Saturday, October 13, 2007

ပြည်ပန်းညို မချိုဘဲ ဆားကို သူစွပ်စွဲ…



မြန်မာဆိုတာ ပွင့်လင်းဖော်ရွေပြီး ရိုးသားတဲ့ အပြုံးပိုင်ရှင်တွေပါတဲ့။ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူစရာ သိပ်ကောင်းတဲ့ အချက်က ရိုင်းပင်းကူညီတတ်တဲ့ စိတ်ထားနဲ့ အရိုးခံစိတ်လို့ ကြားဖူးပါရဲ့။

ဒါပေမယ့် အခုတော့ အဲဒီ မြန်မာ့စိတ်ရင်းတွေကို မြန်မာအစိုးရထုတ် မြန်မာ့သတင်းစာ တစောင်က နာမည်ဖျက်လိုက်ပါပြီ။ ရိုးသားမှုတွေကိုယ်စား ထိန်ချန်မှု၊ လိမ်လည်မှု၊ ကောက်ကျစ်စဉ်းလဲမှု ပရပွနဲ့ ဆောင်းပါးတပုဒ်က မြန်မာလူမျိုးတွေကိုယ်စား မြန်မာတယောက်အနေနဲ့ အင်မတန်မှ အရှက်ရစရာ ကောင်းလှတာမို့ ဒီစာကို ရေးလိုက်ပါတယ်။

***

ဆောင်းပါးနာမည်ကတော့ `ပြည်ပန်းညို ချိုချင်ပါလျက် ဆားက မဖျက်နိုင်အောင်´ ပါတဲ့။ ကျော်မင်းလူ (ရွှေပြည်သာ) ဆိုသူက အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ရေးပါတယ်။ ဆောင်းပါးရဲ့ အနှစ်ချုပ်က မကြာသေးခင်က ဖြစ်ပျက်သွားတဲ့ ဂျပန်သတင်းထောက် သေဆုံးမှုဟာ မတော်တဆသာဖြစ်ကြောင်း၊ အဲဒီဖြစ်ရပ်ကို အခြေခံပြီးတော့ အကူအညီပေးမှု လျှော့ချတာတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ မဖြစ်လာရအောင် ရည်ရွယ်ပါတယ်။

တကယ်လို့သာ ဂျပန်သတင်းထောက် ကင်ဂျီနာဂါအိ သေဆုံးခဲ့ရတဲ့ ဗွီဒီယို မှတ်တမ်းကို ကျနော် မကြည့်ဖြစ်ခဲ့မိဘူးဆိုရင်၊ တခြားသော သတင်းဌာနက သတင်းထုတ်ပြန်ချက်တွေနဲ့ ဘလော့ဂ်တွေကို ဖတ်ခွင့်မရခဲ့ဘူးဆိုရင် မီဒီယာကို အပိုင်စီးထားတဲ့ အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် အဲဒီ သတင်းစာပါ အချက်အလက်တွေကို ဟုတ်လေနိုးနိုး ထင်ကောင်းထင်မိမှာပါ။ အခုတော့ သတင်းထုတ်ပြန်ချက် ပေါင်းစုံကို ဖတ်လဲဖတ်ရ၊ ဘယ်လိုမှ ငြင်းနိုင်စရာ မရှိတဲ့ ဗွီဒီယို မှတ်တမ်းသက်သေလဲ ကြည့်ပြီးသား ဆိုတော့ အခုလို အရှက်မဲ့စွာ လိမ်လည်တာကို အော့နှလုံးနာလွန်းလှပါတယ်။




ကမ္ဘာလှည့်ခရီးသည်တဦး ဘယ်နေ့မှာ ဘယ်ဗီဇာ၊ ဗီဇာအမှတ်ဘယ်လောက်နဲ့ ဘယ်လိုလာတယ်ဆိုတာကို သာမန်ပြည်သူတယောက်က သိနိုင်စရာ အကြောင်း မရှိသလို တော်ရုံလူကိုလည်း တာဝန်ရှိသူ ဆိုတဲ့လူတွေက ဒီအချက်အလက်တွေကို ပေးစရာ အကြောင်းမရှိပါဘူး။ ဒီတော့ ကျော်မင်းလူဟာ ပြည်သူတွေထဲက သာမန်ပြည်သူ တယောက်မဟုတ်ဘဲ အာဏာပိုင်အဖွဲ့အစည်းက တနည်းတဖုံ ရာထူးအာဏာရှိသူ ရှိသူဖြစ်ဖို့ များတယ်ဆိုတာကို ဒီအချက်အလက်နဲ့ သူ့အရေးအသားက ပြပါတယ်။



ငါးပေခန့် အကွာအဝေးမှာ ရှိတဲ့၊ လူအုပ်နဲ့လည်း တသီးတသန့်စီ ဖြစ်နေတဲ့ လူတယောက်ကို မကောင်းသူထိပ် ကောင်းသူထိပ် လူစုကွဲရုံသာ ပစ်လိုက်တာပါတဲ့။ ဂျပန်လူမျိုးမို့ ရွေးပစ်ခြင်း မဟုတ်ဘူးဆိုတာကို နားလည်ပေးနိုင်သေးပေမယ့် ပစ်လိုက်တဲ့ စစ်သားက ပစ်ခတ်ဖို့ မလိုအပ်တဲ့ အနေအထားနဲ့ အကြမ်းဖက်တိုက်ခိုက်နေသူ တယောက် လုံးဝ(လုံးဝ) မဟုတ်တဲ့ လူတယောက်ကို တမင်ကို ပစ်လိုက်တာကတော့ ဆောင်းပါးထဲမှာ ကျော်မင်းလူ တလုံးတပါဒမှ ထည့်မရေးခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းက သက်သေခံနေခဲ့ပါတယ်။




ထင်သာမြင်သာအောင် စာလုံးမည်းတွေနဲ့ ဖော်ပြထားတဲ့ အဲဒီအချက်အလက်ရဲ့ ရည်ရွယ်ချက်က ဘာများပါလဲ။ အခု ဂျပန် တယောက်သေတာကို စကားလုပ်ပြောမနေကြနဲ့။ တကယ်ဆိုရင် ငါတို့ မြန်မာတွေကို သူတို့ ဂျပန်တွေ နှိပ်စက်ခဲ့တာက ရင်နာစရာတွေ အများကြီး။ အခု သူသေတယ်ဆိုတာ ဘာမှမဟုတ်ဘူး။ အဲဒီတော့ အခု သူသေတာကို အရင်က ငါတို့နိုင်ငံမှာ ဂျပန်တွေ နှိပ်စက်ခဲ့တဲ့ သမိုင်းနဲ့ ဖြေတွေးလိုက် ဆိုတဲ့ သဘောကို ဆိုလိုတာများလား။ လတ်တလော ဖြစ်ပျက်သွားတဲ့ ဖြစ်စဉ်ကို အရင်က အတိတ်ဟောင်းနဲ့ အကာအကွယ်ယူဖို့ ကြိုးစားတဲ့ တာဝန်မဲ့မှုက မြန်မာလူမျိုးတယောက်အနေနဲ့ အင်မတန် ရှက်စရာကောင်းလွန်းလှပါတယ်။

***

ဆောင်းပါး တပုဒ်လုံးကို အစအဆုံးဖတ်ကြည့်မိတော့ ထင်ရှားတဲ့ ရည်ရွယ်ချက်က တခုပဲ ကျန်ခဲ့ပါတယ်။ အဲဒါကတော့ `အခုဖြစ်ရပ်မှာ သူတို့(နအဖ) မလွန်ဘူး၊ အဲဒီအတွက် ဂျပန်က ပေးနေတဲ့ အကူအညီတွေကို မရပ်သွားဘဲ၊ ဆက်ပေးပါ´ ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။

တကယ်ဆိုရင် အစိုးရတရပ်အနေနဲ့ လုပ်သင့်တာက အဲဒီဖြစ်ရပ်အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အဲဒီဖြစ်ရပ်မှာပါဝင်တဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူဆောင်ရွက်၊ ပြီးရင် ဘယ်လို အရေးယူခဲ့တယ်ဆိုတာကို မြန်မာပြည်သူတွေနဲ့ ဂျပန်ပြည်သူတွေကိုပါ သိရှိအောင် သတင်းထုတ်ပြန်၊ ဂျပန်အစိုးရကိုလည်း ကိုယ့်အမှားကိုကိုယ် ရဲရင့်စွာ ၀န်ခံပြီးတော့ လူကြီးလူကောင်းဆန်ဆန် တောင်းပန်တာမျိုး လုပ်သင့်တာပါ။

အခုတော့ အမှားကို ကျူးလွန်တာကိုတော့ နောင်တလည်း မရ၊ အဲဒီအမှားအတွက် တာဝန်လည်း မယူတဲ့အပြင် နိုင်ငံပိုင် သတင်းစာကနေ အခုလိုမျိုး ရေးသားတာကို ကာယကံရှင် မစ္စတာနာဂါအိရဲ့ မိသားစုဝင်တွေက သိရှိသွားကြရင် ဘယ်လို ခံစားကြရရှာမလဲ။ အဲဒီဆောင်းပါးကို ရေးလိုက်တဲ့ ဆောင်းပါးရှင်ကိုယ်တိုင်ကရော အာဏာပိုင်တွေရဲ့ အဲဒီတာဝန်မဲ့မှုကို အကာအကွယ်ပေးတဲ့ ဒီဆောင်းပါးကို ရေးလိုက်ရလို့ တကယ်ကိုပဲ လိပ်ပြာသန့်နိုင်ရဲ့လားဆိုတာ စဉ်းစားဖို့ကောင်းလှပါတယ်။

လူရယ်လို့ ဖြစ်လာပြီဆိုရင် အမှားမကင်းကြပါဘူး။ ဒါပေမယ့် လူပီသသူဟာ ကိုယ့်အမှားကို ကိုယ်တာဝန်ယူရဲရပါမယ်။ အခုတော့ မှားလဲ မှားသေး၊ `ငါမမှားဘူး၊ ဒါမတော်တဆ´ လို့လဲ ပြောသေးဆိုတော့ နိုင်ငံတခုရဲ့ အုပ်ချုပ်သူအနေနဲ့ရော မြန်မာလူမျိုးအားလုံးအတွက်ပါ အင်မတန် ရှက်စရာကောင်းလှသလို သိက္ခာလည်း မဲ့လွန်းလှပါတယ်။

***

`မင်းတို့ အစိုးရ သိပ်ဆိုးတာပဲနော်´ လို့ လူမျိုးခြားတွေက မကြာခဏ မှတ်ချက်ပေးတိုင်း ရင်ထဲမှာ နာနေအောင် ခံစားရတဲ့ ခံစားချက်ကို မြန်မာလူမျိုးတိုင်း သိကြပါတယ်။ လက်ရှိအာဏာပိုင်တွေရဲ့ ကြီးမားလှတဲ့ စေတနာနဲ့ တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်မှုတွေကြောင့် မြန်မာဟေ့ ဆိုရင် လေဆိပ်အ၀င်မှာကတည်းက ဘယ်နိုင်ငံရောက်ရောက် မျက်နှာငယ်ရတဲ့ အချိန်တွေကိုလည်း ကုန်ဆုံးချင်လှပါပြီ။ အခုလို တာဝန်မဲ့တဲ့ လုပ်ရပ်နဲ့ ကိုယ်ချင်းစာစိတ်ကင်းမဲ့တဲ့ စိတ်ဓာတ်တွေကို သိသွားရင်ရော တခြားသော လူမျိုးခြားတွေက ဘယ်လို ထပ်ပြောလာကြမလဲ။

ကျော်မင်းလူက ဆောင်းပါးနာမည်ကို `ပြည်ပန်းညို ချိုချင်ပါလျက် ဆားကမဖျက်နိုင်အောင်´ လို့ နာမည်ပေးပါတယ်။

တကယ်တော့ မချိုတဲ့ ပြည်ပန်းညိုက ဆားမပါလဲ ချိုစရာအကြောင်းမရှိပါဘူး။ ဒါကြောင့်…။

ပြည်ပန်းညို မချိုဘဲ ဆားကို သူစွပ်စွဲ… လို့ မှတ်ချက်ပေးရင်း….။


ကလိုစေးထူး

4 comments:

Chocolaier said...

သူတို့က တခြားသူတွေကို လိမ်တာထက် ကိုယ့်ကိုကိုယ်ပြန်လိမ်နေကြတဲ့ အဆင့်ကိုရောက်နေပြီထင်ပါတယ်။ ကိုယ့်အလိမ်တွေကိုယ်ယုံပြီးတော့ စိတ်ရောကောင်းကြသေးရဲ့လား မသိပါဘူး။ မရှက်ကြဘူးလားလို့တောင် မမေးချင်လောက်အောင်ပါပဲ။

Anonymous said...

ကိုကလိုစေထူး...ကျတော်လည်းပြောချင်နေတာဗျ..နောက်ကြောင်းကိုတော့
ပြန်မနွေးနဲ့ပေါ့ ကျတော်တို့လည်းအတိတ်ဆိုတဲ့သမိုင်းကိုမေ့မထားပါဘူး..ဒါပေမဲ့ဒီဖြစ်ရပ်ကတော့
တမင်ကိုပစ်သတ်လိုက်တာလဲအထင်အရှား..ဘာပဲဖြစ်ဖြစ်
သူများနိုင်ငံသားသေသွားရတာကိုတောင်းပန်သင့်တဲ့ကိစမှာ..ဒီလိုရေးသားချက်ဟာ
အင်မတန်ရိုင်းပါတယ်..ဒါ့အပြင် သာကီနွားမှလဲ
အဲလိုမြန်မာနိုင်ငံသားပီသစွာစိတ်မကောင်းဖြစ်နေကြတဲ့သူတွေကိုပထွေးကိုကျော်၍လွမ်းနေတဲ့သူတွေဆိုပြီး
စော်ကားရေးသားထားပါတယ်...

လေးစားလျက်

nyee said...

very very very good article, we need more authors like you to sacrifice what their comment

loimwethu said...

read this article for mizzima. thumb up!