Sunday, September 14, 2008

ကီးဘုတ် ကမြင်းသူ

ကျနော် ကီးဘုတ် ကမြင်းနေတယ်
ဗီဇကိုက လွတ်လပ်ချင်နေတော့
မလွတ်လပ်မှုတွေကို ကိုယ်စားပြုဖို့
ယုံကြည်ချက်ကို ချခင်းပြဖို့
မျှော်လင့်ချက်ကို အသက်ဆက်ဖို့
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

ကျနော် ကီးဘုတ် ကမြင်းနေတယ်
သေချာတာက အတ္တကို ကိုယ်စားပြုမနေဘူး
မာန်မာနကို ရှေ့တန်းတင်မနေဘူး
ကောက်ကျစ်မှုကို အကာအကွယ် ပေးမနေဘူး
ကြမ်းကြုတ်မှုကို အရောင်တင်မနေဘူး
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

တခုခုကို အငမ်းမရ မျှော်နေတဲ့ လက်တွေ
အရောင်မှိန်ဖျော့နေတဲ့ မျက်လုံးတွေ
ခြောက်ကပ်ပိန်လှီနေတဲ့ ပျိုမြစ်မှုတွေ
တောင်းရမ်းနေတဲ့ တတိယအရွယ်တွေ
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

အိမ်ယာမဲ့သွားတဲ့ အေးချမ်းမှုတွေ
လောင်တိုက် အသွင်းခံလိုက်ရတဲ့ ရပ်တည်မှုတွေ
အော်ဟစ်ညည်းတွားနေတဲ့ မြေဇာပင်တွေ
ဖြိုလှဲခံလိုက်ရတဲ့ အဖြူရောင် ဘ၀တွေ
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

တချိန်လုံး အပြစ်ကင်းနေကြတဲ့ သားသတ်သမားတွေ
စပ်ဖြီးဖြီးနဲ့ ပုတ်သင်ညိုတွေ
မာန်ဖီလွန်းတဲ့ သူ့ထက်ကဲတွေ
စောင်းတီးပြန်သင်တဲ့ ကျွဲပါးလက်သစ်တွေ
ကျနော် ကီးဘုတ် ကမြင်းနေတယ်။

ကီးဘုတ် ကမြင်းလိုက်တော့
ခံစားချက်တွေက ကမြင်းကျောထကြတယ်
ကမြင်းကျောထတဲ့ စာတွေက
ကမြင်းရတဲ့ အကြောင်းကို ဖော်ပြကြတယ်
ကမြင်းသူ အချင်းချင်း ဖေးမလိုက်
ကမြင်းသူ အချင်းချင်း ယုံကြည်ချက်တွေ ချိတ်ဆက်လိုက်နဲ့
ကမြင်း ကွန်မြူနတီမှာ ကီးဘုတ် ကမြင်းသံတွေ
ဆူညံပစ်လိုက်တော့
မြင်းခွာပေါက်သံက အရှုံးပေးရလောက်ရဲ့...။

ကျနော်တို့ ကီးဘုတ် ကမြင်းနေတယ်
အတွေးအခေါ် မကမြင်းဘူး
စာနာစိတ်တွေ မကမြင်းဘူး
လူသားဆန်ခြင်းတွေ မကမြင်းဘူး
အသိတရားတွေ မကမြင်းဘူး
ဒါပေမယ့်
ကျနော်တို့ ကီးဘုတ် ကမြင်းနေတယ်။

ဟော...၊ ကြည့်လေ
ပြောရင်းဆိုရင်းနဲ့ကို
အခုတော့... ... ...
တောင်ပို့ထဲက ဖွတ်အကြောင်း
ကီးဘုတ် ကမြင်းနေမိပြန်ပါပေါ့...။


ကလိုစေးထူး

9 comments:

တန်ခူး said...

ကိုစေးထူးရေ… ကျွန်မ ကီးဘုတ်လဲ တခါတခါ အတော်ထိန်းရခက်တယ်…

Anonymous said...

အခုရက်ပိုင်း အဲ့လိုဖြစ်နေတယ် အစ်ကိုရေ့ ညီလည်း ကီးဘုတ်ကမြင်းနေတာ ထိန်းမရ သိမ်းမရ စာမျက်နှာတွေ ကီးဘုတ်ကမြင်းမှုကြောင့် အရင်လိုတောင်မဖြူစင်တော့ဘူးးး အစ်ကို အဆင်ပြေပါစေ။

Moe Cho Thinn said...

ကိုစေးထူး
ကဗျာက ခပ်ကြမ်းကြမ်း ရင်ကို ထိတယ်။ လန့်လောက်အောင် ကောင်းပါလား။

ကိုပေါ said...

ကီးဘုတ်ကို ညုကြည့်တာပါ ကိုစေထူးရယ်…….

Anonymous said...

အစ်ကိုစေးထူးရေ...
စာသားကြမ်းပေမယ့် စေတနာဖြူတာအထင်းသား တွေ့နေရတယ်.. ဆက်ပြီးကမြင်းနိုင်ပါစေ..(ကီးဘုတ်ကို):D

Anonymous said...

ကိုစေးထူး စိတ်ဆိုးတာ ဒီတစ်ခါပထမဆုံးပဲတွေ့ဖူးတာ
:sorri:

ကေကေ said...

စာသားတွေကရေလည်ရင်ထဲထိ
သွားတယ်..ကျွန်တော်လဲ...
အားပေးပါတယ်..

မလေး(မြန်မာ) said...

hooo........... Ko ka lo htuu kyee.......
Daw ta twe shop...shop...shop......:P
kya ma si ko tg...key board twe... khone paut htwet lar pe.....:P

Hee... sa ter...... a yen mite tel ... a yen like tel...a yen le` khite tel .... kyanaw ka myinn nay tel kyee ko...:P

Taw lite ter ...taw lite tar..... paut kwel tann sin twe ka...ae laut tg kg tel....inn....yin hte` ka ma per be`....der twe ma lar buu so ter ti per tel ...

sat lote..... ever arr payy twer mel ....

do respect
ML

thaingarra said...

Blogging Sphere ထဲကို နောက်ကျမှ

ဝင်ရောက်လာမိတော့ ...

ကဗျာကောင်းလေး ကို နောက်ကျပြီးမှ ဖတ်ဖြစ်ပါတယ် ။

တော်သေးတာပေါ့ ကိုကလိုစေးထူးရယ် ...

ကဗျာဆိုတာ ပုပ်သိုးသွားတတ်တဲ့ ပစ္စည်းမျိုး မဟုတ်လို့ ... :)