တပ်တွင်း အခြေအနေ
သံဃာ့ကံဆောင်သပိတ်နဲ့ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်အကြမ်းဖက် ဖြိခွင်းခဲ့စဉ်တုန်းက တချို့က အဲဒီစစ်သားတွေထဲက စစ်သားတချို့ စစ်ဖိနပ် မစီးဘဲ သာမန် ခြေညှပ်ဖိနပ်တွေကိုသာ စီးထားကြတာကို `အဲဒီလူတွေ စစ်သားအစစ်မှ ဟုတ်ပါလေစ´ လို့ ဒွိဟစိတ် ၀င်ခဲ့ကြတာကို သတိထားမိပါတယ်။
ကျနော့်အမြင်အရ သုံးသပ်ကြည့်ရရင်တော့ အဲဒီ စစ်သားတချို့ စစ်ဖိနပ် စီးမထားရခြင်းရဲ့ ဖြစ်နိုင်ခြေ နှစ်ချက်ကို စဉ်းစားလို့ရပါတယ်။ အဲဒါတွေကတော့…
ပထမတချက်ကတော့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် တာဝန်ယူထားကြတဲ့ စစ်တပ်တွေအားလုံးဟာ သူတို့ တည်းခိုတဲ့ နေရာတွေမှာ အမြဲတစေလိုလို Standby အဖြစ်နဲ့ အဆင်သင့်အနေအထားမှာ ရှိနေကြရပါတယ်။ တခါတရံမှာ သူတို့ရဲ့ နားနေချိန်၊ ထမင်းစားချိန် ရောက်တဲ့အခါ ပူပြင်းလှတဲ့ မြန်မာပြည် ရာသီဥတုနဲ့ သိပ်အဆင်မပြေလှတဲ့ စစ်ဖိနပ်တွေကို ခဏတာဖြစ်ဖြစ် ချွတ်ထားတတ်ကြပါတယ်။ အဲဒီလို ချွတ်ထားပြီး သက်တောင့်သက်သာ ဖြစ်တဲ့ ညှပ်ဖိနပ်ကို ၀တ်ဆင်ထားခိုက်မှာ အထက်အမိန့်အရ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အမြန်ဆုံး ထွက်ခွာရတော့ စစ်ဖိနပ်ကို ပြန်မစီးအားတော့ဘဲ အချိန်တိုတွင်း တန်းစီ၊ လူစစ်ပြီး အခင်းဖြစ်ရာကို ရောက်အောင် သွားကြတဲ့အတွက် သူတို့ ခြေထောက်တွေမှာ ခြေညှပ်ဖိနပ်တွေ စီးလျက်သား ဖြစ်နေကြတာပါ။
ဒုတိယတချက်ကတော့ တချို့စစ်သားတွေဆီမှာ စီးစရာ စစ်ဖိနပ် မရှိတာပါပဲ။ စစ်ရေးပြဖိနပ်၊ တောစီး ဖိနပ် အစရှိတဲ့ စစ်ဖိနပ် နှစ်မျိုးအနက် ဘယ်စစ်ဖိနပ်မှ စီးစရာမရှိတဲ့အတွက် တချို့ စစ်သားတွေရဲ့ ခြေထောက်မှာ ခြေညှပ်ဖိနပ်တွေနဲ့ ဖြစ်နေကြတာပါ။
စစ်သားတယောက် စစ်ဖိနပ်ကလေးမှ မရှိဘူးလားလို့ မေးစရာရှိပါတယ်။
တကယ်တော့ စစ်ထဲကို ၀င်ကြသူတိုင်းအတွက် စစ်အသုံးအဆောင် ပစ္စည်းအစုံအလင်ကို တပ်က ထုတ်ပေးပါတယ်။ အဲဒီအပြင် စစ်ပစ္စည်းတခုခြင်းအလိုက် သက်တမ်းသတ်မှတ်ချက်နဲ့ လဲလှယ်ပေးရမယ့် စည်းကမ်းလဲ စစ်တပ်ထဲမှာ ရှိပြီးသားပါပဲ။ ဒါပေမယ့် အောက်ခြေအဆင့် အခြားအဆင့် စစ်သည် အတော်များများက အဲဒီ စစ်ပစ္စည်းတွေကို ရောင်းစားပစ်ပါတယ်။ မြန်မာပြည်မှာ စစ်ပစ္စည်း မှောင်ခိုဈေးကွက် ဘယ်လောက်ကြီးတယ်ဆိုတာကိုတော့ မင်္ဂလာဒုံဈေးထဲက စစ်ပစ္စည်းအရောင်းဆိုင်တွေက သက်သေပါပဲ။ ငွေသာပေးနိုင်ရင်၊ ဘာသက်သေ အထောက်အထားမှ မရှိဘဲနဲ့ စစ်တပ်သုံးပစ္စည်းတွေကို အဲဒီဈေးမှာ အလိုရှိသလောက် ၀ယ်ယူနိုင်ပါတယ်။ အဲဒီလိုနဲ့ စစ်သား အတော်များများမှာ စစ်ဝတ်ချပ်တန်ဆာ မစုံမလင်နဲ့ နောက်ဆုံး စစ်ဖိနပ်စီးစရာတောင် မရှိတော့တဲ့ စစ်သားဖြစ်ရတော့တာပါပဲ။
စစ်တပ်က စားစရာရိက္ခာ၊ သုံးစရာ လစာ ပေးထားပါလျက်နဲ့ အောက်ခြေ စစ်သားတွေက သူတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို ရောင်းစားပစ်ရတဲ့ အကြောင်းရင်းကတော့ နဂိုကတည်းကိုက ဘာခံယူချက်မှ မရှိဘဲ အကြောင်းမျိုးစုံနဲ့ စစ်တပ်ထဲ ရောက်လာသူ စစ်သားတွေက စဉ်းစားဆင်ခြင်ဉာဏ် နည်းလှစွာနဲ့ စစ်ပစ္စည်းရောင်းစားလို့ ရတဲ့ငွေစတချို့နဲ့ မူးရူးပျော်ပါး သောက်စားလိုတာက တချက်၊ နောက်တချက်ကတော့ သူတို့ရဲ့ ရိက္ခာနဲ့ လစာတွေကို အထက်အရာရှိတချို့က ရသင့်တဲ့အတိုင်း မပေးဘဲ ခိုးယူဖြတ်တောက်ပြီး ကိုယ်ကျိုးအတွက် အသုံးချကြတာကြောင့် စစ်ပစ္စည်းရောင်းလို့ ရတဲ့ ငွေစလေးနဲ့ လတ်တလော အဆင်ပြေသွားရင် ပြီးရော ဆိုပြီး ရောင်းစားပစ်ကြတာပါပဲ။
ကျနော် စစ်ဆင်ရေး အထမ်းသမား ပေါ်တာအဖြစ် လိုက်သွားခဲ့ရစဉ်တုန်းကဆိုရင် အပေါ်ပိုင်းမှာ စစ်အင်္ကျီ၊ ခါးအောက်ပိုင်းကျတော့ အရပ်ဝတ် အားကစားဘောင်းဘီတို၊ ယိုးဒယား ညှပ်ဖိနပ်နဲ့ ရှေ့တန်းလိုက်ကြတဲ့ စစ်သားတွေကို တွေ့ခဲ့ရဖူးပါတယ်။
စစ်တပ်က ပေးတဲ့ ရိက္ခာက တကယ့်အတိအကျဆိုရင် စားဖို့ လုံလောက်ပါတယ်။ အာဟာရလည်း ပြည့်ဝပါတယ်။ ဒါပေမယ့် တပ်ထဲက တာဝန်ရှိသူတွေရဲ့ အဆင့်ဆင့် ဖြတ်တောက် လာဘ်စားမှုရဲ့ ဒဏ်တွေကို ခါးစည်းခံရပြီး အစားအစာ မ၀မလင်၊ အ၀တ်အစား မတောက်မပြောင်နဲ့ လူတောမတိုး ဖြစ်ကြရတာကတော့ အောက်ခြေအဆင့် စစ်သားအများစုပါပဲ။ ကျနော့်ညီလေး တက်ရောက်ခဲ့ရတဲ့ တပ်သားသစ်သင်တန်းမှာဆိုရင် သင်တန်းသား တပ်သားသစ်တွေဟာ အမြဲတမ်းလိုလို ဆာလောင်နေကြပါတယ်တဲ့။
လစာနဲ့ ရိက္ခာစာရင်းကို အထက်ဌာန အဆင့်ဆင့်ကို တင်ပြတဲ့အခါ စည်းကမ်းပျက်တဲ့ စစ်ဗိုလ်အချင်းချင်း စည်းဝါးရိုက်ပြီးတော့ တပ်တွင်းမှာ အမှန်တကယ်ရှိတဲ့ အင်အားထက် ပိုမိုတင်ပြတောင်းခံပေမယ့် အောက်ခြေကိုကျတော့ အဲဒီ ရိက္ခာနဲ့ လစာတွေကို လုံလုံလောက်လောက် ပြန်မပေးတာဟာ အကြီးမားဆုံး တပ်တွင်း ခြစားမှုကြီး ဖြစ်သလို တပ်မတော်အတွက် သုံးစွဲတဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာတော်ကိုလည်း လွန်စွာမှ ပြုန်းတီးစေပါတော့တယ်။
စစ်ဗိုလ်ဖြစ်ခွင့် မရှိတဲ့ အခြားအဆင့် စစ်သည်တယောက်အဖို့ စစ်မှုထမ်းသက်ကြာမြင့်လာခြင်း၊ ရာထူးတိုးမြှင့်ခြင်းဟာ သူ့ဘ၀ရဲ့ တိုးတက်မှုကို ဘာမှ အာမခံချက်မပေးနိုင်ပေမယ့် စစ်ဗိုလ်အရာရှိတယောက် စစ်တပ်ထဲမှာ ကြာလာတာနဲ့ အမျှ ရာထူးတွေ မြင့်မြင့်လာလေလေ၊ ၀င်ငွေလမ်း ဖြောင့်လာလေလေ ဖြစ်နေတာဟာလည်း စစ်တပ်ထဲက အခြားအဆင့် စစ်သည်တွေအတွက် စိတ်ဓာတ်ပျက်ပြားစေတဲ့ အကြောင်းရင်း တရပ်ပါပဲ။
အခြားအဆင့် စစ်သည်တယောက်အဖို့ စစ်တပ်ထဲကနေ ထွက်ခွင့်ရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ စစ်သက် ဘယ်လောက်ပဲ ကြာမြင့်ကြာမြင့် ခိုင်းစေဖို့အတွက် အားအင် ရှိနေသေးတယ်လို့ ယူဆနေသေးသရွေ့ ဘယ်အခြားအဆင့် စစ်သည်ကိုမှ သူတို့ရဲ့ တပ်မှူးတွေက စစ်တပ်က ထွက်ခွင့်ကို အသာတကြည် မပေးကြပါဘူး။ အသက် ၆၀ ကျော်ပြီး ဘယ်လိုမှ ခိုင်းစေလို့ မကောင်းတော့တဲ့အခါ၊ အေအိုင်ဒီအက်စ် ရောဂါလိုမျိုး ကူးစက်ရောဂါ စွဲကပ်တဲ့အခါနဲ့ ရှေ့တန်းစစ်ဆင်ရေးမှာ ဒဏ်ရာရလို့ ခြေပြတ်လက်ပြတ် ဖြစ်လာတဲ့ စစ်သည်မျိုးက ထွက်ခွင့်တင်တဲ့ အခါမှသာလျှင် လျှောလျှောရှူရှူနဲ့ ထွက်ခွင့်ရပါတယ်။
စစ်ဗိုလ်တွေအတွက်ကတော့ အသက် ၆၀ ပြည့်တဲ့ အချိန်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူး ရှိသူဟာ ၆၅ နှစ်အထိ တပ်မတော်မှာ တာဝန်ထမ်းခွင့် ရှိတယ်လို့ သတ်မှတ်သေးတဲ့ အပြင် စစ်တပ်ရဲ့ ရာထူးအကြီးမြင့်ဆုံး ပုဂ္ဂိုလ်ကိုယ်တိုင်က အသက် ၇၀ ကျော်လွန်သည့်တိုင်အောင် စစ်တပ်က မထွက်ဘဲ ခပ်တည်တည်နဲ့ စစ်စည်းကမ်းဖောက်လို့ စစ်စည်းစိမ်ကို ခံစားနေဆဲပါပဲ။
တနည်းနည်းနဲ့ စစ်တပ်က ထွက်ခွင့်ရကြပြန်တော့လည်း စစ်မှုထမ်းဟောင်းခြင်း အတူတူ စစ်ဗိုလ်ဟောင်းကြီးတွေက အရပ်ဘက် ဌာနဆိုင်ရာတွေမှာ ဘာမှမသိ မတတ်လည်း ညွှန်မှူးတွေ ညွှန်ချုပ်တွေဖြစ်လိုဖြစ်နဲ့ ဆက်လက်ကောင်းစားနေကြပေမယ့် အခြားအဆင့် စစ်မှုထမ်းဟောင်းတွေအတွက်ကတော့ အခွင့်အရေးတွေက နည်းပါးလွန်းလှပါတယ်။ ရင်နင့်စရာကောင်းတာကတော့ လူစည်ကားရာနေရာတွေမှာ တွေ့ရတတ်လေ့ရှိတဲ့ စစ်ပြန် ဒုက္ခိတ သူဖုန်းစားတွေပါပဲ။ ပြည်သူတွေက နဂိုကတည်းကမှ စစ်တပ်ကို မုန်းရတဲ့အထဲ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်မိလို့ ဒုက္ခိတဖြစ်ရတော့လည်း တပ်ကထွက်ပြီး တောင်းရမ်းစားသောက်နေရတဲ့ ဘ၀ပါ။
***
ပြည်သူနှင့် စစ်တပ်
တကယ်တော့ စစ်သားဆိုတာဟာ ပြည်သူထဲက ပြည်သူပါလို့ အားလုံးက နားလည်ထားကြပြီးသားပါပဲ။ အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတစုက `တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ´ လို့ ကြွေးကြော်ပြီး စစ်တပ်ကို သူတို့ကိုယ်ကျိုးအတွက် လက်ကိုင်တုတ် အဖြစ်အသုံးချနေပေမယ့် တပ်မတော်ရဲ့ မိဘဟာ ပြည်သူတွေပါပဲ။
တကယ်တော့ အာဏာပိုင်တွေဟာ ဒီအချက်အလက်ကို ကောင်းကောင်းနားလည်တဲ့အတွက်ကြောင့် ပြည်သူထဲက ပြည်သူ့စစ်သားနဲ့ သူတို့ရဲ့ အမိအဖမောင်နှမ ပြည်သူတွေကို သွေးကွဲအောင် စနစ်တကျ လုပ်ဆောင်ပါတယ်။ တပ်သားတွေကို သတင်းမီဒီယာ အမှောင်ချခြင်း၊ ပြည်သူနဲ့ ထိတွေ့ခွင့် နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်ခြင်း၊ အာဏာပိုင်တွေရဲ့ မူဝါဒကို ထပ်ခါတလဲလဲ နားရည်ဝအောင် ရိုက်သွင်းထားခြင်း စတဲ့ နည်းမျိုးစုံနဲ့ ပြည်သူနဲ့ စစ်တပ်ကို တသီးတခြားစီ ဖြစ်အောင် စနစ်တကျလုပ်ဆောင်ပါတယ်။
ထင်ရှားတဲ့ အချက်အလက် တခုကို တင်ပြရမယ်ဆိုရင် ၁၉၉၉ ခုနှစ် နောက်ပိုင်းမှာ စစ်တပ်တွေထဲမှာ `စည်းရုံးရေး ကော်မတီ´ ဆိုပြီးတော့ အဆင့်ဆင့် ကော်မတီတွေ ဖွဲ့စည်းပါတယ်။ ဥပမာ တပ်မတော် စည်းရုံးရေး ကော်မတီ၊ တိုင်းစည်းရုံးရေး ကော်မတီ၊ တပ်မ စည်းရုံးရေး ကော်မတီ၊ တပ်ရင်းစည်းရုံးရေး ကော်မတီ၊ တပ်ခွဲ စည်းရုံးရေး ကော်မတီ စသဖြင့် အောက်ခြေအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းပါတယ်။ ယုတ်စွအဆုံး စစ်သားမယားတွေကိုပါ `ရဲမေ စည်းရုံးရေး ကော်မတီ´ ဆိုပြီးတော့ လင်ယောက်ျားရဲ့ ရာထူးအလိုက် အဆင့်ဆင့် ဖွဲ့စည်းကြပါတယ်။ အဲဒီ စည်းရုံးရေး ကော်မတီတွေရဲ့ အဓိက ဦးတည်ချက်ကတော့ `တပ်မတော် မူဝါဒ´ လို့ အမည်ခံထားတဲ့ `လက်ရှိအာဏာရှင်တွေရဲ့ မူဝါဒ´ ကို တပ်တွင်းအဆင့်ဆင့် ရိုက်သွင်းတာပါ။
ဥပမာအားဖြင့်… `ကျေးဇူးကန်းကြသူများသို့´ ဆိုတဲ့ ဆောင်းပါး တပုဒ်မှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမည်ရင်းအတိုင်း မခေါ်စေဘဲ `ဒေါ်စုကြည်၊ စုကြည်၊ ဘိုကတော်စုကြည်´ စသဖြင့် ခေါ်ဝေါ်ရမယ်ဆိုတဲ့ တပ်တွင်းညွှန်ကြားချက်ဟာ တပ်ရင်းတခုရဲ့ စည်းရုံးရေးကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
အလွန်တရာ ဆိုးဝါးလွန်းတဲ့ အချက်ကတော့ စားဝတ်နေရေး ကျပ်တည်းမှု၊ နိုင်ငံရဲ့ ချွတ်ခြုံကျမှုကြောင့် မခံမရပ်နိုင်လို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့ ပြည်သူတွေကို `အဲဒါ ဗကပတွေ၊ အကြမ်းဖက်သမားတွေ´ လို့ အယုံသွင်း သွေးထိုးပြီး အမုန်းစိတ် သွင်းပေးတာပါ။ နဂိုကတည်းကမှ တပ်တွင်းခြစားမှုတွေကြောင့် အောက်ခြေအဆင့် စစ်သည်တွေရဲ့ ဘယ်သူ့ကို ပေါက်ကွဲရမှန်း မသိတဲ့ ဒေါသတရားတွေက အဲဒီမှာတင် သူတို့ကို ဘာမှ ပြန်မလုပ်နိုင်တဲ့ သူတို့ရဲ့ အမိအဖ ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းခြင်းနဲ့ ဖောက်ခွဲပစ်လိုက်ပါတော့တယ်။
ရှေ့တန်းစစ်ဆင်ရေး ထွက်တဲ့အခါ စစ်ဆင်ရေး နယ်မြေမှာ `တွေ့တဲ့လူကို အစိတ်သားက အစ မချန်ထားနဲ့´ ဆိုပြီးတော့ သူပုန်၊ အရပ်သားမရွေး ချေမှုန်းစေသလို အဲဒီ `အစိတ်သားကအစ ချန်မထားတဲ့ စိတ်ဓာတ်´ ကို ဆန္ဒပြပွဲတွေကို ချေမှုန်းတဲ့နေရာအထိ သယ်ဆောင်လာတဲ့ အခါမှာတော့ ယူကြုံးမရဖြစ်စရာ ကောင်းလှတဲ့ သွေးထွက် သံယိုမှုတွေက မြန်မာ့မြေပေါ်မှာ အကျည်းတန်လှစွာနဲ့ ပေါ်ပေါက်လာရပါတော့တယ်။
***
နိဂုံး…
တကယ်တော့ စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် မရှိမဖြစ်ဆိုတာကို လူတိုင်းက လက်ခံထားကြပြီးသားပါ။ ဒါပေမယ့် မရှိမဖြစ်ရတဲ့ အကြောင်းရင်းဟာ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ လူတစုရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။
ဖြစ်ပြီးခဲ့တဲ့ ပစ်ခတ်နှိမ်နင်းမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ စစ်သားတိုင်းဟာလည်း အခုလို ရက်စက်မှုကြီးကို အားလုံးက သဘောတူနေကြမယ်လို့ ကျနော် မယုံကြည်ပါဘူး။ လူစိတ်အပြည့်နဲ့ ပြဿနာတခုကို ငြင်သာပျော့ပျောင်းတဲ့နည်းနဲ့ ပူးပေါင်း အဖြေရှာလိုတဲ့ စစ်ခေါင်းဆောင် အချို့နဲ့ ပြည်သူကို မရက်စက်ချင်တဲ့ အောက်ခြေ စစ်သားတွေ တပ်မတော်ထဲမှာ ရှိနေကြအုံးမှာ အသေအချာပါပဲ။
အဓိက အရေးကြီးတဲ့ အချက်က မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ကြတဲ့ ပြည်သူတွေကို `အကြမ်းဖက် ဆူပူလိုသူတွေ´ လို့ စစ်သားတွေက ထင်မြင်နေတာကို ဖယ်ဖျောက်နိုင်အောင် ကြိုးစားဖို့ပါပဲ။ အဲဒီ အမြင်တွေကို စစ်သားတွေရဲ့ အတွေးထဲက ဖယ်ထုတ်ပစ်နိုင်အောင် ကျနော်တို့ ကြိုးစားနိုင်တဲ့ နေ့မှာ တပ်မတော်ကို ကိုယ်ကျိုးအလို့ငှာ အသုံးချနေတဲ့ လူတစုကို ကျနော်တို့ အောင်မြင်မှာ အသေအချာပါပဲ။
ကလိုစေးထူး
3 comments:
ယခင်စစ်တပ်လိုပြည်သူချစ်တဲ့တပ်မတော် ဖြစ်ဖို့တော့မလွယ်တော့ဘူးထင်ပါတယ်
ပြည်သူတွေရဲ့ရင်ထဲမှာဒါဏ်ရာတွေများနေပြီလေ အတုအယောင်စစ်သားဖြစ်ဖြစ်
အစစ်အမှန်ပဲဖြစ်ဖြစ် ပြည်သူအမြင်ကတော့
စစ်ဝတ်စုံမြင်ရင် အော့နှလုံးနာမိတာအမှန်ပါ
တကယ့်စစ်သားတွေဆိုရင်တော့စစ်ဖိနပ်တောင်
မ၀တ်နိုင်တာသနားစရာ
သူတို့သားသမီးတွေကျတော့စိန်စီထားပြီးတော့နော်
good, pls keep on
Post a Comment