Wednesday, October 10, 2007

အဝေးရောက် ချွေး…

တနေ့မှာတော့ တလနေမှ တခါလောက်သာ စကားပြောဖြစ်တဲ့ သူငယ်ချင်းတယောက်က ဂျီတော့ခ်မှာ ကျနော့်ကို ဒီလိုပြောပါတယ်။

`ကသံလွင်၊ ခင်ဗျားအမြင်လေး တပုဒ်လောက် ရေးစမ်းပါအုံးဗျာ။ အခုတလောမှာ စီဘောက်စ်တွေမှာနဲ့ ဘလော့ဂ်တွေမှာ တွေ့တွေ့နေရတာကို´

`ဘာကိုတုန်းဗျ´

`ဒီလိုလေ၊ ရုရှရောက် တချို့ စစ်ဘိုတွေက `မင်းတို့က နိုင်ငံအတွက် ချွေးဘယ်နှစ်စက်ထွက်ပြီးပြီ မို့လို့လဲ´ ဆိုတဲ့စကားကို ခင်ဗျား ဘယ်လိုမြင်လဲ ဆိုတာပါ´

သူ အဲဒီနေ့က ပြောခဲ့ပေမယ့် အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျနော် တော်တော်နဲ့ မရေးဖြစ်ခဲ့ပါဘူး။ တခြားရေးချင်တဲ့ အကြောင်းအရာတွေကို ဦးစားပေးနေခဲ့တာလဲ ပါပါတယ်။

***

`မင်းတို့က နိုင်ငံအတွက် ချွေးဘယ်နှစ်စက် ထွက်ပြီးပြီ မို့လို့လဲ´

ဒီစကားရဲ့ အတိမ်အနက်ကို သေသေချာချာ ပြန်စဉ်းစားကြည့်တော့ ရိုးရိုးလေး တွေးမိပါတယ်။ သူငယ်ချင်း ပြောတဲ့အတိုင်းဆိုရင်တော့ စစ်သားတယောက်က အရပ်သားတယောက်ကို မေးတဲ့စကားပေါ့။ စစ်သားဆိုတော့ လုပ်ရတဲ့ အလုပ်က ကြမ်းတယ်။ ရှေ့တန်းတွေဘာတွေ ထွက်ရတယ်၊ တခါတလေကျရင် အသက်တောင် သေချင်လဲ သေသွားနိုင်တယ်။ အရပ်သားဆိုတာကတော့ စစ်သားနဲ့ နှိုင်းယှဉ်လိုက်ရင် အဲဒါတွေက တော်တော်နည်းမယ်။

အဲဒီလို ပုံစံမတူတဲ့ ရှင်သန်မှုကို ဖြတ်သန်းလာကြတဲ့ လူနှစ်ယောက်က ဆန့်ကျင်ဘက် လမ်းတခုဆီကို လျှောက်ကြတဲ့ အခါမှာ စစ်သားက သူဖြတ်သန်းလာခဲ့ရတဲ့ အခြေအနေကို ဂုဏ်ယူဝံ့ကြွားလိုတဲ့ သဘော၊ ဒါမှမဟုတ် တဖက်က သူနဲ့ ဆန့်ကျင်ဘက်က ပုဂ္ဂိုလ်ကို စကားအရာအရ အနိုင်ရချင်တဲ့ ဆန္ဒ တခုခုနဲ့ ပြောလိုက်တာလို့ပဲ ရိုးရိုးလေး တွေးမိပါတယ်။

ကဲ၊ ဒါဖြင့် မြန်မာပြည်မှာ စစ်သားတွေလောက် အရပ်သားတွေက တိုင်းပြည်အတွက် အလုပ်မလုပ်ကြတော့ဘူးလား။ စစ်သားတွေက တကယ်ကိုပဲ အရပ်သားတွေထက် ပိုမိုပြီး ချွေးစက်ပေါင်း မြောက်မြားစွာ ထွက်နေတာလား။ ဘယ်သူကရော ချွေးစက်တွေ တကယ်ထွက်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်နေတာလဲ ဆိုတာ ကျနော်တို့ လေ့လာကြည့်ကြပါစို့။

***

တကယ်တော့ တိုင်းပြည်အတွက် လူတိုင်းလူတိုင်းဟာ ကျရာနေရာကနေ သူတို့နဲ့ ထိုက်သင့်တဲ့ တာဝန်ကို ထမ်းနေကြတဲ့ လူချည်းပါပဲ။ ကျောင်းသားတယောက်က စာသင်မယ်၊ ကျောင်းဆရာတယောက်က စာပြမယ်၊ အဆိုတော်တယောက်က သီချင်းဆိုမယ်၊ သဘင်သည် တယောက်က ဇာတ်ကမယ်၊ ရုပ်ရှင်မင်းသားက ဇာတ်ကားတွေ ရိုက်မယ်၊ ဒရိုင်ဘာတယောက်က ကားမောင်းမယ်၊ အဲဒီလိုပါပဲ စစ်သားတယောက်က စစ်တိုက်မယ်၊ စစ်ဆင်ရေးထွက်မယ်။ သူ့နေရာနဲ့သူ တိုင်းပြည်အတွက် ချွေးစက်ကိုယ်စီ ထွက်နေကြတဲ့ လူချည်းပါပဲ။

ကျောင်းသားတယောက်အတွက် သူသင်ယူတဲ့ ဘာသာကို အားသွန်ခွန်စိုက် ကြိုးစားလို့ ပင်ပန်းသွားတဲ့ ဦးနှောဏ်ဉာဏ်ဟာ တိုင်းပြည်အတွက် ချွေးစက်တခုနဲ့ အလားသဏ္ဍာန်တူသလို စစ်သားတယောက်က ရှေ့တန်းကို သွားရလို့ ကျရတဲ့ ချွေးစက်ကလည်း သူ့ဘက်ကကြည့်ရင်တော့ တိုင်းပြည်အတွက်ပါပဲ။ ပုံစံခြင်းကွာတာ တခုပါပဲ။ အဲဒီလိုပဲ ကျောင်းဆရာ၊ အဆိုတော်၊ ဇာတ်မင်းသား၊ ရုပ်ရှင်မင်းသား၊ ဒရိုင်ဘာ၊ နောက်ဆုံး ကုန်ကြမ်း အထမ်းသမားက အစ သူ့နေရာနဲ့သူ တိုင်းပြည်အတွက် ချွေးစက်တွေ ထွက်နေရတဲ့ လူချည်းပါပဲ။

နောက်ထပ် စဉ်းစားရမှာတခုကလည်း ပြည်သူပြည်သားတွေက အုပ်ချုပ်သူတွေကို ပေးနေရတဲ့ အမျိုးမျိုးအပြားပြားသော အခွန်ငွေတွေဟာ အဲဒီ ချွေးစက် ပေါင်းစုံက ထွက်လာတာပါပဲ။

ကျောင်းသားတယောက် လမ်းပေါ်ထွက်ပြီး ဆန္ဒပြအရေးဆိုတာ၊ ပြည်သူတယောက် လမ်းပေါ်ထွက်ပြီး ဆန္ဒပြ တောင်းဆိုတာဟာ သူတို့ ပေးဆပ်နေရတဲ့ ချွေးစက်တွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုတာပါပဲ။

ဒီလိုဆိုရင် အဝေးရောက် မြန်မာတွေကရော တိုင်းပြည်အတွက် ချွေးဘယ်နှစ်စက် ထွက်ကြလို့လဲ လို့ မေးစရာ ရှိပါသေးတယ်။ ဟုတ်ကဲ့၊ တိုင်းတပါးမှာ အဲဒီနိုင်ငံတွေက တိုးတက်မှုတွေမှာ အလိုက်သင့် နေမယ်ဆိုရင် နေလို့ ရပါလျက်နဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်ကို သူတို့ရောက်နေတဲ့ တိုင်းပြည်လို တိုးတက်စေချင်တာ၊ သူများနိုင်ငံတွေနဲ့ တန်းတူရည်တူ ဖြစ်စေချင်တာ အစရှိတဲ့ စိတ်၊ အဲဒီစိတ်နဲ့ သူတို့ရောက်နေတဲ့ နေရာကနေ မိခင်တိုင်းပြည်အရေး ရတက်မအေးစွာနဲ့ တတ်နိုင်သလောက် ကျရာနေရာကနေ တာဝန်ထမ်းနေကြသူတိုင်းဟာ တိုင်းပြည်အတွက် ချွေးထွက်နေကြသူချည်းပါပဲ။

စစ်သားဆိုတော့ သာမန်အားဖြင့်တော့ အရပ်သားထက်စာရင် ကြမ်းတမ်းချင်လဲ ကြမ်းတမ်းနိုင်ပါတယ်။ ဒါပေမယ့် တကယ်အလုပ်လုပ်နေကြတဲ့ အရပ်သားတွေရဲ့ ချွေးစက်ကို အမှီပြုပြီး လောလောဆယ်မှာ ချွေးတစက်မထွက်ဘဲ အခန့်သား ထိုင်စားနေကြတာ၊ ချွေးစက်တွေကို သွေးကွက်တွေအဖြစ် ပြောင်းလဲပစ်နေတာက ဘယ်သူတွေလဲဆိုတာကတော့ ကျနော် အထူးအထွေ ပြောစရာလိုမယ် မထင်တော့ပါဘူး။

ငါက အလုပ်လုပ်ရတာ ပိုကြမ်းတမ်းလို့၊ အသက်အန္တရာယ်က ငါနဲ့ ပိုနီးလို့…၊ ဟိုကောင်တွေက အခန့်သားကောင်တွေ၊ ငါတို့လောက် ဘယ်သူကများ တိုင်းပြည်အတွက် ချွေးထွက်မှာမို့လို့လဲ…၊ အစရှိတဲ့ လေလုံးထွား စကားလုံးတွေနဲ့ လူတွေကို ပေတံနဲ့ လိုက်တိုင်းသလို စကားအနိုင်ရပြီးရော ပြောတာမျိုးဟာ တကယ်တော့ သေသေချာချာပြန်စဉ်းစားရင် ကလေးဆန်လွန်းတဲ့ အတွေးပါပဲ။ တကယ်တမ်း တိုင်းပြည်အတွက်သာ လုပ်နေတယ်ဆိုရင် ကိုယ့်စေတနာ ကိုယ်အကျိုးပေးမှာ ဖြစ်သလို တိုင်းပြည်အတွက်ပါဆိုပြီး ညာဝါးဖြီးဖြန်းနေရင်လည်း ပြည်သူတွေရဲ့ ဆန့်ကျင် ပစ်ပယ်ခံရမှာ အသေအချာပါပဲ။

***

ဒီပို့စ်ကို ရေးပြီးသမျှ ပြန်ဖတ်ကြည့်ပြီးတော့ ကျနော့်ကိုယ် ကျနော်လည်း ပြန်မေးကြည့်မိပါတယ်။

`မင်းကရော တိုင်းပြည်အတွက် ဘယ်လောက်များ ချွေးထွက်ပြီးပြီလဲ´

ဟုတ်ကဲ့။ အခုလေးတင်ပဲ ကျနော့်အတွေးထဲက ချွေးတွေကို စာသားတွေအဖြစ်နဲ့ စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်ခင်ဗျာ။


ကလိုစေးထူး

12 comments:

Anonymous said...

ကိုစေးရေ
ဘုန်းဘုန်းတို့ရဲ့ သွေးတွေချွေးတွေ
ပြည်သူတွေရဲ့မျက်ရည်စက်တွေနဲ့
သူတို့ကတော့ဒူဘိုင်းကိုအပျော်ခရီးတဲ့

su wai said...

အကို့ပို့စ်ကို ဖတ်ပြီးတော့မှ ဆုဝေလဲ ကိုယ့်ကိုယ်ကိုယ် ချွေးဘယ်နှစ်စက် ထွက်ခဲ့ပြီးပြီလဲလို့ ပြန်မေးကြည့်မိတယ်။ တိုင်းပြည်အတွက် ဘာမှ ထိထိရောက်ရောက် လုပ်မပေးနိုင်သေးပေမယ့် စိတ်ထဲမှာတော့ ကိုယ့်တိုင်းပြည်ကို တိုးတက်စေချင်တဲ့ မျှော်လင့်ချက်တွေနဲ့ပါ။ သူများတကာကို နှိပ်စက်ညှဉ်းပန်းလို့ ထွက်ရတဲ့ချွေးစက်တွေထက်စာရင် စိတ်ဇောနဲ့ထွက်နေတဲ့ ချွေးတစ်စက်က ပိုပြီး တန်ဖိုးရှိမယ်လို့ ထင်တာပဲနော်။

Anonymous said...

ကဲ..ကိုကလိုရေ။ တစ်ချို့ဟာတွေက မှန်သလို တစ်ချို့ဟာတွေက လိုနေတယ်လို့တော့ စဉ်းစားမိပါတယ်။ တပ်မတော်ထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက တစ်နေရာနဲ့ တစ်နေရာ...တစ်ဦးနဲ့
တစ်ဦးမတူညီ ကြပါဘူး။ ဒီလိုပဲ စစ်သားတစ်ယောက် ၊ လူတစ်ယောက် ဟာလည်း သူဖြတ်သန်းခဲ့ရတဲ့ ဘ၀နဲ့ယှဉ်ပြီးတော့ ဆုံးဖြက်မှာပါ။ ချွေးဘယ်နှစ်စက်
ထွက်ပြီးသွားပြီလည်းလို့ ဆိုရာမှာ လူ
တစ်ယောက် ရွေးချယ်ခဲ့တဲ့ ဘ၀လမ်းကြောင်းပေါ်မူ
တည်ပါတယ်။ တန်ဘိုးရှိတယ် ၊ ဘယ်သူက သာတယ်
ဆိုတာကို မဆိုလိုချင်ပါဘူး။ ဥပမာ အနေနဲ့ ကိုကလိုပြောတာကို ပြန်စဉ်းစားပြီး ပြောရရင် စစ်သားကလွဲလို့ ပြည်သူတွေ အားလုံးဟာ တိုးတက်ဖို့ အခွင့်အရေး ရှိတယ်။ ကိုယ့်အချိန် ကိုယ်ပိုင်တယ်။ ကိုယ်
ရှာတဲ့ ပိုက်ဆံ နည်းနည်းများများ ကိုယ်သုံးရတယ်။ နောက်ဆုံး ချမ်းသာ သွားရင် ....ဒီလူတွေဟာ အများအမြင်မှာတော့ အောင်မြင်ကြီးပွားနေတဲ့ လူဆိုပေမဲ့ သူထွက်ခဲ့တဲ့ ချွေးဟာ တိုင်းပြည်အတွက် ပါခဲ့
ရဲ့လားဆိုတာ စဉ်းစားစေချင်ပါတယ်။ သူဘ၀ ကောင်းအောင် သူကြိုးစားပြီး သေသွားခဲ့ရင်ရော။ ကျွန်တော် ဆိုလိုချင်တာက စစ်သားတွေက သူတို့တပ်ထဲ ရောက်မှ ဘယ်လိုပဲ ပြောင်းလည်းသွား
ပေမဲ့ အခြေခံအရင်းမြစ်ကို ပြန်ကြည့်ရင် အပြင်လူငယ်
တွေထက် တိုင်းပြည်ကို ချစ်တဲ့ စိတ်ပိုခဲ့ကြပါတယ်။
မင်းတို့က စစ်သားဆိုတော့ ...ဒီလောက်တော့ ရှိမှာပေါ့
လို့ ပြောလာကြပါသေးတယ်။ မငြင်းပါဘူး ခင်ဗျာ။ ကျွန်တော် ကိုယ်တိုင်လည်း ငါတို့ချွေးစက်က ပိုတန်ဘိုး
ရှိတယ်လို့လည်း ၀န်မခံပါဘူး။ ကိုကလို ပြောသလို
အားလုံးက တိုင်းပြည်အတွက် အလုပ်လုပ်နေကြတယ်
ဆိုပေမဲ့ တကယ့်တကယ်တမ်း ကောင်းစားသွားတာ
စစ်တပ်မှာ ဆိုလည်း လူနည်းစုပါ။ စစ်သားဆိုတာက
ပြည်သူတာဝန် ထမ်းဆောင်ပြီး လူတစ်ယောက် တစ်ကျပ်ရရင် သူ့ထဲက တပြားလောက်ကို ဖယ်ပြီး ၊အဲဒီ
စစ်သားအတွက် တာဝန်ထမ်းဆောင်ခ ပေးတာပါ။ လစာလေး နှစ်ပဲ သုံးပြားလောက်ကို မက်ပြီး စစ်ထဲမှာ
တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေ မရှိပါဘူးခင်ဗျာ။
သူတို့လည်း ချမ်းသာချင်ပါတယ်။ ပိုက်ဆံတွေ ရှာချင်ပါတယ်။ အပျော်အပါးတွေ မက်ပါတယ်။ ဆွေးမျိုး
အပေါင်းအသင်းတွေနဲ့ မခွဲမခွာနေချင်ကြပါတယ်။ စစ်သားမို့လို ဒီလိုဟာမျိုးတွေ မလုပ်နိင် မဖြစ်နိင်ရင်လည်း ရှိစေတော့ ကိုကလိုရေ။ ဒါပေမဲ့
အပြင်မှာ ကိုယ့်မိသားစု သုံးဖို့ ၊ ကိုယ့်သုံးဖို့ ပိုက်ဆံရှာ
နေလို့ ထွက်လာတဲ့ ချွေးထက် ၊ ဘာမျှော်မှန်းချက်မှ မဖြစ်နိင်လောက်တဲ့ အခွင့်အရေးနည်းပါးလွန်းတဲ့ သူတို့တွေရဲ့...ချွေးစက်တွေက တန်းဘိုး မရှိရင်တောင်
ူတိုင်းပြည် အတွက် စစ်ထဲ ၀င်ခဲ့တဲ့ စိတ်က မြတ်သလားလို့တော ထင်မိတယ်ဗျာ။

Anonymous said...

I just want to tell that my father had been working as a governement service in ministery 1
He worked as a clerk for his whole life ,working so hard for country..a lot of sweat..not one or two
For my sister ..she is still working as a doctor..in small town
Doing her job starting from morning until night ..even in midnight
Is their work or sweat do not worth like soliders's work?

Anonymous said...

ကို ကလိုစေထူး
ကဲဗျာ၊ တိုင်းပြည်တာဝန်ထမ်းဆောင်တဲ့နေရာမှာ
မြို့ပေါ်က ဆရာဝန်တစ်ယောက်နဲ့ ရှေ့တန်းမှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်ဆရာဝန် တစ်ယောက် ဘယ်သူ က ပိုပြီး ချွေးထွက်လဲ၊ ဘယ်သူ က ပိုပြီး အသက်အန္တရယ် ပိုရှိလဲ၊ တွေးကြည့်ပေါ့၊ပြီးတော့ဗျာ စစ်သား အချင်းချင်း ကုပေးရတဲ့ ဆရာဝန်ရတဲ့ လစာ ရိက္ခာနဲ့ အပြင်ဆေးခန်းဖွင့် ရတဲ့ ၀င်ငွေ ဘယ်သူ က ပိုများလဲ၊၊ အခွင့် အရေးချင်းနှိုင်းယှဉ်ပြတာပါ၊ နှစ်ယောက် စလုံး ကတော့ တိုင်းပြည် အတွက် အရေးပါပါတယ်၊၊သေချာတာ တခုကတော့ အပြင် က ဆရာဝန်များထက် စာရင် စစ်ထဲက ဆရာဝန် အများစုက တိုင်းပြည် အတွက် ပိုပြီး ခံယူချက်ရှိတယ် ဆိုတာပါပဲ၊၊

ကလိုစေးထူး said...

ဟုတ်ကဲ့။ အရင်ဦးဆုံး ၀န်ခံချင်တာကတော့ ကျနော့်ရေးသားချက်မှာ လိုအပ်ချက်တွေ ရှိတယ်ဆိုတာပါ။ ကျနော်ဆိုလိုချင်တာက ထွက်လာတဲ့ ချွေးစက်တွေရဲ့တန်ဖိုးကို ဘယ်သူက သာတယ်၊ ဘယ်သူက နာတယ်လို့ သတ်မှတ်ချင်တဲ့ သဘော မဟုတ်ပါဘူး။ စစ်သားလဲ ချွေးထွက်တယ်။ အရပ်သားလဲ ချွေးထွက်တယ်။ ချွေးထွက်ရတဲ့ ပုံစံမတူဘူး။ ဒါပေမယ့် `မင်းတို့က ချွေးဘယ်နှစ်စက် တိုင်းပြည်အတွက် ထွက်ပြီးပြီလဲ´ လို့ စစ်သားတယောက်က အရပ်သားတယောက်ကို မေးမယ်ဆိုရင်တော့ စစ်သား ချွေးထွက်သလို အရပ်သားလဲ ချွေးထွက်တယ်ဆိုတာကို ပြောချင်တဲ့ သဘောပါပဲ။ အဲဒါကို ရေးတာ မထိမိဘူး ဖြစ်သွားတယ်။

တခုတော့ မေတ္တာရပ်ခံချင်ပါတယ်။ ကျနော် အခု ရေးလိုက်တာက `မင်းတို့ စစ်သားတွေချွေးထက် ငါတို့ အရပ်သားချွေးက သာတယ်´ ဆိုတဲ့ ဦးတည်ချက်ကို ရည်ရွယ်ပြီးသွားတာ မဟုတ်ပါဘူး။ ကိုယ့်အတွက် ဘာမျှော်မှန်းချက်မှ မရှိဘဲနဲ့ တိုင်းပြည်ချစ်စိတ်နဲ့ စစ်ထဲဝင်ပြီး အသက်၊ သွေး၊ ချွေး ပေးဆပ်နေတဲ့ ပြည်သူအပေါ် မေတ္တာထားတဲ့ ပြည်သူ့စစ်သားတယောက် ထွက်တဲ့ ချွေးကို ကျနော်တို့ အလွန်တန်ဘိုးထားပါတယ်။ ဒါပေမယ့် ကျနော်တို့ အမြင်အရကိုပဲ အခွင့်အရေးတွေ ရနေတဲ့၊ နောင်လည်း အခွင့်အရေးတွေ အများကြီးရလာနိုင်စရာ လမ်းကြောင်းကို မြင်နေတဲ့ အခွင့်ထူးခံ စစ်သားက အရပ်သားတယောက် စစ်တပ်ကို ဆန့်ကျင်မိတာနဲ့ပဲ `မင်းတို့က တိုင်းပြည်အတွက် ချွေးဘယ်နှစ်စက်ထွက်ပြီးပြီလဲ´ ဆိုပြီး သူ့ကိုယ်သူ တခြားသော တန်ဘိုးရှိ စစ်သားလိုလို ဘာလိုလို ရောယောင်တန်ဘိုးအထားခံစေချင်တာကိုတော့ ဆန့်ကျင်ပါတယ်။

ချွေးချင်းသာ နှိုင်းကျစတမ်းဆိုရင် ဥပမာ နယ်မြို့ကလေးက မပြည့်မစုံကျောင်းလေးမှာ မြေဖြူမှုန့်တွေကို နေ့စဉ်ရှုရှိုက်ပြီးတော့ ကိုယ့်တပည့်တွေ စာတတ်အောင် အာပေါက်မတတ်သင်ရလို့ ထွက်လာတဲ့ ကျောင်းဆရာတယောက်ရဲ့ ချွေးရဲ့ တန်ဖိုးက က ပြည်သူ့ဘဏ္ဍာကို လာဘ်စားနေတဲ့ စစ်ဘိုချုပ်တယောက်ရဲ့ ချွေးထက် အဆပေါင်းများစွာ သာမှာပါ။ ဆိုလိုတာကတော့ အသာရစတမ်းသာ ငြင်းကြမယ်ဆိုရင် ပြီးတော့မှာ မဟုတ်ပါဘူး။ အဓိကက အကောင်းဆုံးနဲ့ အလယ်အလတ်အကျဆုံး အတွေးအမြင် ရှိဖို့လို့ ကျနော်မြင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တန်ဖိုးရှိတဲ့ မှတ်ချက်ပေး ဆွေးနွေးချက်တွေအတွက် ၀င်ဆွေးနွေးကြတဲ့ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်လဲ ကျနော့်စာတွေမှာ တခုခု လိုအပ်ချက်ရှိရင် အခုလိုပဲ ထောက်ပြပါ။ Open mind ပါပဲ။

pandora said...

မည်ကာမတ္တတန်ဖိုးတွေထက် တကယ့်အနှစ်သာရ တန်ဖိုးက အရေးပိုကြီးတာပဲ။ ညာတော့ မညာစတမ်းပေါ့။
ကိုယ့်ကိုယ်ကို အသိဆုံးတွေပဲ။ ကိုယ့်ချွေးတန်ဖိုး ကိုယ်တကယ်သိပြီးရင်တော့ ဘာမှ အငြင်းပွားဖွယ် မရှိပါ။
ဒီပို့စ်အတွက် ကျေးဇူးပါ ကိုစေးထူး။

Totto Chan - တော့တိုးချန် said...

ကိုစေးထူးရေ ..

အကို့ Post လေးကို ဖတ်ပြီး သဘောကျလို့ comment လေးတစ်ချို့ရေးခဲ့ပါရစေ။ အသက်အန္တရာယ် နဲ့ နီးတဲ့ အလုပ်မှ ချွေးထွက်တယ်ခေါ်တာလား၊ နိုင်ငံအတွက်ပေးဆပ်တယ် ခေါ်တာလား၊ နိုင်ငံဝန်ကို ထမ်းတယ် ခေါ်တာလား လို့ မေးချင်လာပါတယ်။ နိုင်ငံသားတိုင်းက သူတတ်နိုင်တာကို နိုင်ငံအတွက် ထမ်းဆောင်နေတယ်လို့ မြင်မိပါတယ်။ လူတိုင်းမှာ ရွေးချယ်ခွင့်ရှိပါတယ်။ ဆရာဝန်က ဆရာဝန်ဖြစ်ဖို့ ရွေးချယ်ခဲ့လို့၊ အင်ဂျင်နီယာက အင်ဂျင်နီယာ ဖြစ်ဖို့ ရွေးချယ်ခဲ့လို့၊ စစ်သားက စစ်သားဖြစ်ဖို့ စတဲ့ ကိုယ်ပိုင်ရွေးချယ်ခဲ့လို့ ဖြစ်လာခဲ့ရတာပါ။ တိုင်းပြည်တာဝန်ထမ်းတယ် ဆိုတဲ့နေရာမှာ ကိုယ်နိုင်ရာတာဝန်ထမ်းတဲ့ စိတ်ထားချင်း အတူတူပါပ တိုင်းပြည်တစ်ခုမှာ ဆရာဝန်မရှိလို့မဖြစ်ပါ၊ စစ်သားမရှိလို့မဖြစ်ပါ၊ ကျောင်းဆရာမရှိလို့ မဖြစ်ပါ၊ စသည် စသည် နိုင်ငံအတွက်လိုအပ်တဲ့ ၀န်ထမ်းတွေ မရှိလို့ မဖြစ်ပါ။ ဒါပေမယ့် ကိုယ်ရွေးချယ်တဲ့လမ်းကိုတော့ ထိုဝန်ထမ်းက တာဝန်ယူရပါမယ်။ စစ်တပ်ထဲဝင်ခဲ့ရင်တော့ နိုင်ငံကို ကာကွယ်ရေးတာဝန်ယူရပါမယ်။ စစ်သားလုပ်ရင် သေဘေးနီးတယ်ဆိုတာ သိရက်နဲ့ ကိုယ်က နိုင်ငံကာကွယ်ရေးတာဝန်ထမ်းချင်လို့ ရွေးခဲ့တာလေ။ ဒီလမ်းကို ဘယ်သူက အတင်းရွေးခိုင်းခဲ့လို့လဲ(ကိုယ့်မိဘကရွေးခိုင်းတာလို့တော့ မပြောပါနဲ့)ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ နိုင်ငံတာဝန်ထမ်းဖို့ လာကြတာ။ နိုင်ငံဝန်ဆောင်တယ်ဆိုတာနဲ့တင် လေးစားဖို့ကောင်းနေပါပြီ။ ဒါကြောင့် နိုင်ငံဝန်ထမ်းတိုင်းကျတဲ့ချွေးစက်တိုင်း ညီမျှတဲ့တန်ဖိုးရှိတယ်လို့ ယူဆပါတယ်။ ဒါဆိုထပ်ပြောချင်ပါတယ်။ နိုင်ငံတော်က သင်ပေးတဲ့ပညာနဲ့ နိုင်ငံတာဝန်ထမ်းတယ်တဲ့ .. နိုင်ငံတော်ဆိုတာ ဘာလဲ? ဘယ်သူတွေလဲ? ပြည်သူတွေကိုပြောတာပါ။ ပြည်သူမရှိရင် နိုင်ငံတော်ဆိုတာလဲ မရှိပါဘူး။ နိုင်ငံဝန်ထမ်းတိုင်းကို လခပေးနေတာ နိုင်ငံအကြီးအကဲမဟုတ်ပါဘူး။ ဒီပြည်သူတွေပေးတဲ့ အခွန်က နိုင်ငံဘဏ္ဍာပါ။ ဒီနိုင်ငံ ဘဏ္ဍာတွေနဲ့ ပညာသင်ပေးတယ်၊ အလုပ်တာဝန်ပေးအပ်ပြီး ၀န်ထမ်းလစာပေးတယ်၊ စတာတွေလုပ်တယ်။ ကိုယ့်စီးပွားကိုယ်လုပ်နေတဲ့လူတွေကိုလဲ ပြည်သူတွေလို့ခေါ်ပါတယ်။ အဲဒီပြည်သူတွေလဲ ချွေးထွက်တယ်။ သူတို့ထွက်တဲ့ချွေးနဲ့ရတဲ့ငွေကို ခင်ဗျားတို့ နိုင်ငံဝန်ထမ်းတွေအတွက် လခပေးနိုင်ဖို့ အခွန်တွေပေးနေတယ်။ နိုင်ငံအတွက် ချွေးထွက်နေရပါတယ်ဆိုတဲ့ စစ်သားများရှင် - အဲဒီလူတွေမရှိရင် ခင်ဗျားတို့ပြောနေတဲ့ စစ်သားကောင်းတွေ ချွေးမထွက်နိုင်တော့ပါဘူး။ နိုင်ငံသားကောင်းတိုင်း စားနေတဲ့ ထမင်းဟာ ပြည်သူကျွေးတဲ့ထမင်းပါ။ ခင်ဗျားတို့ ဘိုးအေဗိုလ်ချုပ်မှူးကြီးတွေပေးတာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ခင်ဗျားတို့ဟာ နိုင်ငံဝန်ထမ်းဖြစ်သလို ပြည်သူလဲပဲ ဖြစ်ပါတယ်။ နိုင်ငံအုပ်ချုပ်သူဆိုတာ ပြည်သူ့ဘဏ္ဍာကို စီမံခန့်ခွဲပေးတဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦးပဲဖြစ်ပါတယ်။ ပြည်သူပေးတဲ့ ဆန်ကိုစားနေတဲ့ ၀န်ထမ်းနဲ့ပြည်သူဟာ တစ်ဦးကိုတစ်ဦး အမှီသဟဲပြုနေရပါတယ် ဆိုတာကို သိစေချင်ပါတယ်။

ဒီ post အတွက် ကိုစေးထူးကိုလဲ ကျေးဇူးတင်ပါတယ်။

Anonymous said...

I strongly agree with you for all the points you mentioned in this article. I have the same thinking like you do.

Anonymous said...

အင်း...ဒီလိုဆိုရင်တော့ နည်းနည်းပြောစရာ ဖြစ်လာပါတယ်။ တော့တိုးချန်ရေ။ လူတိုင်းလူတိုင်းက
ဖြစ်တည်ရာ ဘ၀မှာ တိုးတက်ချင်ကြတယ် ၊ ချမ်းသာချင်
ကြတယ်။ ပျော်ရွှင်ချင်ကြတယ် မဟုတ်လားဗျ။ တော့တိုးချန် ပြောသလို ...မိဘက အတင်းဝင်ခိုင်းတာ
လည်းမဟုတ်သလို၊ စစ်တပ်ကလည်း ရိုက်ပြီး ၀င်ခိုင်း
တာမဟုတ်ပါဘူး။ နိင်ငံတော် ကာကွယ်ရေး တာဝန်
ထမ်းချင်လို့ တပ်မတော်ထဲကို ၀င်ခဲ့ကြပေမယ့်.....အပြင်ပြည်သူတွေလို လွတ်လပ်ပျော်ရွှင်မှုတွေ ၊ စီးပွား
ရှာနိင်မှုတွေ ဘယ်မှာ လုပ်နိင်လို့လည်း ခင်ဗျာ။ ဒီအတွက် သူတို့ဟာ ပြည်သူက ကျွေးတဲ့ ထမင်းကိုတော့ စားသောက်ခွင့်ရှိပါတယ်။ ဗိုလ်ချူပ်ကြီး
ပေးတယ်လို့လည်း မပြောကြပါဘူး။ သူမကောင်းရင်
သူဇတ်သူသိမ်းပါလိမ့်မယ် ခင်ဗျာ။ သေဘေးနီးမှာ သိရက်နဲ့ အခွင့်အရေးဆုံးရှုံးမှာ သိရက်နဲ့ ရှာရှည်ပြီး တပ်မတော်ထဲ ၀င်တာ....လို့တော့ မဆိုလိုစေချင်ပါဘူး။
သူလည်း အသိညဏ်ရှိတာပဲဗျာ။ လူတိုင်းသေမှာ ကြောက်တယ် ဆိုရင်တော့ တပ်မတော်ဆိုတာလည်း
ပေါ်လာမှာ မဟုတ်ပါဘူး။ အသက်နဲ့ရင်းထားကြတာပဲဗျာ။ အဲဒီအတွက် တန်လို ပြည်သူက ထမင်းကျွေးတာ။ ဇတ်လမ်းက ပြီးနေပါပြီ။ ပြည်သူတွေ မရှိရင် စစ်သားမရှိသလို ၊ စစ်သားမရှိရင်လည်း တိုင်းပြည်မတည်မြဲပါဘူး။ ဒီတော့ တော့တိုးချန်ရေ တယောက်နဲ့တစ်ယောက် အပြန်အလှန် ကုညီနေကြတာပဲ ဗျာ။ ရှာရှည်ပြီး သေမှာ သိရက်နဲ့ တပ်မတော်ထဲ ၀င်ကြတာလို့တော့ မပြောပါနဲ့လို့ တောင်းပန်လိုက်ပါတယ်။

ပိုစ့်အတွက် ကျေးဇူးပါ။ ကိုကလိုရေ

Anonymous said...

"It is worth to eat the rice from civilians doesn't mean it is worth to kill the civilians",soldier.The words u mean Naing Gan Daw is ur step-fathers; not for the whole body representing who are the people of a country.Don't confuse the words Dictatorship and Naing Gan Daw.

mgmg said...

gone r the day of those who think sweat = work done... I pitty those small Bos with little brain. They try to think hard.. but only can produce useless shit and still think they r doing a good job..