Tuesday, October 09, 2007

စစ်တပ်ထဲမှာ(၂)…

`သင်တန်းဖွင့်ပွဲမှာ လေ့ကျင့်ရေး တပ်မှူးက မိန့်ခွန်းပြောတယ်။ မင်းတို့ အောက်မှာ မြေကြီးပဲ ရှိတော့တယ်ဆိုတာ မှတ်ထားကြတဲ့။ စစ်ထဲကို ဘယ်လိုပုံစံနဲ့ပဲရောက်လာ ရောက်လာ မင်းတို့ လက်ရှိရောက်နေတဲ့ ဘ၀ကို အကောင်းဆုံးလို့ မှတ်ယူပြီးတော့ သင်တန်းကို ပြီးဆုံးအောင် တက်ကြတဲ့´

စစ်သားတယောက်ရဲ့ အဆွယ်ကောင်းမှုကြောင့် အသက်မပြည့်ခင် စစ်ထဲဝင်သွားလို့ ပင်လောင်းမြို့က အမှတ်(၄) လေ့ကျင့်ရေးတပ်အထိ ငွေအား၊ လူအားနဲ့ မရမက ပြန်ထုတ်ယူခဲ့ရတဲ့ ကျနော့်ညီက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

ဟိုးအရင်ကတော့ တပ်သားသစ် သင်တန်းကာလကို ရက်သတ္တပတ် (၂၄) ပတ် သတ်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ (၁၆) ပတ်သာ သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီ (၁၆)ပတ်အတွင်းမှာ တပ်သားသစ်တွေဟာ စစ်သင်တန်းကနည်းနည်း အလုပ်ကြမ်းက များများ လုပ်ကြရပါတယ်။ အဆိုးဆုံးကတော့ သူတို့ကို `သင်တန်းသားတွေ´ ဆိုပြီး အလွန်နှိမ်တာနဲ့ ညနေတိုင်းနဲ့ စနေနေ့တိုင်းမှာ ခေတ်သစ်ကျွန်များသဖွယ် ဘယ်ဌာနအတွက် ခွဲတမ်း ဘယ်နှစ်ယောက်၊ ဘယ်ဗိုလ်ကြီးအိမ်မှာ ကူလုပ်ဖို့ ခွဲတမ်း ဘယ်နှစ်ယောက်၊ ဘယ်ဆရာကြီးအိမ်အတွက် ခွဲတမ်း ဘယ်နှစ်ယောက် စသဖြင့် ခွဲတမ်းချ ခိုင်းစေခြင်း ခံရတာပါ။ တခါတရံမှာဆိုရင် တချို့ တပ်သားသစ်တွေကို သင်တန်းချိန် ဖျက်ပြီးတော့တောင် ၀ါးခုတ်၊ ထရံယက် အစရှိတာတွေ ခိုင်းစေပြီးတော့ စီးပွားဖြစ် ပြန်လည် ရောင်းချတယ်လို့ သိရပါတယ်။

အဲဒီလိုမျိုး အရာရာတိုင်းမှာ အောက်ကျနောက်ကျ ခံရ၊ အနှိမ်ခံရတာ ကြာလာတော့ တပ်သားသစ်တွေရဲ့ စိတ်ထဲမှာ တခုခုကိုပေါက်ကွဲပစ်ချင်တဲ့ အငုပ်စိတ်က စပြီး အခြေတည်လာပါတော့တယ်။ သာဓကအားဖြင့် ပြောရရင် တပ်သားသစ်အချင်းချင်း အုပ်ချုပ်ရလွယ်ကူအောင် ခန့်အပ်ထားတဲ့ တပ်သားသစ် တပ်စုမှူး၊ တပ်ခွဲမှူး တွေဟာ သင်တန်းနည်းပြ စစ်သားတွေထက်တောင် အရိုက်အနှက်မှာ ပိုလက်သံပြောင်တယ်လို့ သိရပါတယ်။ ထောင်ဝါဒါ၊ ထောင်တန်းစီးတွေရဲ့ စိတ်ထားနဲ့ ခပ်ဆင်ဆင် တူမလားပါပဲ။

လေ့ကျင့်ရေးကျောင်းတွေရဲ့ အင်မတန်မှ မှားယွင်းတဲ့ လုပ်ဆောင်ချက်တခုကို တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ တပ်သားသစ်တွေထဲက စစ်တပ်ထဲကို နောက်တကြိမ် ထပ်မံဝင်လာသူ စစ်ပြေးများကို နေရာပေးတာပါပဲ။ စစ်တပ်ထဲက ထွက်ပြေးလိုက်၊ စစ်တပ်ထဲကိုပဲ ပြန်ဝင်လိုက် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို စစ်စည်းကမ်းအရ အရေးယူရမယ့်အစား အင်အားလိုအပ်ချက်ကိုပဲ ကြည့်ပြီးတော့ ပြန်လည် လက်ခံသေးတဲ့အပြင် အဲဒီလူတွေကို အဆောင်မှူး၊ တပ်စုမှူး အဖြစ်ပါ နေရာပေး တာဝန်ခန့်အပ်လိုက်တာဟာ စစ်သားတွေရဲ့ စိတ်ကို ပိုမိုခက်ထန် လာစေတဲ့ အစပျိုးချက် တချက်ပါပဲ။ နေရာရခိုက်မှာ ကိုယ့်အောက်ကလူကို များများနှိပ်ကွပ်လေလေ ကိုယ်က ပိုသက်သာလေလေဆိုတဲ့ မကောင်းတဲ့ အခြေခံစိတ်က အဲဒီက စပါတယ်။

အဲဒီလိုနဲ့ပဲ စစ်သင်တန်းက နည်းနည်း၊ ဖက်ထိပ်က များများ (ဖက်ထိပ်ဆိုတာဟာ စစ်တပ်ထဲမှာ အင်မတန် လူသိများတဲ့ အခေါ်အဝေါ်တခုပါ။ ပြင်သစ် ဘာသာစကားက ဆင်းသက်လာပြီးတော့ Fatigue `ပင်ပန်းဆင်းရဲစွာ လုပ်ရတဲ့ အလုပ်´ လို့ အဓိပ္ပာယ်ရပါတယ်) နဲ့ ရက်သတ္တပတ် ၁၆ ပတ်တာ စစ်သင်တန်း ပြီးသွားတော့ တပ်သားသစ်ကနေ တပ်သားအဖြစ်နဲ့ တာဝန်ကျရာ တပ်ရင်း အသီးသီးကို ရောက်သွားကြတယ် ဆိုပါတော့…။

***

ဘလော့ဂ်တခုမှာ ရေးထားတာကို တွေ့လိုက်ပါတယ်။ `တပ်မတော်ပျက်ကြောင်း ကြည်းသုံးသောင်း´ တဲ့။ ကျနော် လေ့လာထားဖူးသလောက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ အတန်ငယ် လိုနေပါတယ်။ ဒါပေမယ့် အဲဒီစကားရဲ့ အခြေခံက စစ်တပ်ထဲကို နောက်ကျမှ ၀င်လာတဲ့လူတွေကို နှိမ်တဲ့ သဘောပါ။ စကားအမှန်က `တပ်မတော်ပျက်ကြောင်း တ၀မ်းပူ မျဉ်းစောင်း ကြည်းသုံးသောင်း´ ပါ။ အဲဒီလို ခေါ်ရခြင်းက ဒီလိုပါ။

ဟိုးအရင်က အခြားအဆင့်တွေအတွက် ကိုယ်ပိုင်အမှတ်က ဂဏန်းခြောက်လုံးအထိ ရှိပါတယ်။ ဥပမာ တပ်သား မောင်ဖြူ၊ ကိုယ်ပိုင်အမှတ် ၄၅၆ ၇၈၉ …။

အဲဒီလိုနဲ့ ကိုယ်ပိုင်အမှတ်တွေက တဖြည်းဖြည်းနဲ့ ရှေ့ကို ရောက်လာတော့ ကိုယ်ပိုင်အမှတ် ၉၉၉ ၉၉၉ နောက်ပိုင်းမှာ ဂဏန်း ခုနှစ်လုံးအထိ သတ်မှတ်ရဖို့ ဖြစ်လာပါတယ်။ အဲဒီတော့ ကိုယ်ပိုင်အမှတ်ကို ဂဏန်း ခုနှစ်လုံး မဖြစ်စေချင်တာနဲ့ တ-၀၀၀၀၁ ကနေ အစပြုပြီးတော့ သတ်မှတ်ပေးလိုက်ပါတယ်။ တ ရဲ့ အဓိပ္ပာယ်ကတော့ တပ်မတော် ပါ။ (ကိုယ်ပိုင်အမှတ်ကို ဂဏန်း ခုနှစ်လုံးအထိ မသတ်မှတ်ချင်တဲ့ အကြောင်းရင်းကတော့ ခုနှစ်လုံးအထိ သတ်မှတ်လိုက်ရင် မြန်မာပြည်က စစ်သားအရေအတွက်က တသန်းကျော်ပြီဆိုတဲ့ သဘော သက်ရောက်သွားမှာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့အဖြစ် စေလွှတ်ပေးရမှာ စိုးလို့ မသတ်မှတ်တာလို့ ပြောကြပေမယ့် အတိအကျတော့ မသေချာပါဘူး)။ အဲဒီလို ကိုယ်ပိုင်အမှတ် တ- နဲ့ စတဲ့ အခြားအဆင့် စစ်သည်တွေနဲ့ ပြန်တမ်းဝင်အမှတ် ကြည်း/၃၀၀၀၀ နောက်ပိုင်း အရာရှိငယ်တွေကို `စစ်တပ်ဖျက်မယ့်ကောင်တွေ´ လို့ နှိမ်ပြောရင်းနဲ့ `တပ်မတော်ပျက်ကြောင်း တ၀မ်းပူ မျဉ်းစောင်း ကြည်းသုံးသောင်း´ ဆိုတဲ့ စကား စစ်တပ်ထဲမှာ ပေါ်လာတယ်လို့ သိရပါတယ်။

တပ်သားသစ် သင်တန်းဆင်းလို့ တပ်ရင်းတပ်ဖွဲ့တွေ အသီးသီးကို ရောက်သွားတဲ့ စစ်သားလက်သစ်ကလေးတွေဟာ တပ်ရင်းရောက်တော့လည်း အနှိမ်ခံရတာပါပဲ။ ဆရာကလည်း နှိမ်၊ ဆရာကြီးကလည်း နှိမ်၊ ဗိုလ်ကြီးကလည်း နှိမ် နောက်ဆုံး… ကိုယ်ပိုင်နံပါတ် အရပါ အနှိမ်ခံရပါတယ်။ အဲ… သူတို့ကလည်း တဖြည်းဖြည်းနဲ့ စစ်သက်လေးတွေ ရင့်လာတဲ့အခါ သူတို့နောက်က ဂျူနီယာစစ်သားတွေကို သူတို့ အနှိမ်ခံခဲ့ရတုန်းက အတိုင်း ဆက်နှိမ်ပြန်တာပါပဲ။ စစ်စည်းကမ်း သေ၀ပ်မှုရှိအောင် ဒီနည်းကို သုံးတာလို့ ပြောနိုင်ပေမယ့် စစ်စည်းကမ်းပြင်ပကို ကျော်လွန်ပြီး `အမိန့်နာခံမှု´ ဆိုတဲ့ တပ်မတော် အားဆယ်ပါးထဲက အချက်တချက်ကို အဆင့်ဆင့် အလွဲသုံးစားလုပ်ကြတဲ့အခါမှာ ဘယ်သူ့ကို ဖြစ်ရမှန်းမသိတဲ့ ဒေါသကိုယ်စီက စစ်သားတွေရဲ့ ရင်ထဲမှာ တစတစနဲ့ ကိန်းအောင်းလာပါတော့တယ်။

အခြားအဆင့် စစ်သည်ကနေ ပြန်တမ်းဝင် အရာရှိဖြစ်နိုင်တဲ့ နည်းလမ်း သုံးမျိုး ရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့…

(၁) စစ်သက်ငါးနှစ်ပြည့်မြောက်သည့် အချိန်တွင် တပ်ကြပ်အဆင့်ရှိသူ၊ အသက်(၂၈)နှစ်အောက် စစ်သည်များ၏ ဗိုလ်လောင်းသင်တန်း ဖြေဆိုခွင့်။

(၂) စစ်သက် ရှစ်နှစ် ပြည့်မြောက်သည့် အချိန်တွင် တပ်ကြပ်ကြီးစာရေး အဆင့်ရှိသူ၊ အသက် (၂၈)နှစ်အောက် စစ်သည်များ၏ ဗိုလ်လောင်းသင်တန်း ဖြေဆိုခွင့်။

(၃) တပ်သားအဆင့်မှ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ်၊ အရာခံဗိုလ် စသဖြင့် အဆင့်ဆင့် ရာထူးတက်သွားပြီး ဗိုလ်ကြီးအဆင့်တွင် ဂိတ်ဆုံးသော အရာရှိအိုများ။

အထက်ပါ နည်းလမ်းတွေနဲ့ ပြန်တမ်းဝင် အရာရှိ ဖြစ်နိုင်တယ်ဆိုပေမယ့် တကယ့်တကယ်တမ်း အခြားအဆင့်ကနေ ပြန်တမ်းဝင် အရာရှိ ဖြစ်သွားကြတဲ့ အရာရှိတွေနဲ့ စစ်တက္ကသိုလ်ဆင်း အရာရှိတွေရဲ့ ကြားမှာ ခွဲခြားခံရမှုတွေက ရှိနေပြန်ပါတယ်။ (ဒီအကြောင်းကို `အရာရှိများ´ အပိုင်းမှာ ဆက်လက်တင်ပြပါမယ်)။

အခြားအဆင့် စစ်သည်တယောက်ဟာ ဘယ်လောက်ပင် ထက်မြက်နေပါစေ၊ အရာရှိတယောက်ရဲ့ မလိုမုန်းထားမှုကို ခံရရင် ဘယ်တော့မှ ရာထူးတိုးမြှင့်ခံရခြင်း မရှိပါဘူး။ အရာရှိနဲ့ အဆင်မပြေလို့ ရာထူးတိုးတာ ဆိုင်းငံ့ခံရတဲ့ အခြားအဆင့် စစ်သည်တွေ စစ်တပ်ထဲမှာ မနည်းလှပါဘူး။

ဒီကြားထဲ စစ်တပ်ထဲကလည်း ထွက်ချင်တိုင်း ထွက်လို့က မရ။ (စစ်တပ်ထဲမှာ ငါးနှစ် တာဝန်ထမ်းဆောင်ပြီးရင် ထွက်ခွင့် ရှိတယ်လို့ သတ်မှတ်ချက် ရှိပေမယ့် တကယ်တမ်းမှာ တပ်က ထွက်ခွင့် မပေးကြပါဘူး)။ ဒီလိုနဲ့ပဲ မနေချင်တဲ့ စစ်တပ်ထဲမှာ မထူးကြုံးကြုံးပြီး နေနေရတဲ့ အခြားအဆင့် စစ်သည်တွေ တနေ့တခြား ပိုပိုများလာပါတယ်။

တကယ်တော့ စစ်တပ်ထဲမှာ အခြားအဆင့်စစ်သည်ဟာ ပြန်တမ်းဝင် အရာရှိတွေရဲ့ အဖြည့်ခံသက်သက်သာ ဆိုရင် မမှားပါဘူး။ တပ်ရင်းမှူးအိမ်မှာ တပ်ရင်းမှူးကတော် အ၀တ်အစားက အစ လျှော်ဖွတ်ပေးရတဲ့ စစ်သား၊ ဗိုလ်မှူးအတွက် အရက်ဝယ်ပေးရတဲ့ စစ်သား၊ ဗိုလ်ကြီးအတွက် အပျော်မယ် ရှာပေးရတဲ့ စစ်သား စသဖြင့် စစ်စည်းကမ်းနဲ့ ဘာမှမဆိုင်တဲ့ အလုပ်တွေမှာ တရားမ၀င်စွာနဲ့ အနှိမ်ခံ အနင်းခံ အခြားအဆင့်စစ်သည်တွေဟာ စစ်တပ်ထဲမှာ မပျော်မွေ့ကြပေမယ့် ခြိမ်းခြောက်မှု မျိုးစုံကြောင့် ဆက်နေကြရရင်းနဲ့ အမျိုးအမည်ပေါင်းစုံသော ထွက်ပေါက်မဲ့ မကျေနပ်မှုတွေက သူတို့ရဲ့ ရင်ထဲကို ကိန်းအောင်းနေခဲ့ပါတယ်။


ဆက်ရန်…

2 comments:

nyeenyee2007 said...

pls keep on, if i can use myanmar font , one day i also want to dicuss about how to treat myanmar miltary (my opinion)

Doughnut IO said...

တပ်သားသစ် သင်တန်းဆင်းလို့ တပ်ရင်းတပ်ဖွဲ့တွေ အသီးသီးကို ရောက်သွားတဲ့ စစ်သားလက်သစ်ကလေးတွေဟာ တပ်ရင်းရောက်တော့လည်း အနှိမ်ခံရတာပါပဲ။ ဆရာကလည်း နှိမ်၊ ဆရာကြီးကလည်း နှိမ်၊ ဗိုလ်ကြီးကလည်း နှိမ် နောက်ဆုံး… ကိုယ်ပိုင်နံပါတ် အရပါ အနှိမ်ခံရပါတယ်။ အဲ… သူတို့ကလည်း တဖြည်းဖြည်းနဲ့ စစ်သက်လေးတွေ ရင့်လာတဲ့အခါ သူတို့နောက်က ဂျူနီယာစစ်သားတွေကို သူတို့ အနှိမ်ခံခဲ့ရတုန်းက အတိုင်း ဆက်နှိမ်ပြန်တာပါပဲ။ စစ်စည်းကမ်း သေ၀ပ်မှုရှိအောင် ဒီနည်းကို သုံးတာလို့ ပြောနိုင်ပေမယ့် စစ်စည်းကမ်းပြင်ပကို ကျော်လွန်ပြီး `အမိန့်နာခံမှု´ ဆိုတဲ့ တပ်မတော် အားဆယ်ပါးထဲက အချက်တချက်ကို အဆင့်ဆင့် အလွဲသုံးစားလုပ်ကြတဲ့အခါမှာ ဘယ်သူ့ကို ဖြစ်ရမှန်းမသိတဲ့ ဒေါသကိုယ်စီက စစ်သားတွေရဲ့ ရင်ထဲမှာ တစတစနဲ့ ကိန်းအောင်းလာပါတော့တယ်။

I have something to say about this. See it in my blog http://lawshay.blogspot.com/2007/08/blog-post_15.html