Friday, October 12, 2007

ရွက်ကြွေတောထဲမှာ...

ဆောင်းဦး ပေါက်ခဲ့ပြန်ပါပြီ။

ပတ်ဝန်းကျင် တခွင်ကို ကြည့်လိုက်ရင် မှုံ့မှိုင်းမှိုင်း မိုးသားတိမ်လိပ်တွေက အဆုပ်လိုက်အဆုပ်လိုက်နဲ့ မျက်မှောင် ကိုယ်စီကြုံ့လို့ လေပြင်းရဲ့ သယ်ဆောင်ရာကို အလိုမတူဘဲ မျောပါသွားနေကြတာက စိတ်မသက်သာစရာ…။ တချက်တချက်မှာ ဖွဲခနဲ ရွာချတတ်တဲ့ မိုးပေါက်တွေကလည်း မြန်မာပြည် မိုးနဲ့ မတူခြားနားလှစွာ အေးတိအေးစက် နိုင်လွန်းပါဘိ…။ ဒီရာသီကို သူတို့ဆီမှာတော့ fall season တဲ့။

ဒီနေ့တော့ မရောက်တာ ကြာနေပြီ ဖြစ်တဲ့၊ တိတိပပပြောရရင်တော့ တခေါက်အပြန် ရောက်ပြီးကတည်းက ငါးလကျော်ကြာ မရောက်ဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ လမ်းကလေး ဆီကို ဆောင်းဦးလေရဲ့ စေ့ဆော်မှုနဲ့ အတူ လွမ်းဆွတ်စွာနဲ့ ရောက်သွားခဲ့ပါတယ်။



ဆူညံသံတွေနဲ့ အမြဲလိုလို မာန်ဖီနေတဲ့ အလုပ်ရုံကနေ ဖယ်ခွာလို့ ဒီလမ်းကလေးပေါ်ကို ရောက်လာခဲ့ပြီး ဆိုရင်ပဲ ကျနော့်ကို အမြဲတစေ ခွင့်လွှတ်နားလည်တတ်တဲ့ လမ်းကလေးက အပြုံးမပျက် ဆီးကြိုနေပါတယ်။ ခလုတ်တိုက်စဉ်တုန်းက သူ့ကို ရန်လုပ်ခဲ့တုန်းကလည်း အပြစ်မမြင်၊ သူ့ကို ကြာမြင့်စွာ ပစ်ထားမိတော့လည်း ခွင့်လွှတ်တဲ့ လမ်းကလေးက ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ငြိမ်းချမ်းနေတာပါပဲ။

လေပြင်းရဲ့ ချွေချမှုနဲ့ ရာသီဥတုရဲ့ ကြည်စယ်မှုကြောင့် တဖျောဖျောနဲ့ ကြွေကျနေတဲ့ ရွက်ကြွေတွေက မြက်ခင်း စိမ်းစိမ်းပေါ်မှာ အလုအယက်နေရာယူလို့ လမ်းကလေးကို ပိုလှအောင် အားဖြည့်ပေးနေကြသယောင်ယောင်…။



လမ်းကလေးရဲ့ ဘေးတနေရာက တောအုပ်လေးထဲမှာလည်း အရင်တခေါက်ကလို ပန်းခင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် မရှိလှတော့ဘူး။ ရာသီဥတုဒဏ်ကို ရတတ်သလောက် အံတုကျားကန်နေတဲ့ကြားကပဲ သစ်ပင်တွေပေါ်က အရွက်စိမ်းစိမ်းတွေက တဖြည်းဖြည်းနဲ့ ပါးလျားလို့ ညိုဝါရောင် ရွက်ကြွေတွေ မြေမှာ ပြန့်ကျဲနေတယ်။ သစ်ရွက်တွေရဲ့ သခင် သစ်ပင်တွေကတော့ စိတ်လက်မကြည်မသာလှစွာနဲ့ပဲ ကျန်နေသေးတဲ့ အရွက်စိမ်းတွေနဲ့ ကြိုးစား အရိပ်မိုးနေသေးလေရဲ့…။



ဒီမှာလေ…။ အဲဒါ ကျနော့်ရဲ့ လမ်းကလေးပေါ့။ ရာသီဥတုတွေ ဘယ်လိုပြောင်းပြောင်း ခံနိုင်ရည် ရှိလွန်းလှတဲ့ လမ်းကလေး။ ဒီလမ်းမှာ လျှောက်သည်ဖြစ်စေ၊ မလျှောက်သည်ဖြစ်စေ၊ ဒီလမ်းကို ကောင်းတာပြောပြော၊ ဆိုးတာ ပြောပြော သဘောထားကြီးစွာ ခွင့်လွှတ်နားလည်တတ်တဲ့ လမ်းကလေး။

စက်ဘီးစီးသူ တချို့က အနားကနေ ၀ှီးခနဲ ဖြတ်ကျော်သွားကြတော့ သူတို့ စက်ဘီးတွေရဲ့ နင်းချေတာကို ခံရတဲ့ ရွက်ကြွေတချို့က နာကျင်လွန်းစွာနဲ့ အလန့်တကြား ခုန်ပေါက်တယ်။ တချို့လည်း ကြွေမွသွားကြတာ ကရုဏာသက်ဖွယ် ကောင်းပါဘိတော့…။ ဘေးတဖက်တချက်က ပင်အိုပင်ပျိုတွေမှာလည်း လေပြင်းက တိုက်လိုက်တိုင်း ရိုးတံပြိုင်းပြိုင်းတွေ ဟိုယိမ်းဒီနွဲ့နဲ့…၊ အားမတန်လို့ မာန်လျှော့ရပေမယ့် ဇွဲခိုင်လှတဲ့ အရွက်တချို့ကတော့ မြေမခကြသေးဘူး။




ဒီအပင်ကို တွေ့မိတော့ ဟိုတဖက်မှာ လေပြင်းဒဏ် ခံနေကြရတဲ့ သစ်ပင်တွေနဲ့ ငိုကြွေးနေကြတဲ့ ရွက်ကြွေတွေက သူနဲ့ ဘာမှမဆိုင်သလိုပါပဲလား လို့ တွေးမိတယ်။ လေပြင်းကျတဲ့နေရာမှာ ရှိနေလို့လား၊ ဒါမှမဟုတ် လေပြင်းက သူ့ကို ချန်လှပ်တာလား မသိနိုင်ပေမယ့် ဖားဖားဝေနေတဲ့ သူ့ရဲ့ အရွက်စိမ်းစိမ်းတွေကတော့ မြေပေါ်က ရွက်ကြွေတွေနဲ့ အချွေခံနေရတဲ့ တခြားအပင်တွေကို လှောင်ပြောင်နေသလိုလိုပါပဲ…။




အမျိုးတူ၊ အဆင်းတူတဲ့ ဒီသစ်ရွက်လေးတွေက ခံစားရတဲ့ ဒဏ်ရာခြင်း မတူလို့များလား…။ အရောင်ခြင်းကတော့ ကွာခြားသွားနေခဲ့ပါတယ်။ ၀ါကျင့်နေရတဲ့ကြားထဲ ဒဏ်ရာပေါက်တွေနဲ့ သစ်ရွက်နဲ့ စိမ်းစိုစို မာနထည်ဝါ၀ါ သစ်ရွက် ဘယ်သူက ပိုလှသလဲ မဆုံးဖြတ်တတ်ပေမယ့် အဲဒီ စားပွဲပေါ်ကို ကျနော် သယ်ယူခဲ့တဲ့ ပုံစံခြင်းကတော့ ကွာခြားပါတယ်။ ၀ါကျင့်ကျင့် သစ်ရွက်လေးတွေကိုတော့ မြတ်နိုးကရုဏာစိတ်နဲ့ မြေပေါ်က ကောက်ယူလာပြီးတော့ ခပ်စိမ်းစိမ်းသစ်ရွက်တွေကတော့ သူ့အကိုင်းကို ခပ်ဆတ်ဆတ် သွားလှုပ်ခါပစ်ပြီးတော့ ဆွဲယူခူးလာတာ…။




ကျန်နေသေးတဲ့ အလုပ်ချိန်အတွက် လမ်းကလေးကို ခွဲခွာရပါအုံးမယ်။ လမ်းကလေးရဲ့ အဆုံး ဟိုမှာဘက်မှာတော့ အလုပ်ရုံဖြူဖြူက ကျနော့်ကို `နောက်ကျနေပြီ၊ မြန်မြန်လာကွ´လို့အလောတကြီးနဲ့ လက်ယပ်ခေါ်နေတယ်။

ကသုတ်ကရက်နဲ့ အလုပ်ရုံဆီကို အပြေးလှမ်းသွားရင်းနဲ့ လမ်းကလေးကို ပြန်ငဲ့ကြည့်မိတော့ မကုန်ဆုံးတတ်တဲ့ ခွင့်လွှတ်မှု၊ နားလည်မှု အပြည့်နဲ့ လမ်းကလေးက ကျနော့်ကို အပြုံးနဲ့ နှုတ်ဆက်လိုက်လေရဲ့…။
ကလိုစေးထူး

4 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ဒီပို့စ်လေးကို ဖတ်ရတာ လမ်းကလေးကို ကိုယ်တိုင် လိုက်လျှောက်ခဲ့ရသလိုပဲ။ ဒီလိုမျိုး ဓါတ်ပုံလေးတွေနဲ့ မကြာမကြာ ရေးပါလို့ တောင်းဆိုချင်ပါတယ်။

Anonymous said...

စာပေယောင်ယောင် နိုင်ငံရေးယောင်ယောင်ကောင်ရေးတာကို အဟုတ်မှတ်နေကြတာကိုး။

ညလေး said...

လမ်းကလေးကို ထပ်ဖတ်ရတာ လွမ်းဆွေးမှုတွေ ဖြစ်လာစေတယ် ဦးစေးထူးက ရေးတတ်ပါ့။

Achit said...

လမ်းကလေးကိုကြည့်ပြီး ခံစားရတာလေးတွေ ရေးပေးလိုက်ပါတယ်။
ခံစားချက်ခြင်း မတူညီခဲ့ရင်လည်း ခွင့်လွှတ် … ။

ပုံ - ၁ အခုတော့လည်း လမ်းကလေးဟာ ရွက်ခြောက်တွေအလယ်မှာ အထီးကျန်လို့ …

ပုံ - ၂ အားငယ်စွာ ကြွေကျနေတဲ့ ရွက်ခြောက်တွေကတော့ ညိုရော်နေပေမဲ့ တောအုပ်က စိမ်းစိုဆဲ …

ပုံ - ၃ အမြဲတမ်း နားလည်ခွင့်လွှတ်တတ်တဲ့ လမ်းကလေးက ၀မ်းနည်းညှိုးငယ်စွာ ပြုံးနေသလို …

ပုံ - ၄ အားမာန်အပြည့်နဲ့ စိမ်းလန်းနေဆဲ သစ်ပင်ကြီးကတော့ … အဖော်အပေါင်းများစွာ ခြံရံပြီး ပျော်ရွှင်လို့ …

ပုံ - ၅ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကြွေလွင့်ခဲ့ရတဲ့ သစ်ရွက်လေးတွေ … လတ်ဆတ်နေဆဲ အခြွေခံရတဲ့ သစ်ရွက်လေးတွေ … ဘယ်လိုနည်းနဲ့ပဲ ကြွေကြွေ … တကယ်တမ်း … သစ်ရွက်ဆိုတာ တနေ့တော့ ကြွေမှာပါပဲလေ …

ပုံ - ၆ လမ်းကလေးရဲ့ အဆုံးသတ်မှာ လှပသာယာပါစေ … … …