Tuesday, September 16, 2008

အတွေးစများ…(၈)

ကျနော် ဖတ်ခဲ့ဖူးတဲ့ ပုံပြင်တခုကို အခုတလော ပြန်တွေးနေဖြစ်မိတယ်။

ပုံပြင်ထဲမှာ လူခြောက်ယောက်က သူလျှိုအလုပ်အတွက် ဌာနတခုမှာ အလုပ်သွားလျှောက်ကြသတဲ့...။ အဲဒါ အလုပ်အင်တာဗျူးတဲ့ နေ့လဲရောက်ရော အလုပ်သွားလျှောက်တဲ့ အဆောက်အဦ ပထမထပ်မှာ လူတယောက်က အလုပ်လာလျှောက်တဲ့လူတွေကို အလုံပိတ်ထားတဲ့ စာအိတ် တယောက်တအိတ်စီ ပေးပြီး `စတုတ္ထ အထပ်မှာ မင်းတို့ကို အင်တာဗျူးမယ့်သူ စောင့်နေတယ်၊ သူ့ကိုတွေ့တဲ့အခါ ဒီစာအိတ်ကို အရင်ပေးလိုက်ပါ´ ဆိုပြီး ပြောလိုက်တယ်။ ဒါနဲ့ပဲ အလုပ်လာလျှောက်သူတွေ စာအိတ် တယောက်တအိတ်ကိုယ်စီနဲ့ စတုတ္ထ အထပ်ရှိရာကို သွားကြသတဲ့...။

အဲဒီ အထဲကမှ တယောက်က တခြားသူတွေ မသိအောင် လမ်းမှာ စာအိတ်ကို ခိုးဖောက်ဖတ်သတဲ့။ စာအိတ်ထဲက စာမှာ ရေးထားတာက `မင်းဟာ ငါတို့လိုချင်တဲ့ သူလျှိုအရည်အချင်းနဲ့ ပြည့်စုံတဲ့လူဆိုတာ သေချာပြီ။ ဒုတိယထပ်မှာ အလုပ်လက်ခံဖို့ သတင်းသွားပို့ပေတော့´ ...တဲ့။

စဉ်းစားမိတာက အဲဒီ စာအိတ်ကို ဖောက်ဖတ်လိုက်တဲ့ လူက မှန်သလား မှားသလားဆိုတာကိုပါ။ `မှန်တယ်´ လို့ အဖြေထွက်သလို `မှားတယ်´ လို့လဲ ပြောလို့ရတဲ့ အနေအထားလဲ ရှိနေပြန်တယ်။ သူလျှိုက သူလျှို အလုပ်၊ သူလျှိုအတွေးတွေးမှာမို့ ဒါကို မှန်တယ်လို့ ပြောနိုင်သလို၊ စာအိတ်ကို ခိုးဖောက်သူဟာ မိမိ ပင်မ အလုပ်လုပ်မယ့်သူအပေါ်မှာတောင် သစ္စာမရှိဘူးလို့ သတ်မှတ်လို့ရနိုင်သေးလို့ မှားတယ်လို့လဲ ပြောနိုင်ပြန်တယ်။ ကျနော့်မိတ်ဆွေများကရော ဘယ်အရာက ပိုမှန်တယ်လို့ ထင်မလဲ မသိဘူး။

***

အလုပ်ရှာနေတဲ့ လူတယောက်ကို တခါမှာတော့ အလုပ်အင်တာဗျူးတခုက သူ မထင်ထားတဲ့ မေးခွန်းတခုကို မေးလိုက်သတဲ့...။

`မင်းရဲ့ကားကို ကားပါကင်မှာ ရပ်ပြီးလို့ မင်းက ကားတံခါးကို အလောတကြီး ဆွဲဖွင့်လိုက်တယ် ဆိုပါတော့ကွာ၊ အဲဒီမှာ မင်းရဲ့ ကားတံခါးနဲ့ ဘေးမှာရပ်ထားတဲ့ ကားကိုသွားထိမိလို့ ဟိုဘက်ကကားမှာ စင်းရာခြစ်ရာ ထင်သွားတယ်ပေါ့...၊ အဲဒါဆို မင်းဘာဆက်လုပ်မလဲ´

အမေးခံရသူက သူဟာ ဟိုဘက်ကားပိုင်ရှင်လာတဲ့အထိ စောင့်ပြီးတော့ ကားတံခါးကို သူ့ကြောင့် ခြစ်မိသွားပါတယ်လို့ တောင်းပန်မှာ ဖြစ်ကြောင်း၊ ကုန်ကျစရိတ်ကိုလဲ ဟိုဘက်က ကျေနပ်တဲ့အထိ တန်ရာတန်ကြေးပေးမှာဖြစ်ကြောင်းနဲ့ အကောင်းတွေချည်းပဲ ပြန်ဖြေသတဲ့...။ ဒါပေမယ့် အဲဒီလူကို အလုပ်ရှင်က အလုပ်မခန့်လိုက်ပါဘူး...တဲ့။ အကြောင်းပြချက်ကတော့ `မင်းပြောနေတာတွေက ယုတ္တိသိပ်မရှိလို့ပါ´ တဲ့...။ အဆိုးအကောင်း ဒွန်တွဲနေတဲ့ လောကကြီးမှာ ဒီလောက်တောင် Perfect ဖြစ်လွန်းတဲ့ အဖြေမျိုးဟာ တကယ်ပဲ အပြစ်ကင်းပါ့မလားဆိုတာ သံသယ ရှိသတဲ့...။ စဉ်းစားစရာပဲ။

ဒါဖြင့် လက်တွေ့ အလုပ်သင့်ဆုံး လုပ်ရပ်ဟာ ဘာဖြစ်နိုင်မလဲ။

***

ရွာတရွာမှာ ကျားဆိုးတကောင် ၀င်သောင်းကျန်းလိုက်တာ ရွာသားတွေလဲ သေတဲ့လူသေ၊ ကျွဲတွေနွားတွေ အဆွဲခံရသူ အဆွဲခံရဖြစ်နေပြီဆိုရင် အဲဒီကျားဆိုးကို `ကျန်းမာပါစေ၊ ဘေးရန်ကင်းပါစေ´ လို့ဆုတောင်းတာနဲ့ သူ့ကို သုတ်သင်ပစ်ဖို့ ပြင်ဆင်တာ ဘယ်ဟာက အဖြေမှန် ဖြစ်နိုင်မလဲ။ ကျားကို သတ်ပစ်မယ့် ရွာသားတွေဟာ အတ္တကြီးသူတွေဖြစ်နိုင်မလား။

ရာဇသင်္ကြန် အမတ်ကြီးဟာ သူ့ကို နရသီဟပတေ့မင်းက အမျက်တော်ရှပြီး မဲဇာအရပ်ကို အပို့ခံရတဲ့အခါ လမ်းခရီးမှာ လေပြင်းတိုက်လို့ ပန်းပြားပင်လေးတွေ လေတိုက်ရာယိမ်းနေတာကို ကြည့်ပြီး သူဟာ အဲဒီ ပန်းပြားပင်တွေလို မကျင့်ခဲ့မိဘူး ဆိုပြီး သံဝေဂ ရသတဲ့...။ ဟိုတုန်းကတော့ ဒါကို သမိုင်းဖတ်စာအနေနဲ့ သင်လိုက်ရတာပဲ။

အခုကျတော့ အဲဒီ ရာဇသင်္ကြန်အမတ်ကြီး တွေးသလိုမျိုးချည်းပဲ ဒီခေတ်ထဲမှာ ရှိနေရင် ပြဿနာပဲလို့ တွေးမိတယ်။ မင်းအလိုလိုက်၊ မင်းအကြိုက်ဆောင်ပြီး `မှန်လှပါ´ ချည်းသာ လုပ်နေရမယ်ဆိုရင် နောက်ပြဋ္ဌာန်းမယ့် မြန်မာရာဇ၀င်တွေမှာ ကိုယ့်အကြောင်းကိုယ် အကောင်းချည်းပဲ ရေးသွားမယ့် အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့ ဘုန်းတော်ဘွဲ့တွေကိုပဲ နောက်မျိုးဆက်တွေက သင်ရတော့မှာ သေချာတယ်။ ပန်းပြားပင်လို ယိမ်းမယ့် ပညာရှင်တွေကလဲ အဆင်သင့်ကိုး...။

တကယ်တော့ လေတိုက်တိုင်း လဲပြိုမသွားဘဲ ကြံကြံခံနိုင်တဲ့ အပင်တွေလဲ မြောက်များစွာ ရှိနေတာပဲမဟုတ်လား။

***

တနေ့ကကြည့်လိုက်ရတဲ့ American Football ပွဲတခုမှာ၊ အသင်းတသင်းဟာ 4th Quarter ရဲ့ နောက်ဆုံး ၇ မိနစ်ပဲ ကျန်တော့တဲ့အချိန်မှာ ၂၄-၂၅ မှတ်နဲ့ ရှုံးနေရာကနေ ပွဲအပြီးမှာ ၄၈-၂၅ မှတ်နဲ့ အံ့အားသင့်ဖွယ်ရာ အနိုင်ရသွားခဲ့တယ်။ မြန်ဆန်လွန်းတဲ့ အရှုံးအနိုင်ရလဒ်မှာ အဓိကအဖြေကတော့ အားစိုက် ကြိုးစားမှုနဲ့ ညီညွတ်မှုပါပဲ။ ရှုံးတော့မှာပဲကွာ ဆိုပြီး ခွန်အားတွေကို ချပစ်လိုက်ရင် သူတို့ ရှုံးသွားမှာ အသေအချာပဲပေါ့။

အတွေးစတွေကို ဟိုတစုဒီတစု စုလိုက်တာ အတွေးမျှင် တထွေးကြီး ဖြစ်နေပြန်ပြီ ထင်ပါရဲ့။

***


ကလိုစေးထူး

14 comments:

Moe Cho Thinn said...

ကိုစေးထူးရဲ့ အတွေးတွေကို ပွားပြီး အတွေးတွေ များသွားတယ်။
ဒါပေမဲ့ ပန်းပြားပင်တွေရဲ့ ဘုန်းတော်ဘွဲ့တွေဟာ ဘယ်ခေတ်မှာမှ တင်မကျန်ခဲ့ဘူးဆိုတာတော့ ယုံကြည်စေချင်ပါတယ်။
ခင်မင်လျက်
အမ

ကိုအောင် said...

ကိုစေးထူးရေ လက်ဝဲသုန္တရ အမတ်ကြီး မဲဇာအပို့ခံ
ရတာဘဲ ကျနော်သိထားလို့ အဲဒီ ရာဇာသင်္ကြန်အပို့
ခံရတဲ့ သမိုင်း ကျနော်သိချင်လို့ပါ။ စိတ်မရှိနဲ့နော်
ကိုစေးထူး ကျနော်တကယ် မသိလို့ပါ။

ခင်မင်းဇော် said...

ကိုစေးထူး
ပန်းတိုင်မရောက်ခင် လက်လျှော့သွားတဲ့ ပြိုင်ပွဲဝင်သူကို ဘယ်သူမှ အသိအမှတ်မပြုပါဘူး။ ကိုယ်ယုံကြည်ချက်နဲ့ တိုက်ပွဲ ၀င်နေတာ ဆိုရင် နောက်ဆုံးစက္ကန့်ထိ ၀ီရိယကို စိုက်ထုတ်နိုင်ရမယ်လို့ အမကတော့ ခံယူတယ်။
ဒါပေမယ့်လဲ မနက်ဖြန် အောင်ပွဲရမယ် ဆိုရင်တောင် ဒီနေ့လက်နက်ချတဲ့လူမျိုး ရှိတတ်ပါတယ်။ လူဆိုတာလဲ အမျိုးမျိုးအထွေထွေ မ ဟုတ်လား။

Anonymous said...

၁) လူခြောက်ယောက်က သူလျှိုအလုပ်အတွက် အမြင်နဲ့ ခံယူချက်ခြင်း မတူညီနိုင်ဘူး၊
စာအိတ်ကို ခိုးဖောက်ဖတ် တဲ့သူ ကိုလည်း သစ္စာမရှိဘူးလို့ ပြောလို့ မရ နိုင်ဘူး၊ ဒါကစမ်းသပ်တာလေ, သူဟာ စာကိုခိုးဖောက်ဖတ် ပြီး
ဒုတိယထပ် ကိုသွားခဲ့သည် ရှိသော်............
ကိုစေးထူး ပြောသလို နှစ်ခွတွေးလို့တော့ရ ပါတယ်။
၂) လက်တွေ့ အလုပ်သင့်ဆုံး လုပ်ရပ်ဟာ ဘာဖြစ်နိုင်မလဲ ဆိုတော့ တစ်ဖက်ကားက ကိုယ့်ကိုတွေ့ ရင် တောင်းပန်၊ ပြေလည်အောင်ညှိပေါ့၊ မတွေ့ဘူးဆိုရင်တော့ ခံပေအုန်း တော့
တစ်ဖက်က ကား........
ဟီးဟီး...........စ လုံးမှာပြောပါတယ်။
Parking မှာနောက်ဆုတ်ရင်း နဲ့တိုက်သွားတာက
ရှိသေး......

ကိုစေးထူး က အတွေး တွေ ကြီးပေးနေ တော့ တာဘဲကိုး........................

ခင်မင်လျှက်

ကလူသစ် said...

တွေ့ပြီ တွေ့ပြီ ဘလွတ်အူတွေ.... :)

ဖောက်ကြည့်တာကို ပိုကြိုက်တယ်ဗျ။ သူလျှိုက သူလျှိုအလုပ်လုပ်ရမယ်။ နဂိုကထဲက သူများလျှို့ဝှက်ချက်ကို ခိုးကြည့်ဖို့၊ ထောက်လှမ်းဖို့ လူရွေးနေတာ။ သစ္စာရှိမရှိ အတွက်ကိုတော့ အထက်တာဝန်ရှိတဲ့သူက တာဝန်ယူစောင့်ကြည့်ရမှာပေါ့။

ဖတ်စာအုပ်ထဲက သင်ခန်းစာတွေကတော့ ပြောမနေနဲ့ဗျို့။ စေ့စေ့တွေးလေ ရေးရေးမဟုတ်ဘူး။ ဘွားကနဲပေါ်လေပဲ။ အကြံအစည်ကောင်းကောင်းနဲ့ကို စနစ်တကျအသေးစိတ်ရိုက်သွင်းနေတာ။

နောက်ဆုံးအချိန်ထိကျိုးစားရမှာက ကစားသမားတာဝန်ပဲ။ အဲ့.... တယောက်ထဲ ကျိုးစားနေလို့လဲမရသေးဘူး။ လူညီအုန်းမှကိုး။

သတိ said...
This comment has been removed by the author.
သတိ said...

အားလုံးသတိ

update မှာပြောချင်လို့သာ အတင်းဝင်ပြောတာဗျ.. အကြောင်းအရာကတော့ အရင်ဆောင်းပါးအကြောင်း..

ဒီစာရေးဆရာကတော့လား.. ”မောင်သတိအမည်ခံ”လို့ ကျွန်တော့်တစ်ယောက်ထဲကို ကွက်သုံးပုံလေးက ဘာတုန်းဗျ.. တစ်ယောက်ယောက်လို့ လှမ်းပီး ဗေဒင်တွက်ချင်ပုံပဲ.. ကိုယ်ကလည်း ဟုတ်နေတော့ အင့်ခနဲပဲဗျို့.. ဟီးဟီး.. စာရေးဆရာဆိုတော့ အရေးအသားကြည့်ပီး မြင်တယ်ထင်ပါ့ဗျာ..

ကဲ.. အကိုပြောတဲ့အကြောင်းမှာ ကျွန်တော်က သေစေချင်တဲ့ကြေစေချင်တဲ့အဓိပ္ဗါယ်လို့ ဆွဲယူအနက်ဖွင့်တယ်ဆိုပီး ပြောတဲ့အပိုင်းကို သိပ်မကြည်လင်ဘူးဗျ.. ကျွန်တော် ဆွဲယူဖွင့်တာလား အဲဒီလို အကိုကိုယ်တိုင် ယူဆပီးရေးထားတာလားဆိုတာ မာလကီးယားဆိုတဲ့ မူရင်းအဓိပ္ဗါယ်မှာရော.. ကိုမောင်ငယ်မှာ အကိုသုံးခဲ့တဲ့ ”သက်တော်ရာကျော် ရှည်စေချင်နေတာဆိုရင်တော့” ဆိုတာတွေကို ကြည့်ရင်ရှင်းပါတယ်ခင်ဗျ..

နောက်တစ်ခုက ကျွန်တော့် commentမှာ ကျွန်တော်ပြောချင်တဲ့ အဓိကအချက်ကို အကိုမမြင်ခဲ့တာပဲ.. ခုတလော ငြင်းကြခုန်ကြတွေများနေတဲ့ ဘလော့လောကရော နိုင်ငံရေးလောကရော လိုက်ကြည့်ပီး လေနေတဲ့ မောင်သတိဟာ အကို့ရဲ့ စိတ်ပုတ်တဲ့ ဆုတောင်းစာကြီးကြည့်ပီး အတွေးပေါက်တာလေး ပြောချင်တာပါဗျာ.. ဟီးဟီး..

အင်း.. အဆုံးသတ်ချင်တာကတော့ လူတိုင်းဟာ အကိုပြောသလိုပဲ ငါချည်းပဲအမြဲမှန်တယ်ဆိုတဲ့ အယူအဆဟာ ငါ့ဆီမှာရှိမနေဘူးလို့ ပြောကြပါတယ်ခင်ဗျ.. ဒါပေမဲ့ သူတို့ဟာ အဲလိုထင်ပီး ယုံကြည်ပီးတော့ကို ပြောလာတာတွေကို မှားရင်တော့ လက်ခံပါတယ်.. ခုဟာက မှားမှမမှားတာလို့ချည်း ဆုံးဖြတ်ကြပါတယ်ခင်ဗျ..

ကဲ.. ကိုစေးထူးမှာ ငါအမြဲမမှန်ဘူးလို့ ယူဆထားရင် နိုင်ငံရေးဆိုတဲ့ အကြောင်းလေးမှာပဲ ဘယ်ကိုယ်ယုံကြည်ခဲ့တဲ့၊ လိပ်ပြာသန့်ခဲ့တဲ့ အယူအဆဟာ မှားနေတာလေးများ တွေ့ခဲ့ပါသလဲဆိုရင် ဟားဟား.. ကျွန်တော်ပြောရဲတယ် အံ့သြောစရာကောင်းလောက်အောင် မှန်နေတဲ့ ကလိုစေးထူးပဲဟလို့ ဖြစ်သွားစေရမယ်..

ရုပ်ရှင်ပြရင်တော့ဗျာ.. ဇါတ်လိုက်များ လူဆိုးတွေကို တီးပီဆိုရင် လက်ခုပ်တီးတာ ကျွန်တော်ရှေ့ဆုံးကဗျ.. သူပုန်တွေနဲ့ ချတုန်း တပ်မတော်သားတွေ ရောက်လာပီဆိုရင်ဗျာ ပါးစပ်ကိုပြဲပီး သဘောတကျနဲ့ လက်ခုပ်လက်ဝါးတီး အိမ်အထိ ဒိုင်းညောင့် ဒိုင်းညောင့် လုပ်နေမိတာလည်း အမှန်ပါပဲ.. အဲ.. ဒါပေမဲ့ အပြင်မှာ သက်ရှိထင်ရှားရှိနေတဲ့ ဘယ်လူတစ်ယောက်ကိုမှ အဲဒီလိုဆုမတောင်းမိတာတော့ ဟဲဟဲ.. ကျွန်တော်လည်း လိပ်ပြာသန့်ပါတယ်ဗျ.. ဘာလို့လည်းဆိုတော့ ကိုယ်ပဲမှန်တယ်ထင်တာကိုး.. မှားရင်တော့လက်ခံပါတယ်.. ခုဟာက မှားမှမမှားတာ.. ဟီးဟီး..

မောင်သတိ

ညိမ်းညို said...

အကိုကြီးရေ မှတ်သားအတွေးပွားစရာ ဆောင်းပါးကောင်းတပုဒ်ပါဗျာ။
ဆရာမမိုးချိုသင်းပြောသွားသလို ပန်းပြားပင်ဘုန်းတော်ဖွဲ့တွေကတော့
ဘယ်ခေတ်မှ တာရှည်မခံနိုင်ပါဘူး။ အစစအဆင်ပြေပါစေခင်ဗျာ။

အော် အကိုရေ ...
ပုဂံရာဇ၀င်မှာ ကျနော်တို့ ရင်နှီးနေတာလေးပေါ့

နရသီဟပတေ့ ။ ဘိုး..ဘာကြောင့် ပန်းကလပ်ပဲ့ စားသလဲ။
ရာဇသင်္ကြန် ။ ပန်းပွတ်သည် သားမြေးတို့ သူကောင်းဖြစ်လို့ ပန်းပွတ်မဲ့သူမရှိလို့ပါ။

နရသီဟပတေ့ ။ ဂူထွတ်ကို တင်ရာမှာ ဘာနဲ့တင်ပါသလဲ။
ရာဇသင်္ကြန် ။ ဂူထွတ်ကို ငြမ်းနဲ့တင်ရပါတယ်။
နရသီဟပတေ့ ။ ဂူထွတ်အထက်ကိုရောက်ရင် ငြမ်းကို ပသို့ပြုသလဲ။
ရာဇသင်္ကြန်။ ငြမ်းကိုဖျက်ရပါတယ်။ ဒါမှ ဂူထွတ်တင့်တယ်ပါတယ်။
နရသီဟပတေ့။ ကျုပ်ဟာ ဂူထွတ်၊ အမတ်ကြီးဟာ ငြမ်း၊ ကျုပ်မင်းဖြစ်ပြီ။ ရာဇသင်္ကြန်ကို အရာနုတ်၊ ဒလပို့။

ဆိုတော့ ရာဇသင်္ကြန်အမတ်ကြီးကို ပို့လိုက်တာက "ဒလ" ဖြစ်မလားမသိ။ အကိုရေ တမျိုးမထင်ပါနဲ့။
ညီရေးထားတာလဲ အမှတ်မှားချင်မှားနေဦးမှာ။
နောက်တွေ့သူ ပြင်ပေးပါခင်ဗျာ။
ဒီအချက်လေးနဲ့ အကို့ဆောင်းပါးရဲ့ဆိုလိုရင်းကိုတော့ မထိခိုက်ပါဘူး။ ပိုလှသွားမလားလို့ နဲနဲဝင်ရှုပ်လိုက်မိတာ။
ကိုစေးထူးကြီးလက်ဖက်နဲ့ မျက်နှာလုပ်သွားပါတယ်ဗျို့ ။

Unknown said...

*ဖြစ်လေရာ..လူဖြစ်တဲ့ဘဝတိုင်း..
မြန်မာမဖြစ်ရပါလို၏....
*ဦအောင်ဇေယျရေ....ခင်ဗျားသိမ်းခဲ့တဲ့ယိုးဒယားမှာတော့..
ကျုပ်တို့ မြန်မာတွေ...ကျွန်ခံနေကြရပြီ..
*ဒီလေ....ဒီမိုး
ဒီအစိုးရနဲ့ ....ဒီအတိုက်အခံ
အကုန်လုံးက..လိုက်လည်းလိုက်ကြပါပေတယ်။
ဘုန်းကြီးရူးနဲ့ လှေလူး..
ကြောင်ကတွင်းပျက်နဲ့ ...ဇရက်တောင်ပံကျိုးတွေသလိုဘဲ...
မင်းသားကြီးကနေတဲ့သူကလည်း...ကလို့ ကိုမပြီးနိုင်..
ပတ်မကြီးဖောက်နေတဲ့သူကလည်း...ဖောက်လို့ ကိုမပြီးနိုင်နဲ့ ..
ကျလည်းကျပါပေတယ်။
*ဒီနိုင်ငံရေးဝဲဂယက်ထဲမှာ.......
စီးနေတဲ့သွေးတွေဘယ်လောက်များခဲ့ပြီလည်း....
ပျက်သွားခဲ့တဲ့ဘဝတွေဘယ်လောက်များခဲ့ပြီလည်း....
မဆုံးနိုင်ခဲ့တဲ့ငိုရှိုက်သံတွေကဘယ်တော့မှဆုံးအုံးမှာလည်း........
မင်းတို့ တွေအဲ့ဒါကိုတောင်နဲနဲမှမတွေးဘူး....
*ပြောတော့...မြန်မာ........မြန်မာ.......
ဗုဒ္ဓဘာသာ......ဘာသာနဲ့ 
သနားကြင်နာမှုမရှိ..
တရားလက်လွက်နဲ့ ........
အတ္တကိုရှေ့တန်းတင်ပြီး......
မင်းတို့ လုပ်နေတာတွေကြည့်ပြီး......ငါရင်နာတယ်။
ငါ့ကိုယ်ငါ....မြန်မာလို့ ..
ငါဘယ်သောအခါမှ...မပြောဘူး......
မြန်မာဖြစ်ရတာကို....ငါရှက်လွန်လွန်းလို့ ..။
ရဲရင့်နီ(၁.၉.၂၀၀၈)

mgngal said...

ဖတ်ရှု ၊မှတ်သား ။တွေးခေါ်သွား ပါတယ်။ :)

Anonymous said...

၁။ သူလျိုပါဆိုမှ .. ဘယ်အရာမှ မယုံရဘူးလေ..။ ကိုယ်က သူလျိုမဟုတ်တဲ့အခါကျတော့ သူတို့ စိတ်ကို ခန့်မှန်းရခက်လို့ ဒီအဖြေကို ကျော်ပါတယ်..။
၂။အဖြေက ၂ခုထွက်ပါတယ်.
၂.၁ က အဲဒီလူကြီးဟာ သိက္ခာသမာဓိ ရှိမယ်ဆိုရင် ဒီသူငယ်ရဲ့ အဖြေကို ရိုးသားတယ်ဆိုပီး သဘောကျလို့ခန့်မှာပါ..။
၂.၂ ကတော့ အလုပ်ဖြုတ်ခံရတယ်ဆိုကတည်းက အဲဒီအလုပ်ရှင်ကိုယ်တိုင်က လစ်ရင်လစ်သလိုတွယ်တဲ့ သူတော်ကောင်းယောင်ဆောင်ထားတဲ့သူဖြစ်နေလို့ပါ..။
၃။ ရွာသားတွေဟာ သူ့အသက် ကို ကာကွယ်သူဖြစ်သည့်အတွက်ကြောင့် အတ္တကြီးသူမဟုတ်ပါ။ ကလေးကအစ မြန်မြန်သတ်နိုင်ပါစေဆုတောင်းမှာပါ။
၎။ပန်းပြားပင်လိုယိမ်းမဲ့ ပညာရှင်တွေကတော့ ခေတ်အဆက်ဆက် ရှိနေဦးမှာပါ.။အခုလက်ရှိ မြန်မာပြည်မှာက အဲဒီလို မျိုး အပါးတော်မြဲ ခေါင်းတော်ညိမ့်နေတဲ့လူတွေ အများကြီးပါ။ ဒါကို ငါလုပ်တာမှန်တာပဲ ထောက်ခံတဲ့သူအပြည့်ပဲလို့ ထင်တတ်တဲ့ အတွက် မြန်မာပြည်သူပြည်သားတွေ ပို၍ဒုက္ခတွေ့နေရခြင်းဖြစ်ပါတယ်။

နောက်ဆုံးပိတ် အဆုံးသတ်ထားတဲ့မြင်ကွင်းကို
အရမ်းသဘောကျပါတယ်။
ကဲ စာကရှည်သွားပီ..။

လေးစားလျက်

ကလိုစေးထူး said...

မချိုသင်း...၊ အမပြောသလို ယုံကြည်လျက်ပါ။
ကိုအောင်...၊ ကျနော်လဲ အကိုပြောတော့မှပဲ ခင်ရာမင်ရာ သူငယ်ချင်းတွေဆီ အကူအညီတောင်း အချက်အလက်တွေ မေးမိတာ အဲဒီထဲက တယောက်အပါအ၀င်ဖြစ်တဲ့ ကိုညိမ်းညိုက စိတ်ရှည်လက်ရှည် လာရှင်းပြပေးသွားပါပြီ။ ဒီအတွက် သေချာရှင်းလင်းအောင် လာမေးတဲ့ ကိုအောင်ကိုရော ရှင်းပြပေးတဲ့ ကိုညိမ်းညိုကိုပါ ကျေးဇူးတင်ပါတယ်။ ကျနော်ရေးတာ မှားနေတာပါ။ အမှန်က ဒလ ကို ပို့တာပါ။

အမခင်မင်းဇော်...၊ မှတ်ချက်အတွက် ကျေးဇူးပါ။

skyblue ကိုလူသစ်၊ ကိုမောင်ငယ်၊ အနောနီးမက်စ်တို့ရဲ့ မှတ်ချက်တွေကိုလဲ ကျေးဇူးပါ။

မောင်သတိ အမည်ခံကိုလဲ ကျေးဇူးပါ။ နောက်ထပ် တင်ထားတဲ့ ပို့စ်ကိုဖတ်ပေးပါဦး။

ကိုလူသားကိုတော့ ကျနော် ဘာပြန်ပြောရမှန်းကို တကယ်ပဲ မသိတော့ဘူး။

တန်ခူး said...

ကိုစေးထူးရေ… ပထမအလုပ်ကတော့ လုပ်ငန်းသဘာဝနဲ့ ဆိုင်သမို့  ပြောရတော့ ခက်တယ်…

ဒုတိယကတော့ အလုပ်ပြုတ်လဲ နေပါစေ သူဖြေတဲ့ အတိုင်းပဲ လုပ်သင့်တယ်လို့ ထင်တယ်… ကိုယ့်ကားကို သူများက အဲဒီလို လုပ်သွားရင် ကိုယ်ဘယ်လိုခံစားရမလဲ…

အဓိကက ကျားမရှိဖို့ ပဲ မဟုတ်လား… ကျားမရှိမှ ဘေးရန်ကင်းမှာဆိုတော့ ကျားမရှိတဲ့ နည်းကို စဉ်းစားရမှာပေါ့… သတ်ပစ်တဲ့နည်းတခုထဲတော့ မဟုတ်လောက်ဘူး… ဥပမာ ကျားကို ထောက်ချောက်ဆင်ဖမ်းပစ်လို့ လဲ ရတာပဲ…

ရာဇသင်္ကြန်ကတော့ ကိုစေးထူးထဲမှာပဲ အဖြေက ပါပြီးသားလေ…

အဆုံးအတွေးစလေးက လှတယ်…

Unknown said...

အရမ်းဝမ်းသာတာ တစ်ခုကို ဒီပို့စ်ထဲမှာတွေ့ လိုက်ရတယ် အစ်ကို။ အဲ့ဒါဘာလဲ ဆိုတော့ ရာဇသင်္ကြန် နဲ့ပတ်သတ်ပြီး မြင်တဲ့ အမြင်ပဲ အစ်ကို။ အစ်ကို့ အမြင်နဲ့ ကျွန်တော့်အမြင် ချွင်းချက်မရှိ တစ်ထပ်ထဲပဲ....။