတ်ပါလေစ´ လို့ ဒွိဟစိတ် ၀င်ခဲ့ကြတာကို သတိထားမိပါတယ်။

ကျနော့်အမြင်အရ သုံးသပ်ကြည့်ရရင်တော့ အဲဒီ စစ်သားတချို့ စစ်ဖိနပ် စီးမထားရခြင်းရဲ့ ဖြစ်နိုင်ခြေ နှစ်ချက်ကို စဉ်းစားလို့ရပါတယ်။ အဲဒါတွေကတော့…

ပထမတချက်ကတော့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် တာဝန်ယူထားကြတဲ့ စစ်တပ်တွေအားလုံးဟာ သူတို့ တည်းခိုတဲ့ နေရာတွေမှာ အမြဲတစေလိုလို Standby အဖြစ်နဲ့ အဆင်သင့်အနေအထားမှာ ရှိနေကြရပါတယ်။ တခါတရံမှာ သူတို့ရဲ့ နားနေချိန်၊ ထမင်းစားချိန် ရောက်တဲ့အခါ ပူပြင်းလှတဲ့ မြန်မာပြည် ရာသီဥတုနဲ့ သိပ်အဆင်မပြေလှတဲ့ စစ်ဖိနပ်တွေကို ခဏတာဖြစ်ဖြစ် ချွတ်ထားတတ်ကြပါတယ်။ အဲဒီလို ချွတ်ထားပြီး သက်တောင့်သက်သာ ဖြစ်တဲ့ ညှပ်ဖိနပ်ကို ၀တ်ဆင်ထားခိုက်မှာ အထက်အမိန့်အရ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အမြန်ဆုံး ထွက်ခွာရတော့ စစ်ဖိနပ်ကို ပြန်မစီးအားတော့ဘဲ အချိန်တိုတွင်း တန်းစီ၊ လူစစ်ပြီး အခင်းဖြစ်ရာကို ရောက်အောင် သွားကြတဲ့အတွက် သူတို့ ခြေထောက်တွေမှာ ခြေညှပ်ဖိနပ်တွေ စီးလျက်သား ဖြစ်နေကြတာပါ။

ဒုတိယတချက်ကတော့ တချို့စစ်သားတွေဆီမှာ စီးစရာ စစ်ဖိနပ် မရှိတာပါပဲ။ စစ်ရေးပြဖိနပ်၊ တောစီး ဖိနပ် အစရှိတဲ့ စစ်ဖိနပ် နှစ်မျိုးအနက် ဘယ်စစ်ဖိနပ်မှ စီးစရာမရှိတဲ့အတွက် တချို့ စစ်သားတွေရဲ့ ခြေထောက်မှာ ခြေညှပ်ဖိနပ်တွေနဲ့ ဖြစ်နေကြတာပါ။

စစ်သားတယောက် စစ်ဖိနပ်ကလေးမှ မရှိဘူးလားလို့ မေးစရာရှိပါတယ်။

တကယ်တော့ စစ်ထဲကို ၀င်ကြသူတိုင်းအတွက် စစ်အသုံးအဆောင် ပစ္စည်းအစုံအလင်ကို တပ်က ထုတ်ပေးပါတယ်။ အဲဒီအပြင် စစ်ပစ္စည်းတခုခြင်းအလိုက် သက်တမ်းသတ်မှတ်ချက်နဲ့ လဲလှယ်ပေးရမယ့် စည်းကမ်းလဲ စစ်တပ်ထဲမှာ ရှိပြီးသားပါပဲ။ ဒါပေမယ့် အောက်ခြေအဆင့် အခြားအဆင့် စစ်သည် အတော်များများက အဲဒီ စစ်ပစ္စည်းတွေကို ရောင်းစားပစ်ပါတယ်။ မြန်မာပြည်မှာ စစ်ပစ္စည်း မှောင်ခိုဈေးကွက် ဘယ်လောက်ကြီးတယ်ဆိုတာကိုတော့ မင်္ဂလာဒုံဈေးထဲက စစ်ပစ္စည်းအရောင်းဆိုင်တွေက သက်သေပါပဲ။ ငွေသာပေးနိုင်ရင်၊ ဘာသက်သေ အထောက်အထားမှ မရှိဘဲနဲ့ စစ်တပ်သုံးပစ္စည်းတွေကို အဲဒီဈေးမှာ အလိုရှိသလောက် ၀ယ်ယူနိုင်ပါတယ်။ အဲဒီလိုနဲ့ စစ်သား အတော်များများမှာ စစ်ဝတ်ချပ်တန်ဆာ မစုံမလင်နဲ့ နောက်ဆုံး စစ်ဖိနပ်စီးစရာတောင် မရှိတော့တဲ့ စစ်သားဖြစ်ရတော့တာပါပဲ။

စစ်တပ်က စားစရာရိက္ခာ၊ သုံးစရာ လစာ ပေးထားပါလျက်နဲ့ အောက်ခြေ စစ်သားတွေက သူတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို ရောင်းစားပစ်ရတဲ့ အကြောင်းရင်းကတော့ နဂိုကတည်းကိုက ဘာခံယူချက်မှ မရှိဘဲ အကြောင်းမျိုးစုံနဲ့ စစ်တပ်ထဲ ရောက်လာသူ စစ်သားတွေက စဉ်းစားဆင်ခြင်ဉာဏ် နည်းလှစွာနဲ့ စစ်ပစ္စည်းရောင်းစားလို့ ရတဲ့ငွေစတချို့နဲ့ မူးရူးပျော်ပါး သောက်စားလိုတာက တချက်၊ နောက်တချက်ကတော့ သူတို့ရဲ့ ရိက္ခာနဲ့ လစာတွေကို အထက်အရာရှိတချို့က ရသင့်တဲ့အတိုင်း မပေးဘဲ ခိုးယူဖြတ်တောက်ပြီး ကိုယ်ကျိုးအတွက် အသုံးချကြတာကြောင့် စစ်ပစ္စည်းရောင်းလို့ ရတဲ့ ငွေစလေးနဲ့ လတ်တလော အဆင်ပြေသွားရင် ပြီးရော ဆိုပြီး ရောင်းစားပစ်ကြတာပါပဲ။

ကျနော် စစ်ဆင်ရေး အထမ်းသမား ပေါ်တာအဖြစ် လိုက်သွားခဲ့ရစဉ်တုန်းကဆိုရင် အပေါ်ပိုင်းမှာ စစ်အင်္ကျီ၊ ခါးအောက်ပိုင်းကျတော့ အရပ်ဝတ် အားကစားဘောင်းဘီတို၊ ယိုးဒယား ညှပ်ဖိနပ်နဲ့ ရှေ့တန်းလိုက်ကြတဲ့ စစ်သားတွေကို တွေ့ခဲ့ရဖူးပါတယ်။

စစ်တပ်က ပေးတဲ့ ရိက္ခာက တကယ့်အတိအကျဆိုရင် စားဖို့ လုံလောက်ပါတယ်။ အာဟာရလည်း ပြည့်ဝပါတယ်။ ဒါပေမယ့် တပ်ထဲက တာဝန်ရှိသူတွေရဲ့ အဆင့်ဆင့် ဖြတ်တောက် လာဘ်စားမှုရဲ့ ဒဏ်တွေကို ခါးစည်းခံရပြီး အစားအစာ မ၀မလင်၊ အ၀တ်အစား မတောက်မပြောင်နဲ့ လူတောမတိုး ဖြစ်ကြရတာကတော့ အောက်ခြေအဆင့် စစ်သားအများစုပါပဲ။ ကျနော့်ညီလေး တက်ရောက်ခဲ့ရတဲ့ တပ်သားသစ်သင်တန်းမှာဆိုရင် သင်တန်းသား တပ်သားသစ်တွေဟာ အမြဲတမ်းလိုလို ဆာလောင်နေကြပါတယ်တဲ့။

လစာနဲ့ ရိက္ခာစာရင်းကို အထက်ဌာန အဆင့်ဆင့်ကို တင်ပြတဲ့အခါ စည်းကမ်းပျက်တဲ့ စစ်ဗိုလ်အချင်းချင်း စည်းဝါးရိုက်ပြီးတော့ တပ်တွင်းမှာ အမှန်တကယ်ရှိတဲ့ အင်အားထက် ပိုမိုတင်ပြတောင်းခံပေမယ့် အောက်ခြေကိုကျတော့ အဲဒီ ရိက္ခာနဲ့ လစာတွေကို လုံလုံလောက်လောက် ပြန်မပေးတာဟာ အကြီးမားဆုံး တပ်တွင်း ခြစားမှုကြီး ဖြစ်သလို တပ်မတော်အတွက် သုံးစွဲတဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာတော်ကိုလည်း လွန်စွာမှ ပြုန်းတီးစေပါတော့တယ်။

စစ်ဗိုလ်ဖြစ်ခွင့် မရှိတဲ့ အခြားအဆင့် စစ်သည်တယောက်အဖို့ စစ်မှုထမ်းသက်ကြာမြင့်လာခြင်း၊ ရာထူးတိုးမြှင့်ခြင်းဟာ သူ့ဘ၀ရဲ့ တိုးတက်မှုကို ဘာမှ အာမခံချက်မပေးနိုင်ပေမယ့် စစ်ဗိုလ်အရာရှိတယောက် စစ်တပ်ထဲမှာ ကြာလာတာနဲ့ အမျှ ရာထူးတွေ မြင့်မြင့်လာလေလေ၊ ၀င်ငွေလမ်း ဖြောင့်လာလေလေ ဖြစ်နေတာဟာလည်း စစ်တပ်ထဲက အခြားအဆင့် စစ်သည်တွေအတွက် စိတ်ဓာတ်ပျက်ပြားစေတဲ့ အကြောင်းရင်း တရပ်ပါပဲ။

အခြားအဆင့် စစ်သည်တယောက်အဖို့ စစ်တပ်ထဲကနေ ထွက်ခွင့်ရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ စစ်သက် ဘယ်လောက်ပဲ ကြာမြင့်ကြာမြင့် ခိုင်းစေဖို့အတွက် အားအင် ရှိနေသေးတယ်လို့ ယူဆနေသေးသရွေ့ ဘယ်အခြားအဆင့် စစ်သည်ကိုမှ သူတို့ရဲ့ တပ်မှူးတွေက စစ်တပ်က ထွက်ခွင့်ကို အသာတကြည် မပေးကြပါဘူး။ အသက် ၆၀ ကျော်ပြီး ဘယ်လိုမှ ခိုင်းစေလို့ မကောင်းတော့တဲ့အခါ၊ အေအိုင်ဒီအက်စ် ရောဂါလိုမျိုး ကူးစက်ရောဂါ စွဲကပ်တဲ့အခါနဲ့ ရှေ့တန်းစစ်ဆင်ရေးမှာ ဒဏ်ရာရလို့ ခြေပြတ်လက်ပြတ် ဖြစ်လာတဲ့ စစ်သည်မျိုးက ထွက်ခွင့်တင်တဲ့ အခါမှသာလျှင် လျှောလျှောရှူရှူနဲ့ ထွက်ခွင့်ရပါတယ်။

စစ်ဗိုလ်တွေအတွက်ကတော့ အသက် ၆၀ ပြည့်တဲ့ အချိန်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူး ရှိသူဟာ ၆၅ နှစ်အထိ တပ်မတော်မှာ တာဝန်ထမ်းခွင့် ရှိတယ်လို့ သတ်မှတ်သေးတဲ့ အပြင် စစ်တပ်ရဲ့ ရာထူးအကြီးမြင့်ဆုံး ပုဂ္ဂိုလ်ကိုယ်တိုင်က အသက် ၇၀ ကျော်လွန်သည့်တိုင်အောင် စစ်တပ်က မထွက်ဘဲ ခပ်တည်တည်နဲ့ စစ်စည်းကမ်းဖောက်လို့ စစ်စည်းစိမ်ကို ခံစားနေဆဲပါပဲ။

တနည်းနည်းနဲ့ စစ်တပ်က ထွက်ခွင့်ရကြပြန်တော့လည်း စစ်မှုထမ်းဟောင်းခြင်း အတူတူ စစ်ဗိုလ်ဟောင်းကြီးတွေက အရပ်ဘက် ဌာနဆိုင်ရာတွေမှာ ဘာမှမသိ မတတ်လည်း ညွှန်မှူးတွေ ညွှန်ချုပ်တွေဖြစ်လိုဖြစ်နဲ့ ဆက်လက်ကောင်းစားနေကြပေမယ့် အခြားအဆင့် စစ်မှုထမ်းဟောင်းတွေအတွက်ကတော့ အခွင့်အရေးတွေက နည်းပါးလွန်းလှပါတယ်။ ရင်နင့်စရာကောင်းတာကတော့ လူစည်ကားရာနေရာတွေမှာ တွေ့ရတတ်လေ့ရှိတဲ့ စစ်ပြန် ဒုက္ခိတ သူဖုန်းစားတွေပါပဲ။ ပြည်သူတွေက နဂိုကတည်းကမှ စစ်တပ်ကို မုန်းရတဲ့အထဲ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်မိလို့ ဒုက္ခိတဖြစ်ရတော့လည်း တပ်ကထွက်ပြီး တောင်းရမ်းစားသောက်နေရတဲ့ ဘ၀ပါ။

***

ပြည်သူနှင့် စစ်တပ်

တကယ်တော့ စစ်သားဆိုတာဟာ ပြည်သူထဲက ပြည်သူပါလို့ အားလုံးက နားလည်ထားကြပြီးသားပါပဲ။ အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတစုက `တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ´ လို့ ကြွေးကြော်ပြီး စစ်တပ်ကို သူတို့ကိုယ်ကျိုးအတွက် လက်ကိုင်တုတ် အဖြစ်အသုံးချနေပေမယ့် တပ်မတော်ရဲ့ မိဘဟာ ပြည်သူတွေပါပဲ။

တကယ်တော့ အာဏာပိုင်တွေဟာ ဒီအချက်အလက်ကို ကောင်းကောင်းနားလည်တဲ့အတွက်ကြောင့် ပြည်သူထဲက ပြည်သူ့စစ်သားနဲ့ သူတို့ရဲ့ အမိအဖမောင်နှမ ပြည်သူတွေကို သွေးကွဲအောင် စနစ်တကျ လုပ်ဆောင်ပါတယ်။ တပ်သားတွေကို သတင်းမီဒီယာ အမှောင်ချခြင်း၊ ပြည်သူနဲ့ ထိတွေ့ခွင့် နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်ခြင်း၊ အာဏာပိုင်တွေရဲ့ မူဝါဒကို ထပ်ခါတလဲလဲ နားရည်ဝအောင် ရိုက်သွင်းထားခြင်း စတဲ့ နည်းမျိုးစုံနဲ့ ပြည်သူနဲ့ စစ်တပ်ကို တသီးတခြားစီ ဖြစ်အောင် စနစ်တကျလုပ်ဆောင်ပါတယ်။

ထင်ရှားတဲ့ အချက်အလက် တခုကို တင်ပြရမယ်ဆိုရင် ၁၉၉၉ ခုနှစ် နောက်ပိုင်းမှာ စစ်တပ်တွေထဲမှာ `စည်းရုံးရေး ကော်မတီ´ ဆိုပြီးတော့ အဆင့်ဆင့် ကော်မတီတွေ ဖွဲ့စည်းပါတယ်။ ဥပမာ တပ်မတော် စည်းရုံးရေး ကော်မတီ၊ တိုင်းစည်းရုံးရေး ကော်မတီ၊ တပ်မ စည်းရုံးရေး ကော်မတီ၊ တပ်ရင်းစည်းရုံးရေး ကော်မတီ၊ တပ်ခွဲ စည်းရုံးရေး ကော်မတီ စသဖြင့် အောက်ခြေအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းပါတယ်။ ယုတ်စွအဆုံး စစ်သားမယားတွေကိုပါ `ရဲမေ စည်းရုံးရေး ကော်မတီ´ ဆိုပြီးတော့ လင်ယောက်ျားရဲ့ ရာထူးအလိုက် အဆင့်ဆင့် ဖွဲ့စည်းကြပါတယ်။ အဲဒီ စည်းရုံးရေး ကော်မတီတွေရဲ့ အဓိက ဦးတည်ချက်ကတော့ `တပ်မတော် မူဝါဒ´ လို့ အမည်ခံထားတဲ့ `လက်ရှိအာဏာရှင်တွေရဲ့ မူဝါဒ´ ကို တပ်တွင်းအဆင့်ဆင့် ရိုက်သွင်းတာပါ။

ဥပမာအားဖြင့်… `ကျေးဇူးကန်းကြသူများသို့´ ဆိုတဲ့ ဆောင်းပါး တပုဒ်မှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမည်ရင်းအတိုင်း မခေါ်စေဘဲ `ဒေါ်စုကြည်၊ စုကြည်၊ ဘိုကတော်စုကြည်´ စသဖြင့် ခေါ်ဝေါ်ရမယ်ဆိုတဲ့ တပ်တွင်းညွှန်ကြားချက်ဟာ တပ်ရင်းတခုရဲ့ စည်းရုံးရေးကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

အလွန်တရာ ဆိုးဝါးလွန်းတဲ့ အချက်ကတော့ စားဝတ်နေရေး ကျပ်တည်းမှု၊ နိုင်ငံရဲ့ ချွတ်ခြုံကျမှုကြောင့် မခံမရပ်နိုင်လို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့ ပြည်သူတွေကို `အဲဒါ ဗကပတွေ၊ အကြမ်းဖက်သမားတွေ´ လို့ အယုံသွင်း သွေးထိုးပြီး အမုန်းစိတ် သွင်းပေးတာပါ။ နဂိုကတည်းကမှ တပ်တွင်းခြစားမှုတွေကြောင့် အောက်ခြေအဆင့် စစ်သည်တွေရဲ့ ဘယ်သူ့ကို ပေါက်ကွဲရမှန်း မသိတဲ့ ဒေါသတရားတွေက အဲဒီမှာတင် သူတို့ကို ဘာမှ ပြန်မလုပ်နိုင်တဲ့ သူတို့ရဲ့ အမိအဖ ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းခြင်းနဲ့ ဖောက်ခွဲပစ်လိုက်ပါတော့တယ်။

ရှေ့တန်းစစ်ဆင်ရေး ထွက်တဲ့အခါ စစ်ဆင်ရေး နယ်မြေမှာ `တွေ့တဲ့လူကို အစိတ်သားက အစ မချန်ထားနဲ့´ ဆိုပြီးတော့ သူပုန်၊ အရပ်သားမရွေး ချေမှုန်းစေသလို အဲဒီ `အစိတ်သားကအစ ချန်မထားတဲ့ စိတ်ဓာတ်´ ကို ဆန္ဒပြပွဲတွေကို ချေမှုန်းတဲ့နေရာအထိ သယ်ဆောင်လာတဲ့ အခါမှာတော့ ယူကြုံးမရဖြစ်စရာ ကောင်းလှတဲ့ သွေးထွက် သံယိုမှုတွေက မြန်မာ့မြေပေါ်မှာ အကျည်းတန်လှစွာနဲ့ ပေါ်ပေါက်လာရပါတော့တယ်။

***

နိဂုံး…

တကယ်တော့ စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် မရှိမဖြစ်ဆိုတာကို လူတိုင်းက လက်ခံထားကြပြီးသားပါ။ ဒါပေမယ့် မရှိမဖြစ်ရတဲ့ အကြောင်းရင်းဟာ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ လူတစုရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။

ဖြစ်ပြီးခဲ့တဲ့ ပစ်ခတ်နှိမ်နင်းမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ စစ်သားတိုင်းဟာလည်း အခုလို ရက်စက်မှုကြီးကို အားလုံးက သဘောတူနေကြမယ်လို့ ကျနော် မယုံကြည်ပါဘူး။ လူစိတ်အပြည့်နဲ့ ပြဿနာတခုကို ငြင်သာပျော့ပျောင်းတဲ့နည်းနဲ့ ပူးပေါင်း အဖြေရှာလိုတဲ့ စစ်ခေါင်းဆောင် အချို့နဲ့ ပြည်သူကို မရက်စက်ချင်တဲ့ အောက်ခြေ စစ်သားတွေ တပ်မတော်ထဲမှာ ရှိနေကြအုံးမှာ အသေအချာပါပဲ။

အဓိက အရေးကြီးတဲ့ အချက်က မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ကြတဲ့ ပြည်သူတွေကို `အကြမ်းဖက် ဆူပူလိုသူတွေ´ လို့ စစ်သားတွေက ထင်မြင်နေတာကို ဖယ်ဖျောက်နိုင်အောင် ကြိုးစားဖို့ပါပဲ။ အဲဒီ အမြင်တွေကို စစ်သားတွေရဲ့ အတွေးထဲက ဖယ်ထုတ်ပစ်နိုင်အောင် ကျနော်တို့ ကြိုးစားနိုင်တဲ့ နေ့မှာ တပ်မတော်ကို ကိုယ်ကျိုးအလို့ငှာ အသုံးချနေတဲ့ လူတစုကို ကျနော်တို့ အောင်မြင်မှာ အသေအချာပါပဲ။


ကလိုစေးထူး

Saturday, October 13, 2007

ပြည်ပန်းညို မချိုဘဲ ဆားကို သူစွပ်စွဲ…



မြန်မာဆိုတာ ပွင့်လင်းဖော်ရွေပြီး ရိုးသားတဲ့ အပြုံးပိုင်ရှင်တွေပါတဲ့။ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူစရာ သိပ်ကောင်းတဲ့ အချက်က ရိုင်းပင်းကူညီတတ်တဲ့ စိတ်ထားနဲ့ အရိုးခံစိတ်လို့ ကြားဖူးပါရဲ့။

ဒါပေမယ့် အခုတော့ အဲဒီ မြန်မာ့စိတ်ရင်းတွေကို မြန်မာအစိုးရထုတ် မြန်မာ့သတင်းစာ တစောင်က နာမည်ဖျက်လိုက်ပါပြီ။ ရိုးသားမှုတွေကိုယ်စား ထိန်ချန်မှု၊ လိမ်လည်မှု၊ ကောက်ကျစ်စဉ်းလဲမှု ပရပွနဲ့ ဆောင်းပါးတပုဒ်က မြန်မာလူမျိုးတွေကိုယ်စား မြန်မာတယောက်အနေနဲ့ အင်မတန်မှ အရှက်ရစရာ ကောင်းလှတာမို့ ဒီစာကို ရေးလိုက်ပါတယ်။

***

ဆောင်းပါးနာမည်ကတော့ `ပြည်ပန်းညို ချိုချင်ပါလျက် ဆားက မဖျက်နိုင်အောင်´ ပါတဲ့။ ကျော်မင်းလူ (ရွှေပြည်သာ) ဆိုသူက အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ရေးပါတယ်။ ဆောင်းပါးရဲ့ အနှစ်ချုပ်က မကြာသေးခင်က ဖြစ်ပျက်သွားတဲ့ ဂျပန်သတင်းထောက် သေဆုံးမှုဟာ မတော်တဆသာဖြစ်ကြောင်း၊ အဲဒီဖြစ်ရပ်ကို အခြေခံပြီးတော့ အကူအညီပေးမှု လျှော့ချတာတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ မဖြစ်လာရအောင် ရည်ရွယ်ပါတယ်။

တကယ်လို့သာ ဂျပန်သတင်းထောက် ကင်ဂျီနာဂါအိ သေဆုံးခဲ့ရတဲ့ ဗွီဒီယို မှတ်တမ်းကို ကျနော် မကြည့်ဖြစ်ခဲ့မိဘူးဆိုရင်၊ တခြားသော သတင်းဌာနက သတင်းထုတ်ပြန်ချက်တွေနဲ့ ဘလော့ဂ်တွေကို ဖတ်ခွင့်မရခဲ့ဘူးဆိုရင် မီဒီယာကို အပိုင်စီးထားတဲ့ အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် အဲဒီ သတင်းစာပါ အချက်အလက်တွေကို ဟုတ်လေနိုးနိုး ထင်ကောင်းထင်မိမှာပါ။ အခုတော့ သတင်းထုတ်ပြန်ချက် ပေါင်းစုံကို ဖတ်လဲဖတ်ရ၊ ဘယ်လိုမှ ငြင်းနိုင်စရာ မရှိတဲ့ ဗွီဒီယို မှတ်တမ်းသက်သေလဲ ကြည့်ပြီးသား ဆိုတော့ အခုလို အရှက်မဲ့စွာ လိမ်လည်တာကို အော့နှလုံးနာလွန်းလှပါတယ်။




ကမ္ဘာလှည့်ခရီးသည်တဦး ဘယ်နေ့မှာ ဘယ်ဗီဇာ၊ ဗီဇာအမှတ်ဘယ်လောက်နဲ့ ဘယ်လိုလာတယ်ဆိုတာကို သာမန်ပြည်သူတယောက်က သိနိုင်စရာ အကြောင်း မရှိသလို တော်ရုံလူကိုလည်း တာဝန်ရှိသူ ဆိုတဲ့လူတွေက ဒီအချက်အလက်တွေကို ပေးစရာ အကြောင်းမရှိပါဘူး။ ဒီတော့ ကျော်မင်းလူဟာ ပြည်သူတွေထဲက သာမန်ပြည်သူ တယောက်မဟုတ်ဘဲ အာဏာပိုင်အဖွဲ့အစည်းက တနည်းတဖုံ ရာထူးအာဏာရှိသူ ရှိသူဖြစ်ဖို့ များတယ်ဆိုတာကို ဒီအချက်အလက်နဲ့ သူ့အရေးအသားက ပြပါတယ်။



ငါးပေခန့် အကွာအဝေးမှာ ရှိတဲ့၊ လူအုပ်နဲ့လည်း တသီးတသန့်စီ ဖြစ်နေတဲ့ လူတယောက်ကို မကောင်းသူထိပ် ကောင်းသူထိပ် လူစုကွဲရုံသာ ပစ်လိုက်တာပါတဲ့။ ဂျပန်လူမျိုးမို့ ရွေးပစ်ခြင်း မဟုတ်ဘူးဆိုတာကို နားလည်ပေးနိုင်သေးပေမယ့် ပစ်လိုက်တဲ့ စစ်သားက ပစ်ခတ်ဖို့ မလိုအပ်တဲ့ အနေအထားနဲ့ အကြမ်းဖက်တိုက်ခိုက်နေသူ တယောက် လုံးဝ(လုံးဝ) မဟုတ်တဲ့ လူတယောက်ကို တမင်ကို ပစ်လိုက်တာကတော့ ဆောင်းပါးထဲမှာ ကျော်မင်းလူ တလုံးတပါဒမှ ထည့်မရေးခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းက သက်သေခံနေခဲ့ပါတယ်။




ထင်သာမြင်သာအောင် စာလုံးမည်းတွေနဲ့ ဖော်ပြထားတဲ့ အဲဒီအချက်အလက်ရဲ့ ရည်ရွယ်ချက်က ဘာများပါလဲ။ အခု ဂျပန် တယောက်သေတာကို စကားလုပ်ပြောမနေကြနဲ့။ တကယ်ဆိုရင် ငါတို့ မြန်မာတွေကို သူတို့ ဂျပန်တွေ နှိပ်စက်ခဲ့တာက ရင်နာစရာတွေ အများကြီး။ အခု သူသေတယ်ဆိုတာ ဘာမှမဟုတ်ဘူး။ အဲဒီတော့ အခု သူသေတာကို အရင်က ငါတို့နိုင်ငံမှာ ဂျပန်တွေ နှိပ်စက်ခဲ့တဲ့ သမိုင်းနဲ့ ဖြေတွေးလိုက် ဆိုတဲ့ သဘောကို ဆိုလိုတာများလား။ လတ်တလော ဖြစ်ပျက်သွားတဲ့ ဖြစ်စဉ်ကို အရင်က အတိတ်ဟောင်းနဲ့ အကာအကွယ်ယူဖို့ ကြိုးစားတဲ့ တာဝန်မဲ့မှုက မြန်မာလူမျိုးတယောက်အနေနဲ့ အင်မတန် ရှက်စရာကောင်းလွန်းလှပါတယ်။

***

ဆောင်းပါး တပုဒ်လုံးကို အစအဆုံးဖတ်ကြည့်မိတော့ ထင်ရှားတဲ့ ရည်ရွယ်ချက်က တခုပဲ ကျန်ခဲ့ပါတယ်။ အဲဒါကတော့ `အခုဖြစ်ရပ်မှာ သူတို့(နအဖ) မလွန်ဘူး၊ အဲဒီအတွက် ဂျပန်က ပေးနေတဲ့ အကူအညီတွေကို မရပ်သွားဘဲ၊ ဆက်ပေးပါ´ ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။

တကယ်ဆိုရင် အစိုးရတရပ်အနေနဲ့ လုပ်သင့်တာက အဲဒီဖြစ်ရပ်အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အဲဒီဖြစ်ရပ်မှာပါဝင်တဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူဆောင်ရွက်၊ ပြီးရင် ဘယ်လို အရေးယူခဲ့တယ်ဆိုတာကို မြန်မာပြည်သူတွေနဲ့ ဂျပန်ပြည်သူတွေကိုပါ သိရှိအောင် သတင်းထုတ်ပြန်၊ ဂျပန်အစိုးရကိုလည်း ကိုယ့်အမှားကိုကိုယ် ရဲရင့်စွာ ၀န်ခံပြီးတော့ လူကြီးလူကောင်းဆန်ဆန် တောင်းပန်တာမျိုး လုပ်သင့်တာပါ။

အခုတော့ အမှားကို ကျူးလွန်တာကိုတော့ နောင်တလည်း မရ၊ အဲဒီအမှားအတွက် တာဝန်လည်း မယူတဲ့အပြင် နိုင်ငံပိုင် သတင်းစာကနေ အခုလိုမျိုး ရေးသားတာကို ကာယကံရှင် မစ္စတာနာဂါအိရဲ့ မိသားစုဝင်တွေက သိရှိသွားကြရင် ဘယ်လို ခံစားကြရရှာမလဲ။ အဲဒီဆောင်းပါးကို ရေးလိုက်တဲ့ ဆောင်းပါးရှင်ကိုယ်တိုင်ကရော အာဏာပိုင်တွေရဲ့ အဲဒီတာဝန်မဲ့မှုကို အကာအကွယ်ပေးတဲ့ ဒီဆောင်းပါးကို ရေးလိုက်ရလို့ တကယ်ကိုပဲ လိပ်ပြာသန့်နိုင်ရဲ့လားဆိုတာ စဉ်းစားဖို့ကောင်းလှပါတယ်။

လူရယ်လို့ ဖြစ်လာပြီဆိုရင် အမှားမကင်းကြပါဘူး။ ဒါပေမယ့် လူပီသသူဟာ ကိုယ့်အမှားကို ကိုယ်တာဝန်ယူရဲရပါမယ်။ အခုတော့ မှားလဲ မှားသေး၊ `ငါမမှားဘူး၊ ဒါမတော်တဆ´ လို့လဲ ပြောသေးဆိုတော့ နိုင်ငံတခုရဲ့ အုပ်ချုပ်သူအနေနဲ့ရော မြန်မာလူမျိုးအားလုံးအတွက်ပါ အင်မတန် ရှက်စရာကောင်းလှသလို သိက္ခာလည်း မဲ့လွန်းလှပါတယ်။

***

`မင်းတို့ အစိုးရ သိပ်ဆိုးတာပဲနော်´ လို့ လူမျိုးခြားတွေက မကြာခဏ မှတ်ချက်ပေးတိုင်း ရင်ထဲမှာ နာနေအောင် ခံစားရတဲ့ ခံစားချက်ကို မြန်မာလူမျိုးတိုင်း သိကြပါတယ်။ လက်ရှိအာဏာပိုင်တွေရဲ့ ကြီးမားလှတဲ့ စေတနာနဲ့ တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်မှုတွေကြောင့် မြန်မာဟေ့ ဆိုရင် လေဆိပ်အ၀င်မှာကတည်းက ဘယ်နိုင်ငံရောက်ရောက် မျက်နှာငယ်ရတဲ့ အချိန်တွေကိုလည်း ကုန်ဆုံးချင်လှပါပြီ။ အခုလို တာဝန်မဲ့တဲ့ လုပ်ရပ်နဲ့ ကိုယ်ချင်းစာစိတ်ကင်းမဲ့တဲ့ စိတ်ဓာတ်တွေကို သိသွားရင်ရော တခြားသော လူမျိုးခြားတွေက ဘယ်လို ထပ်ပြောလာကြမလဲ။

ကျော်မင်းလူက ဆောင်းပါးနာမည်ကို `ပြည်ပန်းညို ချိုချင်ပါလျက် ဆားကမဖျက်နိုင်အောင်´ လို့ နာမည်ပေးပါတယ်။

တကယ်တော့ မချိုတဲ့ ပြည်ပန်းညိုက ဆားမပါလဲ ချိုစရာအကြောင်းမရှိပါဘူး။ ဒါကြောင့်…။

ပြည်ပန်းညို မချိုဘဲ ဆားကို သူစွပ်စွဲ… လို့ မှတ်ချက်ပေးရင်း….။


ကလိုစေးထူး