ကျနော် ရှစ်တန်း ကျောင်းသား ဘ၀ကပါ။
ဆရာက တခါမှာတော့ စာသင်ခန်းအလယ်မှာ ရပ်ပြီးတော့ သူ့ဖ၀ါးကို ထောင်လို့ တဘက်ခြမ်းစီက တပည့်တွေကို `ဘယ်လိုမြင်ရလဲ´ လို့ တလှည့်စီမေးပါတယ်။ ထုံးစံအတိုင်း လက်ဖ၀ါးဘက်ခြမ်းက လူတွေက `လက်ဖ၀ါးပါဆရာ´ လို့ ဖြေသလို လက်ဖမိုးဘက်ခြမ်းက လူတွေတော့ `လက်ဖမိုး´ လို့ ဖြေကြတာပါပဲ။
ဆရာက ပြန်ပြောတာကတော့ `အေး၊ ဆရာကတော့ လက်ဝါးစောင်း လို့ မြင်တယ်´ လို့ ပြောရင်းနဲ့ အခြေအနေတရပ်အပေါ် လူတွေရဲ့ အမြင်မတူကြပုံကို သင်ကြားပေးခဲ့ဖူးပါတယ်။
***
အသစ်မတင်ဖြစ်တာ ကြာပြီဖြစ်တဲ့ Weekly Eleven ဂျာနယ်မှာ အသစ်ထပ်မံ တင်လာတာကို တွေ့လို့ ဖတ်ရှုကြည့်တဲ့အခါမှာတော့ ဂျာနယ် No.1 Volume.3 မှာ ဆောင်းပါးရှင် မောင်စံပေါ ရေးတဲ့ `နိုင်ငံဂျား ရောဂါ´ ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။
ဆောင်းပါး ခေါင်းစဉ်ကို မြင်လိုက်တာနဲ့ ဘယ်အကြောင်းအရာကို ဦးတည်ရေးမယ်ဆိုတာ သိသာပေမယ့် ဘယ်လိုဘယ်ပုံ ရေးထားမလဲ ဆိုတာ စိတ်ဝင်စားမိတာနဲ့ အစအဆုံး ဖတ်ကြည့်ဖြစ်ပါတယ်။
သုံးလေးခေါက်လောက် အပြန်အလှန်ဖတ်ပြီးတဲ့ အခါမှာ ကျနော့်စိတ်ထဲမှာ တခုတွေးမိပါတယ်။ အဲဒါကတော့…
`ပြည်ပရောက် မြန်မာတွေဟာ ပြည်တွင်းက မြန်မာတွေအတွက် မျက်စိစပါးမွှေးစူးစရာ လူတန်းစားတွေ´ ဖြစ်နေပြီလား ဆိုတဲ့ အတွေးပါ။
တကယ်တော့ အဲဒီလိုပုံစံ ဆောင်းပါးတွေ၊ ၀တ္ထုတွေကို အရင်အရင့်ကလည်း စာရေးဆရာ အတော်များများက ရေးကြလွန်းလို့ ခဏခဏဖတ်ရဖူးပြီးသားပါပဲ။ ရုပ်ရှင်၊ ဗွီဒီယိုတွေထဲမှာဆိုရင်တော့ `နိုင်ငံခြားပြန်´ ဆိုတဲ့ ဇာတ်ကောင်တော်တော်များများဟာ လူအမြင်ကပ်စရာ၊ ဟားစရာ တနည်းအားဖြင့် လှောင်ပြောင် သရော်စရာ အဖြစ် အမြဲတစေ လိုလို ဖော်ပြလေ့ရှိပါတယ်။
ကိုယ့်နိုင်ငံသားတွေက တိုင်းတပါးကို အထင်ကြီးတဲ့စိတ် ၀င်မသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားကြ၊ ပညာပေးကြတာမို့ ဖြစ်သင့် ရှိသင့်ပေမယ့် သူတို့ မရေးဘဲ ချန်လှပ်ထားလေ့ရှိတာကတော့ `ပြည်တွင်းက လူတွေက ဘာကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာချင်လာရတာလဲ´ ဆိုတဲ့ အခြေခံအချက်ကိုပါပဲ။ ရေးသည့်တိုင်အောင်လည်း ပြည်ပထွက်လာသူတွေဟာ ကိုယ့်တိုင်းပြည်ကို မချစ်သူတွေ၊ သူတပါးတိုင်းတပါးကို အထင်ကြီးသူတွေ အစရှိသဖြင့်သာ စွပ်စွဲ ရေးသားကြတာက ပိုများတာကို တွေ့ရပါတယ်။ အဲဒီလိုနဲ့ ကြာလာတော့ ပြည်ပရောက် မြန်မာအတော်များများဟာ ဗီလိန်တွေ ဖြစ်ရပါတယ်။
တကယ်ဆိုရင်တော့ ကျနော်တို့ မြန်မာလူမျိုးတွေဟာ အင်မတန်ချစ်စရာကောင်းတဲ့ `ရောင့်ရဲလွယ်ခြင်း´ ဆိုတဲ့ အရိုးခံစိတ် ပိုင်ဆိုင်သူ လူမျိုးတွေပါ။ တော်ရုံတန်ရုံ ဒုက္ခလောက်ကို မမှုဘဲ မိမိ မွေးရပ်ဇာတိမှာပဲ ရိုးရိုးကုပ်ကုပ် အေးချမ်းစွာ နေလိုတဲ့ လူတွေများပါတယ်။ ဘယ်လိုမှ မဖြစ်သာ၊ မတတ်သာတဲ့ အခါမှသာ အပြောင်းအလဲ တခုခုကို လိုလားတောင်းဆိုကြတာမျိုးပါ။ တော်ရုံကိစ္စကို `ဘ၀ပေး ကုသိုလ်ကံပါပဲလေ´ ဆိုပြီးတော့ ဖြေသိမ့်တွေးတတ်တာမျိုးပါ။
ဒါပေမယ့် အချိန်ကာလ ရွေ့လျောလာမှုနဲ့ ပြောင်းလဲလာတဲ့ ခေတ်၊ စနစ်တွေကြောင့် အဲဒီ `ရောင့်ရဲလွယ်တဲ့ စိတ်´ က အလုပ်မဖြစ်တော့ပါဘူး။ နွားလှည်းနဲ့ ခရီးသွားနေရာကနေ မော်တော်ကားကို မျက်စပစ်လာတဲ့ခေတ်၊ ကျေးစေတမန်ကို အားကိုးနေရာကနေ ကွန်ပျူတာ အင်တာနက်ကို လက်လှမ်းလာတဲ့ ခေတ်ကြီးမှာ တောက လယ်သမားကြီးက သူ့သားကို သူ့လိုပဲ လယ်ထဲမှာ နွားနဲ့ ဖက်ရုန်းပြီး ဘ၀ကို ပြီးဆုံးသွားတာမျိုး မမြင်ချင်တော့ပါဘူး။ ဒါက ခေတ်စနစ်တခုရဲ့ တောင်းဆိုမှု တခုပါ။
နောက်တချက် စဉ်းစားစရာကတော့ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလွန်းတဲ့ ပြဿနာပါ။ နှစ်နဲ့ချီသင်ကြားခဲ့ပြီး ဘွဲ့ရတယောက်ကို သူသင်ခဲ့တဲ့ ပညာနဲ့ ထိုက်တန်တဲ့လစာရနိုင်မယ့် အလုပ်မျိုး လောက်ငအောင် မပေးနိုင်ခြင်းဟာ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ ကျနော် ဆယ်တန်းအောင်ခါစက နယ်မြို့ကလေးမှာ ရုံးစာရေးအဖြစ် ၀င်လုပ်တော့ ရှစ်တန်းနဲ့ ကျောင်းထွက်ပြီး ဆိုက်ကားထွက်နင်းနေတဲ့ ကျောင်းနေဖက်ဟောင်းက `မင်းလစာက ငါဆိုက်ကား တပတ်နင်းစာလောက်တောင် မရှိဘူး´ လို့ နောက်ပြောင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့အခြေအနေကလည်း အဲဒီအတိုင်းပဲ ဖြစ်နေပါတယ်။
တခြားနိုင်ငံရောက် မြန်မာတွေကို ဖယ်ထားပြီးတော့ နီးနီးနားနား အိမ်နီးချင်း ထိုင်းနိုင်ငံကို လေ့လာကြည့်မယ်ဆိုရင်တောင် အဲဒီနိုင်ငံကို ရောက်သွားတဲ့ မြန်မာလူမျိုး အတော်များများဟာ သူတို့နိုင်ငံသားတွေ မလုပ်ချင်ကြတဲ့ အောက်ခြေသိမ်းအလုပ်တွေကိုသာ လုပ်ကြရတာများပါတယ်။ ဒါပေမယ့် သေချာတာကတော့ အဲဒီလူတွေက မောင်စံပေါရေးခဲ့တဲ့ `နိုင်ငံဂျား ရောဂါ´ ထပြီးတော့ တိုင်းပြည်က ထွက်လာတဲ့ လူတွေမဟုတ်ပါဘူး။
အဲဒီနိုင်ငံတွေက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ မဆလာသယ်၊ အုတ်သယ်နေရတဲ့ မြန်မာဘွဲ့ရတွေ၊ အပျော်ခန်း၊ဇိမ်ခန်းတွေမှာ ဘ၀တန်ဖိုးကို ချခင်းပြီး ငွေရှာနေရတဲ့ မြန်မာအမျိုးကောင်းသမီးတွေ သူတို့တွေ သူတို့တွေအားလုံးကို `မင်း မြန်မာပြည်ကနေ ဘာလို့ ထွက်လာတာလဲ´ လို့ မေးလိုက်ပါ။ ဘယ်သူကမှ `ဒီနိုင်ငံကို အထင်ကြီးလို့´ လို့ ဖြေမှာမဟုတ်ပါဘူး။ နေရင်းထိုင်ရင်းနဲ့လည်း ဘယ်သူကမှ ကိုယ့်ကို မွေးဖွားတဲ့ ဇာတိတိုင်းပြည်ကို အထင်သေးစိတ်တွေ ၀င်မနေပါဘူး။ သေချာတာကတော့ သူများတိုင်းပြည်တွေ တိုးတက်နေတာကို မြင်ရတဲ့ အခါမှာတော့ `ငါ့နိုင်ငံကျတော့ ဘာလို့ အဲဒီလို မတိုးတက်ရတာလဲ´ ဆိုတဲ့ မချင့်မရဲစိတ်ကတော့ လူတိုင်းမှာ ဖြစ်ကြတာပါပဲ။
ဆိုကြပါစို့…။ နိုင်ငံခြားမှာ အတတ်ပညာတခုခုကို သူတို့နိုင်ငံက လူတွေထက် မညံ့အောင် တတ်မြောက်တဲ့အထိ သင်ကြားလာတဲ့ မြန်မာတယောက်က သူ့နိုင်ငံပြန်ရောက်တဲ့အခါ သူတာဝန်ထမ်းဆောင်သင့်တဲ့ နေရာက သူတတ်လာတဲ့ ပညာအရည်အချင်းနဲ့ ကိုက်ညီတဲ့ နေရာဖြစ်သင့်ပါတယ်။ လစာဝင်ငွေကလည်း တိုင်းတပါးမှာ အလုပ်လုပ်စဉ်ကလောက် မကောင်းသည့်တိုင်အောင် ထိုက်တန်လျောက်ပတ်တဲ့ လစာနှုန်းထား ရနေမယ်ဆိုရင် ဘယ်သူကမှ တိုင်းတပါးမှာ အောက်ကျနောက်ကျခံပြီး အလုပ်လုပ်မယ်လို့ ကျနော်မထင်ပါဘူး။ ခက်တာက ကျနော်တို့ နိုင်ငံမှာက ဘုရားကားအောက်၊ မျောက်ကား အထက် ဖြစ်နေတဲ့ ပြဿနာပါ။
ဆောင်းပါးရှင် မောင်စံပေါက …
`ဦးနှောက် ယိုစီးမှု လို့လည်း မပြောပါဘူး၊ ထူးချွန်တဲ့၊ တော်တဲ့ ကလေးတွေ လောလောဆယ် အခြေအနေအရ မပြည့်စုံသေးတဲ့ ဘ၀မှာ တခြားသွားမယ်ဆို သွားကြ၊ မရှိလို့ မဖြစ်ဘူးဆိုတာ ဘာမှမရှိဘူး၊ အတုမဲ့ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုသွားပေမယ့် ကမ္ဘာကြီးက ဆက်ရှိနေတယ်။ လူသားတွေက ဆက်လက် ရှင်သန်ဆဲ´
လို့ ရေးထားတာကို ဖတ်လိုက်ရတော့ အတွေးတွေ အတော် ချာချာလည်သွားပါတယ်။ တကယ်တော့ ကိုယ့်နိုင်ငံက ပညာတတ်တွေ တခြားနိုင်ငံထွက်ပြီး အလုပ်လုပ်နေတာ၊ တနည်းအားဖြင့် သူတို့ရဲ့ အရည်အချင်းတွေကို တခြားနိုင်ငံမှာ သွားသုံးနေရတာက ဦးနှောက်ယိုစီးမှု မဟုတ်ပေဘူးလား။ `မရှိလို့ မဖြစ်ဘူး ဆိုတာ ဘာမှ မရှိဘူး´ ဆိုတာကလည်း အပေါ်ယံ စဉ်းစားရင် ဟုတ်သယောင်ယောင်ပေမယ့် တကယ်တော့ တိုင်းပြည်အတွက် ရတနာအမွှေအနှစ်သဖွယ် ဖြစ်တဲ့ ပညာတတ်လူတန်းစားက တိုင်းပြည်တခုမှာ မရှိလို့ မဖြစ်ပါဘူး။
`ဒီတိုင်းပြည်ရဲ့ ပညာရေးက အလကားပါပဲ´ လို့ ပြောသူတွေကို မောင်စံပေါ်က အပြစ်ဖို့ပါတယ်။ တကယ်တမ်း အပြစ်ဖို့သင့်တာက ဘယ်သူ့ကိုလည်း ဆိုတာကတော့ ပြောနေစရာတောင် မလိုပေမယ့် အခြေအနေအရ ရေးသားဖို့ မ၀ံ့လို့ အပြစ်တင်လို့ ရသူကိုပဲ တင်လိုက်တာလို့ မြင်မိပါတယ်။ တကယ်တမ်းသာ ကျနော်တို့ တိုင်းပြည်ရဲ့ ပညာရေး နိမ့်ကျမှု ပြဿနာကို ပြောကြစတမ်းဆိုရင် အရှည်ကြီးပါ။
ဒီစာကို ရေးရတာဟာ ပြည်ပရောက် မြန်မာတွေကို `လုံးဥဿုံ´ အကာအကွယ်ပေးလိုတဲ့ ရည်ရွယ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေတရပ်ကိုတော့ သိစေချင်မိတဲ့ ဆန္ဒတော့ ရှိပါတယ်။ ပြည်ပရောက်တွေထဲမှာလည်း မောင်စံပေါ်ရေးသလို ထောက်ပြချင်စရာကောင်းတဲ့ လူတချို့လည်း ရှိနေတာကတော့ အမှန်ပါပဲ။ သို့သော်…၊ ပြည်ပရောက်သူ အားလုံး `တိုင်းတပါးကို အထင်ကြီးသူ´ ဆိုတာကတော့ မဟုတ်ပါဘူး။
***
တခါက ကျနော့်အလုပ်ရှင်က ကျနော့်ကို မေးဖူးပါတယ်။
`မင်း အမေရိကန်မှာ နေရတာ အဆင်ပြေလား´
`ဟုတ်ကဲ့၊ ပြေပါတယ်´
`၀င်ငွေကရော မင်းနိုင်ငံထက်ပိုများမှာပေါ့´
`ဒါပေါ့´
`ဒါဖြင့် မင်းဒီမှာပဲ တသက်လုံး အခြေချမှာလား´
`ဟင့်အင်း၊ ဒီနေရာကို ကျနော့်အတွက် ခေတ္တနားတဲ့ နေရာလို့ပဲ မှတ်ထားပါတယ်´
`ဘာလို့လဲ´
`ကျနော်က မြန်မာလေ´
ကျနော်ယုံကြည်ပါတယ်။ တခြားသော ပြည်ပရောက် လူတော်တော်များမှာလဲ အဲဒီလို အတွေးတွေပဲ ရှိနေကြမှာပါပဲ။

ကလိုစေးထူး
12 comments:
မှန်လိုက်တာ။ တစ်ခါမှတိုင်းတပါးမှာအပြီးတိုင်
နေသွား ဖို့ဆန္ဒမရှိဘူး။ မြန်မာဟာမြန်မာပါဘဲ။
ဘယ်နေရာရောက်ရောက်ဘယ်လိုမှမပြောင်းနိုင်ပါဘူး။
i agree with you.
no matter where i am, i always look forward to go back to burma, the place where i belong!
နောက်ဆုံးရေးထားတဲ့စကားမှာ …
‘ဒီနေရာကို ကျနော့်အတွက် ခေတ္တနားတဲ့ နေရာလို့ပဲ မှတ်ထားပါတယ်´
ဆိုတာကိုတော့ သိပ်သဘောမကျပါဘူး။
ဘာကြောင့်လဲဆိုတော့ ကိုကလိုစေးထူးအပါအ၀င် နိုင်ငံရပ်ခြားရောက် မြန်မာတွေဟာ ရောက်တဲ့အရပ်မှာ နားနေရလို့လား … ။
ကိုကလိုစေးထူးရဲ့ စကားနဲ့ပြောရရင် အားလုံးဟာ လမ်းလျှောက်နေကြသူတွေ မဟုတ်လား … ။
ပန်းတိုင်ကို မရောက်မချင်း လျှောက်လှမ်းနေကြတဲ့ လမ်းခရီးမှာ နေပူလည်း မိရင်မိမယ် … မိုးသည်းတဲ့အခိုက်နဲ့လည်း ကြုံရင်ကြုံရမယ် … လသာတဲ့ည .. လမိုက်တဲ့ညတွေနဲ့လည်း တွေ့နိုင်မယ် … ဆူးညောင့်ခလုတ်တွေနဲ့ ရင်ဆိုင်နိုင်သလို … လေပြေလေညင်းတိုက်ခတ်ပြီး မွှေးပျံ့တဲ့ ပန်းခင်းလေးနဘေးမှာ လျှောက်လှမ်းရတဲ့ အခိုက်မျိုးလည်း ရှိနိုင်တာပါပဲ … ။ သေချာတာကတော့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေဟာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အားတင်းပြီး လျှောက်နေကြရတယ် … ဆိုတာပါပဲ။
တချို့လည်း အပြေးအလွှား … တချို့လည်း အေးအေးဆေးဆေး လျှောက်နေကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လျှောက်နေတဲ့ ခြေလှမ်းတွေကို ရပ်တံ့မနေဘဲ … လဲကျလိုက် … ပြန်ထလိုက်နဲ့ ပန်းတိုင်ဆီကို ဦးတည်နေကြတဲ့ အားလုံးရဲ့ ခြေလှမ်းတွေဟာ ဘယ်နေရာမှာ ခေတ္တ အနားရမှာတဲ့လဲ … ။
you are very right, pls write more & more like this article, they always cover the true story, how become our education level lower down, anyway I'm always Burmese, nobody cannot change my native country
I think overseas Burmese are serving as source of hard currency as well as the skills and qualification for Burma today and tomorrow. For those who earned first degree in Burma, if they do well in overseas, it is alike living ambassadors of Burmese higher education as overseas Chinese and Indians are leading by example. Forget about those who say grapes are sour for not low enough to reach by their calibre.
We should concentrate on our own career development. We are leading more honest life with integrity without sucking anyone, without stealing any Kyat, without killing someone's father or son. I am proud to be a honest Burmese living and working in overseas. I never lose sleep over barking dogs like those who wrote crap articles in worthless paper.
သိပ်မှန်ဒါပေါ့အကိုရာ
လာဖတ်ပေးကြတာကိုရော၊ မှတ်ချက်ရေးပေးသွားကြတာကိုပါ အားလုံးကို ကျေးဇူးပါ။ love ခင်ဗျာ။ ကျနော့်ရေးသားချက်ရဲ့ လိုအပ်ချက်ကို အခုလို ထောက်ပြတာကို ကျေးဇူးတင်ပါတယ်။
ဦးဏှောက်ယိုစီးမှု brain drain မဟုတ်ပါဘူးလို့ ခံငြင်းနေတာက brain dry ဖြစ်တဲ့ အချိန်ထိ ဖြစ်မလားမသိဘူးလို့ စဉ်းစားမိတယ်
ထူးချွန်တဲ့၊ တော်တဲ့ ကလေးတွေ လောလောဆယ် အခြေအနေအရ မပြည့်စုံသေးတဲ့ ဘ၀မှာ တခြားသွားမယ်ဆို သွားကြ၊ မရှိလို့ မဖြစ်ဘူးဆိုတာ ဘာမှမရှိဘူးလို့ ဆိုတဲ့ စကားကတော့ ဟန်ကိုယ့်ဖို့ ပြောတာပါ တကယ့်တကယ်မှာ superior level မှာ မန်နေဂျာ အဆင့်မှာ ကိုယ့်အောက်က ကလေးတွေ ပြည်တွင်းမှာပဲ အလုပ်ပြောင်းသွားသွား ပြည်ပထိပဲ အလုပ်သွားလုပ်လုပ် ဘယ်လောက်ထိ ဖရိုဖရဲ
ဖြစ်ဖြစ်သွားရလဲ အဲဒီပြောနေတဲ့သူတွေက မသိချင်ယောင်ဆောင်နေသလားမှတ်ရတယ်ဗျာ (ကိုယ်တွေ့ကြုံရတိုင်း မြန်မာမှာ အလုပ်လုပ်ရတာ ပင်ပန်းလွန်းလှပြီဗျို)
ဒီ post အတွက် အကို့ကို ထပ်ကျေးဇူးတင်ရပါတယ်။ အကို့ post တွေက ခံစားချက်တွေ ပြောချင်တာတွေနဲ့ တစ်ထပ်တည်း ဖြစ်ဖြစ်နေလို့ပါ။
မြန်မာဟာ မြန်မာပါ။ တစ်နေ့မှာ ကျွန်မတို့ မြန်မာပြည်ကို ပြန်ပါမယ်။ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်နိုင်ငံကို တတ်အားသမျှ ပြန်ပေးဆပ်ပါမယ်။ အဲဒီအခါ ကျွန်မတို့ကို ပညာတတ်တစ်ယောက်လို အသိအမှတ်ပြု ဆက်ဆံမှာလား။
မှားတာကို မှားတယ် .. မှန်တာကို မှန်တယ်လို့ ပြောနိုင်ဖို့ လုပ်သင့်တာကို လုပ်ကြရအောင် .. ။ မှားတာကို မှားတယ်လို့ ပြောနိုင်တဲ့တစ်နေ့ ကျွန်မတို့ တိုင်းပြည် ၀န်ကိုထမ်းဖို့ ပြန်ခဲ့မယ်။ သေနတ်ကြောက်လို့ ဘာအသိဥာဏ် ပညာမှ မရှိတဲ့ သေနတ်ပြ လူအုပ်စုတစ်ချို့ ပြောတဲ့ အမှားကို အမှန်၊ အမှန်ကို အမှား၊ သေမှာကြောက်လို့ သူ့အလိုလိုက်ရတဲ့ ပညာရှင်တစ်ယောက် မဖြစ်ပါရစေနဲ့ရှင်။
စီးပွားတွက် တွက်ကြည့်မယ်ဆိုရင် .......
အခုဒီမှာ ရတဲ့လခရဲ့ ဆယ်ပုံတစ်ပုံသာရပစေ၊ ဗမာပြည်ကို ခုချက်ခြင်း အထုတ်အပိုးတောင် မပါဘဲပြန်မယ်။
ခက်တာက ကျွှန်တော်လုပ်တတ်တဲ့ အလုပ်ကို ဗမာအစိုးရ လက်ရှိပေးတဲ့ တစ်လစာ လခက ဒီမှာ တစ်နာရီ လုပ်ခနဲ့ အတူတူလောက် ဖြစ်နေတယ်။ ဒါတောင် ဗမာပြည်က သင်ပေးလိုက်တာလေးနဲ့တင် လုပ်စားနေတာနော်။ ဒီမှာ ကျောင်းစရိတ် တစ်ပြားမှ မကုန်လိုက်ရဘူး။
သွားလေသူ ဗိုလ်ချုပ်ကြီး တစ်ယောက်ကတော့ ကျွှန်တော်တို့ဘာသာရပ် ယူထားတဲ့သူတွေ ဗမာပြည်မှာ မရှိလို့ ပူစရာမလိုဘူးလို့ ပြောဘူးပါတယ်။
ဘယ်သူမြတ်လို့ ဘယ်သူရှုံးသလဲ မပြောတတ်တော့ပါဘူး။
တစ်ခါမှတိုင်းတပါးမှာအပြီးတိုင်
နေသွား ဖို့ဆန္ဒမရှိဘူး။ မြန်မာဟာမြန်မာပါဘဲ။
ဘယ်နေရာရောက်ရောက်ဘယ်လိုမှမပြောင်းနိုင်ပါဘူး။
This is just my opinion par.
မြန်မာဟာမြန်မာပါပဲ။ တကယ်ပါပဲ အမိမြန်မာပြည်ရဲ့ အေးမြငြိမ်းချမ်းမှုကို ဘယ်နေရာမှာမှမရနိုင်ပါဘူး။ ဒါပေမယ့်…
Post a Comment