Thursday, October 11, 2007

စစ်တပ်ထဲမှာ(၃)…

စစ်တပ်ထဲမှာ…
(အရာရှိများ)

မြန်မာပြည် စစ်တပ်မှာ ဒုတိယ တပ်ကြပ်အဆင့်ကနေ အရာခံဗိုလ်အဆင့်အထိကို ပြန်တမ်းမ၀င် အရာရှိများလို့ သတ်မှတ်ပြီးတော့ ဒုတိယဗိုလ်မှ အထက်အဆင့်ကိုတော့ ပြန်တမ်းဝင် အရာရှိလို့ သတ်မှတ်ကြပါတယ်။ စစ်တပ်ထဲမှာကတော့ ဒုတိယဗိုလ်ကနေ အထက်ကို ခပ်လွယ်လွယ်ပဲ `အရာရှိ´ လို့ သတ်မှတ်ကြပါတယ်။

စစ်တပ်ထဲမှာ စစ်ဗိုလ်ဖြစ်နည်းတွေကတော့…

(၁) စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့်။

(၂) အလုပ်သင်ဗိုလ် ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့် (အခုတော့ အဲဒီသင်တန်းတွေ မရှိတော့ပါဘူး)။

(၃) ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့်။

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းကို ယခင်ကတော့ လေးနှစ်တက်ရောက် စေခဲ့ပေမယ့် ယခုနောက်ပိုင်းမှာတော့ သုံးနှစ်သာ တက်ရောက်စေပါတယ်။ သင်တန်းဆင်းရင် ဘွဲ့ရတယောက်အဖြစ် ပညာအဆင့်အတန်း သတ်မှတ်ပေးပြီးတော့ ဒုတိယဗိုလ် ရာထူးပေးပါတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအတွက် ပညာအရည်အချင်းသတ်မှတ်ချက် အခြေခံပညာ အထက်တန်းကို (က) အဆင့်မှ အောင်မြင်ရပါမယ်။ (တပ်မတော် ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ တက္ကသိုလ်၊ အစရှိတဲ့ စစ်တက္ကသိုလ်တွေကိုတော့ သတ်မှတ်ထားတဲ့ ၀င်ခွင့်အမှတ်ကို မှီရပါတယ်။)

အလုပ်သင်ဗိုလ် ဗိုလ်လောင်း သင်တန်းကိုတော့ တနှစ်ခွဲ တက်ရောက်ရပါတယ်။ သင်တန်းဆင်းရင် အလုပ်သင်ဗိုလ်အဖြစ်နဲ့ ခြေလျင်/ခြေမြန် တပ်ရင်းတွေမှာ ကိုးလတာ တာဝန်ထမ်းဆောင်၊ အဲဒီနောက် တပ်စုမှူးသင်တန်းကို ထပ်မံတက်ရောက်ပြီးမှ ဒုတိယဗိုလ်ရာထူးကို ရပါတယ်။ အဲဒီသင်တန်းဆင်း စစ်ဗိုလ်တွေကိုတော့ ဘွဲ့ရအဖြစ် သတ်မှတ်မပေးပါဘူး။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ အဲဒီသင်တန်းတွေကို ဆက်လက် မခေါ်ယူတော့ဘဲ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းသားတွေကိုသာ အရင်ကထက် အရေအတွက် တိုးမြှင့်ခေါ်ယူခဲ့ပါတယ်။

ဗိုလ်လောင်းသင်တန်းမှာ တပ်ကြပ် သို့မဟုတ် တပ်ကြပ်ကြီးစာရေးများမှ ဗိုလ်လောင်းသင်တန်း တက်ရောက်ခွင့် ရသူတွေနဲ့ အသက်(၂၅)နှစ်အောက် ဘွဲ့ရ အရပ်သားများက ဗိုလ်သင်တန်းဖြေဆို အောင်မြင်ပြီး ဗိုလ်လောင်းသင်တန်း တက်ရောက်ခွင့်ရသူတွေ တက်ရောက်ကြပါတယ်။

နောက်ထပ် ချွင်းချက် စစ်ဗိုလ်တွေကတော့ `အခြားအဆင့်´ မှာ ကျနော်တင်ပြခဲ့တဲ့ တပ်သားအဆင့်ကနေ တဆင့်ခြင်းစီ ရာထူးတိုးသွားပြီးတော့ ဗိုလ်ကြီးအဆင့်မှာ ဂိတ်ဆုံးတဲ့ လုပ်သက်ရင့် စစ်ဗိုလ်ကြီးများပါပဲ။

***

စစ်တပ်ထဲမှာ အရာရှိများရဲ့ ရာထူးတိုးမြှင့်ပုံနဲ့ အခြားအဆင့် စစ်သည်တွေရဲ့ ရာထူးတိုးမြှင့်ပုံကတော့ ကွာခြားပါတယ်။

အရာရှိတယောက်ဟာ တစုံတရာ စစ်စည်းကမ်းဖောက်ဖျက်မှု တခုခု ကျူးလွန်တာ မရှိခဲ့ရင်၊ တနည်းအားဖြင့် ပြစ်မှု တခုခုကို ကျူးလွန်ခြင်း တစုံတရာ မရှိခဲ့ရင် ဒုတိယဗိုလ် လုပ်သက် တနှစ်ပြည့်မြောက်တဲ့အခါ ဗိုလ်အဆင့်ကို တိုးမြှင့်ခံရပါတယ်။ ဗိုလ်လုပ်သက် သုံးနှစ် ပြည့်တာနဲ့ ဗိုလ်ကြီးအဆင့်ကို အလိုအလျောက် တိုးမြှင့်ခံရပါတယ်။ ဗိုလ်ကြီးလုပ်သက် ခုနှစ်နှစ်ပြည့်တဲ့ အချိန်မှာ အသက်လေးဆယ် မပြည့်သေးခဲ့ရင် တပ်ခွဲမှူး/ ဗိုလ်မှူး ဗိုလ်မှူး(ဗိုလ်ကြီး) အဖြစ် ခြေလျင်/ခြေမြန် တပ်ရင်းတခုခုမှာ တနှစ် တာဝန်ထမ်းဆောင်ပြီးနောက် ဗိုလ်မှူးအဆင့်ကို တိုးမြှင့်ခံရပါတယ်။

စစ်သားအလုပ်ဆိုတာ တကယ်တော့ အသက်အန္တရာယ် နီးတဲ့အလုပ်၊ သူတကာထက် ပိုမိုပင်ပန်းရတဲ့ အလုပ်လို့ သာမန်အားဖြင့် သိထားကြပေမယ့် ပင်ပန်းကြတာခြင်းအတူတူ အခွင့်အရေး နည်းပါးလှတာ၊ ဒါမှမဟုတ် အခွင့်အရေး လုံးဝ မရှိတာက အခြားအဆင့် စစ်သည်တွေသာ ဖြစ်ပြီးတော့ အရာရှိတွေအတွက်ကတော့ ရာထူးကြီးလာလေလေ ရလာမယ့် စည်းစိမ်ဥစ္စာတွေက များလာလေလေ၊ အခွင့်အရေးတွေက တိုးလာလေလေပါပဲ။

သာမန်အားဖြင့် ဗိုလ်ကြီးအဆင့် မရောက်သေးသူ စစ်ဗိုလ်ပေါက်စတွေအတွက် တပ်ထဲက လာဘ်လာဘ ၀င်လမ်းက နည်းလှပါသေးတယ်။ ဒါပေမယ့် ဗိုလ်ကြီးအဆင့်ကို ရောက်လို့ တိုင်း/တပ်မတွေမှာ စစ်ဦးစီး အရာရှိ (တတိယတန်း) နေရာကို ရပြီဆိုတာနဲ့ သူတို့အတွက် ငွေဝင်လမ်းက စပါတော့တယ်။ အရပ်ဘက်နဲ့ ဆက်ဆံရမှုများလေလေ၊ ငွေဝင်များလေလေပါပဲ။ အလွန်သေးငယ်တဲ့ ကျနော်တို့ နယ်မြို့ကလေးမှာတောင် မှောင်ခိုဆိုင်ကယ်တွေ၊ ကားတွေ တင်သွင်းတဲ့လူတွေဆီက အေးဓမြတိုက်တဲ့ ၀င်ငွေနဲ့ ဗျူဟာရုံးက စစ်ဗိုလ်များ အလွန်အင်မတန် ငွေထွားကြပါတယ်။

***

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်ကို လေ့လာကြည့်မယ်ဆိုရင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းနှစ်များမှာ စစ်ဗိုလ်အလုပ်ကို လူငယ်တွေ စိတ်ဝင်စားမှု ပိုများလာတာကို သတိထားမိပါတယ်။ အရပ်ဘက်ကျောင်းတွေကို မကြာခဏဆိုသလို ပိတ်ထားပြီးတော့ ကျောင်းတွေကိုလည်း ဟိုရွှေ့၊ ဒီပြောင်း (၁၉၉၆ ခုနှစ်တုန်းကဆိုရင် ကျနော်တို့ မြို့လေးရဲ့ အထက်တန်းကျောင်းမှာ တက္ကသိုလ်အဆင့် စာမေးပွဲတွေ ကျင်းပသွားဖူးပါတယ်) နဲ့ မတည်မငြိမ်ဖြစ်လွန်းလှတော့ ဘယ်သောအခါမှ ကျောင်းပိတ်မခံရတဲ့၊ အချိန်တန်ရင် ဘွဲ့လည်းရ၊ ရာထူးလည်းရတဲ့ စစ်ဗိုလ်အလုပ်ကို လူငယ်တွေက မျက်စိကျချင်လာကြပါတယ်။ လက်ရှိတပ်မတော်ရဲ့ အခန်းကဏ္ဍက တိုင်းပြည်မှာ ဗိုလ်ကျနိုင်မှု အင်အားကြီးလာလေလေ စစ်ဗိုလ်တွေ မျက်နှာပန်းပွင့်လေလေ ဖြစ်နေတာကလည်း စဉ်းစားစရာ အချက်တချက်ပါပဲ။

`ငါနဲ့ တနှစ်ထဲ ဆယ်တန်းအောင်တဲ့ ကောင်ကွာ၊ ဆေးကျောင်းအမှတ်မီတာလည်း အတူတူပဲ၊ သူက စစ်ဆေးကျောင်း ၀င်ခွင့်ရတယ်၊ ငါက အပြင်ဆေးကျောင်းတယ်တယ်၊ အခု သူက ဗိုလ်သင်တန်းဆင်းလို့ နှစ်ပွင့်လဲရ၊ ဆရာဝန်ဘွဲ့လဲရ၊ င့ါမှာတော့ အခုမှ တတိယနှစ် ဆေးကျောင်းသားတဲ့၊ ဘယ်လိုလုပ် ကျောင်းက ပြီးနိုင်မလဲ၊ ကျောင်းတွေကို အားအားရှိ ပိတ်ပဲ ပိတ်နေတာကိုး´

ရန်ကုန်ကို ရောက်ခိုက်မှာ အကိုဝမ်းကွဲ ဆေးတက္ကသိုလ်ကျောင်းသားက အဲဒီလို ပြောပြခဲ့ဖူးပါတယ်။

တကယ်တော့ အုပ်ချုပ်သူ အာဏာပိုင်တွေဟာ လူငယ်တွေကို အဲဒီလိုဖြစ်အောင်ကို တမင်လုပ်ယူခဲ့တာပါပဲ။ အပြင်လောကမှာ အရပ်သား ပညာတတ်တွေ တဖြည်းဖြည်းနဲ့ ပါးလျားလာအောင် လုပ်ယူရင်းနဲ့ စစ်တပ်ထဲကို လူငယ်တွေ များများရောက်လာစေတဲ့ နည်းကို တဖြည်းဖြည်းနဲ့ ဆွဲဆောင်ယူခဲ့တာပါပဲ။ အခုဆိုရင် တပ်မတော် စစ်တက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော် အင်ဂျင်နီယာတက္ကသိုလ်၊ တပ်မတော် သူနာပြု တက္ကသိုလ်၊ တပ်မတော် နည်းပညာတက္ကသိုလ် အစရှိသဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လူငယ်တွေ မျက်စိကျလောက်တဲ့ တက္ကသိုလ်အမျိုးမျိုးကို တပ်မတော်အမည်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

အကောင်းဘက်က တွေးမယ်ဆိုရင်တော့ စစ်တပ်ထဲမှာ ပညာတတ်တွေ များလာတော့ ဆင်ခြင်တုံတရား ရှိသူ ပညာတတ်လူငယ် စစ်ဗိုလ်လေးတွေ များလာလေလေ နောင်အနာဂတ် စစ်တပ်အတွက် ပိုကောင်းလာမယ်လို့ တွေးစရာ ရှိပေမယ့် `စစ်ဗိုလ်ကွ၊ သူ့ကုသိုလ်နဲ့ သူဖြစ်လာတာ၊ ဘာမှမနာလိုမရှိနဲ့၊ ဖြစ်ချင်တိုင်း ဖြစ်လို့ရတာမဟုတ်ဘူး´ ဆိုတဲ့ အမြင်မျိုးရှိတဲ့ စစ်ဘိုပေါက်စတွေ မြန်မာပြည်မှာ ပိုများလာရင်တော့ တိုင်းပြည် အနာဂတ်အတွက် ရင်လေးစရာကောင်းပါတယ်။ `အာဏာ´ ဆိုတဲ့ အရာက လူမိုက်တွေလက်ထဲ ရောက်သွားရင် ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ လက်ရှိ ကျနော်တို့ နိုင်ငံအခြေအနေက သက်သေပါပဲ။

စစ်တပ်တွင်းမှာ အရာရှိအချင်းချင်း တရားဝင် မဟုတ်ပေမယ့် မသိမသာ ခွဲခြားထားမှုကို တင်ပြချင်ပါသေးတယ်။

အဲဒါကတော့ အခြားအဆင့်ကနေ ဗိုလ်လောင်း သင်တန်းကို တက်ရောက်ခွင့် ရပြီးတော့ စစ်ဗိုလ်ဖြစ်ခွင့် ရသူတွေနဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်းတွေ အကြား ကွာခြားမှုပါပဲ။

အခြားအဆင့်ကနေ စစ်ဗိုလ်ဖြစ်သူများဟာ များသောအားဖြင့် ဘွဲ့ရသူတွေ မဟုတ်တာ များပါတယ်။ တပ်ကြပ်ကြီး စာရေးတချို့ကနေ ဗိုလ်သင်တန်း အောင်သူများတချို့နဲ့ အသက်(၂၅) နှစ်အောက် ဘွဲ့ရ၊ အရပ်သားများမှ ဗိုလ်သင်တန်းအောင်သူများသာ ဘွဲ့ရတွေ ဖြစ်ကြပါတယ်။ အရာရှိငယ် ဘ၀မှာ အဲဒါတွေက မသိသာသေးပေမယ့် ဗိုလ်မှူးအဆင့်ကို ရောက်ရင်တော့ `တပ်ရင်းမှူးသင်တန်း´ တက်ခွင့်အတွက် `တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်´ ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်က အခြားအဆင့်မှ စစ်ဗိုလ်ဖြစ်လာသူ အများစုကို ဗိုလ်မှူးဘ၀မှာတင် ရာထူးရပ်သွားစေတဲ့ အဓိက အချက်ပါပဲ။ စစ်တက္ကသိုလ် ဗိုလ်လောင်းဆင်းတွေကတော့ အဲဒီအတွက် မပူမပင်ရစွာနဲ့ပဲ ရာထူးအဆင့်ဆင့်ကို တက်ခွင့် လမ်းက ဖြူးနေပါတယ်။

နောက်တချက်ကတော့ တကယ့်တကယ်တမ်း သေရေးရှင်ရေး စစ်ဆင်ရေး နေရာတွေကို သွားရောက်ရတဲ့ အရာရှိငယ် အများစုဟာ အခြားအဆင့်မှ ဗိုလ်သင်တန်းအောင်လာတဲ့ အရာရှိအများစု ဖြစ်နေကြတာပါပဲ။ စစ်တက္ကသိုလ်ဆင်း အရာရှိတွေကတော့ ရှေ့တန်းထွက်ရလည်း ခဏပါပဲ။ အချိန်တန်ရင် တိုင်း/တပ်မတွေမှာ စစ်ဦးစီး အရာရှိအဖြစ် လျောလျောရှူရှူ လျင်လျင်မြန်မြန် တာဝန်ထမ်းဆောင်ခွင့် ရကြတာလဲ စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ်တွေက ပိုများတယ်လို့ သိရှိရပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော် အဝေးသင် တတိယနှစ်ဖြေဆိုရစဉ်တုန်းက သိကျွမ်းခင်မင်ခဲ့ရတဲ့ သင်္ဃန်းညီနောင် အခြေစိုက် တပ်ရင်းတရင်းမှ စစ်ဗိုလ် တဦးက သူ အဝေးသင် လာဖြေခိုက်မှာ အခုလို ရင်ဖွင့်ခဲ့ပါတယ်…

`တကယ်တော့ကွာ၊ ငါတို့ အခြားအဆင့်က စစ်ဗိုလ်တွေဆိုတာက စစ်တုရင်ခုံက နယ်ရုပ်လေးတွေနဲ့ အတူတူပါပဲကွာ၊ ဘုရင်ကြီး ကောင်းစားဖို့ ချကျွေးခံရလိုခံရ၊ တခါတလေ ဘီးရှော့တို့၊ မြင်းတို့ နေရာကောင်းရဖို့အတွက် ချကျွေးခံရလို ခံရ၊ ကံအင်မတန်ကောင်းလို့ ဟိုးဘက်ထိပ်ရောက်သွားတဲ့ နယ်ရုပ်တရုပ်တလေကသာ ပါဝါတခုခု တိုးရသွားသလိုပါပဲ။ အခြားအဆင့်တယောက်ကို စစ်ဗိုလ်ရာထူးပေးတယ်ဆိုတာ သူများမနေချင်တဲ့ နေရာ၊ သူများမသွားချင်တဲ့နေရာတွေအတွက် ကွက်လပ်ဖြည့်ချင်တာပါပဲ´


ဆက်ရန်…

4 comments:

nyeenyee2007 said...

pls keep on,thanks a lot,nice article

Anonymous said...

thanks for your input, we need to know them very well. As you mentioned in the article, those who joined Sit Tat after 1988 know or aware Sit That's atrocities. They joined Sit Tat knowinglly for selfish reasons. Most of them are cowards. They do not want to struggle life in the real world. Therefore, they chose the easy way out. I have many frieds who are in the military. They just want to borrow the power and strength from the militay or uniforms to bully innocent civilians. In short, they do not know how to be an independent individual. They are very weak inside. They become nothing without their military institution. I've heard the conversation of an army officer bastard in a web site and he even brag about being a bully officer and said bad things about unfortunate sex trade workers who are our fellow country men and sisters. Instead of finding out the root causes and helping them, he talked down on unfortunate ppl who are trying to survive on their own means in a real tough enviroment.
These guys are like parasites. They won't join the protesters if military is on the winning side. They will leave the military when military collapses just like parasites leave a dead body.

Anonymous said...

တကယ်တော့ နိုင်ငံ တစ်နိုင်ငံ ရဲ့ စစ်တပ်ဆိုတာ အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါး နဲ့ တူတယ်ဗျ၊၊ငြိမ်းချမ်းတဲ့ အချိန်မှာ အိမ်သူ အိမ်သားတွေက ဒီဓါးကို အလှကြည့်ပြီး ဂုဏ်ယူတတ်ကြပါတယ်။အိမ်ကို လာလည်တဲ့ ဧည့်သည်ဟာလဲ ဓါးကို ကြည့်ပြီးရိုသေလေးစားစေရမယ်၊၊ရန်သူနဲ့တွေ့ရင်တော့ အိမ်သူအိမ်သားတွေဟာ ဒီဓါးကို ကိုင်ဆွဲပြီး တိုက်ခိုက်ရမယ်၊၊ နိုင်ငံတကာမှာ လူမျိုးတိုင်းဟာ ကိုယ့်နိုင်ငံ စစ်တပ် အင်အား၊ လက်နက်စွမ်းပကားတွေ ကြည့်ပြီး ဂုဏ်ယူတတ်ကြပါတယ်၊၊စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု လဲ ခံစားရပါတယ်၊၊ စင်္ကာပူ လို နိုင်ငံလေးကတောင် သူတို့ တပ်မတော် ရဲ့ လက်နက် အင်အား၊ လူအင်အားကို ဂုဏ်ယူဝင့်ကြွားစွာ ပြတတ်ကြသေးတယ် မဟုတ်လား။ အဲဆက်ပြောရမယ် ဆိုရင် စစ်တပ် က မီးဖိုချောင်က ကြက်သွန်လှီးတဲ့ ဓါးလဲ မဖြစ်စေရဘူး၊၊ ဆိုလိုချင်တာက အရေးမပါတဲ့ နေရာတွေမှာ ( အိမ်မှုကိစ္စ) တွေမှာ စစ်တပ်ဆိုတဲ့ ဓါးကို မသုံးရဘူး၊၊ ဒီလိုပဲ ကျွန်တော်တို့ဟာ မြန်မာ့တပ်မတော်ကို ဧည့်ခန်းမှာ ချိတ်ဆွဲ ထားတဲ့ ငှက်ကြီးတောင်ဓါးလို ဖြစ်စေချင်ပါတယ်၊၊ နေရာ တကာမှာ ၀င်မပါနဲ့၊၊ပြည်သူ ပြည်သားတွေ ကို ကာကွယ်တဲ့ နေရာမှာပဲ ခံညားထယ်ဝါစွာ ရပ်တည်ပါ၊၊ပြည်တွင်း ကိစ္စတွေမှာ နေရာတကာ ၀င် မပါကြပါနဲ့ ခင်ဗျား၊၊
ပြည်သူ့အတွက် တပ်မတော်သားများ ဖြစ်ကြပါစေ၊၊
M.L

pee said...

If u realy want to know officer life in infantry,read Thaung Wai Oo.U will understand how they have to pass their life.