ဒီနေ့မှာ မတင်ဖြစ်တာ ရက်အတန်ကြာပြီဖြစ်တဲ့ ကိုဝင်းနိုင်ဦးရဲ့ စာအုပ် `လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း´ ကို တင်မယ်လို့ စဉ်းစားမိပါတယ်။ တိုက်ဆိုင်လှစွာပဲ ဒီနေ့ တင်ရမယ့် အပိုင်းက ထောင်သွင်း အကျဉ်းချခံနေရတဲ့ ရဟန်း သံဃာတော်များရဲ့ အကြောင်း ဖြစ်နေပါတယ်။
ဖတ်ရှုပြီးသား ဖြစ်နေပေမယ့်လည်း ယခုတခါ ကျနော့်ဘလော့ဂ်မှာ ပြန်လည် တင်ဆက်ဖို့ စာရိုက်နေရင်းနဲ့ ပြန်လည် ဖတ်ရှုရတဲ့အခါ သာသနာ့ အာဇာနည် ရဟန်း သံဃာတော်တွေရဲ့ အနစ်နာခံမှုတွေအတွက် မျက်ရည်ကျမိတဲ့ အထိ ၀မ်းနည်းမိရသလို ဆရာတော် သံဃာတော် ရှင်သူမြတ်တွေကိုလည်း ကြည်ညိုလှစွာ စိတ်ထဲကနေ ဦးခိုက် ပူဇော်မိပါတယ်။
တဆက်တည်းမှာပဲ ယနေ့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ ယှဉ်ထိုး တွေးကြည့်မိပြီး အာဏာပိုင်တွေက သံဃာတော်တွေကို ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ် ဖြိုခွင်းတဲ့ ပုံရိပ်တွေကို မြင်ယောင်မိလာပါတယ်။ အာဏာပိုင်တွေနဲ့ သူတို့ကို လိုလားထောက်ခံသူတွေက ဘုရားသားတော် ရဟန်း သံဃာတော်တွေကို `သံဃာအတုတွေ´ လို့ ပုတ်ခတ် စော်ကားတာကိုလည်း နာကျည်းပါတယ်။ ကျနော့်တသက် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
ကိုဝင်းနိုင်ဦးရဲ့ စာအုပ်ထဲမှာ ထောင်သွင်း အကျဉ်းချခံနေရတဲ့ ရဟန်းသံဃာတော်များ ဆိုပြီး အပိုင်း သုံးပိုင်း တင်ပြထားပါတယ်။ ခါတိုင်းဆိုရင် တပိုင်းစီသာ တင်ဆက်နေကြ ဖြစ်ပေမယ့် စာဖတ်သူများ အားမလို အားမရ မဖြစ်ရအောင် ဒီနေ့မှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ တတိယပိုင်းကိုလည်း မကြာခင် ထပ်မံ ဖော်ပြပေးပါမယ်။
ဒီစာပိုဒ်တွေကို ရိုက်နေရင်းနဲ့ ကျနော့်နားထဲမှာ ပြည်သူတွေရဲ့ နာနာကျည်းကျည်း ဟစ်ကြွေးသံတွေကို ထပ်ခါထပ်ခါ ကြားယောင်နေခဲ့တယ်။
`ဘုန်းကြီးသတ်တဲ့ မိစ္ဆာတွေ… မိုးကြိုးပစ်လို့ သေပါစေ´
ဖတ်ရှုခံစားပြီး မြန်မာပြည်သူပြည်သားများအတွက် စွန့်လွှတ် အနစ်နာခံနေကြတဲ့ ဆရာတော် ရဟန်းသံဃာတော်ကြီးများရဲ့ ကျေးဇူးတော်ကို အောက်မေ့ ကြည်ညိုနိုင်ကြပါစေ။
ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
ထောင်သွင်း အကျဉ်းချခံနေရသော ရဟန်း သံဃာတော်များ
(ပထမပိုင်း)
ထောင်ထဲမှာ စိတ်ထိခိုက်စရာ အကောင်းဆုံး တခုက ရဟန်းသံဃာတော်တွေကို ထောင်ဝတ်စုံ အဖြူနဲ့ တွေ့ရတာပါ။ ပိုပြီး စိတ်ထိခိုက်စရာ ကောင်းတာက အဲဒီလို ထောင်ဝတ်စုံ အဖြူနဲ့တွေ့ရတဲ့ သံဃာတော်တွေထဲမှာ ငယ်ရွယ်တဲ့ ရဟန်းပျိုတွေအပြင် တိုက်အုပ် စာချ နာယက ဆရာတော်ကြီးတွေ၊ ပိဋကတ် တပုံအောင် နှစ်ပုံအောင် ဆရာတော်ကြီးတွေပါ ပါဝင်တာပါ။
မေဒိနီ ဆရာတော်၊ မဟာဗောဓိဆရာတော်၊ သာကတေ ဆရာတော် ဦးအင်္ဂဿ၊ ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးတိလောကဘိဝံသ အစရှိတဲ့ ဆရာတော်ကြီးတွေပါ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှားရှားပါးပါး ပိဋကတ် သုံးပုံအောင် ဆရာတော်ကြီး တပါးဖြစ်သူ ကမ္ဘာအေး မဟာဂန္ဓရုံကျောင်းတိုက် ဆရာတော် ဦးသုမင်္ဂလကိုလည်း အပေါ်အောက် အဖြူ ထောင်ဝတ်စုံနဲ့ ထောင်ထဲမှာ တွေ့ရပါတယ်။
SAIN ခေါ် အရှေ့တောင်အာရှ သတင်းဖြန့်ချိရေးဌာနက န၀တလက်ချက်နဲ့ ပျံလွန်တော် မူသွားတဲ့ ရဟန်း သံဃာတော်တွေကို စာရင်း ပြုစုထားတာ ရှိပါတယ်။ အဲဒီ စာရင်းထဲမှာ မန္တလေး သံဃာ့ သမဂ္ဂီ ဒုဥက္ကဋ္ဌ ဦးဥတ္တမ၊ အတွင်းရေးမှူး ဦးစန္ဒာဝရနဲ့ မန္တလေး မြောက်ပိုင်း မစိုးရိမ် ကျောင်းတိုက်က ဦးဝိမလတို့ဟာ စွမ်ပရာဘုမ် အလုပ်ကြမ်းစခန်းမှာ ပျံလွန်တော်မူသွားကြတယ်လို့ ဖော်ပြထားပါတယ်။ မန္တလေး ဘုရားကြီးကျောင်းတိုက်က နာမည်ကြီး ဆရာတော် ဦးကာဝိယနဲ့ ဦးကလျာဏတို့ကိုတော့ နအဖက သေဒဏ် ပေးထားပါတယ်။
အဲဒီ အကြောင်းတွေကြောင့်ပဲ `ပြည်သူတွေနဲ့ သံဃာတော်တွေကို ညှင်းပန်း နှိပ်စက် သတ်ဖြတ်တဲ့ အစိုးရဆိုးနဲ့ အဆက်အဆံ မလုပ်ဘူး။ မပတ်သက်ဘူး။ သူတို့ ဖိတ်လည်း မကြွဘူး´ ဆိုပြီး ၁၉၉၀ ခုနှစ်မှာ သံဃာတော်တွေက ကံဆောင်သပိတ် (ပတ္တနိက္ကုဇနကမ္မ) ဆောင်ပါတယ်။ ရည်ရွယ်ချက်က မကောင်းမှု၊ အကုသိုလ် ကျူးလွန်သူများ အမြင်မှန်ရပြီး မကောင်းမှု အကုသိုလ်တွေကို ရှောင်ကြဉ်အောင် ဖြစ်ပါတယ်။ အဲဒီလို ကံဆောင်တာဟာ ဗုဒ္ဓဘာသာသမိုင်းမှာ ဘုရားရှင် လက်ထက်တော်ကတည်းက အစဉ်အလာ ရှိခဲ့တာပါ။
အနီးစပ်ဆုံး ဥပမာ တခု ပြောရရင် အင်္ဂလိပ် ကိုလိုနီလက်အောက်၊ ကျွန်ဘ၀၊ ၁၉၂၁ ခုနှစ်တုန်းကလည်း သံဃာတော်တွေ သပိတ်မှောက်ခဲ့ဖူးပါတယ်။ ဆရာတော် ဦးဥတ္တမကို အင်္ဂလိပ်အစိုးရက ဖမ်းဆီး ထောင်ချလိုက်တော့ `အင်္ဂလိပ် အစိုးရဘက်က လိုက်လံဆောင်ရွက်သူတွေ မှန်သမျှနဲ့ မပတ်သက်ဘူး´ ဆိုပြီး သံဃာတော်တွေ သပိတ်မှောက်ကြတာပါ။ ဒါကြောင့် ဦးဥတ္တမကို ထောင်ဒဏ် အမိန့်ချလိုက်တဲ့ ရာဇ၀တ်တရားသူကြီးရဲ့ ညီမ ကွယ်လွန်တော့ ဘယ် ဘုန်းကြီးမှ ပင့်မရ ဖြစ်သွားလို့ နောက်ဆုံးမှာ သံဃာတော်တွေကို ၀န်ချ တောင်းပန်ခဲ့ရပါတယ်။
မကောင်းမှု အကုသိုလ် ကျူးလွန်သူများ အမြင်မှန်ရပြီး မကောင်းမှု အကုသိုလ်တွေကို ရှောင်ကြဉ်အောင် ဆိုတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ၁၉၉၀ ခုနှစ်မှာ သံဃာတော်တွေ (ပတ္တနိက္ကုဇနကမ္မ) ကံဆောင်သပိတ် ဖော်ဆောင်ကြတော့ ရဟန်းသံဃာတော်တွေရဲ့ ရည်ရွယ်ချက်အတိုင်း န၀တအစိုးရဟာ မကောင်းမှု အကုသိုလ်ကို ရှောင်ကြဉ်တာမျိုး လုပ်မလာပါဘူး။ ဘုန်းကြီးကျောင်း သုံးရာ့ငါးဆယ်ကို စစ်တပ်နဲ့ ၀င်ရောက် စီးနင်းပြီး သံဃာတော်တွေကို အဓမ္မဖမ်းဆီးပါတော့တယ်။ သံဃာတော်တွေကို န၀တက အဓမ္မ ဖမ်းဆီး၊ အဓမ္မ လူဝတ်လဲ၊ အဓမ္မ ထောင်ချခဲ့တာ စုစုပေါင်း အပါး သုံးထောင် ကျော်တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ် ကျွန်ခေတ် လူမျိုးခြား၊ ဘာသာခြားတွေ အုပ်ချုပ်တုန်းက သံဃာတော်တွေ ကံဆောင် သပိတ်လုပ်ခဲ့တာ အဖမ်းလည်း မခံခဲ့ရ၊ ထောင်လည်း အချ မခံခဲ့ရပါဘူး။
အဲဒီလို သံဃာတော်တွေကို အစိုးရက ညှင်းပန်း နှိပ်စက်နေတာကို ပိဋကတ် သုံးပုံအောင် ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ကြီး ဦးသုမင်္ဂလ အပါအ၀င် သြ၀ါဒစရိယနဲ့ နာယက ဆရာတော်ကြီးကိုးပါးက စိတ်မချမ်းမြေ့တော်မူကြတာနဲ့ `သံဃာတော်တွေရဲ့ လုပ်ရပ် (ပတ္တနိက္ကုဇနကမ္မ) ကံဆောင်သပိတ် မှန်ကန်တယ်´ လို့ ထောက်ခံကြောင်း စာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လုပ်ရပ်ကြောင့် ဆရာတော်ကြီး ကိုးပါးလုံးကို န၀တ အစိုးရက ဖမ်းဆီးပြီး ထောင်(၈)နှစ်စီ ချလိုက်လို့ ဆရာတော်ကြီးတွေကို အခုလို ထောင်ထဲမှာ ထောင်ဝတ်စုံ အဖြူနဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ရတာပါ။
ထောင်ကျလာတဲ့ သံဃာတော်တွေ၊ ဆရာတော်ကြီးတွေက ထောင်ထဲမှာ သင်္ဃန်းဝတ်ခွင့် တောင်းပေမယ့် အစိုးရက ခွင့်မပြုပါဘူး။ ဇွတ်အတင်း သင်္ဃန်းချွတ်ပစ်ပြီး ထောင်ဝတ်စုံ အပေါ်အောက် ဆင်သူသာ ၀တ်ရမယ်လို့ တချက်လွှတ် အမိန့်ထုတ်ပါတယ်။ တချို့ ဆရာတော်ကြီးတွေဆိုရင် သင်္ဃန်း အဓမ္မဆွဲချွတ်ခံရချိန်မှာ စိတ်ထိခိုက်လွန်းလို့ မျက်ရည်ကျကြပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးတွေက သည်းခံတော်မူပြီး ထောင်အာဏာပိုင်တွေ အမိန့်အတိုင်း ထောင်ဝတ်စုံ အဖြူကိုသာ ၀တ်ဆင်တော်မူခဲ့ကြပါတယ်။
ထောင်ထဲမှာ နေနေရပေမယ့်လည်း ဆရာတော်ကြီးတွေဟာ ရဟန်းကျင့်ဝတ်၊ ၀ိနည်း သိက္ခာပုဒ်တွေကို အကျိုးအပေါက်မခံဘဲ ထိန်းသိမ်း ကျင့်ကြံကြပါတယ်။ မနက် ဘုရားဝတ်တက်၊ တရားထိုင် မပျက်ကြပါဘူး။
ထောင်ထဲမှာ ဆရာတော်ကြီးတွေ အိပ်ရတာလဲ တသီးတသန့် မရှိပါဘူး။ ရိုးရိုး အကျဉ်းသားတွေ၊ ရာဇ၀တ်သားတွေနဲ့ ကြမ်းတပြေးတည်း တန်းတိုးပြီး ရောနှော တိုးဝှေ့ အိပ်ကြရတာပါ။ ဆရာတော်ကြီးတွေကို ရာဇ၀တ်သားတွေကြားထဲ ထောင်ဝတ်စုံဝတ်ပြီး အဲဒီလို ရောနှောအိပ်နေတာကို ဘယ်သူမှ စိတ်ကောင်းနိုင်ကြမယ် မထင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာတော်ကြီးတွေက အိပ်ရဆင်းရဲ၊ နေရ ဆင်းရဲတာကို မညည်းမညူ ကြိတ်မှိတ် သည်းခံတော်မူကြပါတယ်။
ထောင်အာဏာပိုင်တွေက ဆရာတော်ကြီးတွေကို ရဟန်းသံဃာတော်တွေအဖြစ် သဘောမထားဘဲ ခိုးဆိုး လုယက် ရာဇ၀တ်သားတွေ အဖြစ်သာ သဘောထားတာပါ။ ဒါကြောင့် ထောင်ထဲမှာ ဆရာတော်ကြီးများရဲ့ ဘွဲ့တော်အမည်ကို မခေါ်ဘဲ လူနာမည်ကိုသာ ခေါ်ပါတယ်။ ဥပမာ အသက် ခုနှစ်ဆယ်ကျော် မဂ္ဂင်ဆရာတော်ကြီးကို ဆရာတော်ရဲ့ လူနာမည်ဖြစ်တဲ့ `ဦးရွှေသာအေး´ လို့သာ ခေါ်ပါတယ်။ ခေါ်ရာမှာတောင် `ဦး´ ထည့်မခေါ်ဘဲ `ဟေ့ ရွှေသာအေး´ လို့ အသက်လေးဆယ်သာသာ စစ်ဗိုလ်ထောင်ပိုင်က မာရေကျောရေနဲ့ ခေါ်တာပါ။
ထောင်သွင်း အကျဉ်းကျခံနေရသော ရဟန်းသံဃာတော်များ
(ဒုတိယပိုင်း)
ထောင်ထဲမှာ ဆရာတော်ကြီးတွေအတွက် စိတ်မကောင်းဖြစ်ပြီး ဆရာတော်ကြီးတွေကို လိုလေသေး မရှိအောင် ခြေဆုပ်လက်နယ်ပြု၊ အောက်ခြေသိမ်း ဂရုစိုက်သူတွေကတော့ တခြားသူတွေ မဟုတ်ကြပါဘူး။ နိုင်ငံရေးမှုနဲ့ ထောင်ကျလာသူ ကျောင်းသားတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆရာတော်ကြီးတွေက `မင်းတို့ ကောလိပ်ကျောင်းသားတွေလည်း ဘုန်းကြီးကျောင်းသားတွေ ဖြစ်ကုန်ပြီ´ လို့ ကျောင်းသားတွေကို ချစ်စနိုးနဲ့ ရယ်သွမ်းသွေး မိန့်ကြားတတ်ပါတယ်။
၁၉၉၁ ခုနှစ်တုန်းက အင်းစိန်ထောင်၊ အဆောင် တဆောင် တဆောင်မှာ သံဃာအပါး ငါးဆယ်လောက်စီ ရှိတတ်လို့ ပေါင်းလိုက်ရင် သံဃာ အပါး နှစ်ရာလောက် အင်းစိန်ထောင်မှာ ရှိပါတယ်။ ထောင်ထဲမှာ ဆရာတော်ကြီးတွေ အတွက် အခက်အခဲရှိတာက အရုဏ်ဆွမ်း ကိစ္စပါပဲ။ ဆရာတော်ကြီးတွေက ညစာ မစားကြပါဘူး။ အရုဏ်ဆွမ်း စားဖို့ကျတော့ မနက် (၆)နာရီ၊ (၇)နာရီလောက်မှ ထောင်က ဖွင့်တာဆိုတော့ ထောင်ဖွင့်ချိန်မတိုင်ခင် ဘယ်သူမှ အိပ်ယာကနေ ထထိုင်ခွင့်၊ လမ်းလျှောက်ခွင့် မရှိတဲ့အတွက် အရုဏ်ဆွမ်းကို မနက်စောစောမှာ မကပ်နိုင်ပါဘူး။
အရုဏ်ဆွမ်းကိစ္စ စီစဉ်ပုံကတော့ ဆရာတော်ကြီးတွေအတွက် ရတဲ့ ညစာခွဲတမ်းကို ကျောင်းသားတွေက ညဖက်မှာ သိမ်းထား၊ ချန်ထားတတ်ပါတယ်။ မနက် ထောင်ဖွင့်တော့မှ ဆရာတော်ကြီးတွေဆီ ကမန်းကတန်း ပြေးပြီး အရုဏ်ဆွမ်း ကပ်ကြရပါတော့တယ်။ ထောင်ထမင်းက ကောင်းတာမဟုတ်တော့ အရုဏ်ဆွမ်းကပ်ချိန်မှာ ညဖက် သိမ်းထားတဲ့ ထမင်းက သိုးချင် သိုးနေတတ်တာပါ။
အဲဒီလို ဆရာတော်ကြီးတွေ ရရမယ့် ညစာခွဲတမ်းကို ဆရာတော်ကြီးတွေရဲ့ မနက် အရုဏ်ဆွမ်းအတွက် ဆိုပြီး ဘေးဖယ် သိမ်းထားတာကိုပဲ တခါတခါ ထောင်အာဏာပိုင်တွေက မရှုစိမ့် ဖြစ်တတ်ပါတယ်။ `ညဘက် ထမင်း မသိမ်းရ၊ ပြင်းထန်စွာ အရေးယူမည်´ လို့တောင် တခါတခါ အမိန့် ထုတ်တတ်ပါသေးတယ်။ အဲဒီ အခါမျိုးတွေမှာ ဆရာတော်ကြီးတွေ အရုဏ်ဆွမ်း မစားရတော့လို့ ကျောင်းသားတွေက ရသလောက် မုန့်တွေ ဘာတွေ ရှာဖွေ စုဆောင်းပြီး အရုဏ်ဆွမ်းအဖြစ် ကပ်ကြရပါတယ်။
တကယ်တော့ ဆရာတော်ကြီးတွေကို ထောင်ထဲမှာ လက်အုပ်ချီ ရှိခိုးကြတာကိုတောင် ဗုဒ္ဓဘာသာတွေပဲ ဖြစ်ကြတဲ့ ထောင်အာဏာပိုင်တွေက ကြိုက်ကြတာ မဟုတ်ပါဘူး။ `ဘုန်းကြီးတွေ ကတုံးမတုံးရ´ လို့တောင် ထောင်ထဲမှာ အမိန့် ထုတ်သေးတာပါ။ အဲဒီလို န၀တနဲ့ ထောင်အာဏာပိုင်တွေက ဆရာတော်ကြီးတွေကို ရဟန်းအဖြစ် အသိအမှတ် မပြုကြဘဲ ခိုးဆိုးလုယက် ရာဇ၀တ်သားတွေလို ဆက်ဆံတာကို ထောင်သားတွေက မခံချင်ကြပါဘူး။ ဒါကြောင့် ထောင်အာဏာပိုင်တွေ အရေးယူရင်လည်းယူ၊ ဆရာတော်ကြီးတွေကို ထောင်ထဲမှာ တွေ့ရင် တွေ့လိုက်တာနဲ့ တပြိုင်နက် တွေ့တဲ့နေရာမှာ ကျောင်းသားတွေက ရိုရိုသေသေ ထိုင်ပြီး ရှိခိုးကန်တော့ကြပါတယ်။
ဒါ့အပြင် ဆရာတော်ကြီးတွေဆီက တရားနာခွင့်၊ ဥပုသ်သီလ ဆောက်တည်ခွင့်တွေ ရအောင်၊ ဆရာတော်ကြီးတွေကို ခမ်းခမ်းနားနား ကန်တော့ခွင့် ရအောင် ကျောင်းသားတွေ ကြံဖန် စီစဉ်ကြပါတယ်။ ဥပမာ ထောင်နံရံမှာ ဘုရားပုံ ရေးဆွဲပြီး ဘုရားအနေကဇာတင်ပွဲ လုပ်တာမျိုး၊ ၀ါဆို လပြည့်နေ့တို့၊ ကထိန်ပွဲတို့ လုပ်တာမျိုးတွေပါ။
အဲဒီနေ့တွေဆိုရင် အခန်းတခန်းရဲ့ ခေါင်းရင်းခန်းမှာ ကော်ဇောတွေ၊ စောင်အကောင်းစားတွေ ခင်း၊ ရဟန်းပျိုတွေ၊ ဆရာတော်ကြီးတွေကို ပင့်ဖိတ်၊ ဆွမ်းကပ်၊ တရားနာ၊ ရှိခိုး၊ ရေစက်ချ၊ အမျှအတမ်း ပေးဝေကြပါတယ်။ ဆရာတော်ကြီးတွေလည်း ရွှင်လန်းဝမ်းမြောက်တော်မူကြပြီး တရားဒေသနာ ဟောကြားတော်မူကြတာမို့ ထောင်ငရဲခန်းမှာ တရားနတ်စည် ရွှမ်းနေတာ ကြည်နူးစရာ၊ မျက်ရည်လည်စရာကြီးပါ။
အဲဒီလို ထောင်ထဲမှာ သံဃာတော်တွေကို ပူဇော်တဲ့ပွဲ၊ တရားသံတွေနဲ့ ရှားရှားပါးပါး ကြည်နူးစရာ ဖြစ်နေတဲ့ ဘာသာရေးပွဲကို ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ကြတဲ့ ထောင်အာဏာပိုင်တွေက မနာလို မရှုစိမ့် ဖြစ်ကြတာ အံ့အားသင့်စရာပါပဲ။
တခါတုန်းက ဆရာတော်ကြီးတွေကို ခေါင်းရင်းခန်း တင်ပြီး ရှိခိုးကြမယ်၊ တရားနာကြမယ် ဆိုတော့ မိန်းမမှု၊ ဘိန်းမှု၊ လိမ်လည်မှု၊ စသဖြင့် ရာဇ၀တ်မှု တခုခု ကျူးလွန်ပြီး ထောင်ကျလာတဲ့၊ ၀ိနည်းသိက္ခာ ကျိုးပေါက်လို့ ရဟန်း မဟုတ်တော့တဲ့ ရဟန်းမဟုတ်တော့တဲ့ ဘုန်းကြီးတွေကိုပါ ဆရာတော်ကြီးတွေနဲ့ အတူ ခေါင်းရင်းခန်းတင်ပြီး တရားဟောခိုင်းရမယ်လို့ ထောင်အာဏာပိုင်တွေက တမင် အကျပ်ကိုင်လာပါတယ်။ ကျောင်းသားတွေကလည်း အဲဒီလို ၀ိနည်း ချိုးဖောက်ပြီး ရာဇ၀တ်မှုနဲ့ ထောင်ကျလာတဲ့ ဘုန်းကြီးတွေကို ဆရာတော်ကြီးတွေနဲ့ ဖျာတချပ်ထဲ ယှဉ်တွဲ ထိုင်တာမျိုး မကြည့်ရက်နိုင်ဘူးပေါ့။ ထောင်အာဏာပိုင်တွေကလည်း သူတို့ ပြောတဲ့အတိုင်း လက်မခံရင် အခမ်းအနား လုပ်ခွင့်မပေးဘူးလို့ ပြောတယ်။
အဲဒီလို နှစ်ဖက် တင်းမာနေချိန်မှာ ဆရာတော်ကြီးတွေက ကျောင်းသားတွေကို ဆုံးမရှာပါတယ်။ `ထိုင်ခွင့် ပေးလိုက်ပါ ငါ့သားတို့။ သူတို့ ယှဉ်ပြီး ထိုင်ဝံ့ရင် ထိုင်ပါစေ´ တဲ့။
ရာဇ၀တ်မှုနဲ့ ထောင်ကျလာတဲ့ အဲဒီ ဘုန်ကြီးတွေကလည်း ကြောက်ကြပါတယ်။ ထောင်အာဏာပိုင်နဲ့ အာဏာပိုင် လူဆိုးတွေ မသိအောင် ဆရာတော်ကြီးတွေဆီ တိတ်တဆိတ်လာပြီး ဆရာတော်ကြီးတွေနဲ့ ကြမ်းတပြေးတည်း ယှဉ်ပြီး သူတို့ မထိုင်ဝံ့တဲ့အကြောင်း၊ ဒါပေမယ့် ထောင်အာဏာပိုင်တွေက အတင်းထိုင်ခိုင်းနေတာမို့ ကြောက်တဲ့အတွက် ထိုင်ရမှာမို့ ခွင့်လွှတ်ပါမယ့် အကြောင်း လျှောက်တင်ကြပါတယ်။ သဘောထား ကြီးတော်မူကြတဲ့ ဆရာတော်ကြီးတွေက ခွင့်လွှတ်ပါတယ်။
အဲဒီလိုနဲ့ အခမ်းအနားလုပ်ချိန်လည်း ကျရော အဲဒီ ဘုန်းကြီးတွေလည်း ကြောက်ကြောက်နဲ့ ဇောချွေးတွေပြန်၊ ဆရာတော်ကြီးတွေကို ရိုရိုသေသေ ကန်တော့ပြီး တုန်တုန်ယင်ယင်နဲ့ ၀င်ထိုင်ကြပါတယ်။ ထောင်အာဏာပိုင်တွေကို ကြောက်ကြတာကိုး။
ဆရာတော်ကြီးတွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ပြောစရာတခု ရှိပါသေးတယ်။ န၀တ စစ်အစိုးရက ဆရာတော်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး ထောင်ထဲမှာ သင်္ဃန်းဝတ်ခွင့် မပြုတာရယ်၊ ရာဇ၀တ်သားတွေလို ဆက်ဆံတာရယ်ကို တပည့် ဒါယကာတွေက မခံမရပ်နိုင် ဖြစ်ကြပြီး ဆရာတော်ကြီးတွေ ထောင်ကလွတ်လာတော့ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း သိက္ခာပြန်ထပ်ပေးကြပါတယ်။ အဲဒီလို သိက္ခာထပ်ပေးတာ တကြိမ်လည်း မဟုတ်၊ နှစ်ကြိမ်လည်း မဟုတ်၊ တပတ်တကြိမ် အပတ်တိုင်း ဒါယကာ တယောက်ပြီးတယောက် သိက္ခာ ထပ်ပေးကြတာပါ။
အဲဒီလို အပတ်တိုင်း သိက္ခာထပ်ပေးတာ ကျနော်တို့ သိရသလောက် သာကေတ ဆရာတော်ဆိုရင် တနှစ်ကျော်တဲ့အထိ သိက္ခာထပ်ပေးတဲ့ ဒါယကာတွေ မကုန်သေးပါဘူး။ ဆရာတော်ကြီးတွေက `ဒကာတွေ ပင်ပန်းတယ်´ ဆိုပြီး တားမြစ်တော်မူပေမယ့်လည်း မရပါဘူး။ ဒါယကာတွေက `ဆရာတော်တွေကို န၀တက ထောင်ထဲထည့်ပြီး တကြိမ်ပဲ သိက္ခာချတာ။ တို့က ဆရာတော်တွေကို အကြိမ်ကြိမ် သိက္ခာ ပြန် ထပ်ပေးနိုင်တယ်´ လို့ ပြောကြပါတယ်။
ထောင်ကလွတ်ပြီး နောက်ပိုင်း တချိန်မှာ မဟာဗောဓိ ဆရာတော်ဆီ ကျနော် သွားရောက် ဖူးတွေ့ပါတယ်။ ဆရာတော်ကို ထောင်ဝတ်စုံ အပေါ်အောက် အဖြူနဲ့ တွေ့နေကျ ဆိုတော့ အခုလို သင်္ဃန်းနဲ့ တွေ့ရတော့ ကျနော့်မှာ အမြင်ဆန်းနေသလို တမျိုးကြီး ဖြစ်နေပါတယ်။ ဆရာတော်ကြီးကလည်း ကျနော့်ခံစားချက်ကို ရိပ်မိတယ် ထင်ပါရဲ့။ ရယ်နေတယ်။ ဆရာတော်ကြီးက သူ ထောင်က ထွက်ပြီးနောက်ပိုင်း ရေးနေတဲ့ ကျမ်းတကျမ်းရဲ့ စာမူကို ကျနော့်ကို ပြတယ်။ ဆရာတော်ကြီးဟာ စာပေပရိယတ္တိ ပြန့်ပွားရေးကို အင်မတန် အားထုတ်တော်မူတာကလား။ ဆရာတော်ကြီး ပြုစုရေးသား စီရင်ခဲ့တဲ့ ကျမ်းတွေ မနည်းပါဘူး။
ကျနော် ပြန်ခါနီး ဦးချ နှုတ်ဆက်တော့ ဆရာတော်ကြီးက `ထောင်ထဲက ကျောင်းသားတွေ ဘယ်လို အခြေအနေရှိသလဲ၊ လွတ်လာသူတွေ နေထိုင်ကောင်းရော ရှိကြရဲ့လား၊ နေရ ထိုင်ရ အဆင်ပြေကြရဲ့လား´ စသဖြင့် ပူပူပင်ပင် မေးတော်မူရှာပါတယ်။ ထောင်ထဲမှာ ဂရုစိုက်ခဲ့တဲ့ အတွက် ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။
ထောင်အကြောင်း ပြန် စဉ်းစားမိလို့ ထင်ပါရဲ့။ ဆရာတော်ကြီးရဲ့ မျက်နှာဟာ ညှိုးနေပါတယ်။
ဆက်ရန်…
No comments:
Post a Comment