Monday, October 08, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၃)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်သွင်း အကျဉ်းချခံနေရသော ရဟန်းသံဃာတော်များ
(တတိယပိုင်း)

တရက်၊ အမှတ်(၃)ဆောင်မှာ ထောင်အာဏာပိုင်တွေ အမိန့်နဲ့ ထောင်လူဆိုးက သံဃာတော်တွေကို ခေါ်ယူပြီး မြေကြီးပေါ်မှာ တန်းစီ ဆောင့်ကြောင့် ထိုင်ခိုင်းထားပါတယ်။ အဲဒီနောက် လူဆိုးက ဆရာတော်ကြီးတွေရှေ့၊ လက်သီးဆုပ်၊ မျက်နှာကြောတင်းတင်းနဲ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း `ဘုန်းကြီးတွေ ဘာတွေ ငါက ဂရုစိုက်တာ မဟုတ်ဘူး။ ငါက လူသတ်မှုနဲ့ ထောင်ကျလာတာ။ ထောင်ထဲမှာ ထောင်အ၀တ်အစားနဲ့ နေရရင် ဘုန်းကြီး မဟုတ်တော့ဘူး။ လူပဲ။ လူဆိုရင် အလုပ်လုပ်ရမယ်´ လို့ စော်ကားမော်ကား ပြောပါတော့တယ်။ ဆရာတော်ကြီးတွေကို ပေါက်တူး ပေါက်၊ မြေဆွ၊ ရေထမ်း စတဲ့ တောင်ယာ အလုပ်ကြမ်းတွေ လုပ်ခိုင်းနေတာပါ။

အဲဒီအချိန်မှာ သာကေတ ဆရာတော်က ခံလည်းခံပြင်း၊ စိတ်လည်း ထိခိုက်သွားလို့ ထင်ပါရဲ့၊ အသားတဆတ်ဆတ်တုန်ရင်း မျက်ရည်ဝဲ၀ဲနဲ့ `အေး၊ မင်းတို့က ငါတို့ကို လူလို့ သတ်မှတ်ပြီး အဲဒီလို စကားပြောရင် ငါတို့ကလည်း ဘုန်းကြီးစကား မပြောဘူး။ လူစကား ပြောမယ်။ မင်းတို့ကောင်တွေကို ကြောက်မယ် မထင်နဲ့။ မင်း လူသတ်သမား ဖြစ်သလို ငါတို့ကလည်း အဲဒါမျိုးဖြစ်ဖို့ ၀န်မလေးဘူးကွ´ လို့ ထ ပြောပါတော့တယ်။ အဲဒီတော့မှ ထောင်အာဏာပိုင်တပည့် လူသတ်သမား လူဆိုး ပါးစပ် ပိတ်သွားပါတော့တယ်။

ထောင်ထဲမှာ ငယ်ရွယ်တဲ့ စာသင်သား ရဟန်းပျိုတွေက ဆရာတော်ကြီးတွေကို ၀တ်ကြီး ၀တ်ငယ် ခြေဆုပ်လက်နယ် ပြုကြပါတယ်။ ဆရာတော်ကြီးတွေကလည်း ရဟန်းပျိုတွေကို ဆုံးမ သြ၀ါဒပေးပြီး စာပေ ပိဋကတ် သင်ပေးကြပါတယ်။

အဲဒီလို နေရင်းက တခါမှာတော့ ရဟန်းပျိုတွေထဲက ရွာမဆရာတော် ဦးတိလောကရဲ့ တပည့်လည်းဖြစ်၊ စာလည်း အင်မတန်တော်တဲ့ ရဟန်းပျိုတပါးဟာ ထောင်ထဲက ဆိုးဆိုးဝါးဝါး ကြမ်းကြမ်းတမ်းတမ်း အဖြစ်အပျက်တွေကို နေ့စဉ်လိုလို မြင်နေရတော့ စိတ်ကစဥ့်ကလျား ဖြစ် စိတ်ဖောက်စ ပြုလာပါတယ်။ ကြာလာရင် အခြေအနေ ပိုဆိုးပြီး ရူးသွပ်သွားမှာ စိုးရိမ်လို့ အဲဒီ ရဟန်းပျိုကို ပြင်ပဆေးရုံမှာ ဆေးကုသပေးဖို့ ဆရာတော်တွေက ထောင်အာဏာပိုင်တွေကို မေတ္တာ ရပ်ခံပါတယ်။ ထောင်အာဏာပိုင်တွေက ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို ဂရုမစိုက်ဘဲ အဲဒီ ရဟန်းပျိုလေးကို အဆောင်ကနေ ခေါ်ထုတ်သွားပြီး ထောင်ဆေးရုံဝင်းထဲမှာ ရှိတဲ့ `အရူးတိုက်´ မှာ လက်လွတ်စပယ် သွား ထည့်ထားလိုက်ပါတော့တယ်။

စိတ် နောက်ရုံသာ နောက်စပြုသေးတဲ့ အဲဒီ ရဟန်းပျိုလေးဟာ အရူးတိုက်က အရူးရင့်မတွေနဲ့ နေလည်း နေလိုက်ရရော မကြာပါဘူး။ သွက်သွက်လည်အောင် လုံးဝ ရူးသွပ်သွားပါတော့တယ်။ ဆရာတော်ကြီးတွေလည်း ရဟန်းပျိုလေးကို နှမျောရုံ၊ သူ့အတွက် ယူကြုံးမရ ဖြစ်ရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။

သာကေတ ဆရာတော်ကြီး ထောင်က လွတ်လာတော့ တပည့် ဒကာ၊ ဒကာမတွေကို ထောင်နဲ့ပတ်သက်လို့ ကြေကြေကွဲကွဲ ပြန်ပြောတဲ့ စကားတခွန်း ရှိပါတယ်။ အဲဒီစကားကတော့ `ငရဲတောင် ဒီလောက် ဆိုးမယ် မထင်ပါဘူးကွာ´ တဲ့။ တပည့် ဒကာဒကာမတွေ မျက်ရည် ၀ဲကြရပါတယ်။

ထောင်ထဲမှာ ထင်ရှားတဲ့ နောက် ဆရာတော်ကြီး တပါးကတော့ မဂ္ဂင်ဆရာတော် ဖြစ်ပါတယ်။ သက်တော် (၇၀)ကျော်၊ ထောင်ရှစ်နှစ် အကျခံနေရသူပါ။ ဆရာတော်ဟာ နိုင်ငံအတော်များများ ရောက်ဖူးပြီး ဘာသာစကား အမျိုးမျိုး တတ်ကျွမ်းတော်မူပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘီအေဘွဲ့ ယူခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျောင်းတက်တုန်း ကျနော်တို့ မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးတဲ့ ကမ္ဘာကျော် အိန္ဒိယစာရေးဆရာကြီး ရာဟုလာ သိကိစ္စည်းနဲ့ ခင်မင်ရင်းနှီးသူ ဖြစ်ပါတယ်။ ရာဟုလာ သိကိစ္စည်းအကြောင်းတွေ ပြန်ပြောပြတာ ကျောင်းသားတွေ စိတ်ဝင်စားစရာကြီးပါ။ ဆရာတော်ဟာ အိန္ဒိယနိုင်ငံကနေ တိဘက်ကို ကုန်းကြောင်းလျှောက်ပြီး တိဘက်ဗုဒ္ဓဘာသာကို နှစ်အတော်ကြာ လေ့လာခဲ့ပါသေးတယ်။

ထောင်ထဲ ရောက်နေချိန်မှာ ကျောင်းသားတွေ ချဉ်ခြင်း အတက်ဆုံးက စာသင်ချင်ကြတာပါ။ ဒါပေမယ့် ထောင်က စာဖတ်ခွင့် မပေးတော့ သမိုင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ အင်္ဂလိပ်စာ စတဲ့ အကြောင်းအရာတွေကို တတ်သိနှံ့စပ်သူတွေကို ချဉ်းကပ်ပြီး မေးစမ်း၊ မှတ်သား သင်ကြားရပါတယ်။ ထောင်က အဲဒါမျိုးကိုတောင် လက်မခံဘဲ `စာမသင်ရ´ ဆိုပြီး အမိန့် ထုတ်ပါတယ်။ ဒါပေမယ့် ပညာငတ်မွတ်တဲ့ ကျောင်းသားတွေက `ဗြောင်´ မသင်ရရင် `ခိုး´ သင်ပါတယ်။

မဂ္ဂင်ဆရာတော်က အင်္ဂလိပ်စာ အင်မတန် ကောင်းတာဆိုတော့ ကျောင်းသားတွေက စာသင်ပေးဖို့ ၀ိုင်း လျှောက်ထားကြပါတယ်။ ဆရာတော်ကြီးကလည်း ကျောင်းသားတွေကို ကရုဏာသက်တော်မူတာနဲ့ `ပညာ အမွေပေးတာ မြတ်တယ်´ ဆိုပြီး အင်္ဂလိပ်စာ သင်ပေးပါတယ်။ အဲဒီကိစ္စကို ထောင်အာဏာပိုင်တွေ မကျေမနပ် ဖြစ်ပြီး `နိုင်ငံရေး သမားတွေ လူစုတယ်´ ဆိုတဲ့ မခိုင်မလုံ အကြောင်းပြချက်နဲ့ တားမြစ်ပါတယ်။ ထောင်ထဲမှာ လူဆိုးတွေ လက်ဝှေ့ ချိန်းထိုးကြတာတို့၊ လောင်းကစားကြတာတို့ ကျတော့ `လူစုတယ်´ ဆိုပြီး မတားမြစ်ပါဘူး။

ဒါပေမယ့် ဆရာတော်က စာဆက်သင်ပေးတာပါပဲ။ `အင်္ဂလိပ်စာလည်း နားလည်၊ တပြိုင်တည်းမှာ ဘာသာရေးကိုလည်း ပိုသိ´ ဆိုပြီး သင်ပေးတာမျိုးပါ။ ဆရာတော် သင်ပေးလိုက်လို့ ပရိတ်ကြီး (၁၁) သုတ်နဲ့ ဓမ္မစကြာ တရားတော်ကို အင်္ဂလိပ်၊ မြန်မာ၊ ပါဠိ သုံးဘာသာနဲ့ တတ်သွားတဲ့ ကျောင်းသားတွေ ထောင်ထဲမှာ အများကြီးပါ။

အဲဒီလို ကျောင်းသားတွေကို အင်္ဂလိပ်စာ သင်ပေးရကောင်းလားဆိုပြီး ထောင်ထဲမှာ မဂ္ဂင်ဆရာတော် ခဏခဏ တိုက်ပိတ်ခံရပါတယ်။ တိုက်ပိတ် ပြစ်ဒဏ်က ပြန်လွတ်လာရင် ဆရာတော်က စာ ဆက်သင်တာပါပဲ။ ဆရာတော်ပြောတဲ့ ရဲဝံ့ပြတ်သားတဲ့ စကားတခွန်း ရှိပါတယ်။ `ငါ့ကို ကျောင်းသားတွေ စာသင်ပေးလို့ တိုက်ပိတ်ရင်၊ တိုက်ထဲမှာ စာဆက်သင်မယ်´ ဆိုတဲ့ စကားပါ။ ထောင်ထဲမှာ ပြဿနာ ရှာလွန်းလို့ ဆိုပြီး အင်းစိန်ထောင်ကနေ သရက်ထောင်ကို ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတရာ၊ အပြောင်းခံရတော့ ထောင်အာဏာပိုင်တွေက ဆရာတော်ကိုလည်း `ချန်´ မထားပါဘူး။ ကျနော်တို့နဲ့အတူ ထောင် ပြောင်းလိုက်ပါတယ်။

မဂ္ဂင်ဆရာတော်နဲ့ ပတ်သက်လို့ အဖြစ်အပျက်တခု မှတ်မိပါသေးတယ်။

သရက်ထောင် ရောက်ရောက်ချင်း ကျနော်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားရှစ်ဦးကို အကြောင်းပြချက် မရှိဘဲ၊ ထောင်အာဏာပိုင် ဆန့်ကျင်ရေး လုပ်တယ်လို့ စွဲချက်တင်ပြီး ဒေါက်ခြေကျင်းခတ်၊ တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ သရက်ထောင်၊ အမှတ်(၃)တိုက်မှာ ကျနော်တို့ တိုက်ပိတ်ခံနေရပါတယ်။

သိပ် မကြာပါဘူး။ ကျနော်တို့ တိုက်ကို တိုက်ပိတ်ပြစ်ဒဏ်နဲ့ နောက်ထပ် အကျဉ်းသားတဦး ရောက်လာပါတယ်။ တခြားသူ မဟုတ်ပါဘူး။ မဂ္ဂင်ဆရာတော်ကြီးပါ။ ထုံးစံအတိုင်း `ကျောင်းသားတွေကို စာသင်ပေးမှု´ နဲ့ ဆရာတော်ကို တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်တာပါ။ အဲဒီလိုနဲ့ အမှတ်(၃)တိုက်မှာ တိုက်ပိတ်ပြစ်ဒဏ် ခံနေရတုန်း တနေ့မှာ ထောင်အာဏာပိုင်တွေက ကျနော်တို့ကို အပြစ်မရှိ အပြစ်ရှာပြီး ပက်ပက်စက်စက် ထုတ် ရိုက်ပါတယ်။ အဓိက အကြောင်းရင်းကတော့ `နိုင်ငံရေးသမား ကျောင်းသားကောင်တွေ မာနကြီးတယ်´ ဆိုတဲ့ မလိုမုန်းထားမှုနဲ့ပါ။ ရိုက်တာကလည်း ထောင်ဝါဒါတွေ အုပ်စုလိုက် လက်လွတ်စပယ် ၀ိုင်းရိုက်တာပါ။ တချို့ဆို နောက်ပိုင်းမှာ ဆေး အတော်ကုယူရပါတယ်။ (ဒီအကြောင်း နောက်ပိုင်းမှာ ဖော်ပြပါမယ်)။

အဲဒီအချိန် အသက်(၇၀)ကျော် ရှိပြီဖြစ်တဲ့ ဆရာတော်ကြီးကိုပါ ချန်မထားဘဲ ဘာမဆိုင် ညာမဆိုင် ရိုက်ပါတယ်။ ကျောင်းသားတွေက ကိုယ်တိုင် အရိုက်ခံနေရတဲ့ ကြားထဲက မခံမရပ်နိုင် ဖြစ်ပြီး `ခင်ဗျားတို့ မိုက်ရိုင်းလှချည်လား၊ ဗုဒ္ဓဘာသာတွေ မဟုတ်ကြဘူးလား၊ အဲဒါ ဆရာတော်ကြီးကွ´ လို့ ၀ိုင်းအော်ကြပါတယ်။ ဆရာတော်ကတော့ အဲဒီလို အော်လို့ ကျောင်းသားတွေ ပို အရိုက်ခံရမှာကို စိုးရိမ်ပြီး `ငါ့သားတို့၊ မပြောကြနဲ့၊ သူတို့ ရိုက်ချင်ရင် ရိုက်ပါစေ´ လို့ ကျောင်းသားတွေကို တားတော်မူပါတယ်။ အဲဒီနောက် ရိုက်တာနှက်တာကို မညည်းမညူ သည်းခံတော်မူရှာပါတယ်။

ကျနော် မှတ်မိသလောက် ၁၉၉၀ခုနှစ်၊ စက်တင်ဘာလက အင်းစိန်ထောင်မှာ တိုက်ဆန္ဒပြပွဲ ဖြစ်တုန်းကလည်း အမှတ်(၄)တိုက်က သံဃာတော်နှစ်ပါး (အဲဒီတုန်းက သင်္ဃန်းဝတ်လျက်နဲ့ကြီးပါ) ကို သတိလစ်အောင် ထောင်အာဏာပိုင်တွေက ထုတ် ရိုက်ပါသေးတယ်။

ပိဋကတ်သုံးပုံ အာဂုံဆောင် ဆရာတော်ကြီး ဦးသုမင်္ဂလကိုတောင် န၀တ စစ်အစိုးရက မိုက်မိုက်ရိုင်းရိုင်း အလုပ်ကြမ်း ရဲဘက်စခန်း ပို့ခဲ့သေးတာပါ။ မပို့ခင် မိမိသဘောနဲ့ မိမိ ရဟန်းဘ၀ကို စွန့်ပြီး လူထွက်ကြောင်း စာတစောင်ကို ထောင်အာဏာပိုင်တွေက ရေးလာပြီး ဆရာတော်ကြီးကို အတင်း လက်မှတ်ထိုးခိုင်းပါတယ်။

ဆရာတော်ကြီးက `အသက်သာ အသေခံမယ်။ ရဟန်းဘ၀တော့ ငါ မစွန့်ဘူး´ ဆိုပြီး လက်မှတ်မထိုးဘဲ တင်းခံတော်မူမှ န၀တ ထောက်လှမ်းရေးနဲ့ ထောင်အာဏာပိုင်တွေ လက်လျှော့သွားခဲ့ပါတယ်။

ဆက်ရန်…

No comments: