ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
နိုင်ငံရေး အကျဉ်းသားများ (ဒုတိယပိုင်း)
နိုင်ငံရေး အကျဉ်းသားနဲ့ ထောင်အာဏာပိုင် ထောင်လူဆိုးတို့ ဆက်ဆံရေး
နိုင်ငံရေး အကျဉ်းသားတွေကို အဲဒီလို လေးစားချစ်ခင်တဲ့ အထဲမှာ ထောင်အာဏာပိုင်တွေ လက်သပ်မွေးထားပြီး အုပ်ချုပ်ရေးပိုင်း ရောက်နေတဲ့ ရာဇ၀တ် အကျဉ်းသားတွေတော့ မပါပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်ထဲမှာ မတရားတာတွေ တွေ့ရင်၊ လူဆိုးတွေက ရိုးရိုး မျက်နှာမွဲ အကျဉ်းသားတွေကို နှိပ်စက် ညှဉ်းပန်းနေတာ တွေ့ရင် အနည်းဆုံး ခြိမ်းခြောက်ငွေညှစ်နေတာမျိုးကအစ တွေ့ရင် ကန့်ကွက်တတ်၊ တိုင်တန်းတတ်ပါတယ်။ အုပ်ချုပ်ရေးပိုင်း ရောက်နေတဲ့ ရာဇ၀တ်အကျဉ်းသား လူဆိုးတွေက ထောင်အာဏာပိုင်တွေနဲ့ ပေါင်းပြီး မတရားမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ထောင်ထဲမှာ လုပ်နေကြ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေဟာ သူတို့အတွက် `အနှောက်အယှက်´ `ခလုတ်ကန်သင်း´ `အန္တရာယ်´ လို့ သတ်မှတ် ယူဆကြတာပါ။
အဲဒီအကြောင်းတွေကြောင့် နိုင်ငံရေး အကျဉ်းသားတွေကို မကြိုက်ကြဘဲ `ထောင်တွင်းမှာ မလိုလားအပ်သူတွေ´ အဖြစ် ရှုမြင်ကြတာပါ။ (သူတို့ အကျိုးစီးပွားကို ထိခိုက်တာကိုး။ ဒါပေမယ့် သူတို့က လူနည်းစု ဖြစ်ပါတယ်)။
ဒါ့အပြင် သူတို့ဟာ ထောင်အာဏာပိုင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအကြား `အထင်အမြင် လွဲမှားမှုတွေ´ ဖြစ်လာအောင်၊ မုန်းတီးလာအောင်၊ ပဋိပက္ခတွေ တိုးပွားလာအောင်လည်း လုပ်တတ်ကြပါတယ်။
လုပ်နည်းကတော့ `နိုင်ငံရေး အကျဉ်းသားတွေ ဆူပူဖို့ ကြံစည်နေတယ်´ `ထောင် အာဏာပိုင် ဆန့်ကျင်ရေးလုပ်ဖို့ တိုင်ပင်နေကြတယ်´ `ထောင်အပြင်နဲ့ လျှို့ဝှက် ဆက်သွယ်ပြီး သတင်းတွေ ပို့နေတယ်´ `ဘယ် ထောင် အရာရှိကို တိုင်ဖို့ လုပ်နေတယ်´ စသဖြင့် ထောင်အာဏာပိုင်တွေကို သတင်းတွေ သွားပို့ တိုင်ကြားတာမျိုးပါ။
တခါတခါလည်း နိုင်ငံရေး အကျဉ်းသားတွေမှာ မလွဲသာ မရှောင်သာ အဲဒီလို လုပ်ဖို့ အစီအစဉ်တွေ ရှိတတ်ပါတယ်။ ဒါကို တနည်းနည်းနဲ့ ထောင်လူဆိုးတွေ သိသွားတဲ့ အခါမျိုးတွေမှာ အာဏာပိုင်တွေကို သွားပြီး သတင်းပေးပို့တတ်ပါတယ်။ တခါတခါကျတော့လည်း အဲဒီလို သတင်းမျိုးတွေကို လုပ်ကြံ သွားပို့တတ်ပါတယ်။ ထောင်အာဏာပိုင်တွေကလည်း အဲဒီလို သတင်းမျိုးဆိုရင် ယုံချင်ချင်ဆိုတော့ ထောင်လူဆိုးတွေ အဲဒီလို လုပ်တာ မဆန်းပါဘူး။ လူဆိုးတွေ အဲဒီလို သတင်းပေးပို့ကြရာမှာ ရည်ရွယ်ချက် သုံးချက် ရှိပါတယ်။
ပထမ ရည်ရွယ်ချက်က ထောင်အာဏာပိုင်တွေကို ထိခိုက်နစ်နာစေမယ့် သတင်းမျိုး သူတို့ ကြိုတင်ပေးနိုင်ခြင်း အားဖြင့် ထောင်အာဏာပိုင်တွေ မျက်နှာသာပေးတာ၊ ယုံကြည်တာ ခံရဖို့ပါ။
ဒုတိယ ရည်ရွယ်ချက်ကတော့ ထောင်အာဏာပိုင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပြေလည်အောင် ပဋိပက္ခတွေ ဖန်တီးပေးဖို့ပါ။
အဲဒီလို ထောင်အာဏာပိုင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပြေလည်တဲ့အခါ ထောင်လူဆိုးတွေအနေနဲ့ သူတို့ လုပ်ချင်တာတွေ လုပ်ခွင့်ကို ထောင်အာဏာပိုင်တွေက ပိုပေးလာတတ်လို့နဲ့ သူတို့ရဲ့ လုပ်ရပ်အမှားတွေ ဥပဒေ ချိုးဖောက်မှုတွေ ကိုယ်ကျိုးရှာမှုတွေကို ထောင်အာဏာပိုင်တွေက သိပ် ဂရုမစိုက်တော့လို့ မသိချင်ယောင် ဆောင်ပေးလို့ ဖြစ်ပါတယ်။
တတိယ ရည်ရွယ်ချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေက မတရားမှုကို သည်းမခံတတ်ဘဲ ဆန့်ကျင်ကန့်ကွက်တတ်တော့ ထောင်ထဲမှာ မတရားတတ်တဲ့၊ အကျဉ်းသားအချင်းချင်း နှိပ်စက် ညှဉ်းပန်းတတ်တဲ့ ထောင်လူဆိုးတွေက သူတို့ အကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုပြီး နိုင်ငံရေး အကျဉ်းသားတွေကို တေးမှတ်ထားပြီး လက်စားချေတဲ့ အနေနဲ့ ထိခိုက်နစ်နာသွားအောင် ကြံစည် လုပ်ဆောင်တာ ဖြစ်ပါတယ်။
အခု ဖော်ပြခဲ့တာတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ရိုးရိုးအကျဉ်းသားတွေနဲ့ မတူတဲ့ ထောင်လူဆိုးတွေရဲ့ သဘောထား ဖြစ်ပါတယ်။
ထောင်အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေအပေါ် ထားတဲ့ သဘောထားကတော့ နှစ်ရပ် ရှိပါတယ်။
ပထမသဘောထားကတော့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက မုန်းတီးပြီး မလိုလားအပ်သူတွေ အဖြစ် သဘောထားတာပါ။ ဒါကလည်း အကြောင်း ရှိပါတယ်။
ဥပဒေအရ ခွင့်ပြုထားပြီး အကျဉ်းသားတွေ တရားသဖြင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အာဏာပိုင်တွေ လျှို့ဝှက်ထားတဲ့ ကြားထဲက အဲဒီ အခွင့်အရေးတွေကို နိုင်ငံရေး အကျဉ်းသားတွေက အနည်းနဲ့ အများ သိကြပါတယ်။ သိအောင်လည်း ကြိုးပမ်း လေ့လာကြပါတယ်။ ဒီလို သိတာမျိုးကို ထောင်အာဏာပိုင်တွေက မကြိုက်ကြပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေက အဲဒီလို သိရုံမက အဲဒီအခွင့်အရေးတွေကို တရားသဖြင့် ရရှိရေးအတွက် တောင်းဆိုတတ်သလို၊ အဲဒီ အခွင့်အရေးတွေကို ထောင်အာဏာပိုင်တွေက ဖောက်ဖျက်လာရင်လည်း ငြိမ် မခံတတ်ကြပါဘူး။
ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဘ၀တူ နိုင်ငံရေး အကျဉ်းသားတယောက် ထိခိုက်ရင် မခံတတ်ဘဲ လက်သည်းဆိတ် လက်ထိပ်နာ ဆိုသလို ကိုယ်နဲ့ သိသိ၊ မသိသိ ထိခိုက်သူဘက်က ရပ်ကြ၊ ၀ိုင်းဝန်းကြ၊ အရေးဆိုကြ၊ အနာခံ တိုက်ပွဲဝင်တတ်ကြပါတယ်။ စောင့်ရှောက် ကူညီတတ်ကြပါတယ်။ ထောင်အာဏာပိုင်တွေ အမုန်းဆုံးက အဲဒီ အချက် ဖြစ်ပါတယ်။
ထောင်ထဲမှာ `ငါ´ ပဲ ရှိတယ်။ `ငါတို့´ ဆိုတာ မရှိဘူး လို့ ထောင်အာဏာပိုင်တွေ ပြောတတ်ကြပါတယ်။
သဘောက ထောင်အာဏာပိုင်တွေနဲ့ စကားပြောရာမှာ အကျဉ်းသားတဦးက `ကျနော်´ လို့သာ သုံးနှုန်းရပါတယ်။ `ကျနော်တို့´ ဆိုတဲ့ အများကို ကိုယ်စားပြုတဲ့ အသုံးအနှုန်း ဗဟုဝု၀် မသုံးရပါဘူး။ ထောင်ထဲမှာက လူတွေကို တဦးချင်း သွေးခွဲအုပ်ချုပ်တာဆိုတော့ အများအတွက် အနစ်နာခံပြီး ပြောတတ်၊ လုပ်တတ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေ ဘယ်လိုလားကြပါ့မလဲ။
နိုင်ငံရေး အကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်ရဲ့ ဒုတိယ သဘောထားကတော့ နိုင်ငံရေး အကျဉ်းသားဆိုတာ သူပုန်တွေ၊ ရန်သူတွေ အုပ်ချုပ်တဲ့ အစိုးရက မလိုလားသူတွေလို့ သတ်မှတ် ယူဆထားတဲ့ အတွက် မျက်နှာသာအပေးခံချင်တဲ့ အောက်လက် ငယ်သားတွေ ထုံးစံအတိုင်း အုပ်ချုပ်သူ အစိုးရအကြိုက် နိုင်ငံရေး အကျဉ်းသားတွေကို အခွင့်အရေးရရင် ရသလို ဖိနှိပ်ပေးရမယ်။ ညှဉ်းပန်း နှိပ်စက်ပေးရမယ်၊ ဒါမှ အစိုးရဆီက အခွင့်အရေး ရမယ်။ ရာထူးတက်မယ် ဆိုတဲ့ သဘောထားပါ။ အဲဒီလို ဖြစ်အောင်လည်း အစိုးရက ပုံသွင်း နားသွင်းထားတယ် မဟုတ်လား။
ထောင်အာဏာပိုင်တွေရဲ့ အရိုးစွဲနေတဲ့ အဲဒီ သဘောထား နှစ်ရပ်ကြောင့်ပဲ ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေကို ဥပဒေလက်လွတ် ဖိနှိပ်မှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ ပြဿနာမရှိ ပြဿနာရှာမှုတွေ ဆိုးဝါး ပြင်းထန်နေရတာပါ။
အဲဒီလိုနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို `မလိုလားအပ်သူတွေ´ `ဒုက္ခပေးမယ့် လူတွေ´ `ပြဿနာရှာသူတွေ´ အဖြစ် ထောင်အာဏာပိုင်တွေက အမြဲတမ်း သံသယပွားနေတာမို့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အရိုးသားဆုံး၊ အသန့်ရှင်းဆုံး တောင်းဆိုချက်၊ မေတ္တာ ရပ်ခံချက်၊ အကြံပြုချက်တွေကိုတောင် နိုင်ငံရေး လှုပ်ရှားမှု၊ သို့မဟုတ် ထောင်အာဏာပိုင် ဆန့်ကျင်ရေး လုပ်ရပ်တွေ အဖြစ် ဇွတ်တရွတ် သတ်မှတ် ယူဆကြပါတော့တယ်။ အဲဒီ သဘောထားတွေရဲ့ အကျိုးဆက်အဖြစ်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်မှုတွေ ထောင်ထဲမှာ ၀မ်းနည်းစရာ ဖြစ်လာရတော့တာပါ။
ဆက်ရန်…
No comments:
Post a Comment