Thursday, November 29, 2007

အတွေးစများ (၄) …

ကိစ္စတခု၊ အကြောင်းအရာ တရပ်ကို ချဉ်းကပ်ဆွေးနွေးတာဟာ ဘာအတွက်ပါလဲ …။ အပြုသဘော ဆိုရင်တော့ ဒါဟာ ပိုမိုကောင်းမွန်တဲ့ အခြေအနေ တရပ်ဆီကို ဦးတည်သွားစေဖို့ ရည်ရွယ်မှာပါ။ အဖျက်သဘော ဆိုရင်တော့ ဒါဟာ ပုဂ္ဂိုလ်ရေးအရ ဖြစ်စေ၊ အစုအဖွဲ့ အရ ဖြစ်စေ တိုက်ခိုက်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။

လူတယောက်က စာတပုဒ်ကို ရေးတယ်။ (အဲဒီလူက ကျနော်ကိုယ်တိုင်လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်)။ သူရေးတဲ့ စာထဲက အကြောင်းအရာ တခုကို သိမ်မွေ့စွာ ချဉ်းကပ်ဆွေးနွေးတာဟာ စာရေးသူကို သွားတိုက်ခိုက်တယ်လို့ သတ်မှတ်ခံရတာဟာ အတော် ၀မ်းနည်းစရာ ကောင်းပါတယ်။ အဲဒီ စာရေးသူကို ခင်မင်သိကျွမ်းသူက `ငါ့ဘော်ဒါကို လာတီးနေပါလား´ ဆိုတဲ့ အမြင်မျိုးနဲ့ မှားမှားမှန်မှန် ပြီးပြီးရော ပုံစံမျိုးနဲ့ မှတ်ချက်တခုကို အလွယ်တကူ ပေးပစ်လိုက်တာဟာ ဆိုးရွားလွန်းလှပါတယ်။

ဥပမာ…

`ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပေါ့၊ မြန်မာတွေက ဘေးထိုင်ဘုပြောတာ များတယ်၊ ဂရုစိုက်မနေပါနဲ့´

`လူတွေက ဒီလိုပါပဲ၊ အပင်မြင့်တော့ လေတိုက်ချင်တာပါ´

သူငယ်ချင်း အချင်းချင်း ဆိုတာ တခုတည်းကို ကွက်ပြီးကြည့်ရင်တော့ အထက်ပါ အားပေးစကားတွေက အားပေးခံရသူအတွက် ကျေနပ်နှစ်သိမ့်စရာပါပဲ။ ဒါပေမယ့် တဖက်မှာတော့ အကြောင်းအရာတခုကို လေးလေးနက်နက်နဲ့ အပြုသဘော လာဆွေးနွေးသူကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိပါးပစ်ပြီးသား ဖြစ်သွားပါပြီ။ `အလကားပါကွာ၊ ဒီကောင် မနာလိုလို့ လာပြောနေတာ အရေးစိုက်မနေနဲ့´ လို့ ပေါ်တင် မပြောရုံတမယ်ပဲ ကျန်ပါတယ်။

နောက်ဆုံးမှာတော့ အမှတ်အတေးမရှိတဲ့ ကိုယ့်ကိုယ်ကိုပဲ ပြန်အပြစ်ဖို့တာက အကောင်းဆုံး အဖြေတခုလေလားတော့ မသိတော့ပါဘူး။

***

မြန်မာအမျိုးသမီးတချို့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆူးလေဘုရား အနီးမှာ ဆန္ဒပြကြပါသတဲ့။ ဒါနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ် ပြင်းထန်ဟန် အမျိုးသမီးတယောက်က `ယောက်ျားတွေက ဘာလုပ်နေသလဲ´ လို့ ရေးလိုက်တာကို ဖတ်လိုက်ရပါတယ်။

ယောက်ျားတွေ ဘာလုပ်နေလဲ ဆိုတာကတော့ မြင်အောင်ကြည့်ရင် တွေ့မှာပါပဲ။ မစုစုနွေးတို့ အဖမ်းခံရပြီး မဖြူဖြူသင်းတို့ တိမ်းရှောင်နေရသလို ကိုမင်းကိုနိုင်တို့ အဖမ်းခံရပြီး ကဗျာဆရာအောင်ဝေးတို့ တိမ်းရှောင်နေရတာပါပဲ။

ဦးတည်ချက် တခုကို သွားနေတဲ့ အချိန်မှာ သိပ်အရေး မပါလှတဲ့ ခွဲခြားပြောဆိုနေတာတွေက အင်အားကို ယုတ်လျော့စေတယ်၊ စိတ်ဓာတ်ကို ယိမ်းယိုင်စေတယ်ဆိုတာကတော့ သတိချပ်သင့်လှပါတယ်။ မိန်းမတွေပဲ ဖြစ်ဖြစ်၊ ယောက်ျားပဲ ဖြစ်ဖြစ် မတရားမှုကို ဆန့်ကျင်နေသူ မှန်ရင် အားပေးရမယ်၊ မတရားမှုကို တော်လှန်သူ အချင်းချင်း ယောက်ျားမိန်းမ မဟူ တွဲလက်တွေ မြဲရမယ်။ အင်အားတွေ စုစည်းရမယ်။ ဒီလိုပဲ ဖြစ်ရမှာပါ။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ `ကြည့်စမ်း၊ ငါတို့ မိန်းမတွေကတော့ ဒီလို တက်ကြွနေပြီ၊ နင်တို့ ယောက်ျားတွေက ဘာတွေလဲ´ လို့ နှိုင်းယှဉ် တွက်ချက်နေရင်တော့ ….။

***

`ငါတို့က နိုင်ငံရေး စိတ်မ၀င်စားဘူး၊ ကိုယ့်ဘာသာတောင် မနည်းရုန်းကန်နေရတာ´

အဲဒီ စကားမျိုးပြောတဲ့လူတွေ မြောက်မြားစွာ ကြုံခဲ့ရဖူးပါတယ်။ ကိစ္စမရှိပါဘူး။ သူတို့ စိတ်မ၀င်စားတာကိုလည်း ဘာမှ ပြောစရာ မရှိပါဘူး။ လူဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်စီ ရှိကြတာကိုး…။

ဒါပေမယ့် သိပ်ရင်နာစရာကောင်းတာကတော့ အဲဒီ `နိုင်ငံရေးကို စိတ်ဝင်စားဘူး´ ဆိုတဲ့ လူတွေက လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေကိုသာ တစိုးတစိမှ မဝေဖန်၊ မထောက်ပြ၊ မပြောဆိုရင်သာ ရှိမယ်။ ဒီမိုကရေစီ လိုလားသူတွေကိုတော့ အပြစ်တင်စကားပြောဖို့ အဆင်သင့် ဖြစ်နေတတ်တာပါပဲ။

`အလကားပါ၊ ဟိုလူကတော့ဖြင့် ဘယ်လို ဘယ်ပုံ နိုင်ငံရေး ခိုလှုံခွင့်တောင်းတာ၊ ဒီလူကတော့ဖြင့် ဘယ်လိုဘယ်ပုံ ညာတာပါ´ စသဖြင့် ပုတ်ခတ်ဖို့ကို ၀န်မလေးတဲ့ အဲဒီလူတွေက အာဏာပိုင်တွေ မတရားတာလုပ်တာကို ဆန့်ကျင်ဖို့အတွက်ဆိုရင်တော့ `ကျနော် ကျမ နိုင်ငံရေး မလုပ်ပါဘူး´ လို့ ဖြစ်သွားပြန်ပါတယ်။ တကယ်တော့ ဒါဟာ လက်ရှိ အာဏာပိုင် အုပ်ချုပ်သူတွေကို သွယ်ဝိုက်သော အားဖြင့် ထောက်ခံမှု ပေးနေတာပါပဲ။ ဒါပေမယ့် အဲဒီလူတွေကို အဲလို သွားပြောရင်တော့ ဆတ်ဆတ်ခါအောင် နာပြန်ပါတယ်။ ထူးဆန်းပါပေ့။

***

Open Mind တဲ့…။

ကိုယ့်ကိုယ်ကို စိတ်တံခါးတွေ ဖွင့်ထားပါတယ် လို့ ကြေညာထားပြီးတော့ အသင့် ပါလာတဲ့ စာအိတ်ထဲက ကြေညာချက်တွေကို တစောင်ပြီးတစောင် ထုတ်ဖတ်ပြနေရင်တော့ အလကားပါပဲ။ ငါတို့ လုပ်နေတာကမှ တကယ့် စေတနာအမှန်၊ ငါတို့ကမှ အမှန်၊ တိုင်းပြည်အတွက် တကယ်ချွေးထွက် အသက်ပေးတာက ငါတို့မှ ငါတို့ ဆိုတဲ့ ငါစွဲကြီးတွေကို မချွတ်သရွေ့ ဘယ်လိုလုပ်ပြီး Open Mind ဖြစ်နိုင်ပါတော့မလဲ။

***

လူတယောက်က ရပ်ကွက်ထဲမှာ နေရင်းထိုင်ရင်းနဲ့ အသားလွတ်ပြီး မူးပြီး အော်ဟစ်ဆဲဆို၊ ရပ်ကွက်လူကြီးကိုလည်း ဆဲ၊ အိမ်နီးနားချင်းတွေကိုလည်း ဆဲ၊ နောက်ဆုံး သူ့မိဘတွေကိုပါ ဆဲ…၊ ဒါဆိုရင်တော့ သေချာပါတယ်။ အဲဒီလူ မိုက်ရိုင်းပါတယ်။

လူတယောက်ကို အခြား အုပ်စုတခုက ၀ိုင်းအနိုင်ကျင့်တော့ `မလုပ်ကြပါနဲ့´ လို့လည်း ဘယ်လိုမှ တောင်းပန်လို့လည်း မရ၊ ဒါပေမယ့် ဒေါသကလည်း ထွက်နေပြီ။ ဒီတော့ အဲဒီ အနိုင်ကျင့်သူတွေလက်က အတင်းရုန်းပြီး ခပ်လှမ်းလှမ်းရောက်တော့မှ အဲဒီလူတွေကို `ခွေးမသားတွေ´ လို့ ဆဲပါတယ်။ အဲဒီလူကရော မိုက်ရိုင်းပါမလား။

တခါတလေကျတော့ `ယဉ်ကျေးခြင်း´ ဆိုတဲ့ သတ်မှတ်မှုအောက်မှာ မိုက်ရိုင်းတာနဲ့ ပေါက်ကွဲတာကို ရောထွေးသတ်မှတ် ခံရလေ့ ရှိပါတယ်။

***

ဒီတပတ် အတွေးစတွေကတော့ ငရုတ်သီးခပ်စပ်စပ် ရောချက်ထားတဲ့ ဟင်းတခွက်နဲ့ တူနေမယ် ထင်ပါရဲ့။


ကလိုစေးထူး

Wednesday, November 28, 2007

မောဟိုက်ခြင်း…

ဘာမှမဖြစ်သလို နေရတာက ပင်ပန်းလွန်းသလို
တခုခု ဖြစ်နေရတာကြီးကလည်း ပင်ပန်းတာပဲ

လောကကြီးက အလုပ်များနေတယ်
ကျနော်က လွင့်နေတဲ့ သစ်ရွက်တွေကို လိုက်ဖမ်းနေတယ်။

`ဟဲလို… …´
ဘယ်ကဘယ်လို မျက်စိလည်လာမှန်း မသိတဲ့
အငွေ့အသက်ဟောင်းတခုကို တွေ့လိုက်တယ်။
သိပ်မကြာပါဘူး…
လှစ်ခနဲ ပျောက်သွားပြန်တယ်။

`အား…´
စူးလိုက်တာ…
လက်ညှိုးယောင်ဆောင်ထားတဲ့ မျှားတွေက
ဘေး ဘယ်ညာကနေ…
ရှေ့တည့်တည့်ကနေ…
ပြီးတော့…
နောက်ကျောကနေ…။

လေပြည်ညှင်းလေးက တိုက်နေပါရဲ့
ဒါပေမယ့် ကျနော်က လိပ်ပြာမလုံတော့
လေစိမ်းတွေ ဖြစ်သွားတယ်။

ပိတ်လှောင်နေတဲ့ အခန်းကို မုန်းတယ်
နားတဖက်ထဲ ရှိတဲ့ အစိမ်းရောင်တွေကို အားမရဘူး
ခြံစည်းရိုးပေါ်က ဖားခုန်ညင်းတွေကလည်း
ဟိုဘက်မှာ အုံးအင်၊ ဒီဘက်မှာ အုံးအွမ်နဲ့
@#&@$ &%$#@#$%^&
..................
........................
ဒီလိုနဲ့ပဲ
လောကကြီးကို ဖရုဿဝါစာတွေက
မင်းမူနေလေရဲ့။

လူကြီးဆန်လှတဲ့ ရေအေးအေး တပေါက်က
`သိပ်မခံစားလွန်းနဲ့´ လို့ ပြောတော့
ကျနော်က ဖေးမခြင်းတွေကို
အငမ်းမရ သောက်သုံးပစ်လိုက်တယ်။

တကယ်ပါဗျာ…
ဘာမှမဖြစ်သလို နေရတာက ပင်ပန်းသလို
တခုခုဖြစ်နေတာကြီးကလဲ ပင်ပန်းလွန်းလှပါတယ်…။


ကလိုစေးထူး

Tuesday, November 27, 2007

အတွင်းနှင့် အပြင်…

ဆောင်းတွင်း ရောက်လာလို့လားတော့ မသိ…။ လူက အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်လောက်သာ သွားချင်လာချင်စိတ် ရှိတော့သည်။ အပြင်ကို ခဏတဖြုတ်လောက် ထွက်လိုက်ရင်ပဲ အေးစက်စက် လေက လူကို အညှိုးတကြီးနဲ့ တိုးခွေ့တာကြောင့် အနွေးဓာတ်ရတဲ့ အဆောက်အဦထဲကို အမြန် ပြန်ပြေးဝင်ရသည်မှာ ရှေးခေတ် ဂူအောင်း လူသားတွေနဲ့တောင် ခပ်ဆင်ဆင် တူလေမလား မှတ်ရ၏။

ဒီနေ့…၊ အလုပ်ကနေ အိမ်ကို အပြန် … … …။

အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် အမျိုးအမည် မသိသော အနံ့တမျိုးမျိုးက အဆင်မပြေလှစွာနှင့် ကြိုဆိုနေ၏။ ဘာနံ့ရယ်တော့ မသိ။ ကြော်လှော် ချက်ပြုတ်ထားသော အနံ့၊ ခြေအိတ်များက ထွက်သော အနံ့၊ ရှူးဖိနပ် အနံ့ စသဖြင့် အနံ့များက လုံနေသော အိမ်ထဲတွင် တ၀ဲလည်လည်နှင့် ပေါင်းစည်းမိကာ တစည်းတလုံး ရှိလှစွာနှင့်ပင် အခုလို အဆင်မပြေသည့် အမည်မသိ အနံ့ အစည်းအရုံးကို ဖွဲ့စည်းထားဟန် တူသည်။

ဒါပေမယ့် မတတ်နိုင်…။ ဒီအနံ့တွေ ရှိတဲ့နေရာကိုက ကျနော့်အိမ်ကိုး။ ပါလာတဲ့ ကျောပိုးအိတ်ကို အခန်းထောင့်ဆီသို့ ပစ်ထုတ်လိုက်ရင်း အနံ့သက်သာလို သက်သာငြား Scanned Candle ကို မီးထွန်းညှိလိုက်တော့ မွှေးသယောင်ယောင် ရှိသော အီလည်လည် အနံ့တမျိုးက လှုပ်ခတ်နေသော မီးတောက်အားကိုးဖြင့် စောစောက အမည်မသိ အနံ့ကို တော်လှန်သည်။

ဧည့်ခန်းကြမ်းပြင်ပေါ် ပက်လက်လှန် အိပ်ပြီး လေကို အားရပါးရ ရှူသွင်းလိုက်သည်။ ရှူသာရှူလိုက်ရပေမယ့် လေကောင်းလေသန့်က ခန္ဓာကိုယ်ထဲကို ရောက်မလာ…။ စောစောက ဘာမှန်းမသိတဲ့ အနံ့တွေကသာ အလုံးအရင်းနဲ့ ၀င်လာသည်။ သက်ပြင်းတချက်ကို ၀ှူးခနဲ မှုတ်ထုတ်လိုက်တော့ ခန္ဓာကိုယ်ထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေက အပြင်မှာ ရှိနှင့်နေတဲ့ မသန့်မပြန့် လေထုထဲကို အားရ၀မ်းသာဖြင့် ခုန်ပေါက်ထွက်လာကြ၏။

အတန်ငယ်ကြာတော့ အခန်း၏ လှောင်ပိတ်မှု ဒဏ်က အတော် မွန်းကျပ်လာသည်။ ဒါပေမယ့် ပြတင်းတံခါးကို ဖွင့်လိုက်ဖို့ကလည်း အပြင်မှာ စိမ့်နေအောင် အေးသော အအေးဓာတ်ရဲ့ စိန်ခေါ်မှုက ရှိသေးသည်။ ဒီအခန်းလေးမှာ ကျနော့်အတွက် ရှူရှိုက်စရာ လေထုတွေ ရှိနေသေးသည်ဟုလည်း စိတ်က ယုံကြည်နေချင်သေးတာလည်း ပါသည်။

မီးဖိုထဲမှာ အနံ့စုပ်စက် ရှိတာကို သတိရမိပြီး သွားဖွင့်လိုက်တော့ စက်က ၀ူးဝူးဝေါဝေါ အသံဖြင့် အလန့်တကြား ထအော်သည်။ သွားစမ်းကွာ…၊ အနံ့ဆိုးတွေ၊ မကောင်းတဲ့ လေတွေကို စုပ်ထုတ်ပစ်စမ်းကွာ…။

စိတ်ကသာ ရေရွတ်မိသော်လည်း လက်တွေ့မှာတော့ လေကောင်းလေသန့်က ရမလာ…။ `မထူးပါဘူးကွာ´ ဟု တွေးပြီး ဒီအတိုင်း နေမိတော့ လူက အခန်းထဲက အနံ့တွေနဲ့ ယဉ်ပါးသလိုလို ဖြစ်သွားသည်။ ဒီလိုနှင့် ကွန်ပြူတာရှေ့မှာထိုင် စာလိုက်ဖတ်… … … … … … ။ အနံ့ဆိုးဖယ်သည့် ဖယောင်းတိုင်မီးက လူးလူးလွန့်လွန့်…။


`တွီ တွီ တွီ´

ကွန်ပြူတာနားက ဖုန်းက တတွီတွီနှင့် ထအော်တော့ မကိုင်ချင့်ကိုင်ချင်နှင့် ကိုင်ရပြန်သည်။

`ဟဲလို´

`Blah Blah Blah Blah … … … … … … ´

ဟူး…၊ အပြင်သွားရပေအုံးမည်။ အေးလွန်းလို့ မထွက်ချင်ပါဘူးဆိုမှ …။ ရေကို ကမန်းကတန်းချိုး၊ အ၀တ်အစားကို ကသုတ်သရက်လဲ လို့ အိမ်အပြင်ကို ထွက်လိုက်တော့…။

အေးစက်နေသော ရာသီဥတုက ထုံးစံအတိုင်း မညှာမတာ ဆီးကြိုနေဆဲ…။ သို့သော် ရှူရှိုက်ရသည့် အနံ့ကတော့ ကျနော့်အိမ်ထဲက အနံ့နှင့် ဘာမှမဆိုင်တော့ပါ။ အေးစက်နေသည့်တိုင် သန့်ရှင်း လတ်ဆတ်နေသည်။ ခေါင်းကိုမော့ပြီး လေကောင်းလေသန့်ကို အားပါးတရ ရှူရှိုက်လိုက်တော့ လူက လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ စောစောက ပိတ်လှောင်နေသော ကျနော့်အိမ်ခန်းထဲက လေနှင့် ဘာမှ မဆိုင်ပါလား…။

ကျနော့်အိမ်ခန်းထဲမှာ မကောင်းသော အနံ့အသက်တွေနှင့် ပိတ်လှောင်နေသည့် အချိန်တွင် အပြင်လောကမှာက ကြည်လင် သန့်ပြန့်သော လေထုကြီးက လူသားများအတွက် မကုန်နိုင် မခန်းနိုင် ရှိနေသည်။ ကျနော်က ကျနော့်အခန်းတံခါးကို ပိတ်လို့ အထဲက လေထုနဲ့ မရမက ယဉ်ပါးနေချိန်မှာ အပြင်လောကက လူတွေကတော့ လေကောင်းလေသန့်ရဲ့ အရသာကို ကောင်းကောင်းကြီး ရှူရှိုက် ခံစားနေကြသည်။ အပြင်က လေကောင်းလေသန့်တွေ ကျနော့်အခန်းထဲကို ဘယ်လိုရောက်အောင် လုပ်ရပါ့မလဲ၊ အထဲက မကောင်းတဲ့ အနံ့အသက်တွေ ကို ကူညီသန့်စင်ပေးဖို့အတွက် လေကောင်းလေသန့်တွေ ရဖို့ ကျနော် ဘာလုပ်သင့်ပါသလဲ…။

***

အိမ်ကိုပြန်ရောက်တော့…။

ခေါင်းမာမာနှင့် ပိတ်ထားသော ပြတင်းတံခါးကို ခပ်ကျယ်ကျယ်လေး လှစ်ဟပစ်လိုက်သည်။ အပြင်လောကမှ လေထုကြီးက အခန်းထဲကို အားရ၀မ်းသာဖြင့် ၀င်ရောက်လာပြီး အခန်းထဲမှ အနံ့ဆိုးများက လေကောင်းလေသန့်များ၏ ၀ါးမြိုမှုကို လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။

ဒီအခန်းထဲက လေထုတွေကြောင့် အပြင်လောက လေထုက ညစ်ညမ်းသွားလေ မလား??? ၊ ကိစ္စမရှိပါ၊ အချိန်တန်ရင်တော့ လေကောင်းလေသန့်များက အနိုင်ရသွားမှာ အသေအချာပါပဲ။

အခန်းတံခါးကို ဖွင့်လိုက်ရလို့ အေးစက် ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကိုတော့ တော်တော်ခံလိုက်ရသည်။ သို့သော် …၊ ထိုက်တန်ပါသည်။ ကျနော်က ကျနော့်အခန်းလေးကို လေကောင်းလေသန့် ရစေချင်တယ်လေ။ ပိတ်လှောင်နေတဲ့ အခန်းကတော့ လေကောင်းလေသန့် မရနိုင်တာ အသေအချာပင် ဖြစ်ပါသည်။


ကလိုစေးထူး

Monday, November 26, 2007

စပ်မိစပ်ရာ…(၁၄)

တန်ဆောင်မုန်း လပြည့်နေ့ လွန်မြောက် သွားခဲ့ပါပြီ။ တခြားသူတွေရဲ့ ဘလော့ဂ်တွေကို လိုက်ဖတ်ကြည့်တော့မှပဲ တန်ဆောင်တိုင်ကို ရောက်ပြန်ပါပေါ့လား လို့ သိရပါတယ်။

တန်ဆောင်တိုင် လွန်မြောက်သွားပြန်ပါပြီ ဆိုကာမှပဲ ဘားအံက ပြည်နယ်ပွဲနဲ့ ဘားအံ တန်ဆောင်တိုင်ကို တမ်းတမ်းတတ သတိရမိပါတယ်။ မယ်ဇလီဟင်းချို ခါးသက်သက်ကို အိုးကြီးတွေနဲ့ ချက်၊ မဏ္ဍပ်တွေထိုးပြီးတော့ ဖြတ်သွားသမျှ ပျိုပျိုအိုအို လူတန်းစား မရွေး တိုက်ကျွေးလေ့ရှိတတ်တာ၊ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိတဲ့ ပြည်နယ်ပွဲ အစရှိတာတွေကို သတိရတဲ့ အချိန်ကျတော့ တန်ဆောင်တိုင်က လွန်မြောက် သွားခဲ့ပါပြီ။ နောက်များမှပဲ ဘားအံက ဇွဲကပင်ပွဲ အမှတ်တရ၊ ပြည်နယ်ပွဲ အမှတ်တရ ပို့စ်တွေ ရေးအုံးမှ လို့ တေးထားလိုက်ပါတယ်။

ဥရောပ ဖလား ခြေစစ်ပြိုင်ပွဲတွေ ပြီးဆုံးသွားတော့ ကမ္ဘာ့ဘောလုံး ဘိုးအေ အင်္ဂလန်အသင်းခမျာ ခရိုအေးရှား အသင်းရဲ့ ခြေစွာမှုကြောင့် ခြေစစ်ပွဲတောင် မအောင်နိုင် ဖြစ်သွားရရှာပါတယ်။ အင်္ဂလန် မပါတဲ့ ဥရောပ ဖလားပွဲက ဘာပဲဖြစ်ဖြစ် ဆားနည်းနည်းတော့ ပေါ့နေမလားပါပဲ။ ဒါပေမယ့် ဒီတပတ် မန်ယူ ရှုံးသွားတာကိုတော့ ချဲလ်ဆီး ပရိသတ် တယောက်အနေနဲ့ တော်တော်လေး ၀မ်းသာပါတယ်။ :D နောက်ပွဲတွေလည်း ထပ်ခါထပ်ခါ သရေတွေကျ လို့ ခဏခဏ ရှုံးပါစေ။ :P

နိုဝင်ဘာလ ၂ ရက်နေ့တုန်းက ပျဉ်းမနားမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲ တရပ်မှာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုး တိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာက မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်တွေ အနက် Malnourishment လျှော့ချရေးကို အကောင်အထည် ဖော်ရာမှာ လမ်းကြောင်းမှန် (on track) ပေါ်ကို ရောက်နေကြောင်း၊ ဆင်းရဲ နွမ်းပါးမှုမျဉ်း (အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းရန် စားသုံးမှုစရိတ် လုံလောက်မှု မရှိတဲ့ အိမ်ထောင်စု အချိုး) ကို ရောက်နေတဲ့ အိမ်ထောင်စု အရေအတွက်ဟာဖြင့် ၂၀၀၄ ခုနှစ် (၂၀၀၇ မဟုတ်ပါ) စာရင်းအရ ၃၂ ရာခိုင်နှုန်း ရှိနေတဲ့ အတွက် အိမ်နီးချင်း လာအို၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကွာခြားမှု မရှိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

အဲဒီ ပြောဆိုချက်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ အဟာရ ချို့တဲ့မှုကို ဖော်ပြတဲ့ အသက်ငါးနှစ်အောက် ကလေးသူငယ်များရဲ့ ကိုယ်အလေးချိန် လျော့နည်းမှု အနေအထားဟာ ၁၉၉၇ မှာ ၃၈.၆ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်မှာ ၃၅.၃ ရာခိုင်နှုန်း၊ ၂၀၀၃ ခုနှစ်မှာ ၃၁ ရာခိုင်နှုန်း ရှိပါသတဲ့။ ဒါပေမယ့် ကြားထဲက လစ်ဟာနေတဲ့ နှစ်များရဲ့ အခြေအနေနဲ့ ၂၀၀၆ ခုနှစ် အခြေအနေကိုတော့ ထည့်သွင်း မပြောဆိုခဲ့ပါဘူး။

ထူးခြားတဲ့ သတင်းတရပ်အနေနဲ့ `အရည်အသွေးမြင့် ၀က်သား ၀ယ်ယူနိုင်´ ဆိုတဲ့ သတင်းတပုဒ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ အံ့ဘနန်း ဖတ်လိုက်ရပါတယ်။ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနရဲ့ မွေးမြူရေး ခြံထွက် သန့်စင်ပြီး အရည်အသွေးမြင့်၊ အဆီနည်း၊ အသားများ၊ အခေါက်ပါး ၀က်သားများကို တပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးလျက် ရှိကြောင်း သတင်းထူးကြီးပါ။ :D ငါးပိဿာနဲ့ အထက် ၀ယ်ယူရင် အိမ်အရောက် လိုက်ပို့ပေးအုံးမှာပါတဲ့။

ဖိလစ်ပိုင် နိုင်ငံမှာ ပျှမ်းမျှအားဖြင့် တနာရီကို လုပ်သား ၁၂၁ ဦးဟာ ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနေကြောင်း သိရပါတယ်။ စာရင်းဇယား တွက်ချက်လို့ ရစတမ်းဆိုရင် ကျနော်တို့ မြန်မာနိုင်ငံကရော တနာရီကို လူ ဘယ်နှစ်ယောက် ပြည်ပကို ထွက်ခွာနေလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကြိုတင် အသိပညာပေး လုပ်ဆောင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပါတော့မယ် လို့ သိရပါတယ်။ တကယ်ကတော့ အသိပညာပေးတယ် ဆိုတာထက် ကလေးစစ်သားတွေ စုဆောင်းနေတဲ့ တပ်ရင်း တွေနဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူတန်တာယူ၊ တားဆီးတန်တာ တားဆီးလုပ်ရမှာပါ။ ဒါပေမယ့် အခုလို လုပ်လာတာကိုက (တကယ့်အစစ် ဆိုရင်) ကြိုဆို လက်ခံစရာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းများထဲမှာ အရွယ် မရောက်သေးသူ ကလေးသူငယ် ပါဝင်ကြောင်း တွေ့ရှိခဲ့ရင် မိဘထဲ ပြန်လည် အပ်နှံခြင်း၊ ပညာသင်ကြားလိုပါက ကျောင်းအပ်နှံပေးခြင်း၊ ပညာသင်ကြားလိုခြင်း မရှိပါက ၀ါသနာ အလိုက် လူမှု ၀န်ထမ်း ဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများမှာ လက်ခံ သင်ကြားပေးခြင်းတွေ ဆောင်ရွက်မယ် လို့ သိရပါတယ်။ အဲဒီ စာသားတွေရဲ့ အဓိပ္ပာယ်သက်ရောက်မှု တမျိုးကတော့ စစ်ထဲဝင်ဖို့ ရောက်လာတဲ့ အရွယ်မရောက်သေးသူ ကလေးများကို ရှေ့တန်းစစ်မြေပြင်လို နေရာမျိုးကို မပို့သည့်တိုင်အောင် ရဲမွန် သင်တန်းကျောင်းလို နေရာမျိုးကို ပို့နိုင်သေးတဲ့ အရိပ် လက္ခဏာပါပဲ။

မင်းသား ကိုကျော်သူနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖြေရဲ့ အင်တာဗျူးတခုက အဖြေစကားတချို့ကို ဘ၀င်မကျစရာကောင်းလှစွာ ဖတ်ရှုလိုက်ရပါတယ်။ အဲဒါကတော့…

`အနုပညာသမားက အနုပညာ လုပ်ငန်းပဲ လုပ်ပေါ့။ လူမှုရေးတွေ သူလုပ်လို့လည်း ရတာပဲ။ လုပ်ချင်တယ် မလုပ်ချင်ဘူး ဆိုတာကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ပေါ့ကွယ်။ အနုပညာသမားက အနုပညာပဲ လုပ်ရင် ဘာမှ ဖြစ်နိုင်စရာ အကြောင်း မရှိဘူး´

မြတ်ခိုင်ရဲ့ သူအနှစ်နှစ်အလလက ကြိုးစားခဲ့ရပါတယ် ဆိုတဲ့ ဦးအောင်ကြီးနဲ့ တွေ့ဆုံခန်းတွေကို လျှပ်တပြက် ဂျာနယ်တွေမှာ ဖတ်ရှုလိုက်ရပါတယ်။ ဖတ်ရင်းနဲ့ အာရုံထဲမှာ မြင်ယောင်လာတာကတော့ မြတ်ခိုင်နဲ့ ဦးအောင်ကြီးရဲ့ တွေ့ဆုံခန်းနဲ့ မတူတော့ဘဲနဲ့ လက်ရှိ အုပ်ချုပ်နေသူတွေထဲက တာဝန်ရှိသူ စစ်ဘိုချုပ် တယောက်ယောက်နဲ့ ဦးအောင်ကြီး အင်တာဗျူးနေတဲ့ ပုံစံမျိုး မြင်ယောင်လာမိစေတဲ့ အမေးတွေနဲ့ အဖြေတွေပါပဲ။

ဒီတပတ် စပ်မိစပ်ရာကတော့ အကြောင်းအရာတွေ နည်းနေမလားပါပဲ။ လောလောဆယ်မှာ ကျနော်တယောက် ကျောအောင့်တဲ့ ဝေဒနာ ခံစားနေရတာကြောင့် အရင်က ဖတ်မှတ်ပြီး စပ်မိစပ်ရာထဲ ထည့်ရေးမယ်လို့ တေးထားခဲ့သမျှတွေလည်း အတွေးထဲ ပေါ်မလာ၊ ခေါင်းတွေက မူးနောက်လာတာနဲ့ ဒီတပတ်မှာတော့ ဒီမျှနဲ့သာ နိဂုံးချုပ်ရင်း…။

အားလုံး ပျော်ရွှင် အဆင်ပြေကြပါစေ။


ကလိုစေးထူး

Sunday, November 25, 2007

လူငယ် တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း (နိဂုံး)

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ဒီနေ့တင်မယ့် ကိုဝင်းနိုင်ဦးရဲ့ မှတ်တမ်းဟာ မှတ်တမ်း-၂ ရဲ့ နောက်ဆုံးအပိုဒ်ပါပဲ။ မှတ်တမ်း-၃ မှာတော့ ထောက်လှမ်းရေး စခန်းနဲ့ အကျဉ်းထောင်တွင်း အတွေ့အကြုံတွေ မဟုတ်တော့ဘဲ စာတမ်းတွေ ဖြစ်ပါတယ်။ အပိုင်း လေးပိုင်း ရှိပါတယ်။

အစကတော့ အပိုင်းအားလုံး ပြီးစီးသွားမှသာ ဒေါင်းလော့ ကူးယူနိုင်တဲ့ ဖိုင်လ်အဖြစ် တင်ပေးမလို့ စဉ်းစားခဲ့ပေမယ့် အခု မှတ်တမ်း-၂ အပြီးမှာကတည်းက တင်ထားပေးပြီး မှတ်တမ်း-၃ ပြီးတဲ့ အခါမှာလည်း ထပ်မံ ဖြည့်စွက်ပြီးတော့ ပြင်ဆင် တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် လက်ရှိတင်ပေးခဲ့သမျှ အပိုင်းအားလုံးကို မည်သူမဆို ဘေးမှာ တင်ထားတဲ့ လင့်ခ်ကနေတဆင့် ဒေါင်းလော့ကူးယူနိုင်ကြပါပြီခင်ဗျာ။

ဒီစာအုပ်ကလေးကို အဓိကအားဖြင့် ပြည်တွင်းက စာဖတ်ပရိသတ်များနဲ့ ဒီစာအုပ်ကို မဖတ်ရသေးသူ ပြည်ပရောက် မြန်မာများအားလုံးအတွက် ရည်ရွယ်ပြီး ကျနော့် ဘလော့ဂ်မှာ တင်ပေးဖို့ စိတ်ကူးခဲ့တာပါ။ ကျနော့်ဘလော့ဂ်မှာ လာရောက် ဖတ်ရှုကြတဲ့ စာဖတ်သူတွေက စိတ်ဝင်တစားနဲ့ အားပေး ဖတ်ရှုခဲ့ကြတာကြောင့်လဲ စာမျက်နှာ ရာကျော်ရှိတဲ့ ဒီစာအုပ်ကို ပြီးဆုံးသည် အထိ တင်ဆက်ပေးဖို့ အားအင်တွေ ရခဲ့ပါတယ်။ အဲဒီအတွက် လာရောက် ဖတ်ရှုသူ ဘလော့ဂ်ဖတ် ပရိသတ် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကျနော့် ဘလော့ဂ်မှာ တင်ဆက်ပေးတဲ့ အပြင် ပဒုမ္မာဖိုရမ်မှာလည်း ဒီမှတ်တမ်းကို တင်ဆက်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီလို တင်ဆက်ခွင့် ရခဲ့တဲ့အတွက်လည်း ပဒုမ္မာဖိုရမ် တာဝန်ရှိသူ ကိုမွန်းစတားရဲ့ ခွင့်ပြုပေးမှုကို ကျေးဇူးတင်ပါတယ်။ တစိုက်မတ်မတ် အားပေးခဲ့တဲ့ ပဒုမ္မာဖိုရမ် အဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်ရှိပါတယ်။

ဒီစာအုပ်ကို ရေးသားခဲ့သူ ကိုဝင်းနိုင်ဦး နဲ့ ကျနော် လူချင်း သိကျွမ်းရင်းနှီးခြင်း မရှိတဲ့အတွက် ဒီစာအုပ်ကို ကျနော့်ဘလော့ဂ်မှာ တင်ဆက်ဖော်ပြဖို့ ခွင့် မတောင်းဖြစ်ခဲ့ရပါဘူး။ ဒါပေမယ့် ကိုဝင်းနိုင်ဦး တယောက် ဒါကို သိရှိခဲ့မယ် ဆိုရင်လည်း သူ့ရဲ့ နှလုံးသွေးနဲ့ ရေးတဲ့ မှတ်တမ်းကို နားလည်ခံစားရတဲ့ ညီငယ် တယောက်က လက်လှမ်းမီရာ မြန်မာတွေကို သူ့ကိုယ်စား ဖြန့်ကျက် တင်ပြပေးတယ်လို့ နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ခင်ဗျာ။ ကျနော်တို့ နောင်တော်က သူ့အတွေ့အကြုံနဲ့ ရင်းပြီး ရေးခဲ့တာကို ကျနော်က ကျနော် တတ်နိုင်တဲ့ ဘက်ကနေ တာဝန်တခုသဖွယ် ထမ်းဆောင်ခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။

ယခု မှတ်တမ်းကို လာရောက် ဖတ်ရှုမိသူ ပရိသတ်တဦးက အင်္ဂလိပ်လို ဘာသာပြန်ပြီး တင်ဆက်ချင်ပါတယ်လို့ ကွန်မန့်နဲ့ စီဘောက်စ်က တဆင့် ပြောသွားခဲ့ပါတယ်။ ဟုတ်ကဲ့…။ ဒီစာအုပ်ရဲ့ အစပိုင်းက ကိုဝင်းနိုင်ဦးရဲ့ အမှာစာမှာ ယခု စာမူကို Tortured Voices စာအုပ်မှာ အင်္ဂလိပ်လို ဘာသာပြန် ဖော်ပြခဲ့တယ်လို့ ရေးထားပါတယ်။ အဲဒါကို ကျနော် ကြိုးစားပြီး ရှာဖွေတင်ပေးပါမယ် လို့ ပြန်ကြားပါရစေခင်ဗျာ။

လာဖတ်ကြသူ မိတ်ဆွေအားလုံးကိုလည်း မေတ္တာရပ်ခံချင်တာကတော့ ဒီမှတ်တမ်းကို လက်လှမ်းမီရာ အချင်းချင်း ဖြန့်ဝေခြင်း၊ E-book Corner မှာ တင်ဆက်ခြင်းများနဲ့ လက်ရှိ မြန်မာအာဏာပိုင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို မြန်မာပြည်သူတွေ ပိုမိုသိရှိလာအောင် ကူညီ ဖော်ထုတ်ပေးကြပါခင်ဗျာ။

မှတ်တမ်း-၃ ကိုလည်း ဆက်လက် တင်ဆက်သွားပါမယ် လို့ ကတိပေးရင်း … … … ။


ကလိုစေးထူး

နိဂုံး
အကျဉ်းထောင်
လွတ်လပ်မှုနှင့် နိုင်ငံတော်

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိုယ်စား ပြောရရင် ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ကျနော်တို့ တောင်းဆိုခဲ့တာဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ ဘ၀လုံခြံမှုနဲ့ ကြောက်ရွံ့ခြင်းက ကင်းလွတ်ပြီး လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ ဘ၀တွေ ရှိခံစားကြနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒါတွေဟာ ကမ္ဘာပေါ်က တခြားနိုင်ငံသားတွေ ရရှိ ခံစားနေကြရတဲ့ မထူးဆန်းတဲ့၊ လူ့မွေးရာပါ အခွင့်အရေးတွေလည်း ဖြစ်ပါတယ်။ အဲဒီ အခွင့်အရေးတွေ ရရှိဖို့အတွက် တရားနည်းလမ်းကျစွာ၊ ငြိမ်းချမ်းစွာ၊ ဘယ်ဘာသာတရား၊ ဘယ်လူ့ယဉ်ကျေးမှု အဆုံးအမကပဲ ဖြစ်ဖြစ် ခွင့်ပြုနိုင်တဲ့၊ တကမ္ဘာလုံးက နိုင်ငံသူ နိုင်ငံသားတွေ လက်သင့်ခံနိုင်တဲ့ နည်းလမ်းတွေနဲ့သာ ကျနော်တို့ တောင်းဆိုခဲ့ကြတာပါ။

ဒါပေမယ့် ကျနော်တို့ လက်ခံရရှိလိုက်တာကတော့ လူ့ဂုဏ်သိက္ခာ အချိုးနှိမ်ခံရမှု၊ အကျဉ်းထောင်၊ သံခြေကျင်း၊ ညှဉ်းပန်း နှိပ်စက်မှုနဲ့ သေခြင်းတရားတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လို ဆင်းရဲဒုက္ခနဲ့ပဲ ကြုံကြုံ `အမှန်တရားဟာ ရှုံးနိမ့်ဖူးတယ်လို့ ရာဇ၀င်မှာ သင်တို့ ဖတ်ဖူးပါစ´ ဆိုတဲ့ ကဗျာ တပုဒ်လိုပါပဲ။ မှန်ကန် တရားမျှတပြီး အားကောင်းတဲ့ ကျနော်တို့ရဲ့ ယုံကြည်ချက်နဲ့ အသံတွေ တိတ်သွားအောင် ဘယ်အကျဉ်းထောင် နံရံနဲ့မှ ပိတ်လှောင်ထားလို့ မရသလို ဘယ်စစ်အစိုးရရဲ့ စစ်ဖိနပ်တွေကမှလည်း ပျောက်ပျက်သွားအောင် နင်းချေ မပစ်နိုင်ပါဘူး။

ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ဆိုတာ ကျနော်တို့ကို တိရိစ္ဆာန်နဲ့ ကျေးကျွန်တွေလို အသတ်မှတ် မခံရဖို့အတွက် လိုအပ်ချက် ဖြစ်ပါတယ်။ အမှန်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတာ ကျနော်တို့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ဖြစ်ပြီး ကျနော်တို့ရဲ့ မွေးရာပါ ကိုယ်ပိုင် ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ ဒါကို မလိမ့်တပတ်လုပ်ပြီး ၁၉၆၂ ခုနှစ်မှာ ကျနော်တို့ဆီကနေ စစ်ခေါင်းဆောင်တွေက အဓမ္မ လုယူသွားတာပါ။ အဲဒီနောက်တော့ စစ်အစိုးရ အဆက်ဆက်ဟာ ပြည်သူတွေကို အသိဉာဏ်တုံးအောင် လုပ်ပြီး ကိုယ့်အခွင့်အရေးကို ကိုယ့်ဟာမှန်းတောင် မသိတော့ဘဲ အာဏာပိုင်တွေ ပေးမှ ကမ်းမှ သနားမှ ရမယ့် အရာမျိုးဖြစ်အောင် လုပ်ကြံခဲ့၊ လုပ်ကြံဆဲ ဖြစ်ပါတယ်။

ကျနော်တို့ ပိုင်ဆိုင်တဲ့ အခွင့်အရေးတွေကို မတရား လုယက် ယူငင်ထားတာလည်း ခံရသေး၊ ပြန်တောင်းတော့လည်း ထောင်ချ၊ နှိပ်စက်၊ ညှဉ်းပန်း၊ ပစ်သတ်ခံရသေး။ ဒါ့အပြင် သူ ပေးမှ ကမ်းမှ သနားမှ ကျနော်တို့ ရရမယ့် အရာမျိုးလို လုပ်နေသေးတာကတော့ ကျနော်တို့ ပြည်သူတွေကို စော်ကားတာ၊ ကျနော်တို့ရဲ့ ဘ၀တွေကို စော်ကားတာ၊ နောက်ဆုံး ကျနော်တို့ရဲ့ အသိဉာဏ်ကိုပါ စော်ကားတာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နေသူတွေဟာ ကျနော်တို့ကို အုပ်ချုပ်တဲ့ အစိုးရဖြစ်ဖို့ ထိုက်တန်ပါရဲ့လား။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးမှာ…

`လူခပ်သိမ်းတို့၏ ဇာတိဂုဏ် သိက္ခာနှင့် တကွ လူတိုင်း အညီအမျှ ခံစားခွင့် ရှိသည့် လူ့အခွင့်အရေးများကို အသိအမှတ် ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု ငြိမ်းချမ်းမှုတို့၏ အခြေခံ အုတ်မြစ် ဖြစ်သောကြောင့်တည်း´ လို့ ရေးသားထားပါတယ်။

ဟုတ်ပါတယ်။ လူ့အခွင့်အရေး ရှိမှ ဘယ်နိုင်ငံ ဘယ်လူမျိုး မဆို လွတ်လပ်နိုင်၊ တရားဥပဒေ စိုးမိုးနိုင်၊ ငြိမ်းချမ်းရေး ရနိုင် တိုင်းပြည် တိုးတက် ကြီးပွားနိုင်လို့ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ဆိုတာ လူတိုင်းအတွက် သေရေးရှင်ရေး လိုအပ်ချက်၊ ကျနော်တို့ နေ့စဉ်ကိစ္စ၊ စားစားသွားသွား ကိစ္စတွေအတွက် လိုအပ်ချက် ဖြစ်ပါတယ်။

န၀တ၊ နအဖခေတ် အကျဉ်းထောင်တွေထဲမှာ သေဆုံးသွားရသူတွေလည်း မနည်းပါဘူး။ ဦးသော်က၊ ဦးစိန်ဝင်း၊ ဦးခင်မောင်မြင့်၊ ဦးညိုဝင်း၊ ဦးတင်မောင်ဝင်း၊ ဦးတင်ရွှေ… အများကြီးပါပဲ။ (နောင်ရော ဘယ်သူတွေ သူတို့နောက် လိုက်ကြရဦးမလဲ)။ ကျနော်တို့ နိုင်ငံအတွက် အများကြီး အလုပ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်အကျော်အမော်တွေ ဆုံးရှုံးလိုက်ရတာပါ။ တချို့လည်း အသက် မသေကြပေမယ့် ကိုယ်အင်္ဂါ ချို့ယွင်းသွားရ၊ ဦးနှောက် ချို့ယွင်းသွားရပါတယ်။ တချို့လည်း ဘ၀ ပျက်သွားကြရပါတယ်။

လူအများစု လွတ်လပ်ဖို့အတွက် တချို့လူတွေဟာ သူတို့ရဲ့ လွတ်လပ်ခွင့်ကို အဆုံးရှုံးခံပြီး အကျဉ်းထောင်တွေထဲ အပိတ်လှောင် ခံနေကြရပါတယ်။ လူများစု အသက်အန္တရာယ် လုံခြုံရေးအတွက် တချို့လူတွေဟာ သူတို့ရဲ့ အသက်တွေ အသေခံ ပေးဆပ်ခဲ့ကြရပါတယ်။ လူများစု ဘ၀တွေ ပျော်ရွှင် ချမ်းမြေ့နိုင်ဖို့အတွက် သူတို့ဟာ သူတို့ရဲ့ မက်မော စွဲလမ်းဖွယ် သာယာချမ်းမြေ့တဲ့ ဘ၀တွေကို စွန့်လွှတ် အစတေးခံနေကြပါတယ်။ တရားမျှတမှု ထွန်းကားရေးအတွက် သူတို့ဟာ မတရားမှုတွေ၊ မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်တာတွေကို အံကြိတ် ခံယူနေကြပါတယ်။ လူများစုရဲ့ ဘ၀တွေ အခြိမ်းခြောက် မခံရစေဖို့အတွက် ခြိမ်းခြောက်မှု မျိုးစုံကို သူတို့ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြပါတယ်။ သူတို့ လိုလားခဲ့တာဟာ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါဘူး။ လွတ်လပ်မှု၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းရေးမျှသာ ဖြစ်ပါတယ်။

`တိုင်းပြည်အတွက်´ `တိုင်းပြည်အတွက်´ လို့ ပြောပြီး စစ်ဗိုလ်ချုပ်တွေ ကျိကျိတက် ချမ်းသာနေကြပါတယ်။ `တိုင်းပြည်အတွက်´ `တိုင်းပြည်အတွက်´ လို့ပဲ ပြောနေတဲ့ ဒီမိုကရေစီရေး ကြိုးပမ်းနေသူတွေကျတော့ အချုပ်နှောင်ခံကြရ၊ ညှဉ်းပန်း နှိပ်စက် ခံကြရ၊ ဘ၀ ပျက်ကြရ၊ အသက် သေကြရပါတယ်။ အဲဒီလို ဒုက္ခတရားနဲ့ စွန့်လွှတ်မှုတွေကို သူတို့ ကြိတ်မှိတ် သည်းခံ၊ အနစ်နာခံနေကြတာဟာ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ `တိုင်းပြည်အတွက်´ `တိုင်းပြည်အတွက်´ လို့ လိပ်ပြာသန့်စွာ သူတို့ ကြေညာရဲကြပါလိမ့်မယ်။ ဒါပေမယ့် ပြည်သူ အများစု ဆင်းရဲငတ်မွတ်၊ အမောဖောက် ကပ်ဆိုက်နေချိန်မှာ စစ်ဗိုလ်ချုပ်တွေရဲ့ ကျိကျိတက် ချမ်းသာ ကြွယ်ဝမှုတွေကတော့ ဘယ်သူ့အတွက်ပါလဲ။ ပြည်သူတွေ အတွက်ပါလား။

`သမိုင်းနိဂုံးနဲ့ နောက်ဆုံး လူသား´ စာအုပ်ကို ရေးသားပြုစုခဲ့သူ ပါမောက္ခ ဒေါက်တာ ဖရန်စစ် ဖူကူယာမက `ဒီကနေ့ ကမ္ဘာကြီးဟာ လစ်ဘရယ် ဒီမိုကရေစီ လို့ ခေါ်တဲ့ ဒီမိုကရေစီ ၀ါဒဆီကိုသာ လုံးဝ ဦးတည်နေပြီ´ လို့ ကြွေးကြော်လိုက်ပါတယ်။ ကျနော်တို့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ တောင်းဆိုသံဟာ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းက တောင်းဆိုနေတဲ့ အသံ၊ ကမ္ဘာ့သမိုင်းက တောင်းဆိုနေတဲ့ အသံ၊ နောက်ဆုံး လူ့သမိုင်းကိုက တောင်းဆိုနေတဲ့ အသံ ဖြစ်ပါတယ်။ သမိုင်းတခုလုံးက ကျနော်တို့ အသံနဲ့ ကျနော်တို့ ယုံကြည်ချက် နောက်ကွယ်မှာ ခိုင်မာ အားကောင်းစွာ တည်ရှိနေပါတယ်။

ဒါပေမယ့် အဲဒီ သမိုင်းအရှိန်အဟုန်ကြီး´ ကို သွေးရူးသွေးတမ်းနဲ့ တားဆီးနှောင့်ယှက်လိုသူ၊ တချို့လည်း ရှိနေပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးမှာ သူတို့လို လူတွေ၊ သူတို့ရဲ့ အဖော်တွေ များများစားစားတော့ မကျန်တော့ပါဘူး။ ဘာလို့လည်း ဆိုတော့ ယဉ်ကျေးတဲ့ လူ့ကမ္ဘာ လူ့အသိုင်းအ၀ိုင်းက သူတို့ကို ယဉ်ကျေးမှု အပြင်ဘက်က လူတွေ၊ အရိုင်းအစိုင်းတွေ၊ ခေတ်နောက်ကျန် အမြင် ကျဉ်းမြောင်းနေသူတွေ၊ တယူသန် တဇောက်ကန်းတွေ၊ သားသတ်သမားတွေ၊ ကောက်ကျစ် စဉ်းလဲသူတွေ၊ ဂုဏ်သိက္ခာ မရှိသူတွေအဖြစ် သတ်မှတ်ပြီး လူရာမသွင်း၊ အဖက်မတန် လက်မခံကြတော့လို့ပါ။

အဲဒီလို သမိုင်း အရှိန်အဟုန်ကြီးကို သွေးရူးသွေးတမ်း တားဆီးနေသူတွေနဲ့ ပတ်သက်လို့ ထောင်ထဲမှာ ကျဆုံးသွားတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးခင်မောင်မြင့် ပြောသွားတဲ့ စကားကို ပြောရမှာပါ။ `ဗိုလ်နေ၀င်းတို့ အုပ်စုကို သတိပေးလိုက်မယ်။ ဒါ တောင်ပြိုနေတာ၊ လက်နဲ့ ကာလို့ မရဘူး´ ဆိုတဲ့ စကားပါ။

***

Thursday, November 22, 2007

ပြိုင်ပွဲ…

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဘလော့ဂ်ဖော် ဘလော့ဖက် မိတ်ဆွေတယောက်နဲ့ စကားပြောဖြစ်တဲ့ အခိုက် သူက ကျနော့်ကို သူကြားရတဲ့ သတင်းတခု ပေးခဲ့ပါတယ်။

`မြန်မာပြည်မှာ ကြံ့ဖွံ့အဖွဲ့ဝင်တွေကို ဘလော့ဂ် လုပ်နည်းသင်တန်းတွေ ပေးဖို့စီစဉ်နေတယ်´ ဆိုတဲ့ သူကြားရတဲ့ သတင်းအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့တတွေ နောက်တချိန် မြန်မာဘလော့ဂ် လောကအတွင်း ဖြစ်လာနိုင်ဖွယ် အခြေအနေတချို့ကို ဉာဏ်မီသလောက် ဆွေးနွေးခဲ့ကြဖူးပါတယ်။

မနေ့ညကတော့ စာမရေးဖြစ်ဘဲနဲ့ ဘလော့ဂ်တွေကို ဟိုဟိုဒီဒီ လိုက်ဖတ်ကြည့်မိတော့ ကျနော့် မိတ်ဆွေ တချိန်က သတင်းပေးခဲ့တာဟာ မှန်နေပြီ ဆိုတာကို သတိထားမိလာရပါတယ်။ ဘာကြောင့်လဲဆိုတာ့ အဲဒီ ဘလော့ဂ်သင်တန်းတွေက သင်တန်းပေးလိုက်တဲ့ ဘလော့ဂါအသစ်တွေကို တွေ့ခဲ့ရလို့ပါပဲ။

အနှီ ဘလော့ဂ် အသစ်တွေကို တခုမကျန် လိုက်လေ့လာကြည့်ပြီးတော့ ကျနော့်ခေါင်းထဲကို အတွေးတွေ တထွေးကြီး ၀င်လာခဲ့ပါတယ်။ `ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ´ `ဘာဆက်လုပ်လာနိုင်သလဲ´ `ကောင်းတဲ့ လက္ခဏာလား၊ ဆိုးတဲ့ လက္ခဏာလား´ ဆိုတဲ့ လားပေါင်းများစွာ၊ လဲပေါင်းများစွာနဲ့ အတွေးတွေ အတော် အလုပ်ရှုပ်သွားပါတယ်။

အာဏာပိုင်တွေဘက်က လုပ်လာနိုင်တဲ့ ထိုးဖောက်မှုတွေကို တွေးမိသလို တခြားတဖက်မှာလည်း အဲဒီလို ဘလော့ဂ်တွေ များစွာ ပေါ်ပေါက်လာတာရဲ့ အကျိုးကျေးဇူးတွေကို မြင်မိလာပါတယ်။ အကြောင်းအရာတခုရဲ့ နောက်ကွယ်မှာ Positive ရှိနိုင်သလို Negative တွေလည်း ရှိနေတာက အစဉ်အလာတခုပဲမို့ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကျနော် စဉ်းစားမိသလောက် အတွေးဉာဏ်နဲ့ တင်ပြပါရစေ…။

***

အရင်ဦးဆုံး စဉ်းစားမိတဲ့ အချက်ကတော့ အာဏာပိုင်တွေဟာ `ဘလော့ဂ်´ ဆိုတာရဲ့ ထိရောက်မှုကို တရားဝင် ဖွင့်ဟ ၀န်ခံခြင်း မရှိသည့်တိုင်အောင် အသိအမှတ်မပြုဘဲ နေလို့မရတော့ဘူး ဆိုတာပါပဲ။ အထင်ရှားဆုံး သာဓကကတော့ စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့ သံဃာ့ကံဆောင်မှု အရေးတော်ပုံပါပဲ။ သတင်းဌာနတွေ နောက်ကောက်ကျသွားရလောက်အောင် အချက်အလက်၊ အထောက်အထားတွေကို ကမ္ဘာတ၀ှမ်းက မြန်မာပြည်သူတွေဆီကို မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက်နဲ့ မြန်မာဘလော့ဂါတွေက ပေးပို့တင်ပြနိုင်ခဲ့ကြပါတယ်။

ဒါကြောင့်လည်းပဲ အုပ်ချုပ်သူအာဏာပိုင်တွေကို ထောက်ခံတဲ့၊ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကို အကာအကွယ်ပေးတဲ့ တန်ပြန်ဘလော့ဂ်တွေဟာ စက်တင်ဘာလနောက်ပိုင်းမှာ ခြေလှမ်းပိုစိပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီဘလော့ဂ်တွေဟာ သံဃာ့ကံဆောင်မှု အရေးတော်ပုံက ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေ အနက်က အားနည်းတယ်လို့ ထင်မြင်ယူဆလောက်စရာ အချက်တွေကို ချေပထောက်ပြခြင်း၊ ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ အပြစ်အနာအဆာ တချို့ကို ရှာကြံထောက်ပြခြင်း၊ ဒီမိုကရေစီ လိုလားသူ မြန်မာပြည်သူတွေကို မထိတထိတမျိုး၊ ရမ်းကားရိုင်းပျခြင်း တသွယ်နဲ့ စော်ကားရန်စခြင်း အစရှိတာတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီလို လုပ်ရပ်တွေဟာ တကယ်တမ်းမှာတော့ မတရားမှုကို မနှစ်မြို့တဲ့ မြန်မာပြည်သူတွေနဲ့ တကွ ဒီမိုကရေစီ လိုလားသူတွေအပေါ် ထိရောက်တဲ့ ထိုးနှက်ချက် မဖြစ်ခဲ့ပါဘူး။ ဘလော့ဂါ အချင်းချင်းနဲ့တကွ ဘလော့ဂ် ဖတ် ပရိသတ်အတော်များများကလည်း သူတို့အပေါ်ကို ထောက်ခံလိုလားတဲ့ အရိပ်အယောင်တွေ မရှိခဲ့ကြပါဘူး။

ဒါကို အာဏာပိုင်တွေဘက်ကလည်း သတိပြုမိဟန် တူပါတယ်။ ဒါကြောင့်လည်းပဲ နောက်ထပ် ခြေလှမ်းသစ် တခုအနေနဲ့ သူတို့ရဲ့ လက်ကိုင်ဒုတ် ကြံ့ဖွတ်အသင်းဝင်တွေအနက်က ၀န်ထမ်းတချို့ကို ဘလော့ဂ်လုပ်နည်း သင်တန်းတွေ ဖွင့်လှစ်ပေးခဲ့တာလို့ သုံးသပ်မိပါတယ်။ တခြားတဖက်က တွေးရင်တော့ ဒါဟာ မြန်မာဝန်ထမ်းတွေကို Technology နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှု ရှိလာစေလို့ ကောင်းမွန်တဲ့ လက္ခဏာတရပ်လို့ မြင်နိုင်သေးပေမယ့် လက်ရှိ ထွက်ပေါ်လာတဲ့ အဲဒီ ဘလော့ဂ်တွေကတော့ ပါဆင်နယ် ခံစားချက်ကို အသားပေး ဖော်ပြတဲ့ ဘလော့ဂ်မျိုးတွေထက် လက်ရှိ အာဏာပိုင်တွေနဲ့တကွ သူတို့ရဲ့ လက်ကိုင်ဒုတ် ကြံ့ဖွံ့အသင်းကို ထောက်ခံတဲ့ ဘလော့ဂ်သက်သက်သာ ဖြစ်နေတာဟာ အာဏာပိုင်တွေဘက်က လှမ်းလာမယ့် ခြေလှမ်းသစ် တခုရဲ့ နိမိတ်ပုံတွေပါပဲ။

စိတ်ဝင်စားစရာ နောက်အချက်ကတော့ blogger.com ကို ပိတ်ပင်ထားတဲ့ အာဏာပိုင်တွေဟာ တဖက်မှာလည်း ၀န်ထမ်းတချို့ကို အခုလို ဘလော့ဂ် သင်တန်းတွေ ပေးနေတာဟာ တချိန်ချိန်မှာ အဲဒီ blogger.com ကို ပြန်ဖွင့်ပေးမယ့် အရိပ် လက္ခဏာလေလား ဆိုတာပါပဲ။ တကယ်လို့များ ပြန်ဖွင့်ခဲ့မယ်ဆိုရင်တော့ မြန်မာပြည်တွင်းနေ တခြားသော သာမန်ပြည်သူ ဘလော့ဂါတွေအတွက် အမြတ်ပါပဲ။

အာဏာပိုင်တွေဘက်က အင်မတန် အကြောင်းပြလို့ ကောင်းတာ တခုကတော့ `မြန်မာလူငယ်များအတွက် နည်းပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ တိုးတက်စေဖို့ပါ´ ဆိုတဲ့ အချက်ပါပဲ။ ဒါပေမယ့် ဘလော့ဂ် ဆိုတာ စတင်ပေါ်ပေါက်နေတာ ကြာမြင့်လှပြီ ဖြစ်ပေမယ့် အခုအချိန်ကျမှသာ ဒါကို ဂရုတစိုက်နဲ့ သင်တန်းတွေ ပေးတဲ့ လုပ်ရပ်ဟာ လူငယ်တွေအပေါ် ထားတဲ့ စေတနာ သက်သက်မဟုတ်တာကတော့ အသေအချာပါပဲ။ တနည်းအားဖြင့် ပြောရရင် ဒါဟာ အကျိုးလိုလို့ ညောင်ရေ လောင်းတာပါပဲ။

တကယ်လို့များ…။

အဲဒီသင်တန်းတွေကနေ မွေးထုတ်ပေးလိုက်တဲ့ မြန်မာဘလော့ဂါတွေ ဘလော့ဂ်လောကထဲကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ၀င်ရောက်လာကြပြီ ဆိုပါစို့…။

ကျနော်ကတော့ အဲဒါမျိုးဖြစ်လာမှာကို ပိုကြိုက်ပါတယ်။ ဒါဟာ မြန်မာပြည်တွင်းက လူငယ်တွေကို အပြင်လောကနဲ့ ထိစပ်ခွင့်ပေးလိုက်တာ တမျိုးဖြစ်လို့ ကျနော်တို့ ပြောချင်တဲ့ စကားတွေ၊ ခံစားချက်တွေ၊ ပေးပို့ချင်တဲ့ အချက်အလက်တွေကို အဲဒီလူငယ်တွေကို တိုက်ရိုက် ပေးပို့နိုင်တဲ့ လမ်းစပါပဲ။ ဒီလူငယ်တွေ ဘလော့ဂ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရေးနိုင်ဖို့အတွက် အာဏာပိုင်တွေဟာ တခြားသော ပြည်တွင်း/ပြည်ပ ဘလော့ဂါတွေနဲ့ ထိစပ်ခွင့် ပေးကို ပေးမှ ရမှာမို့ ကျနော်တို့ရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို ချခင်းပြဖို့ အကောင်းဆုံးသော အခွင့်အရေးပါပဲ။ ဒါဟာ စိန်ခေါ်မှု တရပ်လို့လဲ မြင်လို့ရပါတယ်။

ဒါပေမယ့် ကျနော်တို့မှာ သက်လုံကောင်းဖို့ လိုနေတာကတော့ အမှန်ပါပဲ။ ဒီမိုကရေစီ လိုလားသူမှန်ရင် နိုင်ငံရေးသမားတွေပဲ ဖြစ်ဖြစ်၊ သာမန်ပြည်သူပဲ ဖြစ်ဖြစ် စည်းစည်းလုံးလုံး ရှိဖို့ကတော့ အရင်ထက် ပိုလိုအပ်နေပါပြီ။ ဒါကြောင့် သာမန်အားဖြင့် အရေးသိပ်မကြီးလှတဲ့ အချင်းချင်း ထိခတ်မှုတွေကို ရှောင်ရှား မေ့ဖျောက်ထားရပါမယ်။

အာဏာပိုင်တွေ သင်တန်းပေးလိုက်တဲ့ ဘလော့ဂါ အယောက်တရာ ရှိတယ် ဆိုကြပါစို့…။ အစိုးရ ကောင်းကြောင်းတွေချည်းပဲ တချိန်လုံး နားအီအောင် ကြားနေခဲ့ရတဲ့ အဲဒီ လူတရာအနက်က ဆယ်ယောက်က ကျနော်တို့ ဘက် ပါလာပြီဆိုတာနဲ့ ကျန်တဲ့ အယောက် ကိုးဆယ် ပါလာဖို့ မခက်တော့ပါဘူး။ ယိုပေါက်ပရပွနဲ့ ခေါင်မိုးကို ဟိုတပေါက်၊ ဒီတပေါက် ၀ိုင်းဖာပေးနေရတဲ့ အဲဒီ လူငယ်တွေကို အမိုးအသစ် လဲလှယ်ဖို့ ကြိုးစားနေတဲ့ ကျနော်တို့ဘက် ပါလာဖို့အတွက်ကတော့ ကျနော်တို့မှာ ရိုးသားမှုနဲ့ သိမ်မွေ့တဲ့ ပါးနပ်မှု ရှိဖို့ လိုအပ်ပါတယ်။

အဓိကကတော့ တိုင်းပြည်အပေါ် ထားတဲ့ `စေတနာနဲ့ တိုင်းပြည်ချစ်စိတ်´ က ဘယ်သူ သာလွန်သလဲ ဆိုတာပါပဲ။ စိန်ခေါ်မှု တရပ်ကို ကြိုဆိုကြပါစို့…။


ကလိုစေးထူး

Tuesday, November 20, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၃၀)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

န၀တ ညှဉ်းပန်းရေး စခန်းများ
(တတိယပိုင်း)

စစ်အစိုးရနဲ့ ထောင်အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ညှဉ်းပန်း နှိပ်စက်မှုတွေ အပြင် ထောင်တွင်း လျှို့ဝှက် လုပ်ကြံမှု၊ အကောက်ကြံမှုနဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှုတွေကလည်း ရှိပါသေးတယ်။

တခါတုန်းက အင်းစိန်ထောင် အမှတ်(၄)ဆောင်မှာ နိုင်ငံရေး အကျဉ်းသား၊ စက်မှု တက္ကသိုလ်ကျောင်းသား ၀င်းနိုင် (သရက်ထောင် ဘောလ်ပင် ကိစ္စနဲ့ အရိုက်ခံရသူ၊ အခုကိစ္စက သရက်ထောင် မပြောင်းခင် အဖြစ်အပျက်ပါ) ကို သတ်ဖို့ ထောင်အာဏာပိုင်တွေက လူဆိုးတွေနဲ့ တိုင်ပင် ကြံစည်ခဲ့ဖူးပါတယ်။

အပြစ်ကတော့ အမှတ်(၄) အဆောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ စုစုစည်းစည်း ညီညီညွှတ်ညွှတ် ရှိနေတာရယ်၊ အသက် ဆယ့်လေးငါးနှစ် အရွယ်လောက်သာ ရှိသေးတဲ့ ခလေး ရာဇ၀တ် အကျဉ်းသားတချို့ကို သက်သာတဲ့ ထောင်ရုံးအလုပ်တချို့မှာ အလုပ်ရအောင် နိုင်ငံရေး အကျဉ်းသားတွေက ငွေကြေး ကူညီကြတာရယ်ကို ထောင်အာဏာပိုင်တွေက `ဒါ ၀င်းနိုင် လက်ချက်၊ ဒီကောင် ကေဘီဂျီလုပ်တယ်။ ထောင်ကို ထောက်လှမ်းရေး လုပ်တယ်´ ဆိုတဲ့ တဖက်သတ် စွပ်စွဲချက်နဲ့ပါ။

ဒါနဲ့ နောက်ဆုံးမှာ ထောင်လူဆိုးတွေကို သုံးပြီး ၀င်းနိုင်ကို အကောက်ကြံဖို့ စီစဉ်ပါတော့တယ်။ စီစဉ်ပုံက နာမည်ကြီး လူဆိုးတဦးကို ၀င်းနိုင်ကို သံချွန်နဲ့ ထိုးသတ်ဖို့ ထောင်မှူးစိုးဝင်းက ပြောပါတယ်။ ၀င်းနိုင်ကို ထောင်အာဏာပိုင်တွေက တခုခု လုပ်ဖို့ ကြံစည်နေတာကို တချို့ ရာဇ၀တ် အကျဉ်းသားတွေက တဆင့် နိုင်ငံရေး အကျဉ်းသားတွေ သိရတော့ `၀င်းနိုင် တခုခု ဖြစ်ရင် ထောင်အာဏာပိုင်တွေ လက်ချက်လို့ ယူဆမယ်´ ဆိုပြီး ထောင်အာဏာပိုင်တွေ ကြားအောင် သတင်းလွှင့်လိုက်ပါတော့တယ်။

အဲဒီမှာ ထောင်အာဏာပိုင်တွေ အကျပ်ရိုက်သွားပြီး အခုန လူဆိုးကိုခေါ်၊ `၀င်းနိုင်ကို မသတ်နဲ့တော့၊ ရန်စပြီး လူကြားထဲ အရှက်ကွဲရုံ ပါးရိုက်၊ ပြီးရင် ရန်ဖြစ်တယ် ဆိုပြီး မင်းရော ၀င်းနိုင်ပါ တိုက်ပိတ်ပြစ်ဒဏ်ပေးမယ်၊ မင်းကို ကောင်းကောင်းထားမယ်။ ၀င်းနိုင်ကိုတော့ ငါတို့ ကြိုက်သလို လုပ်မယ်´ လို့ ညှိပါတယ်။

အဲဒီလို စီစဉ်နေတုန်း ထောင်ပြောင်း အမိန့်ထွက်လာလို့ ၀င်းနိုင်တို့ နိုင်ငံရေး အကျဉ်းသား တရာ သရက်ထောင် ပြောင်းလာရတာနဲ့ ထောင်အာဏာပိုင်တွေရဲ့ အစီအစဉ် ပျက်သွားပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ အဲဒီ အစီအစဉ်အသေးစိတ်ကို အဲဒီ လူဆိုးက ပြန်ပြောပြလို့ သိရတာပါ။

ဝင်းနိုင်လိုမျိုးပဲ မကသဖ အဖွဲ့က စက်မှု တက္ကသိုလ်ကျောင်းသား ဇော်မျိုးအောင်လည်း ကြုံခဲ့ရပါသေးတယ်။

တည ဇော်မျိုးအောင်က သူနဲ့ အိပ်ယာ ဘေးချင်းကပ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒ ဌာနက ဆရာဦးမောင်မောင်ကို ဒဿနိကဗေဒ ပညာရပ်အကြောင်း လေသံ တိုးတိုးနဲ့ မေးမြန်းနေပါတယ်။ အဲဒီအချိန်မှာ ဇော်မျိုးအောင်ကို မလိုလားတဲ့ အကျဉ်းသားတဦးက `ည ကိုးနာရီကျော်ပြီ၊ စကားမပြောနဲ့၊ ထောင်အာဏာပိုင်တွေကို တိုင်ပြောမယ်´ လို့ ပြောပါတယ်။

ထောင်ထဲမှာ ဥပဒေအရ ည ကိုးနာရီကျော်ရင် စကားမပြောရဘူးလို့ စည်းကမ်း သတ်မှတ်ချက် ရှိပါတယ်။ ဒါပေမယ့် စည်းကမ်းချက်အနေနဲ့သာ ရှိတယ်၊ လူတိုင်း တိုးတိုးတိတ်တိတ် ပြောနေကြတာပါ။ ထောင်ဝါဒါတွေ၊ ထောင်အရာရှိတွေ ကိုယ်တိုင်လည်း သူတို့ခင်တဲ့ အကျဉ်းသားတွေနဲ့ လာလာ စကားပြောနေကြတာပါပဲ။ အဆန်း မဟုတ်ပါဘူး။ စကားပြောတဲ့ ကိစ္စ ထောင်အာဏာပိုင်နဲ့ တိုင်မယ်လို့ ပြောတဲ့ အကျဉ်းသားကို ဇော်မျိုးအောင်က `ထောင်ဥပဒေ အတိုင်း လုပ်မယ်ဆိုရင် ထောင်အာဏာပိုင်လည်း ကြောက်စရာ မလိုဘူး´ လို့ ပြောလိုက်ပါတယ်။ အဲဒီနောက် ကိစ္စက အေးအေးဆေးဆေးပဲ ပြီးသွားပါတယ်။ ဒါပေမယ့် ကိစ္စမပြီးနိုင်တာက ထောင်အာဏာပိုင်တွေပါ။

ဖော်ပြခဲ့တဲ့ ၀င်းနိုင်လိုပဲ ဇော်မျိုးအောင်ကို ထောင်အာဏာပိုင်တွေက တဖက်သတ် ညှိုးထား၊ တေးထားတာတွေ ရှိတော့ အချက်ပေါ်ပြီ ဆိုပြီး နောက်နေ့မှာ ဇော်မျိုးအောင်နဲ့ စကားများတဲ့ အကျဉ်းသားကို ထောင်အာဏာပိုင်တွေက ခေါ်ယူလိုက်ပါတယ်။

ပြီးတော့ အဲဒီ အကျဉ်းသားကို `သူနဲ့ ဇော်မျိုးအောင် ညက ရန်ဖြစ်တယ်။ ဇော်မျိုးအောင်က သူ့ကို ထိုးကြိတ်ဖို့ ကြိုးစားတယ်။ ထောင်အာဏာပိုင်တွေကို စော်ကားမော်ကား ပြောတယ်။ ဆရာမောင်မောင်နဲ့ နိုင်ငံရေး စကားတွေ ပြောတယ်´ စသဖြင့် အချက်အလက်တွေ လုပ်ကြံပြီး အထက်အာဏာပိုင်တွေကို တိုင်တန်းဖို့ သင်ပေးပါတယ်။

အဲဒီ အကျဉ်းသားက `အဲဒီလို ဟုတ်မှမဟုတ်တာ၊ မတိုင်ချင်ဘူး´ လို့ ပြောတော့ အဲဒီအကျဉ်းသားကို အမျိုးမျိုး ခြိမ်းခြောက်ပြီး `တိုင်ရမယ်´ လို့ ပြောတာနဲ့ နောက်ဆုံး အဲဒီ အကျဉ်းသား တိုင်ရပါတော့တယ်။ အဲဒီလိုနဲ့ နောက်ဆုံး ဘယ်လိုမှ ရှင်းခွင့် မရှိတော့ဘဲ ဇော်မျိုးအောင်နဲ့ ဆရာမောင်မောင်တို့ကို ဒေါက်ခြေကျင်းခတ်၊ တိုက်ပိတ်ပြစ်ဒဏ် (၃)လ ပေးလိုက်ပါတော့တယ်။

တခါတုန်းကလည်း သရက်ထောင်မှာ ထောင်ဝင်စာကိစ္စနဲ့ ပတ်သက်လို့ ပြဿနာ တခု ဖြစ်ခဲ့ပါသေးတယ်။ သက်ဆိုင်ရာ မိသားစုနဲ့ ထောင်ဝင်စာ တွေ့ပြီးချိန်မှာ `ပုံစံ´ လို့ ထောင်အာဏာပိုင်တွေက အချက်ပေး အော်လိုက်တာနဲ့ တပြိုင်နက် အဲဒီ အကျဉ်းသားဟာ မိသားစုနဲ့ စကားပြောနေတာကို ချက်ချင်းရပ်၊ ထောင်အာဏာပိုင်တွေ ရှေ့မှာ ဒူးတုပ်၊ ခေါင်းငုံ့၊ ဇက်ချိုးပြီး ထိုင်ပေးရမယ်လို့ အမိန့်ထုတ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား အားလုံး အံ့အားသင့်သွားကြပါတယ်။ ထောင်ထဲမှာ ကိုယ်နေနေရတဲ့ ဆင်းရဲ ပင်ပန်းပြီး အောက်တန်းနောက်တန်းကျ နေနေရတဲ့ ဘ၀ကို အပြင်က ကိုယ့်မိသားစု မြင်သွား၊ သိသွားပြီး စိတ်ဆင်ရဲကြမှာကို ဘယ်အကျဉ်းသားမှ မလိုလားကြပါဘူး။ ကိုယ့်ဒုက္ခနဲ့ ကိုယ် ကြိတ်မှိတ်သာ ခံချင်ကြပါတယ်။ မိသားစုတွေ အနေနဲ့ သူတို့ ရှေ့မှောက်မှာ ထောင်အာဏာပိုင်တွေရှေ့ ဒူးတုပ် ခေါင်းငုံ့ပေးနေရတာကို မြင်သွားရင် ဘယ်လိုလုပ် စိတ်ချမ်းသာ နိုင်ပါ့မလဲ။

အဲဒီလိုနဲ့ ထောင်ဝင်စာ တွေ့ချိန်ကျတော့ ရပ်ဝေးကနေ မိသားစုတွေ ရောက်လာကြပါတော့တယ်။ အဲဒီမှာ သက်ဆိုင်ရာ နိုင်ငံရေး အကျဉ်းသားတွေက `ဘယ်သူမှ ထောင်ဝင်စာ ထွက်မတွေ့ကြဘူး´ ဆိုပြီး မိမိတို့ရဲ့ ထောင်ဝင်စာ အခွင့်အရေးကို အဆုံးရှုံးခံလိုက်ကြပါတယ်။ တကယ်တော့ `မိသားစုနဲ့ ထောင်ဝင်စာတွေ့တယ်´ ဆိုတာက ထောင်ထဲမှာ ဒုက္ခတွေခံနိုင်ဖို့ အသက်ဆက်ပေးတဲ့ အရာလို့ ခံစားရတာမို့ ထောင်ဝင်စာတွေ့ခွင့်ကို ဘယ်အကျဉ်းသားမှ လက်လွတ် အဆုံးရှုံးမခံချင်ကြပါဘူး။ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လူ့သိက္ခာ ချိုးနှိမ်ရုံမက ဘာမှမဆိုင်တဲ့ အပြင်က မိသားစုကိုပါ စိတ်ဆင်းရဲအောင် လုပ်တာမို့ အခုလို ထောင်ဝင်စာတွေ့ခွင့် အဆုံးရှုံးခံကြတာပါ။

အဲဒါမျိုးအပြင် နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းတာမျိုးတွေလည်း ရှိပါသေးတယ်။ အကျဉ်းသားတွေနဲ့ အပြင်က သက်ဆိုင်ရာ မိသားစုတွေ ဒုက္ခမရောက် ရောက်အောင် လုပ်တာပါ။ ရန်ကုန်က အကျဉ်းသားကို မြင်းခြံထောင်၊ မန္တလေးထောင်ကို ပြောင်း၊ မန္တလေးက အကျဉ်းသားကို ရန်ကုန်ထောင် ပြောင်း၊ အဲဒီလို ရှုပ်ရှက်ခပ်နေအောင် လုပ်တော့ အကျဉ်းသား ပြောင်းတဲ့နောက် သက်ဆိုင်ရာ မိသားစုတွေ လိုက်တွေ့ရတာ ပိုက်ဆံလည်းကုန်၊ လူလည်း ပင်ပန်း၊ စိတ်ဓာတ်လည်း ကျကြပါတယ်။ ဒါ့အပြင် ရန်ကုန်ဇာတိ ညီအကို ဒါမှမဟုတ် သားအဖတွေဆိုရင်လည်း တယောက်ကို သရက်ထောင်၊ နောက်တယောက်ကို မန္တလေးထောင် စသဖြင့် လူစုခွဲပြီး ပြောင်းရွှေ့ပစ်ပါတယ်။ ရန်ကုန်မှာ ရှိတဲ့ မိသားစုက သားကို သရက်ထောင်သွားတွေ့ပြီး ခင်ပွန်းဖြစ်သူကို တခါ မန္တလေးထောင်မှာ ပြေး တွေ့ရပြန်ပါတယ်။

စစ်အစိုးရခေတ် ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို မတရား ရိုက်နှက် ညှဉ်းပန်း နှိပ်စက်တာတွေ၊ သူတို့ကိုရော၊ မိသားစုတွေကိုပါ ဒုက္ခ မရောက်ရောက်အောင် ကြံဖန် လုပ်ဆောင်တာမျိုးတွေဟာ ပြောမကုန်ပါဘူး။

တခါတခါလည်း အကျဉ်းသားကို နာမ်နှိမ်နေတဲ့ အနေနဲ့ တမင် ချိုးတဲ့ အနေနဲ့ ရိုက်နှက်နေချိန်မှာ ယောက်ျားရင့်မကြီး စင်စစ် ဖြစ်ရက်နဲ့ `ကြောက်ပါပြီရှင့်´ လို့ အော်ခိုင်းတာမျိုးတွေ၊ ကိုယ့်နာမည်ရှေ့မှာ မိန်းမလို `မ´ တတ်ခိုင်းပြီး ဥပမာ `ကိုဇော်ဝင်း´ ဆိုရင် `မဇော်ဝင်းပါရှင့်´ လို့ အော်ခိုင်းတာမျိုးတွေလည်း လုပ်တတ်ပါသေးတယ်။ အဲဒီလို မပြောသူ မအော်သူဆိုရင် မျော့နေအောင် အရိုက်ခံရတော့တာပါ။

တချို့ဆိုရင် ရိုက်လို့ နာတဲ့ဒဏ် မခံနိုင်လွန်းတော့လို့ ၀ိုင်း ရိုက်နေတဲ့ကြားထဲက အတင်းရုန်းထ၊ အနီးက အုတ်နံရံကို ခေါင်းနဲ့ ပြေးဆောင့်ပြီး ကိုယ့်ကိုယ်ကို သတိလစ်သွားအောင် လုပ်ယူတာမျိုးတွေတောင် ရှိပါတယ်။ ဒါတောင် သရက်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတဦး အရိုက်ခံနေရတာ မခံနိုင်လွန်းတော့လို့ အဲဒီလိုမျိုး အုတ်နံရံနဲ့ ခေါင်း ပြေးဆောင့်လိုက်တာ သတိလစ်မသွားဘဲ ခေါင်းတင် ကွဲသွားတော့ သူ့ကို အုတ်နံရံနဲ့ ခေါင်း မတိုက်နိုင်အောင် အုတ်နံရံနဲ့ ဝေးလံတဲ့ ကွင်းပြင်ထဲ ဆွဲခေါ်သွားပြီး အဲဒီမှာ ထောင်ဝါဒါတွေက တက်နင်းပြီး ဆက်ရိုက်ကြပြန်ပါတယ်။ အဲဒါနဲ့တင် ကိစ္စ မပြီးသေးပါဘူး။ အုတ်နံရံနဲ့ ခေါင်း ပြေးတိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး `ရိုက်နေတာကို ငြိမ်မခံဘူး၊ အဲဒီအတွက် ငြိမ်မခံတဲ့ အပြစ် ကျူးလွန်တယ်။ ထောင်ဥပဒေ ချိုးဖောက်တယ်´ ဆိုပြီး သူ့ကို ဒေါက်ခြေကျင်းခတ် တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်ပါသေးတယ်။

ဆက်ရန်…

Monday, November 19, 2007

ဆောင်းအ၀င်…

ဆောင်းတပတ် လည်ခဲ့ပြန်ပါပြီ။

တွေ့ရာနေရာတိုင်းမှာ ရွက်ကြွေတွေ တဖျောဖျောနဲ့ လေတိုက်တိုင်း တသောသောမျောနေလိုက်ကြတာ တချို့အရွက်တွေက မြက်ခင်းပေါ်မှာ အစိမ်းရောင် ကတ္တီပါပေါ် ကျဲချထားဟန်နဲ့ ဒီနှစ်အတွက် သူတို့ရဲ့ နောက်ဆုံး အချိန်ကို အတတ်နိုင်ဆုံး အလှဆင်နေကြသေးတယ်။ တချို့အရွက်ခမျာမှာတော့ လေရဲ့ သယ်ယူရာကြောင့် ကားလမ်းမထက် လွင့်ကြွေရှာရင်း ဝေါခနဲ ဖြတ်သွားတတ်တဲ့ ကားဘီးတွေအောက်မှာ ကြေမွသွားကြလေရဲ့…။

တဖြည်းဖြည်း အေးစက်လာတဲ့ ရာသီဥတုက တစုံတယောက်ရဲ့ `ငါတို့လာပြီဟေ့´ လို့ တပ်လှန့်သံလိုလိုပါပဲ။ ဟုတ်ပါတယ်။ သူတို့ လာပါတော့မယ်။ ဖြူလွှလွှအဆင်းနဲ့ အင်မတန် အမြင်တင့်ပေမယ့် စိမ့်နေအောင် အေးတဲ့ အရသာကို ပေးစွမ်းမယ့် နှင်းပွင့်တွေ လာတော့မှာပါ။ စိမ်းစိုစို မြင်ကွင်းတွေနဲ့အတူ နေသာထိုင်သာ ရှိလှတဲ့ နွေရဲ့ သရုပ်သကန်ကတော့ လအတန်ကြာအောင် ပုန်းလျှိုးကွယ်လျှိုးနဲ့ အနားယူနေပါတော့မယ်။


ဘာအရွက်မှ မရှိတော့တဲ့ အဲဒီအပင်ကြီးကတော့ အေးခဲတဲ့ နှင်းပွင့်တွေကို ကြိုဆိုဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သူ့ဆီကနေ ကြွေချမြေခတဲ့တဲ့ အရွက်အတော်များများကတော့ ဘယ်ဆီဝယ်မသိ လွင့်ပျောက်ခဲ့ပါပြီ။ နွေရာသီတုန်းက အပင်အုပ်အုပ်တွေရဲ့ အားကိုးနဲ့ လူမမြင်အောင် ပုန်းခိုနေတဲ့ ခပ်လှမ်းလှမ်းက စက်ရုံကတော့ တဟီးဟီးတဟဲဟဲ အသံပေးလို့ ရိုးတံပြိုင်းပြိုင်း အပင်တွေနဲ့ အပြိုင် အကျည်းတန်နေရှာတယ်။

မွေးရပ်မြေ ရွှေပြည်ကြီးမှာတော့ ဒီအချိန်ကာလဟာ အခု မြင်နေရတဲ့ မြင်ကွင်းတွေလို ဘယ်ဟုတ်ပါ့မလဲ။ ဆောင်း ဆိုတာကလည်း အင်မတန်မှ နေသာထိုင်သာရှိလှတဲ့ဆောင်း…။ မနက်စောစောမှာ မြူခိုးတွေ ဝေနေမယ့် တောင်တန်းပြာတွေ၊ စိမ်းစိုနေဆဲ တောအုပ်ငယ်တွေ၊ ရွှေဝါရောင် စပါးခင်းတွေနဲ့ အင်မတန်မှ လှလိုက်မယ့်ဆောင်း။ ဒီနိုင်ငံက ဆောင်းလို သေလုအောင် မအေးတဲ့ ဆောင်း…။ စာဖွဲ့ချင်စရာ ဆောင်းညချမ်းနဲ့ ပနံရလှတဲ့ ဆောင်းရယ်ပါ…။



ဘယ်လိုပဲဖြစ်ဖြစ် တနှစ်မှာ အရောင်လေးမျိုးလောက် ပြောင်းလေ့ရှိတဲ့ ဟောဒီ မေပယ်လ်ပင်ကြီးတွေရဲ့ အလှကြွယ်မှုကိုတော့ အသိအမှတ် မပြုလို့ မရပါဘူး။ အခုပဲ ကြည့်လေ…၊ ဟိုးခပ်ဝေးဝေး လမ်းတဖက်ခြမ်းက အပင်တွေက မီးလောင်ပြင်မြင်ကွင်းလို့ သွေ့ခြောက်နေပေမယ့် သူကတော့ စိမ်းတချို့ ၀ါတသွယ် လက်ကျန် အရွက်တွေနဲ့ လှဂုဏ်မောက်နေဆဲ…။ လေနတ်သားရဲ့ ပံ့ပိုးမှုနဲ့အတူ ယိမ်းနွဲ့နေတဲ့ သူ့ဟန်ပန်က အခုအချိန်ထိတော့ လှနေဆဲပါပဲ။




ဒီကွင်းလေးမှာ ကျနော်တို့ရဲ့ အလုပ်ရုံ ဒါဘီပွဲအဖြစ် မြန်မာ-မက္ကဆီကို ဘောလုံးပွဲကို နွေရာသီ တရာသီပတ်လုံး ကစားခဲ့ကြတယ်။ ပုံမှန်အားဖြင့် တလတခါ ရိတ်ဖြတ်ပေးဖို့ လိုအပ်တဲ့ မြက်ခင်းခမျာလဲ ကမ္ဘာကျော် ဘောလုံးသမားကြီးများ ကျနော်တို့ရဲ့ဒဏ်ကြောင့် တချိန်လုံး ငြိမ်ကုပ်နေရရှာတယ်။ ဆောင်းတွင်းကျတော့လဲ အေးခဲလှတဲ့ နှင်းဖတ်တွေကို တနှစ်ပတ်လုံးလိုလို ထမ်းပိုးကြရအုံးမယ်။ အခုအချိန်မှာတော့ အပင်တွေပေါ်က ခုန်ဆင်းလာတဲ့ အရွက်တွေကို တပျော်တပါးကြီး လက်ခံလို့ သူကလည်း အလှတမျိုး ဆင်နေလေရဲ့…။

ဒီကွင်းပြင်လေးမှာပဲ တခါတလေမှာ ကျနော်တို့ ချစ်ချစ်ကြည်ကြည်နဲ့ ဘောလုံး ကစားပွဲကို ပုံဖော်ခဲ့သလို တခါတလေမှာတော့ တွန်းတိုက်ကန်ကျောက်ရင်း ငြင်းခုန်ကြရတယ်။ တခါတလေမှာ ကျနော်တို့ အနိုင်ရသလို တခါတလေမှာ ခေါင်းမဖော်နိုင်လောက်တဲ့ အရှုံးဂိုးတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။ တခါတလေမှာ ကျနော်တို့ ကန်သွင်းဖို့ ကြိုးစားတဲ့ ဂိုးက တည့်မတ်သလို တခါတလေမှာတော့ ဘောလုံးက ဟိုးခပ်ဝေးဝေး ကားလမ်းဆီ ရောက်သွားလေ့ရှိတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဘောလုံးကစားခဲ့တာလည်း သေချာခဲ့ပါတယ်။




`ဟေး၊ ဘာလုပ်နေတာတုန်းကွ´

အသံ တခုကြားလို့ လှည့်ကြည့်လိုက်တော့ အားရပါးရပြုံးနေတဲ့ မျက်နှာတခု အလုပ်ရုံ ပြတင်းဝမှာ ပေါ်လာပါတယ်။

သူပြုံးတာကို ကြည့်ရတာ ပေါ့ပါးလွန်းလှတာနဲ့ `ခဏလေး၊ ခဏလေး´ ဆိုပြီး အဲဒီ အပြုံးကို အမိအရ ဖမ်းယူ ပုံရိုက်ကူးလိုက်တယ်။

သူ့ပုံကို ကြည့်ရတာ (ကျနော်တို့ မြန်မာမျက်စိအရ) ချောမောသူ တယောက်မဟုတ်…၊ ရိတ်သင်ခါစ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေး ဟိုတစဒီတစနဲ့ အိပ်ရေးမ၀ဟန် မျက်လုံးဝါကျင်ကျင်တွေက ချောမောဟန် အသွင်ကို လုံးဝဆောင်မနေပါ။ ဒါပေမယ့် သူပြုံးနေတဲ့ အပြုံးကတော့ ကြည်စင်လွန်းလှပြီး လောဘ၊ဒေါသ၊ မောဟ ကင်းစင်လွန်းဟန် ရှိလှတယ်လို့ ထင်မိတယ်။ ကျနော်တို့ရော…၊ ပြုံးခဲ့လိုက်တိုင်း အဲဒီလို ကြည်လင်ခဲ့ပါသလား…။

`ကလင်…ကလင် (((((((((((´

အချိန်ကာလတခုကို သတိပေးချင်ဟန် ဘဲလ်သံက ကျနော့်ကို `ပြန်လာခဲ့တော့´ လို့ ဆင့်ခေါ်လိုက်တယ်။ နာရီကို ကြည့်မိတော့ နေ့လည် ၁၂ နာရီခွဲ။ အလုပ်ရုံထဲကို ပြန်ဝင်လိုက်တယ် ဆိုရင်ပဲ စောစောက မြင်ကွင်းတွေက တမဟုတ်ခြင်း ပျောက်ကွယ်သွားပြီး ဆူညံနေတဲ့ စက်သံတွေက အဆင်မပြေလှစွာနဲ့ ကျနော့်ကို ကြိုဆိုလိုက်ပါတော့တယ်။


ကလိုစေးထူး


Sunday, November 18, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၉)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

န၀တညှဉ်းပန်းရေး စခန်းများ
(ပထမပိုင်း)

ကွန်မြူနစ် မြေအောက်ယူဂျီအဖွဲ့ကို ၁၉၈၉ ခုနှစ်မှာ ဖမ်းမိတော့ သူတို့ထဲက လေးဦးကို မြေကျင်း တကျင်းစီမှာ တကိုယ်လုံး ထည့်မြုပ်၊ မြေကြီးပေါ်မှာတော့ ခေါင်းတွေတင် ဖော်ပေးထားပါတယ်။ အဲဒီလို မြေမြုပ်ထားချိန်မှာ သူတို့ မျှော်လင့်ထားတာကတော့ မြေကြီးပေါ် ပေါ်နေတဲ့ ခေါင်းတွေပေါ် ပျားရည် လာလောင်းမယ်။ ပြီးရင် ကရင်နီတွေ၊ ပုရွက်ဆိတ်တွေ လွှတ်မယ်လို့ပါ။

ဒါပေမယ့် ပျားရည်လည်း လာမလောင်း၊ ကရင်နီတွေလည်း မလွှတ်ဘဲ ထောက်လှမ်းရေးတွေသာ ရောက်လာပါတယ်။ ရောက်လာတယ် ဆိုရင်ပဲ ဘာမပြော ညာမပြောနဲ့ မြေကြီးပေါ် ပေါ်ရုံပေါ်နေတဲ့ သူတို့ ခေါင်းတွေကို စစ်ဖိနပ်နဲ့ ကျုံးကျုံး ကန်တော့သတဲ့။ `အဲဒါမျိုး စာအုပ်တွေထဲ ဖတ်လဲ မဖတ်ဖူးဘူး။ ကြားလည်း မကြားဖူးဘူး။ တော်တော်မိုက်ရိုင်း စုတ်ပဲ့တဲ့ ကောင်တွေကွာ´ လို့ အဲဒီ လေးဦးထဲက တဦးက ပြန်ပြောပါတယ်။

နိုင်ငံတိုင်း အစိုးရတိုင်းမှာ ထောက်လှမ်းရေးနဲ့ အကျဉ်းထောင်ဆိုတာ ရှိကြစမြဲပါ။ ပြည်သူတွေရဲ့ ဘ၀ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ လေးစားလိုက်နာရေး၊ ပြည်သူတွေ အထိတ်ထိတ် အလန့်လန့် ကြောက်ရွံ့ မနေစေရတို့အတွက် လိုအပ်တာမို့ ထောက်လှမ်းရေး အကျဉ်းထောင်ဆိုတာ ရှိကြရတာပါ။ ဒါပေမယ့် အဲဒီလို အဖွဲ့အစည်းတွေဟာ ဖော်ပြခဲ့တဲ့ ရည်ရွယ်ချက်တွေကနေ သွေဖည်ပြီး သူတို့ကိုယ်တိုင်က ပြည်သူတွေကို ဖိနှိပ် ညှဉ်းပန်း နှိပ်စက်ပြီး အကြောက်ကြောက် အလန့်လန့် ဖြစ်အောင်၊ လုံခြုံမှု ကင်းမဲ့အောင် လုပ်နေတယ် ဆိုရင်တော့ ထောက်လှမ်းရေးနဲ့ အကျဉ်းထောင်တွေကို ပြည်သူတွေက ရွံရှာ မုန်းတီးလာကြတော့မှာပဲ မဟုတ်လား။

စစ်ပွဲပေါင်းများစွာနဲ့ ကမ္ဘာစစ်ကြီး (၂)ကြိမ် ကြုံတွေ့ခဲ့ရပြီးနောက် စစ်ပွဲအတွင်း ၀မ်းနည်းကြေကွဲဖွယ် ကြုံတွေ့ခဲ့ရတဲ့၊ ဘယ်လိုမှ မထိန်းနိုင် မသိမ်းနိုင်ခဲ့တဲ့ ခြောက်ခြောက်ခြားခြား အနိဋ္ဌာရုံတွေ၊ ဆိုးဆိုးဝါးဝါး လူမဆန်မှုတွေကို နောင်မှာ ရှောင်ရှားနိုင်ဖို့၊ ထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်းတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ပညာရှင်တွေ စဉ်းစားတွေးခေါ်ခဲ့ကြ၊ အဖြေရှာခဲ့ကြပါတယ်။

အဲဒီလိုနဲ့ စစ်ပွဲအတွင်း လိုက်နာရမယ့် ဥပဒေတွေ၊ ဖမ်းမိတဲ့ ရန်သူ့သုံ့ပန်းတွေအပေါ် ဆက်ဆံ ကျင့်သုံးရမယ့် ဥပဒေတွေ စသဖြင့် ဥပဒေများစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ ဥပဒေတွေရဲ့ ရည်ရွယ်ချက်က လူမဆန်မှုတွေ၊ လက်နက်အားကိုးနဲ့ ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်မှုတွေ၊ အာဏာကို အလွန်အကျွံ သုံးစွဲပြီး တရားလက်လွတ် ဥပဒေမဲ့ ထင်ရာစိုင်းမှုတွေကို တားဆီး ဟန့်တားနိုင်ဖို့ ဖြစ်ပါတယ်။

အဲဒီလိုနဲ့ အကျဉ်းထောင်တွေမှာလည်း အကျဉ်းသားတွေကို ကျေးကျွန်တွေလို၊ တိရိစ္ဆာန်တွေလို ဖိနှိပ် မဆက်ဆံဖို့ တားမြစ် ဟန့်တားချက်တွေ ရှိလာသလို ထောက်လှမ်းရေး ဌာနတွေမှာလည်း သတင်းအချက်အလက်တွေ ရရှိဖို့ ဖမ်းဆီးထားသူတွေကို ညှဉ်းပန်း နှိပ်စက်ခြင်း မပြုရ၊ ညှဉ်းပန်း နှိပ်စက် ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ဖြောင့်ချက် မယူရ အစရှိသဖြင့် တားမြစ်ချက်တွေ ဥပဒေတွေ ရှိလာပါတယ်။ ဒါ့အပြင် အဲဒီ ဥပဒေနဲ့ တားမြစ်ကန့်သတ်ချက်တွေကို ဖောက်ဖျက် ကျူးလွန်ကြောင်း နစ်နာသူ ကာယကံရှင်က ဖြစ်စေ၊ ကာယကံရှင်ကိုယ်စား ဖြစ်စေ တိုင်တန်းရင် ကျူးလွန်သူ အာဏာပိုင်နဲ့ အစိုးရကို တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်။

သဘောကတော့ လူသားတွေရဲ့ ယဉ်ကျေးမှု မြင့်တက်လာတာပါ။ ယဉ်ကျေးတဲ့ ဒီကနေ့ ခေတ်မှာ လူရိုင်းခေတ်တုန်းကလိုဘဲ ရိုင်းစိုင်းတဲ့၊ ရက်စက်တဲ့၊ တရားမဲ့တဲ့ လုပ်ရပ်တွေ အစိုးရတွေ ရှိနေသေးတာဟာဖြင့် ၀မ်းနည်းစရာ၊ ရှက်စရာပါပဲ။

အဲဒီ ဥပဒေတွေကို တကမ္ဘာလုံးက လူယဉ်ကျေး အစိုးရ ထောက်လှမ်းရေးတွေက လေးစားလိုက်နာကြပေမယ့် န၀တ စစ်အစိုးရ ထောက်လှမ်းရေးတွေကတော့ ခေါင်းထဲတောင် မထည့်ပါဘူး။ န၀တ ထောက်လှမ်းရေးတွေရဲ့ ထုံးစံလို ဖြစ်နေတဲ့ လုပ်နည်းလုပ်ဟန် တချို့ကို ဖော်ပြလိုပါတယ်။

***

န၀တ ထောက်လှမ်းရေးက လူတယောက်ကို ဖမ်းသွားပြီဆိုရင် နည်းမျိုးစုံနဲ့ ရိုက်နှက်တာ၊ မခံမရပ်နိုင်လောက်အောင် ညှဉ်းပန်းနှိပ်စက်တာတွေအပြင် ရေ မတိုက် ထမင်းမကျွေးဘဲ ရက်ပေါင်းများစွာ ထားပါတယ်။ ဒါ့အပြင် (၃)ရက်လောက်ကနေ (၁၀)ရက်လောက်အထိ အိပ်ခွင့် မပေးပါဘူး။ နေ့တွေ ညတွေကလည်း မကွဲ၊ အိပ်လည်း မအိပ်ရ၊ ဒီကြားထဲ ဒလစပ် ရိုက်နှက်ညှဉ်းပန်း၊ မေးခွန်းကလည်း ရပ်တယ် မရှိဘဲ ဒလစပ် မေး ဆိုတော့ (၃) (၄) ရက်ကြာလာရင်ပဲ သိပ်ပြီး သတိကောင်းသူတွေ၊ သတိထားသူတွေက လွဲရင် အဖမ်းခံထားရသူတွေဟာ များသောအားဖြင့် ကယောင်ခြောက်ခြား ဖြစ်စ ပြုလာပါတယ်။ ညှဉ်းပန်းရာမှာလည်း တုတ်တွေ၊ စစ်ဖိနပ်တွေနဲ့ ၀ိုင်းကန် ၀ိုင်းရိုက်တာမျိုး ခန္ဓာကိုယ် မခံမရပ်နိုင်အောင် နာကျင် ပင်ပန်းအောင် နည်းမျိုးစုံ သုံးပြီး လုပ်တာမျိုးတွေက ထုံးစံပါပဲ။ ဒါ့အပြင် လျှပ်စစ်ဓာတ်လွှတ်ပြီး ရှော့ခ်ရိုက်တာမျိုးတွေ ရှိသလို မြေတွင်းထဲ ပစ်ချတာမျိုးတွေလည်း ရှိပါတယ်။ ဆယ်တန်းကျောင်းသား ရဲမော်ထူးဆိုရင် မြွေနဲ့ လွှတ်ပေးလို့ အခန်းထဲမှာ သတိလစ် မေ့မျောသွားဖူးပါတယ်။

အစဉ်အလာလည်း ရှိ၊ အများလေးစားခြင်းလည်း ခံရတဲ့ နာမည်ကြီး နိုင်ငံရေးသမားဟောင်းကြီး တဦးဆိုရင် သူ့ကို ခြေဖျားထောက် မတ်တပ် ရပ်ခိုင်းထားပြီး ခြေဖနောင့်အောက်မှာ ပင်အပ်တွေ ထောင်ထားပါတယ်။ ပင်အပ်စူးမှာ စိုးလို့ ခြေဖျားထောက်ထားရာကနေ ခြေထောက်ကို အောက်မချရဲဘူးလို့ ဆိုပါတယ်။

`ဒါပေမယ့် ခြေဖျားထောက်ထားရတာ ကြာလာတော့ လူက မခံနိုင်တော့ဘူး။ တဆတ်ဆတ် တုန်လာတယ်။ နောက်ဆုံး ဘယ်လိုမှ မခံနိုင်တော့တာနဲ့ စူးလည်း စူးပစေတော့ ဆိုပြီး ပင်အပ်တွေကို နင်းချလိုက်ရတယ်´ လို့ အဲဒီ နိုင်ငံရေးသမားဟောင်းကြီးက ပြန်ပြောပါတယ်။ (တကယ်တော့ အဲဒီလို အစဉ်အလာရှိသူ ပုဂ္ဂိုလ်ကြီးတွေကို ဘယ်လို အကြောင်းနဲ့မှ အဲဒီလိုမျိုး မဆက်ဆံသင့်ဘူး မဟုတ်လား)။

တရားဥပဒေမှာ `အပြစ် ထင်ရှားကြောင်း တရားရုံးက မဆုံးဖြတ်ရသေးသရွေ့ တရားခံတဦးကို အပြစ်မရှိသူ အဖြစ် ယူဆ သတ်မှတ်ထားရမယ်´ လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ အဲဒီ တရားဥပဒေ ဖွင့်ဆိုချက်အရ ကြည့်ရင် အခုလို ညှဉ်းပန်း နှိပ်စက်တာဟာ အပြစ်မရှိသူတွေကို ညှဉ်းပန်း နှိပ်စက်နေတာမို့ အဲဒီ ထောက်လှမ်းရေး သမားတွေဟာ ရာဇ၀တ်မှု ကျူးလွန်နေသူတွေပဲ မဟုတ်ပါလား။

သန်လျင် ရေနံချက်စက်ရုံကို ဗုံးခွဲဖို့ဆိုပြီး ဗုံးထောင်တဲ့ ကိစ္စကို ထောက်လှမ်းရေးက တရားခံ ရှာပုံကတော့ သန်လျင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အဖွဲ့ဝင်တွေကို ဘာမဆိုင်ညာမဆိုင် ဖမ်းဆီးလိုက်တာပါ။ အဲဒီနောက် ညှဉ်းပန်းနှိပ်စက်ပြီး ဗုံးတောင် မမြင်ဖူးတဲ့ သူတို့ကို `အဲဒီဗုံး သူတို့ ခွဲပါတယ်´ လို့ ဖြောင့်ချက် အတင်းပေးခိုင်းပါတယ်။ နောက်ဆုံး နှိပ်စက် ညှဉ်းပန်းတာ မခံနိုင်တော့လို့ လူငယ်အဖွဲ့ဝင်တွေက ဖြစ်ချင်ရာ ဖြစ်တော့ ဆိုပြီး ထောက်လှမ်းရေးတွေက သူတို့ဘာသာသူတို့ အရန်သင့် ရေးထားတဲ့ ဖြောင့်ချက် အတုကြီးကို လက်မှတ်ထိုး ပေးလိုက်ရပါတယ်။ အဲဒီနောက် စစ်ခုံရုံးက သူတို့ကို သေဒဏ် ချလိုက်ပါတယ်။ နောက်နေ့ကျတော့ အဲဒီ ဖြောင့်ချက် အတုကြီးကို သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး တရားခံ အစစ်ကို ဖမ်းမိတဲ့ အကြောင်း သတင်းစာ၊ ရေဒီယို၊ တီဗွီတွေကနေ ဗိုလ်ချုပ်ခင်ညွှန့်က ပြည်သူတရပ်လုံးကို တခမ်းတနား လိမ်ပါတော့တယ်။

နောက်ပိုင်း `သန်လျင် ရေနံချက်စက်ရုံဗုံးကို သူပဲ ထောင်ခဲ့တာပါ´ လို့ မြို့တော်ခန်းမဗုံးကို ထောင်ခဲ့သူ ကိုကိုနိုင်က ၀န်ခံလိုက်တော့ န၀တ ထောက်လှမ်းရေး အရှက်ကွဲသွားပါတယ်။ ဒါပေမယ့် အဲဒီကိစ္စ တိုင်းပြည်ကို မကြေညာရဲပါဘူး။ အဲဒီလို ကာယကံရှင် အစစ်အမှန်က ၀န်ခံထားတာတောင် သန်လျင် အဖွဲ့ချုပ်လူငယ်တွေကို ထောင်က ပြန်လွှတ်မပေးသလို သေဒဏ်အပြစ်ကနေလည်း န၀တက ရုပ်သိမ်း မပေးပါဘူး။

တရားဥပဒေမှာ `အပြစ်ရှိသူ ဆယ်ယောက်လွတ်ရင် လွတ်သွားပလေ့စေ။ အပြစ် မရှိသူ တယောက်ကို မှားပြီး အပြစ်ဒဏ် မပေးမိစေရ´ ဆိုတဲ့ ဆောင်ပုဒ် ရှိပါတယ်။ လူတွေကို တန်ဖိုးထား လေးစားစိတ်၊ စာနာစိတ်ကြောင့် အဲဒီ ဆောင်ပုဒ် ဖြစ်လာတာပါ။

န၀တ စစ်အစိုးရရဲ့ ဆောင်ပုဒ်ကတော့ `အပြစ်မရှိသူ အယောက်တရာကို ဖမ်းပြီး အပြစ်ပေးမိရင် ပေးမိပလေ့စေ၊ အပြစ်ရှိသူ တယောက် လွတ်မသွားစေနဲ့´ ဆိုတဲ့ ဆောင်ပုဒ် ပြောင်းပြန် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘာအပြစ်တခုမှ မရှိဘဲနဲ့ ထောက်လှမ်းရေးနဲ့ အကျဉ်းထောင်တွေထဲမှာ အနှိပ်စက် အညှဉ်းပန်းခံနေရသူတွေ န၀တခေတ်မှာ မနည်းတာပါ။

၁၉၈၈ ခုနှစ်အတွင်း သင်္ကန်းကျွန်း၊ ဘီအိုစီ ခေါင်းဖြတ်သတ်မှုမှာ `ကိုကိုနိုင် ဆိုတဲ့လူ ပါတယ်´ လို့ သတင်းထွက်တော့ `ကိုကိုနိုင်´ နာမည်နဲ့ လူတွေကို လိုက်ဖမ်းပါတော့တယ်။ နောက်ဆုံး ခေါင်းဖြတ်သတ်မှုမှာ ပါဝင်တဲ့ တကယ့်ကိုကိုနိုင် အစစ်ကို ဖမ်းမိချိန်မှာတော့ ကိုကိုနိုင်နာမည်နဲ့ တခြားလူနှစ်ယောက်ကို ထောင်ဒဏ် ဆယ့်ငါးနှစ်နဲ့ ဆယ့်ရှစ်နှစ်စီ အပြစ် ပေးပြီးသွားပါပြီ။ ထောက်လှမ်းရေးမှာလည်း နည်းမျိုးစုံ သုံးပြီး ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်ပြီးပါပြီ။ အမှန်တကယ် ကျူးလွန်တဲ့ ကိုကိုနိုင်ကို ဖမ်းမိပြီး ထောင် အနှစ်နှစ်ဆယ် ချလိုက်ပေမယ့် အရင် ဖမ်းထားတဲ့ ကိုကိုနိုင် နှစ်ယောက်ကို လွှတ်မပေးဘဲ အင်းစိန်ထောင်မှာ ဆက်ပြီး ထောင်ချထားပါတယ်။

တခါတုန်းက အဲဒီအပြစ်မဲ့ ကိုကိုနိုင် နှစ်ယောက်ထဲက တယောက်နဲ့ ကျနော် ထောင်ဝင်စာ အတူ ထွက်ရပါတယ်။ သူ့ကို သူ့မိန်းမနဲ့ သုံးလေးနှစ် အရွယ်သမီးလေးက လာတွေ့ပါတယ်။ ခလေး စကားပြောတတ်စမှာ သူ့ကို ထောက်လှမ်းရေးက ဖမ်းလိုက်တာပါ။ ကြားမှာ သံဇကာ နှစ်ထပ်ခြားပြီး ဟိုဘက်ဒီဘက် တယောက်နဲ့ တယောက် တွေ့ကြချိန်မှာ ကိုကိုနိုင်ရော သူ့မိန်းမပါ စကားမပြောနိုင်ဘဲ တယောက်ကို တယောက် ကြည့်ရင်း ငိုကြွေးကြတာ တွေ့ရပါတယ်။ သမီးလေးကလည်း သံဇကာကို ကိုင်၊ မျက်လုံးထဲ မျက်ရည်အပြည့်၊ မျက်တောင် ပုတ်ခတ် ပုတ်ခတ်နဲ့ သူ့အဖေကို ကြည့်နေတာ သနားစရာပါ။

နိုင်ငံရေး အကျဉ်းသားပဲ ဖြစ်ဖြစ်၊ ရာဇ၀တ်အကျဉ်းသားပဲ ဖြစ်ဖြစ် မတတ်နိုင်တဲ့ အဆုံး `ကိုယ်လုပ်လို့ ကိုယ်ခံရတာပဲ´ ဆိုပြီး ဒုက္ခကို ဖြေနိုင်ကြပေမယ့် ကိုကိုနိုင်တို့လို လူမျိုးတွေကျတော့ ဘယ်လို ဖြေကြမလဲ။

န၀တ ညှဉ်းပန်းရေး စခန်း
(ဒုတိယပိုင်း)

န၀တ ထောက်လှမ်းရေး စခန်းတွေမှာ နိုင်ငံတကာ ကျင့်ဝတ်၊ လူ့ကျင့်ဝတ်နဲ့ ဘာသာတရား အဆုံးအမတွေကို ဘေးဖယ်ပြီး စည်းလွတ်ဝါးလွတ် ပရမ်းပတာ ညှဉ်းပန်း နှိပ်စက်တာ ခံရပြီးလို့ ထောင်ထဲ ရောက်ပြန်တော့လည်း နိုင်ငံရေး အကျဉ်းသားတွေဟာ အဲဒီလိုညှဉ်းပန်း နှိပ်စက်ခံရမှုတွေကနေ လွတ်မြောက် မသွားကြရပါဘူး။ ၁၉၉၀ ခုနှစ်၊ အင်းစိန်ထောင် နိုင်ငံရေး အကျဉ်းသားများ ဆန္ဒပြပွဲနဲ့ သရက်ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ ညှဉ်းပန်း နှိပ်စက်မှု အကြောင်းတွေမှာတုန်းက ကျနော် ဖော်ပြခဲ့တဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေအပြင် တခြားညှဉ်းပန်း နှိပ်စက်မှုတွေလည်း ထောင်ထဲမှာ အများကြီးပါ။

တခါတုန်းက အင်းစိန်ထောင် အမှတ်(၄) အဆောင်မှာ ကျောင်းသားလေးဆယ်လောက်က တောင်ယာ အလုပ်လုပ်ရတော့ ပင်ပန်းလွန်းလို့ `မလုပ်နိုင်တော့ဘူး´ လို့ ထောင်ကို တင်ပြကြပါတယ်။ ထောင်အာဏာပိုင်တွေက `အလုပ် မလုပ်ရင် ထောင်မှာ မနေရဘူး။ တိုက်မှာ သွားနေမှ ရမယ်´ လို့ ပြောပါတယ်။

အဲဒီ အချိန်တုန်းက အင်းစိန်ထောင် တိုက်(၆)တိုက်မှာ နိုင်ငံရေးအကျဉ်းသား ငါးရာလောက် ရှိပါတယ်။ အဲဒီ တိုက်တွေမှာ သွားနေရမယ် လို့ နားလည်ပြီး ကျောင်းသားတွေက `ဒါဆိုရင် တိုက်မှာ သွားနေမယ်´ လို့ ပြောတော့ သူတို့ အားလုံးကို တိုက် ပို့လိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ထားတဲ့ တိုက်တွေကို မဟုတ်ပါဘူး။ ပြစ်ဒဏ်တိုက်ခေါ် စစ်ခွေးတိုက်ကိုပါ။

မကြာပါဘူး။ ထောင်ဝါဒါတွေ ရောက်လာပြီး ကျောင်းသားအားလုံးကို ဘာမပြော ညာမပြောနဲ့ တခန်းချင်း ထုတ်၊ ခြေထောက်တွေကို ဒေါက်ခြေကျင်းခတ်၊ ပြီးတော့ ရက်ရက်စက်စက် ရိုက်နှက်ပြီး တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်ပါတော့တယ်။

အမှန်က တိုက်ပိတ် ပြစ်ဒဏ်ဆိုတာက ကြီးလေးတဲ့ ထောင်စည်းကမ်းမျိုး ချိုးဖောက်မှ ပေးရတာမျိုးပါ။ အခုဟာက `အဆောင်မှာ မနေချင်ရင် တိုက်ထဲ သွားနေရမယ်´ လို့ မလိမ့်တပတ်လုပ် ခေါ်ထုတ်ပြီး စစ်ခွေးတိုက် ရောက်တော့မှ ရိုက်နှက်ပြီးတော့ ထောင်ဥပဒေ ချိုးဖောက်လို့ ဆိုပြီး တိုက်ပိတ် ပြစ်ဒဏ် ပေးတာပါ။

အဲဒီလိုနဲ့ စစ်ခွေးတိုက်မှာ (၁)လ နေရချိန်အတွင်း ကျောင်းသားတွေကို ဒေါက်ခြေကျင်း တောက်လျှောက် ခတ်ထားပြီး နေ့တိုင်း ထုတ်ရိုက်လို့ တချို့ဆိုရင် အရိုက်ခံနေရင်း သတိလစ် မေ့မျောသွားတာတောင် အရိုက် မရပ်ပါဘူး။ ရိုက်တာကလည်း ပရမ်းပတာ ၀ိုင်းရိုက်တာဖြစ်ပြီး အပြစ်ကို မပြောဘဲ `ဘာနိုင်ငံရေးသမားလဲကွ၊ နိုင်ငံရေး လုပ်ချင်ဦးကွ´ အစရှိသဖြင့် ထောင်ဥပဒေနဲ့ ဘာမှ မဆိုင်တဲ့ စော်ကားမော်ကား စကားတွေ ပြောပြီး ဆဲဆို ရိုက်တာမျိုးပါ။

သာယာဝတီထောင်မှာလည်း ၁၉၉၂ခုနှစ်တုန်းက `ထောင်ပိုင်ကို လုပ်ကြံဖို့ ကြံစည်တယ်´ ဆိုတဲ့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေး အကျဉ်းသား တရာလောက်ကို ပက်ပက်စက်စက် ရိုက်နှက်ပြီး တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်ပါသေးတယ်။

တခါတုန်းက အင်းစိန်ထောင်၊ ကြိုးတိုက်က သေဒဏ်ကျ အကျဉ်းသားတွေကို ကြိုးတိုက်မှာ လူကျပ်လို့ တိုက် အမှတ်(၆)ကို ခွဲပို့ပါတယ်။ ကြိုးသမားတွေ အထုပ်အပိုးတွေနဲ့ တန်းစီ ပြောင်းရွှေ့နေတာကို လမ်းတဖက်တချက်မှာ ထောင်ဝါဒါတွေက တန်းစီရပ်၊ ဟိုဘက်ဒီဘက် နှစ်ဖက်ညှပ် ပိတ်ရပ်ပြီး အကျဉ်းသားတွေရဲ့ ပါးတွေ၊ မျက်နှာတွေကို ဖြတ်ရိုက်ပါတယ်။ `ဘာလို့ အပြစ်မရှိဘဲနဲ့ အခုလို ရိုက်ရတာလဲ´ လို့ မေးကြည့်တော့ `ဒါ ထောင်ထုံးစံ´ လို့ ထောင်ဝါဒါတွေက ဖြေကြပါတယ်။

သရက်ထောင်မှာလည်း ဇော်ဝင်းထွဋ်ဆိုတဲ့ ကျောင်းသားလေးတယောက် သောက်ရေခွက် လက်ထဲက လွတ်ကျသွားတာကိုပဲ `ထောင်အာဏာပိုင် ဆန့်ကျင်ပါတယ်´ ဆိုပြီး ပုံကြီးချဲ့ လုပ်ကြံ၊ စွပ်စွဲ၊ ရိုက်နှက် တိုက်ပိတ်ခဲ့ပါတယ်။ ရိုက်ပုံ ရိုက်နည်းကလည်း အဲဒီ ကျောင်းသားလေးကို ဒေါက်ခြေကျင်း ခတ်၊ အဲဒီ ဒေါက်ခြေကျင်းနဲ့ မိန်းဂျေးလ်လို့ ခေါ်တဲ့ ဗဟိုရုံးကနေ ပေ(၃၀၀)လောက် ဝေးတဲ့ တိုက်နံပါတ် အမှတ်(၃)အထိ ၀မ်းလျားထိုး မိချောင်းသွား သွားခိုင်းပြီး လမ်းတလျှောက် ထောင်ဝါဒါတွေက အပေါ်ကနေ စီးပြီး ရိုက်နှက်သွားတာပါ။ အဲဒီလို ရိုက်ပြီးတဲ့အချိန်ကျတော့ ရိုက်တဲ့အထဲမှာ ပါတဲ့ ထောင်ဝါဒါ တဦးကဆိုရင် `ရိုက်လို့ အရသာ ရှိလိုက်တာကွာ။ ၀ါးရင်းတုတ် သုံးချောင်းကို ပြတ်ထွက်သွားတာပဲ´ လို့ အားရပါးရ ပြန် ပြောပါတယ်။ `ဒါမှ နိုင်ငံရေး သမားကောင်တွေ မှတ်မှာ´ လို့လည်း ဆိုလိုက်ပါသေးတယ်။ ၀ါးရင်းတုတ် သုံးချောင်း အပိုင်းပိုင်း ကျိုးပြတ်သွားတဲ့အထိ အရိုက်ခံရတဲ့ လူတယောက် ဘယ်လောက် နာကျင် ခံစားရလိမ့်မလဲဆိုတာ တွေးသာ ကြည့်ပါတော့။

တခါကလည်း သာယာဝတီထောင်က ဂျော်လီထွန်းကို သရက်ထောင်ကို ထောင်ပြောင်းလိုက်ပါတယ်။ သရက်ထောင် ရောက်တော့ ထောင်ဗူးဝကတည်းက ဂျော်လီထွန်းကို တောက်လျှောက် ရိုက်လာလိုက်တာ တိုက်အမှတ်(၄) ရောက်တဲ့ အထိ အဝေးကြီးပါပဲ။ ဂျော်လီထွန်းက နာကျင်တာကို ခံကြိတ်ခံရင်း မျက်ရည်တွေ တွေတွေကျနေပါတယ်။ အမှတ်(၄) တိုက်ရှေ့ကို ရောက်တော့လည်း သူ့ကို ထိုင်ခိုင်းထားပြီး `မင်းလားကွ ဂျော်လီထွန်း´ ဆိုပြီး ထောင်ဝါဒါတွေ ၀ိုင်းရိုက်တာ ဂျော်လီထွန်း ပုံလဲကျသွားတဲ့ အထိပါပဲ။

`ခုမှ ရောက်လာတဲ့ သူ့ကို ဘာအပြစ်မှ မရှိဘဲ ဘာလို့ အခုလောက် ရိုက်ရတာလဲ´ လို့ မေးကြည့်တော့ `အပြစ်တော့ မရှိဘူး။ ဒါပေမယ့် ဒါ ထောင်ထုံးစံပဲ´ လို့ ထောင်ဝါဒါတွေက ဖြေကြပါတယ်။ အဲဒီနောက်တော့ ဂျော်လီထွန်းကို ဒေါက်ခြေကျင်း ခတ်ထားလိုက်တာ နေ့ရော ညပါ ဘယ်တော့မှ ဖြုတ်မပေးတော့ပါဘူး။ ဒေါက်ခြေကျင်းဒဏ်ကြောင့် ခြေထောက်တွေ ပွန်းစားပြီး ယောင်ကိုင်းလာလို့ နောက်ဆုံး လမ်းတောင် မလျှောက်နိုင်တော့လောက်အောင် ဖြစ်လာတဲ့အတွက် `ဒေါက်ခြေကျင်း ဖြုတ်ပေးပါ´ လို့ အသနားခံ တောင်းပန်တာတောင်မှ ထောင်အာဏာပိုင်တွေက ဖြုတ်မပေးပါဘူး။

သရက်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေဟာ တောင်ယာတွေကို ရေလောင်းဖို့ အတွက် ရေတွင်းထဲကနေ ရေ ဆွဲတင်ရပါတယ်။ လေးထောင့် သံပုံးနဲ့ လေးပုံစာလောက် အရွယ်ရှိတဲ့ ရေတိုင်ကီပြတ်ကြီးနဲ့ ရေတွင်း အနက်ကြီးထဲက ရေကို ဆွဲတင်ကြရတာပါ။ တရက် တရက်ကို အဲဒီ ရေတိုင်ကီပုံးနဲ့ ပုံး(၉၀၀)လောက် ရေဆွဲတင်ကြရပါတယ်။ နေလင်း ဆိုတဲ့ ဆယ်တန်းကျောင်းသားလေး ဆိုရင် ပင်ပန်းလွန်းလို့ ရေဆွဲရင်း သတိလစ် ပစ်လဲ သွားခဲ့ဖူးပါတယ်။

ထောင်မှာ ရေစုပ်စက် ရှိရဲ့သားနဲ့ ဘာလို့ စက်ကို မသုံးဘဲ နိုင်ငံရေး အကျဉ်းသားတွေကို ရေဆွဲခိုင်းတာလဲ လို့ မေးတော့ `တမင် ဆွဲခိုင်းတာ´ လို့ ထောင်အာဏာပိုင်တွေက ဖြေပါတယ်။

တခါတုန်းကလည်း အင်းစိန်ထောင် တိုက်အမှတ်(၅) မှာ တက္ကသိုလ်ကျောင်းသား ကိုအောင် (ယခု ဒုတိယအကြိမ် နှစ်ရှည် ထောင်ဒဏ် ထပ်မံကျခံနေရသူ) နဲ့ တခြားကျောင်းသား တယောက်တို့ ရက်ရက်စက်စက် အရိုက်နှက်ခံကြရပါတယ်။ ဖြစ်ပုံကတော့ အခန်းထဲမှာ ဆေးလိပ်သောက်တယ် ဆိုပြီး ကိုအောင်တို့ နှစ်ယောက်ကို အခန်းထဲကနေ အပြင် ခေါ်ထုတ်သွားပါတယ်။

အဲဒီတုန်းက ဆောင်းတွင်း မနက်အစောကြီး ငါးနာရီလောက်ပါ။ သူတို့ကို တိုက် ရုံးခန်းနားက ဗန်ဒါပင် စခန်းလို့ ခေါ်တဲ့ နေရာထိ ရောက်အောင် ကျောက်ခဲကြမ်းတွေ ခင်းထားတဲ့ လမ်းပေါ်မှာ ၀မ်းလျားထိုးပြီး မိကျောင်းသွား သွားခိုင်းပါတယ်။ ဗန်ဒါပင် ခြေရင်းရောက်တာ့ သူတို့ နှစ်ယောက်ကို ကိုယ်တုံးလုံး ချွတ်ပြီး သုံးပင်လိမ် ကြိမ်လုံးနဲ့ ရိုက်ပါတော့တယ်။ ချမ်းချမ်းစီးစီး ဆောင်းတွင်း မနက် အစောကြီး ကြိမ်လုံးတွေနဲ့ တရွှမ်းရွှမ်း ရိုက်နှက်သံ၊ သူတို့ နှစ်ယောက်ရဲ့ အော်ဟစ် ညည်းညူသံတွေ ကြားရတဲ့ နိုင်ငံရေး အကျဉ်းသားတိုင်း မျက်ရည် လည်ကြရပါတယ်။

တကယ်တော့ ဆေးလိပ်သောက်တဲ့ ကိစ္စလောက်နဲ့ ရိုက်နှက်စရာ မလိုပါဘူး။ ပြီးတော့ ထောင်ထဲမှာ ဆေးလိပ်သောက်ခွင့် ပေးထားတာပဲ မဟုတ်လား။ အခုက တမင် ရိုက်ချင်လို့ ရိုက်တာပါ။

၁၉၉၂ ခုနှစ် မေလတုန်းက သရက်ထောင်မှာ ကိုပြည့်နဲ့ ကိုလှဌေးတို့ နှစ်ယောက်ကို `ပုံစံထိုင်တာ မမှန်လို့´ ဆိုပြီး မဖြစ်စလောက် အပြစ်ကလေးနဲ့ အဆောင်ကနေ ဓာတ်တိုင် သုံးတိုင်စာလောက် ဝေးတဲ့ တိုက် အမှတ်(၃) အထိ ၀မ်းလျားထိုး မိကျောင်းသွား သွားခိုင်းရင်း လမ်းတလျှောက် ထောင်ဝါဒါတွေက အပေါ်စီးကနေ စီးပြီး ပက်ပက်စက်စက် အော်ဟစ် ရိုက်နှက်ကြပါတယ်။ အမှန်ဆို အဲဒီလောက် ရိုက်နှက် အပြစ်ပေးရတဲ့ ပြစ်မှုမျိုးက ထောင်ဖောက်ဖို့ ကြံစည်မှ ပေးတဲ့ ပြစ်ဒဏ်မျိုးပါ။

အဲဒီလို မတရားသဖြင့် ရက်ရက်စက်စက် ညှဉ်းဆဲ ရိုက်နှက် အရေးယူတဲ့ ကိစ္စမျိုးတွေဟာ စစ်အစိုးရခေတ် ထောက်လှမ်းရေး စခန်းတွေမှာ ၊ ထောက်လှမ်းရေး စခန်းတွေမှာ၊ အကျဉ်းထောင်တွေထဲမှာ ဖြစ်ခဲ့တာ ဖြစ်နေတာတွေ အများကြီးပါပဲ။ အဲဒီလို နည်းမျိုးစုံ ညှဉ်းပန်း နှိပ်စက်ခံရတဲ့ သူတို့ရဲ့ တကယ့် အပြစ်ကတော့ ဥပဒေ ချိုးဖောက်လို့ မဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြလို့ပါ။

ဆက်ရန်…

Friday, November 16, 2007

ကျနော်နှင့် စာပေ…


ကျနော်တို့ မိသားစုမှာ ဖေဖေက သီချင်းနားထောင်တာ ၀ါသနာပါပြီးတော့ မေမေကတော့ စာဖတ်တာကို ၀ါသနာ ပါပါတယ်။

သီချင်းနားထောင်တာကို ၀ါသနာပါတဲ့ ဖေဖေက သူကြိုက်တတ်တဲ့ ဟင်္သာတအောင်တင်ဝင်း ခွေကို ဖွင့်ပြီး နားထောင်နေတဲ့ အချိန်မှာ မေမေက ခပ်လှမ်းလှမ်းက ကုလားထိုင်မှာ စာအုပ်တအုပ်အုပ်ကို စူးစူးစိုက်စိုက် ဖတ်နေလေ့ ရှိပါတယ်။ ကျနော်ကျတော့ ဖေဖေ့ဆီကရော မေမေ့ဆီကပါ ၀ါသနာ နှစ်မျိုးလုံးကို မျှယူလိုက်မိတယ် ထင်ပါရဲ့…။ သီချင်းဆိုရင်လည်း နားထောင်လိုက်ချင်…၊ စာအုပ် ဆိုရင်လည်း ဖတ်လိုက်ချင်ပါပဲ။

မေမေက ကျနော်တို့ကို စာသိပ်ဖတ်စေချင်ပါတယ်။ အဲဒါကြောင့်ပဲ အိမ်မှာ ကျနော်တို့ ကလေးတွေ အကြိုက် ရွှေသွေးဂျာနယ်ကို အပတ်စဉ် ၀ယ်ယူသလို လစဉ်ထုတ်ဝေတဲ့ တို့ကျောင်းသား စာစောင်ကိုလည်း ကျနော်တို့ ညီအကိုကို ဖတ်စေခဲ့ပါတယ်။

ကျနော် မေမေ့ခြေရာ အနင်းလွန်လို့ သုံးတန်းတုန်းက ပထမအစမ်း စာမေးပွဲ ကျခဲ့ဖူးတာကို ပြောပြချင်ပါသေးတယ်။

ကျနော်တို့ မူလတန်းတုန်းက စာမေးပွဲသွားဖြေရင် အောက်ကနေ ခံရေးဖို့ သတင်းစာ၊ ဒါမှမဟုတ် တခြား စာအုပ်တခုခုကို ဆရာ/ဆရာမတွေက အတန်းထဲ ယူခွင့် ပေးလေ့ရှိပါတယ်။ ကလေးတွေဆိုတော့ ကူးချရကောင်းမှန်းလဲ မသိကြဘူးကိုး…။ အဲဒီတော့ အဲဒီနေ့က (မှတ်မှတ်ရရ သင်္ချာဖြေမယ့်နေ့မှာ) ကျနော့်ကို မေမေက ရွှေသွေးဂျာနယ် တစောင်ကို ကွန်ပါဘူးမှာ သားရေပင်လေးနဲ့ ပတ်ပြီး ကျောင်းကိုလွှတ်လိုက်ပါတယ်။

စာမေးပွဲခန်းထဲရောက်တော့ ဆရာမက မေးခွန်း လာမပေးမီ ပါလာတဲ့ ရွှေသွေးဂျာနယ်ကို ဟိုဟိုဒီဒီ လျှောက်ဖတ်မိပါလေရော…။ ဂျာနယ်ထဲမှာ မြို့တခုကို လာသိမ်းတဲ့ စစ်သည်တွေက ဘယ်လိုမှ သိမ်းလို့မရဖြစ်နေတုန်းမှာ မြင်းရုပ်အကြီးကြီးတခုကို မြို့ပြင်မှာ လာထားခဲ့တော့ အဲဒီမြို့ထဲက လူတွေက မြင်းရုပ်ကြီးကို မြို့ထဲယူသွင်းမိတာ ညဘက်ရောက်တော့ မြင်းရုပ်ထဲမှာ ပုန်းအောင်းနေတဲ့ စစ်သားတွေက မြို့ကို တိုက်ခိုက် သိမ်းယူလိုက်တဲ့ ပုံပြင်အကြောင်း ရေးထားပါတယ်။

ဆရာမက မေးခွန်းစာရွက် လာပေးတာတောင် ဘာမှမဖြေအားသေးဘဲနဲ့ အဲဒီပုံပြင်ကိုပဲ ထပ်ခါထပ်ခါ ဖတ်နေမိပါတယ်။ ဆရာမက နောက်တော့ သတိထားမိပြီး `သား၊ စာမေးပွဲဖြေလေ´ လို့ ပြောတဲ့ အချိန်ကျတော့ အချိန်က နာရီဝက်တောင် မကျန်တော့ပါဘူး။ အဲဒီလိုနဲ့ ကျနော် စာမေးပွဲ ကျခဲ့ဖူးပါတယ်။

***

ကျနော့်ဘ၀မှာ ကျောင်းစာပြင်ပက စာကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ခဲ့ဖူးတာကလည်း ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် တအုပ်ပါပဲ။ မျက်စိ မလည်သွားကြပါနဲ့။ ကျနော် လေးတန်းလောက်မှာ ကျနော့် ဦးငယ် အဆင့်မြင့်တန်း ကျောင်းသားရဲ့ (အခုခေတ် အထက်တန်းကျောင်းကို ဟိုတုန်းကတော့ အဆင့်မြင့်တန်း ကျောင်းလို့ ခေါ်ပါတယ်) မြန်မာစာ ပြဋ္ဌာန်း စာအုပ်ကို ယူဖတ်မိရာက အဲဒီအထဲက စကားပြေတွေ၊ ၀တ္ထုတိုတွေကို အကြိုက်ကြီး ကြိုက်ခဲ့ပါတယ်။ `ကိုဇော်ဝိတ်နဲ့ တိုင်းလုံးကျော် လက်ဝှေ့ပွဲ´ `မောင်ဘစီ´ `မင်းတုန်းမင်းနှင့် ငါးခြောက်ပြား´ `လှည်းဆရာနဲ့ လင်္ကာဆရာ´ `စလောင်းဖုံးတချပ်´ အစရှိတဲ့ စကားပြေတွေ၊ ၀တ္ထုတိုတွေကို တော်တော်လေးကို နှစ်သက်ခဲ့ရဖူးပါတယ်။

ကျနော့်ရဲ့ ထူးခြားတဲ့ အကျင့်ကတော့ ကျောင်းသားဘ၀ တလျှောက်လုံးမှာ နှစ်စဉ် ကျောင်းသုံး မြန်မာစာ ပြဋ္ဌာန်းစာအုပ်တွေကို စွဲစွဲမက်မက် ဖတ်လေ့ ရှိတာပါပဲ။ တခြားဘာသာတွေထက်စာရင် ပုံပြင်တွေ၊ ၀တ္ထုတွေ၊ ဇာတ်တော်တွေ ပါဝင်တတ်တဲ့ မြန်မာစကားပြေ ကို ပိုနှစ်သက်ခဲ့ပါတယ်။ ကဗျာထက်စာရင် စကားပြေကို နှစ်သက်တာက ပိုပါတယ်။

ကျောင်းသုံးစာအုပ် မဟုတ်တဲ့ ပြင်ပ၀တ္ထုထဲမှာ ကျနော် ပထမဦးဆုံး ဖတ်ဖြစ်ခဲ့တာကတော့ တက္ကသိုလ် ဘုန်းနိုင်ရဲ့ `သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်´ ၀တ္ထုပါ။ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် အဲဒီတုန်းကတော့ ၀တ္ထုရဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို နှစ်သက်တာထက် ၀တ္ထုထဲက ဇာတ်ကောင် `မောင်´ စားရတယ်ဆိုတဲ့ ပုဇွန်တုပ်ကြီးတွေကို သွားရည်ယိုပြီး ခဏခဏဖတ်ရင်းကနေ စာအုပ်အဆုံးအထိ ဖတ်ဖြစ်သွားတာပါ။ အဲဒီတုန်းက အသက်ဆယ်နှစ်သား ကျနော့်အတွက် အဲဒီလို ၀တ္ထုကို ကောင်းလား ဆိုးလား ဘာမှန်း သိသေးတာ မဟုတ်ပါဘူး။ နောက်ပိုင်း စာကို အရသာခံ ဖတ်တတ်လာတဲ့အချိန်ကျတော့မှ အဲဒီဝတ္ထုရဲ့ အရသာကို ကောင်းကောင်းခံစားတတ်တာပါ။

ဒီလိုနဲ့ ခြောက်တန်း၊ ခုနှစ်တန်းလောက် ရောက်တော့ မေမေဖတ်တဲ့ စာအုပ်တွေကို လျှောက်ဖတ်ပါတယ်။ ကလေးသာသာဆိုတော့ မေမေ့ စာအုပ်အထူကြီးတွေက ပျင်းစရာကောင်းလှတာနဲ့ စာအုပ် အငှားဆိုင်ကို ချီတက်ပါတယ်။ ကာတွန်းမျိုးစုံ ငှားဖတ်တဲ့ အထိ မေမေက ဘာမှ မပြောသေးပေမယ့် အဲဒီတုန်းက ခေတ်ပေါ် ၀တ္တုတွေကို လက်လှမ်းလာတဲ့ အခါကျတော့ မေမေက တားမြစ်ပါတော့တယ်။ အပွေ့အဖက်၊ အနမ်းအရှုံ့တွေကို အသေးစိတ် ရေးထားလေ့ရှိတဲ့ ၀တ္ထုမျိုးတွေကို ဖတ်မိရင်တော့ ခေါင်းခေါက်ခံထိတော့တာပါပဲ။ နောက်တော့ ဆယ်တန်း မအောင်မခြင်း ပြင်ပ၀တ္ထုတွေ၊ စာတွေ ဖတ်တာကို မေမေက သိသိသာသာကြီး ကန့်သတ်ပါတော့တယ်။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ စာတွေကိုလည်း သိပ် အဖတ်မခိုင်းပါဘူး။ ကျောင်းစာကို အာရုံလျော့သွားမှာ စိုးလို့ပါ။ ဒါတောင် ဆယ်တန်းရောက်တော့ စာကြည့်တိုက်ကနေ မေမေမသိအောင် `သခင်သန်းထွန်းရဲ့ နောက်ဆုံး နေ့ရက်များ´ စာအုပ်ကို ငှားပြီးတော့ ခိုးဖတ်ခဲ့ပါသေးတယ်။

ဆယ်တန်းအောင်ပြီးတော့ ကျနော့်ရဲ့ စာဖတ်ခွင့်ကို မေမေက လုံးဝဥဿုံ လွတ်လပ်ရေး ပေးလိုက်ပါတော့တယ်။ အဲဒီမှာတင် စာအုပ်ပေါင်းစုံကို ကျနော် ဖတ်ဖြစ်ခဲ့ပါတော့တယ်။ ဖတ်မိသမျှ အကြိုက်ခဲ့ဆုံး ၀တ္တုရေးဆရာတွေကတော့…

(၁) ကြူမွှေး (ရယ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျနော် သူ့ရဲ့ ဟာသ ၀တ္ထုတွေကို အတော်ကြိုက်ဖူးပါတယ်)
(၂) မောင်သာပြည့် (အတည်အခန့် ဇာတ်အိမ်မျိုး ရေးလေ့ရှိလို့ပါ)
(၃) ကလျာ (၀ိဇ္ဇာ-သိပ္ပံ)
(၄) ဂျူး (ကြာတော့သည်လည်း မောင့်စကား၊ ကျွန်မ၏သစ်ပင်၊ ပင်လယ်နှင့်တူသော မိန်းမများ ၀တ္ထုတွေကို အကြိုက်ဆုံးပါပဲ)
(၅) မောင်သာရ (ထမိန်ကျွတ်၍ လွှတ်လိုက်သည် ကို တော်တော်ကြိုက်ခဲ့ဖူးပါတယ်)
(၆) နွမ်ဂျာသိုင်း (မိုးမခပင်တွေ ဆိုတဲ့ ၀တ္ထုကို အခုထိသတိရနေပါသေးတယ်)
(၇) မောင်စိန်ဝင်း (ပုတီးကုန်း)
(၈) မင်းသိင်္ခ (အခုတော့ မကြိုက်တော့ပါဘူး။ ဒါပေမယ့် သူရေးခဲ့တဲ့ `ဖြစ်ချင်ရာဖြစ် မောင်ဘချစ်´ ၀တ္ထုကို ကျနော် ကြိမ်ဖန်များစွာ ဖတ်လောက်အောင် ကြိုက်နှစ်သက်ခဲ့ဖူးပါတယ်)
(၉) လွန်းထားထား (သူ့ကိုလဲ ဒီလိုပါပဲ၊ အခုတော့ လုံးဝကို မကြိုက်တော့ပါဘူး။ ဒါပေမယ့် ဆယ်ကျော်သက်ဘ၀ကတော့ သူ့ရဲ့ ထူးခြားတဲ့ ဇာတ်ကောင်နာမည်တွေ၊ စရိုက်တွေ၊ ဇာတ်အိမ်တွေကို တော်တော်ကြိုက်ခဲ့ဖူးပါတယ်။)

ရှေးက စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေထဲမှာတော့ မင်းဆွေရဲ့ `ဓား´၊ မောင်ထင် ရဲ့ `ငဘ´၊ ဦးဖိုးကျားရဲ့ `ကိုယ်တွေ့ ၀တ္ထတိုများ´ စာအုပ်တွေကို အနှစ်သက်ဆုံးပါပဲ။

ကဗျာဖတ်တဲ့ အားကတော့ အလွန်နည်းတယ်လို့ ဆိုရပါမယ်။ ဒါကြောင့် ကျနော်ဟာ ကဗျာဉာဏ်လဲ အလွန်နည်းပါတယ်။ ဖတ်မိသမျှထဲမှာလည်း မော်ဒန်ကဗျာထက် ဂန္တ၀င်ကဗျာတွေကို ပိုပြီး နှစ်သက်ခံစားရပါတယ်။ ကဗျာဉာဏ်နည်းပါးတဲ့ ဒဏ်က တခါတလေဆိုရင် တချို့ သူငယ်ချင်း ဘလော့ဂါတွေ ရေးတဲ့ မော်ဒန်ကဗျာတွေကို လုံးဝကို နားမလည်တဲ့ အထိပါပဲ။ :D

ဘာသာပြန် စာအုပ်တွေထဲမှာ ဖတ်မိသမျှ အကြိုက်ဆုံးစာအုပ်ကတော့ မောင်ထွန်းသူရဲ့ `ဇစ်မြစ် (The root)´ ဆိုတဲ့ စာအုပ်ပါပဲ။

ဝတ္ထုတို ရေးသူတွေမှာတော့ နေ၀င်းမြင့်၊ ဦးသုခ (မမြင်ရတဲ့မီး ၀တ္ထုတိုကို အနှစ်သက်ဆုံးပါ)၊ မင်းလူ၊ နန္ဒစိုး(ဆင်ဖြူကျွန်း)၊ ခင်ခင်ထူး တို့အပြင် အကျွမ်းတ၀င် မရှိလှတဲ့ စာရေးဆရာတချို့ရဲ့ ၀တ္တုတိုလေးတွေကိုလည်း နှစ်သက်လေ့ရှိပါတယ်။

***

ကျနော် နှစ်သက်တဲ့ စာအုပ်နဲ့ စာရေးဆရာများရဲ့ စာရင်းမှာ ချန်လှပ်ထားလို့ မရတာကတော့ မြန်မာပြည် ပြင်ပကို ရောက်ခဲ့ပြီးမှ ဖတ်ဖြစ်ခဲ့ရတဲ့ စာအုပ်တွေ အကြောင်းပါ။ မြန်မာပြည် ပြင်ပကို ရောက်တော့ ပြည်တွင်းမှာ မဖတ်ဖူးခဲ့ရတဲ့ စာအုပ်မျိုးစုံကို ဖတ်ခဲ့ရပါတယ်။ အဲဒီအထဲကမှ ကျနော် အနှစ်သက်ဆုံး ဖြစ်ခဲ့ရတဲ့ စာအုပ်တွေကတော့…

(၁) လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း (၀င်းနိုင်ဦး)
အခုလောလောဆယ် ကျနော့်ဘလော့ဂ်မှာ အခန်းဆက် တင်နေတဲ့ စာအုပ်ပါပဲ။ မြန်မာပြည် ထောက်လှမ်းရေး စခန်းနဲ့၊ အကျဉ်းထောင်တွင်းက လူမဆန်မှု၊ ရက်စက် ညှဉ်းပန်းမှုတွေကို ရိုးရှင်းပြေပြစ်တဲ့ ရေးဟန်နဲ့ တင်ပြထားတဲ့ ကိုဝင်းနိုင်ဦးရဲ့ အဲဒီစာအုပ်ကို ကျနော် အနှစ်သက်ဆုံးပါပဲ။ တကယ်တော့ အနှစ်သက်ဆုံးလို့ ပြောရတာက အားနာဖို့တောင် ကောင်းနေပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီစာအုပ်ဟာ လူငယ်ပေါင်းများစွာနဲ့ ကြယ်ပွင့်ပေါင်းများစွာရဲ့ သွေးကို ကိုယ်စားပြုထားတဲ့ စာအုပ် ဖြစ်နေလို့ လို့ တင်စားချင်ပါတယ်။

(၂) တာတေစနေသား (ဦးနု)
ရိုးသား ပွင့်လင်းတဲ့ ရေးဟန်၊ ဟိတ်ဟန် အလွန်နည်းပါးလှတဲ့ စရိုက်လက္ခဏာတွေ ထင်ဟပ်နေတဲ့ ဦးနုရဲ့ အဲဒီစာအုပ်ကိုလည်း ကျနော် အလွန်နှစ်သက်ပါတယ်။

(၃) မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ (ရဲဘော်ရှောင်း)
ကေအင်န်ယူမှာ အခုအချိန်ထိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်တဲ့ ရဲဘော်ရှောင်းရဲ့ အဲဒီ စာအုပ်မှာ တချိန်က ကိုကိုးကျွန်းအပို့ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကြောင်းနဲ့ ပင်လယ်ကိုဖြတ်ပြီး လှေတစီးနဲ့ ကိုကိုးကျွန်းကနေ ထွက်ပြေးလာကြပုံကို သဲထိတ်ရင်ဖိုဆန်ဆန် ရေးသားထားပါတယ်။

(၄) ဂလိုဘယ်လိုက်ဇေးရှင်း (အောင်သူငြိမ်း)
ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာဘာလဲ၊ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ သဘောသဘာဝ၊ ကောင်းခြင်း ဆိုးခြင်းတွေကို ဘက်စုံ ထောင့်စုံကနေ ပြုစု တင်ပြထားတဲ့ အဲဒီစာအုပ်ကို အလွန်နှစ်သက်ပါတယ်။

***

နှစ်သက်မိသမျှ စာအုပ်နဲ့ စာရေးဆရာ စာရင်းတွေကို ရေးပြီးတော့ စိတ်ထဲ တခုစဉ်းစားမိတာက `မြင်းထိန်း ငတာ´ ချီးကျူးနေသလိုများ ဖြစ်နေပြီလားလို့ပါ။ အဲဒါနဲ့ပဲ ဒီလောက်ပဲ ဘရိတ်အုပ်ပါရစေတော့…။

Tag ထားတဲ့ ကိုညိမ်းညိုရေ…။ ကျေနပ်နိုင်မယ် ထင်ပါရဲ့ဗျာ။


ကလိုစေးထူး