Monday, October 08, 2007

စစ်တပ်ထဲမှာ(၁)…



`အတွေးထဲက စို့များ´ ဆိုတဲ့ ပို့စ်မှာတုန်းက ကျနော် တင်ပြရေးသားခဲ့တာ တခုရှိခဲ့ပါတယ်။ အဲဒါကတော့ စစ်သားတွေကို ပြည်သူဘက်ပါလာအောင်၊ ပြည်သူ့စစ်သား အစစ်အမှန် ဖြစ်လာအောင် ဆွဲဆောင် စည်းရုံးဖို့နဲ့ ပစ်ပယ်ဖယ်ကျဉ်ဖို့ နည်းနှစ်ခုကို ထိုက်သင့်သလို အသုံးချဖို့ပါ။

စစ်တပ်ကို ပြည်သူဘက်ပါလာအောင် ကြိုးစားတာကို `စိတ်ကူးယဉ်တယ်´ လို့ သတ်မှတ်ကောင်း သတ်မှတ်နိုင်ပေမယ့် အဲဒါဟာ သိမ်မွေ့စွာ ကြိုးစားလို့ ရနိုင်တဲ့အရာတခု ဆိုတာကို ကျနော်ယုံကြည်ပါတယ်။

လူတဖက်သားကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးဆွဲဆောင်တဲ့နေရာမှာ သူ့စိတ်ထဲမှာ ဘာတွေရှိနိုင်မလဲ၊ သူ လက်ရှိ ခံစားနေရတာက ဘာတွေ ဖြစ်နိုင်မလဲ၊ သူ ဖြတ်သန်းခဲ့တာက ဘာတွေ ဖြစ်မလဲ ဆိုတာကို တတ်နိုင်သလောက် အရင် လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။

လူမြင်ကွင်းမှာတောင် မရှောင်၊ ရက်ရက်စက်စက် ပက်ပက်စက်စက် ရိုက်နှက်ချင်စိတ်တွေ ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေခဲ့သလဲ…၊ သာမန်အားဖြင့် ဖမ်းဆီးချုပ်နှောင်ထားရုံနဲ့ လုံလောက်နေတဲ့ ကိစ္စကို အဲဒီလို အငြိုးတကြီးပုံစံနဲ့ ကန်ကျောက် ရိုက်နှက်ရလောက်အောင် သူတို့ရဲ့ စိတ်တွေ ခက်ထန်ကြမ်းတမ်းနေရခြင်းရဲ့ အရင်းခံက ဘာတွေ ဖြစ်နိုင်မလဲဆိုတာကို ကျနော် ဆန်းစစ်ကြည့်ချင်ပါတယ်။

အဲဒီလိုနဲ့ `စစ်တပ်ထဲမှာ…´ ဆိုတဲ့ စစ်တပ်ထဲက အဆင့်အမျိုးမျိုးနဲ့ ရပ်တည်ရှင်သန်ရတဲ့ စစ်သားတွေရဲ့ ဘ၀တွေ အကြောင်းကို ကျနော် တွေ့မြင်ခဲ့ရတာ၊ ကျနော် လေ့လာသိရှိခဲ့ရတာတွေနဲ့ ကျနော့်မိတ်ဆွေ စစ်သည်တော်များရဲ့ ရင်ဖွင့်ချက်တွေအပေါ် အခြေခံပြီးတော့ တင်ဆက် ဖော်ပြသွားပါမယ်။

စစ်တပ်ထဲမှာ…
(အခြားအဆင့်)

မြန်မာစစ်တပ်ရဲ့ လက်ရှိ ဖွဲ့စည်းပုံအရ ခြေလျင်/ခြေမြန် တပ်ရင်းတခုရဲ့ အင်အားဟာ ၈၁၆ ဦး ရှိရပါတယ်။ သန္ဓေစစ်သည် ၇၈၆ ဦး၊ တွဲဖက်စစ်သည် ၃၀ ဦး လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ရှိတဲ့ ဘယ်စစ်တပ်ထဲမှာမှ သတ်မှတ်ဖွဲ့စည်းပုံ အတိုင်း ပြည့်မီတဲ့ အင်အား မရှိကြပါဘူး။ စစ်စည်းကမ်း အင်မတန် ကောင်းမွန်ပါတယ်လို့ သတ်မှတ်ခံထားရတဲ့ တပ်ရင်းမှာတောင်မှ အလွန်ဆုံး ရှိတဲ့ အင်အားဟာ ၄၀၀ ၀န်းကျင်မျှသာ ဖြစ်ပါတယ်။

တပ်ရင်းတွေ အဲဒီလို အင်အားမရှိရတဲ့ အချက် နှစ်ချက် ရှိပါတယ်။ တချက်ကတော့ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးများက တပ်ရင်းအသစ်တွေကို မြန်မာပြည် တနံတလျား ဖွင့်လှစ်လွန်းမှုကြောင့် နဂိုရှိနှင့်ပြီးသား တပ်ရင်းအဟောင်းတွေထဲက စစ်သည်တွေကို ခွဲဝေထုတ်နှုတ် နေရာချပေးရတာကြောင့်ပါ။ နောက်တချက်ကတော့ ပြုန်းတီးအင်အားတွေကြောင့် ဖြစ်ပါတယ်။ စစ်ပြေး၊ သေဆုံး၊ ကျဆုံး၊ ပျောက်ဆုံး ဆိုတဲ့ ပြုန်းတီး အင်အားလေးမျိုး အနက် အဓိက အများဆုံးကတော့ စစ်ပြေး အင်အားပါပဲ။

အင်အား မရှိတော့ အင်အားရှိလာအောင် နည်းအမျိုးမျိုးသုံးကြရပါတယ်။ သာမန်အားဖြင့် စစ်တပ်ထဲဝင်ဖို့ ဆွယ်ယူခြင်း၊ ဗဟုသုတနည်းပါးပြီး ဝေးလံခေါင်သီတဲ့ ရွာငယ်တွေမှာ အတင်းအဓမ္မ လူစု ကောက်ခံခြင်း၊ ထင်ရှားတဲ့ မြို့ကြီးတွေက ရထားဘူတာ၊ ကားဂိတ်၊ သင်္ဘောဆိပ်တွေမှာ စစ်သားစုဆောင်းရေး တာဝန်ကျတွေက အသက်မပြည့်သေးသူ ကလေးသူငယ်များ၊ အိမ်ပြေးလူငယ်များနဲ့ အခြေအနေမဲ့များကို ဆွဲဆောင် စုဆောင်းခြင်း၊ အခြားနည်းတွေနဲ့ စုဆောင်းခြင်းတို့နဲ့ အင်အားတိုးအောင် စုဆောင်းကြပါတယ်။

လူထုက စစ်တပ်ကို `ချဉ်´ နေတဲ့ ဒီခေတ်မှာ သာမန်အားဖြင့် ကိုယ့်သဘောနဲ့ကိုယ် စစ်တပ်ထဲကို ၀င်လာတဲ့ အခြားအဆင့် စစ်သားက အင်မတန်နည်းလွန်းလှတာကြောင့် ကျနော်အထက်က ဖော်ပြခဲ့တဲ့ နည်းတွေနဲ့ စစ်သားစုဆောင်းရေး လုပ်ကြတာကြောင့် စစ်တပ်ထဲကို စရိုက်ပေါင်း သောင်းခြောက်ထောင်နဲ့ လူပေါင်းစုံ ရောက်သွားကြပါတော့တယ်။ အဲဒီအထဲမှာ တခါတရံမှာ ၀ရမ်းပြေး ရာဇ၀တ်လူဆိုးတွေတောင် ပါသွားတတ်ပါသေးတယ်။

ကိုယ့်သဘောနဲ့ကိုယ် ရောက်လာတာပဲ ဖြစ်ဖြစ်၊ အတင်းအဓမ္မ ဆွဲသွင်းလို့ ရောက်လာတာပဲ ဖြစ်ဖြစ် အခြားအဆင့် စစ်သားလောင်းတွေကို ပုံစံပေးဖို့ အရင်ဆုံး စောင့်နေတာကတော့ `စစ်သားစုဆောင်းရေးတပ်´ ပါပဲ။ အဲဒီ တပ်ဝင်းထဲကို ရောက်သွားပြီဆိုတာနဲ့ သူတို့ အရင်ဆုံးလုပ်တာကတော့ ဆံပင်ညှပ်ပစ်တာပါ။ ဆံပင်ညှပ်တယ်ဆိုရာမှာ ရုပ်ရှင်ထဲက မင်းသားတွေလို ကြည့်ကောင်းရုံ ညှပ်တာမဟုတ်ပါဘူး။ မညီမညာ၊ မသပ်မရပ် ရှေ့တလက်မ နောက်ပြောင် ဆံပင်ပုံစံ ညှပ်ပစ်တာပါ။ `စစ်သားဆံပင်ပုံ ညှပ်တာ´ လို့ ပြောကြပေမယ့် အဓိကရည်ရွယ်ချက်ကတော့ စိတ်ပြောင်းပြီး ပြန်ထွက်ပြေးတဲ့ လူတွေကို အဲဒီဆံပင်ပုံစံကြောင့် အလွယ်တကူ ပြန်လည် ဖမ်းမိစေဖို့ ရည်ရွယ်လိုရင်းလဲ ပါပါတယ်။

အပြင်မှာ အရပ်သားဘ၀၊ ကျောင်းသားဘ၀နဲ့ နေသားကြလာတဲ့ လူတွေရဲ့ စိတ်ဓာတ်ကို အဓိကပြောင်းလဲပစ်ဖို့ အစပျိုးလိုက်တဲ့ အရာကတော့ စစ်သားတွေရဲ့ အဆဲအဆိုနဲ့ ကြမ်းတမ်းလှတဲ့ စရိုက်ပါပဲ။ အပြင်လောကမှာဆိုရင် ဘာမဟုတ်တဲ့ အပြစ်လို့ ယူဆကြတဲ့ အပြစ်သေးသေးလေးအတွက် မိဘက အမြတ်တနိုးထား၊ ချစ်သူက အမြတ်တနိုးထားတဲ့ ပါးကို `ဖြောင်း´ ခနဲနေအောင် အရိုက်ခံရ၊ မအေတွေ နှမတွေ ရစရာမရှိအောင် အသားလွတ် အဆဲခံလိုခံရ စတဲ့ အတွေ့အကြုံတွေက အရပ်သားတွေအတွက် အံ့အားသင့်တကြီး ဖြစ်သွားစေတဲ့ အပြင် စိတ်ကိုပါ ချက်ချင်း သိမ်ငယ်သွားစေလိုက်ပါတယ်။

အဲဒီလို အသားလွတ် အဆဲအဆို၊ အရိုက်အနှက်ခံရတာခြင်း အတူတူထဲကမှ တချို့ အတန်းပညာ အတန်အသင့် ရှိသူနဲ့ တာဝန်ခံတွေက မျက်စိကျသူ တချို့က စစ်သားလောင်းအချင်းချင်း ပြန်ကွပ်ကဲရတဲ့ Leader တာဝန် အပေးခံရတာတွေ ရှိပါတယ်။ အရိုက်ခံ၊ အဆဲခံနေရတဲ့ အခြေအနေကနေ ကိုယ်က ရိုက်ရ၊ ဆဲရတဲ့ အခြေအနေကို ရောက်သွားပြီဆိုရင်ပဲ အဲဒီအရသာကို အဲဒီပုဂ္ဂိုလ်တွေက ခံစားတတ်သွားပါတယ်။ အရသာတွေ့သွားပါတယ်။ ကိုယ့်ကို ကြောက်လို့ တုန်ယင်နေတဲ့ လူတယောက်ကို ပိုကြောက်လာအောင် သဟောက်သဟမ်းလုပ်ရင်းနဲ့ အကြမ်းဖက်စိတ်တွေက အဲဒီလူတွေရဲ့ စိတ်ထဲမှာ အစပျိုးမှန်းမသိ အစပျိုးခဲ့ပါတော့တယ်။

အဲဒီလိုနဲ့ အဲဒီလူတွေ တပ်သားသစ်သင်တန်းကို ရောက်သွားပြီ ဆိုရင်ပဲ…


ဆက်ရန်…

2 comments:

nyee said...

pls write the remaining parts as soon as possible, i would like to read, your post give me a lot of knowledge, somes are I really dont know until now yet

hnin said...

hey you... i read your blog(finally!) well i kind of scan through it...
army is army. they are trained to be rough so they can PROTECT the people. they scarfice their lives and their family to protect the people. they can't be soft and fraggle. they need to be tough. so, when every hope seems crush, they can rise above.
well that's the goal of an army...
none theless, i know that burma army doesn't operate that way. they had been brain wash. so how can we tell them to understand our side when they know for sure what is going on. they know it, but they are ignoring it cuz they don't want to ruining their life. it's understandable because it's part of human nature, looking out for ownself. but it's not acceptable when it is violating nature laws and human rights. so, it goes in circle...
in the end, it's hard to "wake a person when that person is pretending to sleep." burmese probes...

i hope u r doing well. sorry that i miss the ph. cuz i had been sick. later! take care.