Wednesday, October 17, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၄)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသားများ
(ပထမပိုင်း)
နိုင်ငံရေး အကျဉ်းသားနဲ့ ရာဇ၀တ်အကျဉ်းသား ဆက်ဆံရေး

၁၉၉၂ ခုနှစ်တုန်းက အင်းစိန်ထောင် တထောင်ထဲမှာတင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း နှစ်ထောင်နီးပါး ရှိပါတယ်။ မြန်မာနိုင်ငံမှာ ထောင်ပေါင်း (၄၀)နီးပါးရှိတော့ အဲဒီထောင်တွေက နိုင်ငံရေး အကျဉ်းသားတွေကိုပါ ပေါင်းလိုက်ရင် စုစုပေါင်း ငါးထောင်အထက်မှာ ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

န၀တအစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို `နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်ဘူး။ ရာဇ၀တ်အကျဉ်းသားတွေ´ လို့ မျက်စိမှိတ် ဇွတ်အတင်း ငြင်းဆန်နေပေမယ့် ထောင်ထဲမှာကျပြန်တော့လည်း ရာဇ၀တ်အကျဉ်းသားတွေလို သဘောမထားပြန်ပါဘူး။ ထောင်ထဲမှာတော့ ရာဇ၀တ်အကျဉ်းသားတွေက န၀တလို မဟုတ်ဘဲ နိုင်ငံရေး အကျဉ်းသားတွေကို `နိုင်ငံရေး အကျဉ်းသားတွေ´ လို့ပဲ ရိုးရိုးရှင်းရှင်း သတ်မှတ်ကြပါတယ်။ လေးလေးစားစားလည်း ဆက်ဆံပြီး ကူညီလည်း ကူညီကြပါတယ်။ ဒါကြောင့် ရာဇ၀တ် အကျဉ်းသားတွေက န၀တထက်စာရင် ပို ရိုးသားဖြောင့်မတ်ပြီး ပိုပြီးလည်း အတွေးအခေါ် ရှင်းလင်းပုံရတယ်လို့ ပြောရမလားပဲ။

တကယ်တော့ ထောင်ထဲမှာ နှိုင်းယှဉ်ကြည့်ရင် ရာဇ၀တ် အကျဉ်းသားတွေက နိုင်ငံရေး အကျဉ်းသားတွေထက် ပိုလွတ်လပ်ပြီး ပိုပြီးတော့လည်း အခွင့်အရေး ရပါတယ်။ (အဲဒီအကြောင်းတွေကို နောက်ပိုင်းမှာ ဖော်ပြပါမယ်)။

ဒါကြောင့်မို့ နိုင်ငံရေး အကျဉ်းသားတွေက တခါတုန်းက `ရာဇ၀တ် အကျဉ်းသားတွေလို့ သတ်မှတ်တယ်ဆိုရင် ကျနော်တို့ကို ရာဇ၀တ်အကျဉ်းသား အခွင့်အရေးပေးပါ´ လို့ ထောင်အာဏာပိုင်တွေကို တောင်းဆိုခဲ့ဖူးပါတယ်။ ထောင်အာဏာပိုင်တွေ အကျပ်ရိုက်သွားပြီး နောက်ဆုံးတော့ နိုင်ငံရေး အကျဉ်းသားလည်း မဟုတ်၊ ရာဇ၀တ်အကျဉ်းသားလည်း မဟုတ်၊ `သီးသန့် အကျဉ်းသား´ လို့ သူတို့ကိုယ်တိုင် ဘာမှန်းမသိတဲ့ နာမည်တခု ပေးပြီး ရာဇ၀တ် အကျဉ်းသားတွေနဲ့ ခွဲခြားသတ်မှတ်ပြန်ပါတယ်။

အင်းစိန်ထောင်မှာ တိုက်(၆)တိုက်မှာ သီးခြားခွဲနေရတဲ့ နိုင်ငံရေး အကျဉ်းသား ငါးရာလောက်က လွဲလို့ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အဆောင်တွေမှာ ရာဇ၀တ်အကျဉ်းသားတွေနဲ့ ရောပြီး အတူတူ နေကြရတာပါ။ ကွဲပြားခြားနားချက်တွေ အများကြီး ရှိနေပေမယ့် ရာဇ၀တ်အကျဉ်းသားတွေဟာ နိုင်ငံရေး အကျဉ်းသားတွေကို လေးလေးစားစား ရှိကြပါတယ်။

သူတို့ လေးစားကြတဲ့ အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် ပထမအချက်က သူတို့ ရာဇ၀တ်အကျဉ်းသားတွေဟာ များသောအားဖြင့် ကိုယ့်အကျိုး စီးပွားအတွက် တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်လို့ ထောင်ကျလာတာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကတော့ သူတို့နဲ့ မတူဘဲ အများပြည်သူရဲ့ အကျိုးစီးပွားအတွက် ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ့်ဘ၀ကို အပျက်ခံ၊ အနစ်နာခံပြီး ထောင်ထဲရောက်လာကြတာလို့ သူတို့က သတ်မှတ် ယူဆထားကြလို့ ဖြစ်ပါတယ်။

ဒုတိယအချက်က ရာဇ၀တ်အကျဉ်းသားတွေရဲ့ ပင်ကိုယ်သဘောမှာ အရိုက်နှက်ခံ၊ အညှဉ်းဆဲခံရသူ၊ ခံရဲသူတွေကို သူရဲကောင်းတွေအဖြစ် အထင်ကြီး လေးစားတတ်တဲ့ ညဉ် ရှိပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေဟာ ထောက်လှမ်းရေး အဆင့်ဆင့်မှာ အညှဉ်းဆဲခံခဲ့ရရုံမက ထောင်ထဲမှာလည်း ထစ်ခနဲဆိုရင် အရိုက်နှက် အညှဉ်းဆဲ ခံနေကြရ ဆိုတော့ သူတို့က အဲဒီ ခံနိုင်ရည်ကို အထင်ကြီးကြပါတယ်။ ရာဇ၀တ်အကျဉ်းသားတွေက ထောက်လှမ်းရေးဆိုရင် သူတို့ `ကြောက်လှချည်ရဲ့´ ဆိုတဲ့ ထောင်အာဏာပိုင်တွေထက်တောင် ပိုပြီး ကြောက်ကြတာကလား။

တတိယအချက်ကတော့ ထောင်ထဲမှာ အရိုက်နှက် အညှဉ်းပန်းခံရမယ့် အန္တရာယ် ရှိနေတဲ့ကြားက နိုင်ငံရေး အကျဉ်းသားတွေဟာ မကြောက်မလန့် အရိုက်နှက်၊ အညှဉ်းဆဲ ခံပြီး မတရားမှုကို ကန့်ကွက်၊ ဆန့်ကျင်တတ်လို့ ဖြစ်ပါတယ်။ ရာဇ၀တ်အကျဉ်းသား ဆိုတာက ရိုးရိုး ထောင်အရာရှိကလေးကိုတောင် စကားပြောရဲဖို့ ဝေးလို့၊ သူတို့ရှေ့ ရပ်နေရင်တောင် တုန်နေကြတာကလား။ နိုင်ငံရေး အကျဉ်းသားတွေကတော့ ထောင်ဥပဒေ မှားရင် မှားတယ်၊ ကိုယ် ဘာ နစ်နာရင် နစ်နာတယ်လို့ သာမန် ထောင်အရာရှိလောက်ကို မပြောနဲ့၊ ထောင်ပိုင်၊ ညွှန်ချုပ်က အစ ပြောရဲကြတယ် မဟုတ်လား။

စတုတ္ထအချက်က နိုင်ငံရေး အကျဉ်းသားတွေ အချင်းချင်း ကူညီစောင့်ရှောက်တတ်ကြတာ၊ တယောက် ဒုက္ခရောက်ရင် တယောက်က ပစ်မထားဘဲ ကူညီတတ်တာ၊ တယောက်ထိရင် တယောက် မခံတတ်တာ၊ စားစရာရှိရင် တယောက်ထဲ မစားဘဲ ရှိအတူ မရှိအတူ ဝေမျှစားတတ်တာ၊ အနှိမ်ခံ ရာဇ၀တ် အကျဉ်းသား မျက်နှာမွဲတွေကို အစားအစာ၊ အ၀တ်အစား၊ ဆေးဝါးက အစ ပေးကမ်း ကူညီစောင့်ရှောက်တတ်တာတွေကိုပါ။

သူတို့ ရာဇ၀တ် အကျဉ်းသားတွေကျတော့ အဲဒီလို စိတ်မျိုး မရှိကြဘဲ ကိုယ်ဖြစ်ကိုယ်ခံ၊ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ စိတ်ထားက အနည်းနဲ့ အများ ရှိကြတာ မဟုတ်လား။

နိုင်ငံရေး အကျဉ်းသားတွေကို သူတို့ အလေးစားဆုံး ဖြစ်ရတဲ့ ပဉ္စမအချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်ထဲမှာ အခွင့်အရေးကို ရရင် ရသလို မယူတတ်ကြတာကိုပါ။ `ထောင်ထဲမှာ အခွင့်အရေး ရဖို့အတွက် ထောင်အာဏာပိုင်တွေကို လာဘ်မပေးဘူး။ ထောင်အာဏာပိုင်တွေရဲ့ မျက်နှာသာ အပေးခံရဖို့ သူလို ကိုယ်လို ဘ၀တူ အကျဉ်းသားတွေကို ခုတုံး မလုပ်ဘူး။ မရင်းဘူး။ မစတေးဘူး။ ပြီးတော့ အကျဉ်းသား အချင်းချင်း အနိုင်ကျင့် နှိပ်စက်တဲ့ အလုပ်ကို လုပ်ရတဲ့ ထောင်အုပ်ချုပ်ရေးပိုင်းမှာ ၀င်မလုပ်ဘူး´ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်ကို လာဘ်ပေးပြီး အခွင့်အရေး ယူမယ်ဆိုရင် အယူနိုင်ဆုံး ဖြစ်တာကို ထောင်အာဏာပိုင်တွေကရော၊ ရာဇ၀တ် အကျဉ်းသားတွေကပါ သိကြပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို အဲဒီလို လေးစားပေမယ့် သူတို့လေးစားတာကို ရာဇ၀တ် အကျဉ်းသားတွေက ပေါ်ပေါ်လွင်လွင် မပြရဲဘဲ ထောင်အာဏာပိုင်တွေ မသိအောင် ခိုးဝှက်ပြီးတော့သာ ပြကြပါတယ်။ အကြောင်းကတော့ နိုင်ငံရေး အကျဉ်းသားတွေကို အဲဒီလို လေးစားတာမျိုးကို ထောင်အာဏာပိုင်တွေက မကြိုက်ကြလို့ပါ။

လေးစားတာကို မပြောနဲ့၊ ရိုးရိုးသားသား ခင်မင်ရင်းနှီးတာမျိုးကိုတောင် ထောင်အာဏာပိုင်တွေက လက်မခံနိုင် ဖြစ်နေပါတယ်။ `နိုင်ငံရေး အကျဉ်းသားတွေနဲ့ အပေါင်းအသင်း မလုပ်ရ၊ စကား မပြောရ၊ ထမင်း အတူ မစားရ´ လို့တောင် ရာဇ၀တ် အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဗြောင်တမျိုး၊ သွယ်ဝိုက်ပြီးတော့ တနည်း ပိတ်ပင်ထားကြတာပါ။ အဲဒီလို ပိတ်ပင်တာကို မလိုက်နာရင် တိုက်ရိုက်တော့ အရေးမယူပါဘူး။ ဒါပေမယ့် ထောင်ထဲမှာက တိုက်ရိုက် အရေးယူလို့ မရတဲ့ ကိစ္စတွေဆိုရင် ထောင်အာဏာပိုင်တွေက သွယ်ဝိုက် အရေးယူတာမျိုး၊ တမင်လုပ်ကြံ အမှုဆင် အရေးယူတာမျိုး၊ ဒါမှမဟုတ် တေးထားမှတ်ထားပြီး သူတို့ `ခွင်´ ၀င်လာတဲ့ အချိန်၊ အဲဒီ အကျဉ်းသား အပြစ်တခုခု ကျူးလွန်လာတဲ့ အချိန်မျိုးတွေမှာ ပိုပိုသာသာ ပုံကြီးချဲ့ အပြစ်ပေး အရေးယူတာမျိုး၊ ရက်ရက်စက်စက် ရိုက်နှက် အရေးယူတာမျိုးတွေက ထောင်ထဲမှာ အများသားဆိုတော့ အဲဒါမျိုးတွေ တွေးကြောက်ပြီး ရာဇ၀တ် အကျဉ်းသားတွေဟာ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေ ရှေ့မှာ တတ်နိုင်သလောက် ခပ်ရှောင်ရှောင် နေကြတာ များပါတယ်။

ဆက်ရန်…

No comments: