Tuesday, September 23, 2008

သူ့ညနေ နဲ့ ကျနော့်ညနေ

သူ့ညနေ...
ဥဒဟိုပြေးလွှား စုံဆန်သွားနေတဲ့
ကားရောင်စုံတွေ ရှိတယ်။
သစ်လွင်ကြွားရွား စတိုင်ထွားနေတဲ့
လူရောင်စုံတွေ ရှိတယ်။
မိုးထိလုလု ထည်ဝါမှုတွေနဲ့
အဆောက်အဦ ရောင်စုံတွေ ရှိတယ်။
ကောင်းကင်မှာ လေယာဉ်ငယ်တွေ
နိမ့်နိမ့်လေးပျံပြီး ဇိမ်ယူနေတဲ့
လူ့ကြေးရတတ် ရောင်စုံတွေ ရှိတယ်။
မီချီကန်အိုင်ထဲမှာ ငါးမျှားနေတဲ့
အပျော်တမ်း တံငါသည်တွေ ရှိတယ်။
ကာစီနိုနဲ့ ဘားမှာ ငွေဖြုန်းနေတဲ့
ပိုက်ဆံဝါးလားတွေ ရှိတယ်။
KFC ကြက်ကြော်ဆိုင် ရှိတယ်။
Burger King ဆိုင် ရှိတယ်။
Chinese Buffet ရှိတယ်။

ကျနော့်ညနေ...
ချွေးဒီးဒီးကျပေမယ့် နေ့တွက်မကိုက်သေးတဲ့
ဂျာနယ်ရောင်းတဲ့လူ ရှိတယ်။
အဖြူအစိမ်း မ၀တ်နိုင်တဲ့ ဆယ်နှစ်သမီး
ဟင်းရွက်စိမ်းသည်လေး ရှိတယ်။
အိုမင်းပြီး ဈေးကောင်းတဲ့
ပြည်သူပိုင် လေလံတင်အဆောက်အဦတွေ ရှိတယ်။
ရွေ့လျားနေတဲ့ စစ်လက်ကျန် ပြတိုက်
ဘတ်စ်ကားအိုကြီးတွေ ရှိတယ်။
ကြိတ်ကြိတ်တိုး စည်ကားနေတဲ့
အပေါင်ဆိုင်တွေ ရှိတယ်။
ခွက်လက်ဆွဲနေတဲ့ အမေအိုကြီးရဲ့
ဆုတောင်းသံ တစာစာ ရှိတယ်။
ဆက်ရှင်တွေ စိပ်နေတဲ့
Massage ခန်း ရှိတယ်။
Karaoke ရှိတယ်။
စည်ဘီယာဆိုင် ရှိတယ်။
မန်ချက်စတာနဲ့ ချဲလ်ဆီးပွဲ ရှိတယ်။
ပြီးတော့...
အသံတိတ် `တောက်ခေါက်သံ´ တွေလဲ ရှိသေးတယ်...။

***

ကလိုစေးထူး

15 comments:

Moe Cho Thinn said...

ကဗျာလေးက ကောင်းလိုက်တာ။
အသံတိတ် တောက်ခေါက်သံတွေကို အမလဲ ကြားမိတယ် ကိုစေးထူးရေ..။

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာ ညနေခင်းတွေက ဘာကြောင့်များ ဒီလောက်များကွာရတာလဲမသိ...ကျနော်တို့ ရဲ့ညနေခင်းတွေကို မကောင်းဆိုးဝါးတွေကများ ဒဏ်ခတ်ထားသလဲဗျာ.......
ညနေခင်းတွေအကျည်းတန်လွန်းလို့ ၎ နာရီကျော်ရင် လူကဖျားချင်ပြီး ဆည်းဆာ ဆိုတာဘာမှန်တောင်မသိ ဖြူသလား ၀ါသလားးးးးးး

ကိုရင်နော်ခင်လေးငယ် said...

နှိုင်းယှဉ်ပြထားတာ ကောင်းလိုက်တာ
အမှန်တရားတွေ အမှန်တရားတွေ..
တောက်ခေါက်သံတွေ ကြားနေတယ်..

ခင်မင်တဲ့..

mg kyi poae said...

တောက်!!!!!!!!
အဓပ္ပါယ်ရှိပါပေ့ဗျာ..

Thargyi(Gyobingauk) said...

အချို့ညနေ..
ဂေါက်အိတ်ထမ်း မိန်းမလှလေးနဲ့
၁၈ ကျင်းဂေါက်ကွင်းရှိတယ်။
ဂျော်နီလမ်းလျှောက်အပြာတံဆိပ်နဲ့
ခရာတာတာကောင်မလေးရှိတယ်။
ဟန်ဆောင်ပြုံးတွေနဲ့
ညနေခင်းဧည့်ခံပွဲတွေရှိတယ်။

RePublic said...

ဖတ်ရတာပြည့်စုံတယ် ကိုစေးထူးရေ ၊၊

Anonymous said...

အဓိပ္ပါယ် ပြည့်ဝ တဲ့ ကဗျာ တစ်ပုဒ်ပါ ဘဲ ဗျာ။

Kaung Kin Ko said...

မိုးနဲ့ မြေလို ကွာခြားတဲ့ ညနေခင်း နှစ်ခုကို နှိုင်းယှဉ်ဖွဲ့ ထားတာ အရမ်း ထိတယ်ဗျာ။

mgngal said...

အဆိုး၊အကောင်း နှင့် အကြောင်း ၊အကျိုး တို့  အမြဲဒွန်တွဲ
နေပါတယ်ဗျာ။လိုသလိုဆွဲရေးသွားနိုင်တာကိုတော့ ချီးကျူး
ပါတယ်။

ဘာပဲပြောပြော ရွှေပြည်ကြီးက ကျဆိမ့် (ရှယ်) တစ်ခွက်ရဲ့ 
အရသာနဲ့  ညနေခင်းတစ်ခုရဲ့  မြေသင်းနံ့  ဒီမှာ မရဘူးဗျာ။ :)

ကလိုစေးထူး said...

အမ မချိုသင်း...၊ မောင်မျိုး၊ ကိုရင်နော် ခင်လေးငယ်၊ ကိုကျည်ပွေ့၊ ကိုရွှေအောင်၊ repbulic၊ skyblue နဲ့ ကိုကောင်းကင်ကိုတို့ရဲ့ ခံစားချက်တွေနဲ့ ကျနော့်ခံစားချက် ကိုက်ညီနေတာကို သိရလို့ ၀မ်းသာမိပါတယ်။

ကိုမောင်ငယ်ရေ...၊ ချီးကျူးတဲ့အတွက် ကျေးဇူးတော့ တင်ချင်ပါတယ်။ ဒါပေမယ့် ကဗျာမှာ လိုရာဆွဲရေးတယ်ဆိုတာထက် ကဗျာရေးသူက သူ့စိတ်ထဲမှာ ခံစားရသလို မြင်တွေ့ရသလို ရေးတာလို့ ပြောရမယ်ထင်တယ်။ ဆောင်းပါးဆိုရင်တော့ `ဟာ...၊ မင်းဟာကြီးက လိုရာဆွဲရေးတာပါ´ လို့ တယောက်ယောက်က ပြောလာရင် ကျနော် လက်သင့်ခံထိုက်ရင် လက်သင့်ခံပါတယ်။ ကဗျာမှာတော့ ကျနော်က လိုရာကို ဆွဲရေးပစ်လိုက်မယ် ဆိုတဲ့ အတွေးကို စရေးလိုက်ကတည်းကိုက မရှိတာ။ ကျနော် ဒါတွေမြင်တယ်၊ ဒါတွေကို ခံစားမိတယ်။ အဲဒီတော့ ဒီလိုရေးလိုက်တယ်။ တခုတော့ ရှိတာပေါ့။ ခင်ဗျားကတော့ ဒါတွေကို ခံစားလို့ရချင်မှ ရမှာကိုး။ ခံစားလို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျနော့်ဘက်က ဘာမှပြောစရာတော့ မရှိပါဘူး။ လာဖတ်တာကို ကျေးဇူးပါဗျာ။

Dr. Yi Yi Win said...

ကျွန်မတို့ ညနေခင်းတွေမှာတော့ မီးလာတာကို စောင့်မျှော်နေရတာတွေလည်းရှိပါတယ်။
“နေ၀င်မီးလက် စီးပွားတက်” ဆိုသလိုများ နေ၀င်ချိန်မှာ မီးမှန်မှန်လာခဲ့ရင်ပဲ ကျွန်မတို့ ည
နေခင်းတွေ အဓိပ္ပါယ်ရှိနေကောင်းပါရဲ့။

ပုံရိပ် / Pon Yate said...

အသံတိတ် တောက်ခေါက်သံ ဆိုတဲ့ တင်စားချက်ကို တော်တော် ထိရောက်တယ် ကိုစေးထူး။ ကဗျာလေးက ကောင်းပါ့။

တောင်ပေါ်သား said...

ကဗျာလေးကို အရမ်းကြိုက်နှစ်သက်ပါတယ် အစ်ကိုစေးထူးရေ... လေးစားတယ်ဗျာ.. တောက်ခေါက်သံတွေ များလာသလိုပဲ..

Unknown said...

အိမ်ပြန်လမ်းဝေးဝေး
ကျောပိုးအိတ်ခပ်လေးလေးနဲ့
တောထဲတောင်ထဲ
အစွန့်ပစ်ခံတွေလဲ .... ရှိလေရဲ့ အစ်ကိုရေ။

ဖိုးဂျယ် said...

နားထဲမှာ တောက်ခေါက်သံတွေ ကြားလိုက်မိသလိုပဲဗျာ။ စိတ်ထင်လို.လားတော့မသိပ်ဘူး။ ဖတ်တဲ့သူတွေ တောက်ခေါက်သွားတာနေမှာပါလေ။