အခုတလောမှာ ဘလော့ဂ်တွေမှာ သတိမထားဘဲ မနေနိုင်အောင် တွေ့နေရတာ တခုရှိပါတယ်။
တခြားတော့ မဟုတ်ပါဘူး။ ဟိုဘက်ဒီဘက် အပြန်အလှန် ဆဲကြ၊ ဆိုကြတာတွေပါ။ ဆဲပုံဆဲနည်းတွေကလည်း အမျိုးကို စုံနေတာပါပဲ။ တချို့တွေ ဆဲတတ်ကြပုံများကတော့ အဆဲပါရဂူဘွဲ့တောင် တီထွင် ချီးမြှင့်ချင်စိတ် ပေါက်လာအောင် ဆဲဂုဏ်မြောက်လွန်းကြပါရဲ့။
ဆဲဆိုတယ်ဆိုတာဟာ မကောင်းမှန်းတော့ လူတိုင်း သိကြတာပါပဲ။ ဒါပေမယ့် ဆဲနေတဲ့လူကလဲ ဆဲနေကြတာပါပဲ။
ကျနော် စဉ်းစားကြည့်မိပါတယ်။ ဘယ်တုန်းကမှ မမြင်ဖူး၊ မသိဖူးတဲ့ လူတယောက်ကို ဆဲဆိုချင်စိတ်ပေါက်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ ဆိုတဲ့ အချက်ကိုပါ။
လူတယောက်က အကြောင်းအရာတခုကို အကျိုးသင့် အကြောင်းသင့် ဃဃနန ဆွေးနွေးတယ်။ ဒါပေမယ့် အဲဒီ ဆွေးနွေးတဲ့ အကြောင်းအရာက ကိုယ်နဲ့ အမြင်မတူတာတွေ ဖြစ်နေတယ်။ သူဆွေးနွေးတဲ့ အချက်အလက်တွေကို လက်မခံချင်ဘူး။ ပြန်လည်ချေပ ဆွေးနွေးဖို့ကျတော့လဲ ဘယ်လိုဘယ်နည်း ထိရောက်အောင် ပြောရမလဲဆိုတာ မသိဘူး။ ခက်တာက အဲဒီလူကို ဆန့်ကျင်တယ်ဆိုတာကိုလည်း တနည်းနည်းနဲ့ ပြချင်နေတယ်။ ဒီတော့ နောက်ဆုံးမှာ ဆဲပစ်လိုက်တယ်။
နောက်တချက် ဆဲရတဲ့ အချက်ကတော့…။ ကိုယ်က ဘယ်လောက်ပဲ အေးအေးဆေးဆေး ငြိမ်းချမ်းစွာနဲ့ ဆန္ဒသဘောထားတွေ ထုတ်ဖော် တောင်းဆိုနေပေမယ့်လည်း တဖက်က ဘာကိုမှ လက်မခံဘူး။ ပြီးတော့ အင်အားကလည်း ထုနဲ့ထည်နဲ့ ကြီးမားနေတယ်။ အဲဒီ ကြီးမားတဲ့ ထုထည်ကြီးကို ဘယ်လိုမှလဲ ဖြိုခွင်းနိုင်တဲ့ အင်အားက မရှိဘူး။ ဒီတော့ စိတ်ကို ထွက်ပေါက်ပေးတဲ့ အနေနဲ့ ကိုယ့်ကို သူတို့ တခုခု ပြန်မလုပ်နိုင်လောက်တဲ့ နေရာကနေ အဲဒီလူတွေကို ဆဲပစ်လိုက်တယ်။ ဥပမာ အနေနဲ့ကတော့ ဒီမှာ ပါ။
နောက်တချက် ဆဲရတဲ့ အကြောင်းရင်းကတော့ တော်တော်လေး ဆိုးပါတယ်။ တဖက်သားကို နစ်နာသွားရင်ပြီးရော ဆိုပြီး ဆဲတာပါ။ နှမချင်းစာနာတာတွေ ဘာတွေဆိုတာ မရှိပါဘူး။ လိုအပ်ရင် လိုအပ်သလို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အဆဲစကားတွေနဲ့ ပျစ်ပျစ်နှစ်နှစ် ဆဲတာပါ။ ကိုယ်ဆဲလိုက်လို့ တဖက်သားမှာ ဘယ်လောက်တောင် စိတ်ထိခိုက် နာကျင်သွားမလဲ ဆိုတာ ထည့်မတွက်တဲ့ အပြင် အဲဒီလို ဆဲနေရတာ၊ ဆဲပစ်လိုက်တာကိုပဲ ကြံဖန် ဂုဏ်ယူနေတတ်သေးတဲ့ အဆဲသမားမျိုးပါ။
***
ဒီရက်ပိုင်းတွေမှာ အာဏာပိုင်တွေကို လိုလားထောက်ခံတဲ့ စစ်ဘို (လို့ ယူဆရတဲ့ လူတချို့က) သူတို့ကို လာရောက် ဆဲကြဆိုကြတဲ့ လူတွေကို ပြန်လည် ပြစ်တင်ရှုံ့ချရင်း တချိုကလည်း အားကျမခံ ပြန်ဆဲနေကြတာကို တွေ့ရပါတယ်။ တချို့ ယဉ်ကျေးတဲ့ စစ်ဘို (လို့ ယူဆရတဲ့ လူ) တွေကလည်း အဲဒီလို ဆဲတာဆိုတာဟာ မကောင်းကြောင်း၊ အပြန်အလှန် မေတ္တာထားကြတာက ပိုသင့်တော်ကြောင်း စသဖြင့် ဖြောင်းဖြ နားချပါတယ်။
အဲဒါတွေကို တွေ့တော့ တစုံတခုကို ပြန်လည် သတိရမိပြီး `သြော်၊ ဆဲတာဆိုတာက အစ ဘက်လိုက်မှုတွေ ရှိနေပါလား´ လို့ တွေးမိပါတယ်။ စိတ်မကောင်းလဲ ဖြစ်မိပါတယ်။
တကယ်တော့ အဲဒီလို ဘယ်ကမှန်း မသိတဲ့ အမည်မသိတွေရဲ့ အဆဲအဆိုကို အတော် ဆိုးဆိုးဝါးဝါး ခံခဲ့ရတဲ့ ဒီမိုကရေစီ လိုလားသူ ဘလော့ဂါတွေ အများကြီး ရှိခဲ့ပါတယ်။ ဘယ်အကြောင်းအရာကိုမှ သေသေချာချာ ၀င်ဆွေးနွေးတာ မရှိဘဲနဲ့ တမင်သက်သက် စိတ်အနှောက်အယှက် ဖြစ်အောင် စနစ်တကျ အကွက်ချပြီး ဆဲတာကို ခံခဲ့ကြရတာပါ။ အထူးသဖြင့် အမျိုးသမီးတွေက ပိုခံရပါတယ်။ သာမန်အားဖြင့် အမျိုးသားတွေထက်စာရင် ပိုပြီး စိတ်နူးညံ့တတ်တဲ့၊ ထိခိုက်လွယ်တတ်တဲ့ အမျိုးသမီး ဘလော့ဂါတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မိဘကို ထိခိုက်စော်ကားမှု စတဲ့ စကားလုံးတွေနဲ့ ဆဲဆိုပြီး စိတ်အနှောက်အယှက် ပေးခဲ့ကြတာပါ။
ဥပမာအားဖြင့် ညီမလင်းလက် ဆိုရင် ကျနော် ဘလော့ဂ် စတင်ရေးသားချိန်ကတည်းက သူ့ကို လာလာဆဲကြတဲ့ အမျိုးကောင်းသားတွေရဲ့ ဒဏ်ကို တောက်လျှောက် ခံနေရတာ အခုထက်ထိတိုင်အောင်ပါပဲ။ တခြား ထင်ရှားတဲ့ ဒီမိုကရေစီ လိုလားသူ အမျိုးသမီး ဘလော့ဂါတွေထဲမှာ ဆိုရင်လည်း ဆရာမမေငြိမ်း၊ မသဒ္ဓါ တို့ဟာ အတော်ကို ဆိုးဝါးတဲ့ စကားလုံးတွေနဲ့ ဆဲဆို ပုတ်ခတ်ခြင်း ခံခဲ့ရတာပါ။ မမေဓာဝီဆိုရင်လည်း သူ့မိဘတွေကပါ ဘလော့ဂ်ကို ရပ်နားခိုင်းရတဲ့ အထိ ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။ တခြားသော အမျိုးသမီး ဘလော့ဂါတွေလဲ အဆဲခံကြရတာ မနည်းပါဘူး။ အမျိုးသားတွေလည်း အဆဲခံရတာ ရှိပေမယ့် ထားပါတော့…။
ကျနော် စိတ်မကောင်း ဖြစ်တာက အဲဒီလို အမျိုးသမီးတွေ အဆဲဆို ခံခဲ့ရစဉ်အခါတုန်းက ဖြောင်းဖြ ပြောဆိုပေးခဲ့တဲ့ စစ်ဘို (လို့ ယူဆရသူ) တွေကို မတွေ့ခဲ့ရဘဲ အခု အာဏာပိုင်တွေဘက်က ထောက်ခံသူတွေကို ဆဲဆိုတော့မှပဲ ရွှေပြည်အေးတရား ၀င်ဟောတဲ့ မသိမသာ ဘက်လိုက်မှုကိုပါပဲ။
တကယ်ဆိုရင် ဆဲတယ် ဆိုကတည်းကိုက ကောင်းတာ မဟုတ်ပါဘူး။ တဘက်နဲ့ တဘက် အပြန်အလှန် ဆဲဆိုနေကြလို့လဲ အဖြေကောင်း တခု ထွက်လာစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကို လာဆဲပြီ ဆိုကတည်းကိုက ဘာကြောင့် အဲဒီလူ လာဆဲရလဲဆိုတာကို ကျနော် အပေါ်က တင်ပြခဲ့တဲ့ အချက်တွေနဲ့ ယှဉ်ထိုး စဉ်းစားကြည့်သင့်တယ်လို့ ထင်ပါတယ်။
ဥပမာ ပြောရရင် ကိုယ်က ပို့စ်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို `ဘိုကတော် စုကြည်´ အဲဒီလို ရေးထားရင်တော့ တယောက်မဟုတ် တယောက်က `စစ်ခွေး နအဖ´ လို့ လာဆဲတာကို အသက်သာဆုံး အဆဲအဖြစ် လက်ခံရရှိမှာ သေချာပါတယ်။ အဲဒီလိုပါပဲ ဒီမိုကရေစီ လိုလားသူတွေကလဲ ကိုယ့်ပို့စ်ထဲမှာ `စစ်ခွေး´ လို့ ပြောဆို သုံးနှုန်းရင် ဟိုဘက်ကလည်း အကျိုးသင့် အကြောင်းသင့် လာဆွေးနွေးဖို့ထက် ဆဲဆိုသွားဖို့က ရာခိုင်နှုန်း ပိုများပါတယ်။
ကိုယ်က ဘယ်လောက်ပဲ အေးအေးဆေးဆေး ငြင်ငြင်သာသာ ဆွေးနွေးပါစေ။ လာလာဆဲနေတဲ့ လူတွေကိုတော့ အဖက်မလုပ်ဘဲ နေတာက အသင့်တော်ဆုံးလို့ မြင်ပါတယ်။ စကားလုံးတွေ သိပ်ကို ကြမ်းတမ်းလာရင်၊ မောင်နဲ့နှမ သားနဲ့ အမိ မြင်လို့မှ မတော်တာတွေ လာပြောနေပြီဆိုရင် အဲဒါတွေကို ဖျက်ပစ်တာ၊ အဲဒီလို လာပြောတဲ့ အိုင်ပီကို ပိတ်ပင်ထားတာက ပိုကောင်းမှာပါ။ မခံချင်စိတ်နဲ့ ပြန်ဆဲနေရင်တော့ အဆဲဇာတ်လမ်းက ဆုံးဖွယ်ရာ မရှိပါဘူး။
***
ဆဲတာ ဆိုတာတွေကို မြင်ရတာ များတော့ စိတ်မချမ်းမသာ ဖြစ်ရလွန်းတာနဲ့ ရေးသာ ရေးနေမိတာ၊ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပါပဲ။ ဒီစာကို ဖတ်ပြီးတော့ တယောက်ယောက်က ဆဲချင်စိတ်တွေ ပေါက်လာအုံးမလား မသိနိုင်ပါဘူး။
ရေးမိမှတော့လဲ မတတ်နိုင်ပါဘူး။ ဆဲခါမှ ဆဲပေရော့…။
ဘလော့ဂ် အထွေထွေဝယ်
မပြေလည်တာ များလို့ထင့်
ကြားလို့မှ မတော်
ကော်လှော်ကာ ဆဲကြတယ်
ခက်ပေါ့ ရှက်ဖွယ်…။
ဆဲကြသူမယ်
အပူတကယ် များတာမို့
ဆူလွယ်စိတ် ထားဖယ်လို့ရယ်
ဆွေးနွေးကြမယ်…။
တွေးဆရင်ကွယ်
ဖေးမတာ အဖြေတခုရယ်မို့
ဆဲဆိုတာ ပယ်ဖျောက်ကြပါလို့
ဆွေးဆူစွာ တွေးပူပါလို့
ရေးမိတော့တယ်…။
ကဗျာက အဆင်တော့ မပြေလှပါဘူး။ ဒါပေမယ့် လူတိုင်းလိုလို ကြိမ်မီးအုံး ပူဆွေးသောက ရောက်နေရတဲ့ အခုလို အချိန်မှာ အဆဲအဆိုတွေက တမှောင့် ဖြစ်နေတာကို မြင်နေရတော့ စိတ်မချမ်းမြေ့လှတာကြောင့် ဒီစာကို ရေးမိပါတယ်။
ကလိုစေးထူး

1 comment:
အဟောင်းတွေ လိုက်ဖတ်ရင်း ခဏခဏ လာ ဆဲတာ ခံနေ ရလို့ ဖတ်ရင်း မှတ်ချက် ရေးဖြစ်ပါတယ် ... ဘာမှ မစော်ကားမိပဲ ဦးသန့် စကားလေး တင်ထားတာကို လာလာ ဆဲသွားကြပါ သဗျ ... ကျွန်တော် ကတော့ မဆဲတတတ် ပါဘူး ... ဘယ်သူတွေ လဲကတာ့ စဉ်းစားကြည့်လို့ အကြမ်းတော့ ရတာပေါ့ ... ဘာရယ် မဟုတ်ပါဘူး ... နည်းနည်း ရေး ကြည့်တာပါ ...
Post a Comment