Tuesday, October 16, 2007

ရေချိုးသူ...


အိုက်စပ်စပ်နိုင်လှသော အလုပ်ရုံထဲက ထွက်လာတော့ ချွေးစေးတွေက အနေရခက်လှစွာဖြင့် ခန္ဓာကိုယ်တ၀ိုက်တွင် ကပ်ငြိပါလာကြသည်။ အပြင်မှာ တိုက်ခတ်နေသော လေက အေးသလိုလို၊ နွေးသလိုလိုနှင့် ပင်ပန်းလာသမျှကို ပြေပျောက်ခြင်းငှာ မစွမ်းသာနိုင်…။

အိမ်ပြန်ရောက်လို့ နားမယ်မှ မကြံသေး၊ ကျနော့်အမိုးကို စားစရာအတွက် ဈေးဆိုင်လိုက်ပို့ရပြန်သည်။ နွမ်းနယ်မှုကို ခဏအသာထားလို့ အမိုးသွားလိုရာ လိုက်ပို့ပြီးတော့ ညနေမှောင်ရီပျိုးလေပြီ။

ထိုင်ခုံမှာ အတန်ကြာအောင် ဘာမှမလုပ်နိုင်သေးဘဲ ငူငူကြီးထိုင်နေမိသေးသည်။ `လန်းဆန်းသွားအောင် ရေချိုးတာ ကောင်းပါတယ်´ ဟု တွေးရင်း အ၀တ်အစားလဲပြီး ရေချိုးခန်းတွင်းသို့ အလျင်စလိုနှင့် ၀င်လိုက်၏။

ရေပန်းဖွားအောက်သို့ ၀င်လိုက်တော့ တဖျောဖျောကျနေသော ရေပေါက်များက ကျနော့်ခန္ဓာကိုယ်ပေါ် ဖြတ်သန်းပြီး ၀ရုန်းသုန်းကား နိုင်လှစွာ စီးကျသွားကြသည်။

***

မေမေက ပြောဖူးသည်။ ကျနော်ငယ်ငယ်က ရေအင်မတန်ကြိုက်သည် ဟူ၏။ ရေဇလုံထဲ ရေဖြည့်ပြီး ကျနော့်ကို ထည့်ထားလိုက်လျှင် တခစ်ခစ်နှင့် ရယ်မောပြီး ဘယ်လောက်ကြာကြာထားထား အားရပါးရ ဆော့နေတတ်သည်ဟု ပြောဖူးသည်။

မွေးကင်းစ ကိုယ့်ကိုယ်ကို လူမှန်း မသိသေးစ အရွယ်မှာတော့ ညစ်ပတ်ပေရေ နေလျှင် ရေချိုးသန့်စင်ရကောင်းမှန်း မသိစကောင်းခဲ့…။ ဘာမှမှ နားမလည်ဘဲကိုး…။ ကိုယ့်ခန္ဓာကိုယ်က သန့်ရှင်းနေလား၊ တခုခု စွန်းပေနေလားဆိုတာကို ဆုံးလဲမဆုံးဖြတ်တတ်သေး…။ ဒီတော့ မိဘတို့က ဂရုတစိုက် ရေမိုးချိုး သန့်စင်ပေးခဲ့ရသည်။

နည်းနည်းသိတတ်စ အရွယ်ရောက်လာတော့ ရေဇလုံထဲမှာ တခစ်ခစ်နှင့် ရေဆော့ရသော အဆင့်ကို လွန်မြောက်ပြီး လူကြီးတွေ ခပ်ဖြည့်ထားသော စဥ့်အိုးထဲမှ ရေကို ဖလားလေးကို မနိုင့်တနိုင်ခပ်ရင်း ရေချိုးတတ်စ ပြုလာပြီ။ ဒါပေမယ့် ရေချိုးခြင်း ကိစ္စကို လုံးဝဥဿုံ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် အဆင့်တော့ မရောက်သေး။ ရေချိုးသည် ဆိုခြင်းကိုလည်း ချေးညှော် သန့်စင်ဖို့ထက် ရေကစားရဖို့ဟု နားလည်လို့ ကောင်းတုန်း…။ မေမေက `သားကြီး၊ ဂျီးတွေ ပြောင်အောင်တွန်းနော်´ လို့ အမြဲမှာပေမယ့် ရေချိုးပြီးတိုင်းလိုလို မပြောင်စင်သော အပေအရေတွေကို မေမေက နောက်ထပ်တခါ သန့်စင်ပေးရမြဲ။

တဖြည်းဖြည်းနှင့် အရွယ်ရောက်တော့ ရေချိုးခြင်းအပေါ် မိဘများ၏ အာရုံထားမှုက တစတစနှင့် လျော့လာသည်။ မိမိခန္ဓာကိုယ်ပေါ် စွန်းပေလာသည့် ပေရေမှုများကို ကိုယ်တိုင် သန့်စင်လာရသည်။ တနည်းအားဖြင့် ကိုယ့်ကိုယ်ကို တာဝန်ယူမှုက အရွယ်ရောက်လာလေလေ ပိုများလာလေလေ…။

ရက်အတန်ကြာအောင် ရေမချိုးသော သူများကို ကျနော် မကြာခဏ တွေ့ဖူးသည်။ ချေးညှော်တွေ၏ ညစ်ပတ်ပေရေမှုကို အသာထားအုံး၊ ထိုသူများ၏ ညှင်းသိုးသိုး ပုံစံကပင်လျှင် သူတို့နားမှ ခပ်ခွာခွာနေချင်စရာ ကောင်းလှသည်။ အနားကပ်မိလျှင်တော့ အနှီပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ်မှ ထွက်သော အနံ့အသက်များက ဆိုးလှပါဘိ…။

တချို့ကျတော့ ရေကို ချိုးတော့ ချိုးသည်။ သို့သော် သူတို့ ခန္ဓာကိုယ်ပေါ်မှာ ပေရေနေသော အစွန်းအထင်းများ သန့်စင်သည် မသန့်စင်သည်ကို အဓိကမထားလှ…။ ဗုန်းဗုန်းဗွမ်းဗွမ်းနှင့် ရေတွေ တဖလားပြီးတဖလား ကိုယ်ပေါ် လောင်းချ၊ တချို့ရေတွေက အလဟဿဖြစ်ပြီး ဘေးကို စင်လိုစင်နှင့် ဆပ်ပြာတိုက်တော့လည်း တာဝန်ကျေမျှသာ။ တခါတလေ ဆပ်ပြာပင် မတိုက်…။ ပြီးလျှင်တော့ `ငါ ရေချိုးပြီးပြီကွ´ ဟု ခပ်တည်တည်ပြောပြီး မသန့်စင်သော ခန္ဓာကိုယ် အဟောင်းပေါ်ကို အမွှေးနံ့သာတွေ ဖြန်းလို့…၊ နောက်နေ့တွေမှာလည်း ထိုနည်းနှင်နှင့် သူတို့၏ ခန္ဓာကိုယ်မှာ ချေးညှော်တွေက အထပ်ထပ်…။

`လှပါတယ် ပြောကာမှ ရေမချိုးရသေးဘူးတဲ့´ ဟူသည့် ကျီစယ်စကားက နှစ်သက်စရာ အလွန် ကောင်းလှသည်။ ရေမချိုးရသေးဘူးဆိုသည့် လူက ပေရေမှုတွေ ရှိနေလျက်နဲ့တောင် လှနေသေးသည် ဆိုတော့ ရေမိုးချိုး သန့်စင်ပြီးလို့ ကြည်စင်သွားလျှင် ဘယ်လောက်များ လှနေမှာပါလိမ့်…။

***

ခန္ဓာကိုယ်ပေါ် အနှံ့သို့ စီးကျနေသည့် ရေဖွားများကို ခဏ ရပ်တန့်စေပြီး ဆပ်ပြာတုံးကို လှမ်းယူမိတော့ ဘေးနားရှိ စင်ပေါ်မှ ပစ္စည်းများက မြင်ကွင်းထဲသို့ ရောက်လာပြန်သည်။ ပေါင်ဒါဗူး၊ ကုန်လုဆဲဆဲ မှောက်ခုံဖြစ်သော ခေါင်းလိမ်းဆီဗူး၊ Body Spray၊ အစရှိသည် ရှိသည်…။ သို့သော် သေချာသည်ကတော့ ထိုအရာတွေမှာ အညစ်အကြေးတွေကို သန့်စင်ပေးဖို့ ကူညီပေးနိုင်သော အရာတွေ မဟုတ်…။

ဒါဖြင့် ဆပ်ပြာက ကျနော့် ခန္ဓာကိုယ်ကို သန့်စင်သွားဖို့အတွက် အဓိကအရာများလား…။ မဟုတ်ပါ။ ဆပ်ပြာက ခန္ဓာကိုယ်ကို သန့်ရှင်းသွားအောင် အထောက်အကူပေးသည့် ပစ္စည်းတခုသာလျှင်ပင်…။

ကျနော့်ခန္ဓာကိုယ် သန့်စင်သွားဖို့ အဓိက အရေးအပါဆုံးက ကျနော်သာလျှင်ဖြစ်သည်။ ကျနော့်ခန္ဓာကိုယ် သန့်ရှင်းသွားအောင်၊ နွမ်းနယ်နေသော စိတ်လန်းဆန်းသွားအောင် ရေချိုးချင်စိတ် ရှိနေရမည့် ကျနော်သာလျှင် အဓိကအကျဆုံးဖြစ်၏။ ရေချိုးချင်သည့် စိတ်ကို ဆပ်ပြာကဲ့သို့ ပစ္စည်း၏ အထောက်အပံ့ကို ယူလိုက်ရင်တော့ စွန်းထင်းနေသော ပေရေမှုများက ကပ်ညိနေနိုင်တော့မှာ မဟုတ်တာ အသေအချာပင်…။

***

စိတ်ကျေနပ်လောက်သည်အထိ တကိုယ်လုံးကို သန့်စင်အပြီးတွင်တော့ ရေချိုးခြင်းကို လက်စသတ်၍ သဘက်ကိုဆွဲယူပြီး ခန္ဓာကိုယ်အနှံ့မှ ရေပေါက်များကို သုတ်စင်ပစ်လိုက်သည်။

မှန်ရှေ့တွင် ရပ်ကြည့်မိပြန်တော့ ရေစိုဆံပင်တွေ ဖွာရရာ ကျလျက်သား လူတယောက်ကို နွမ်းနယ်ဟန် ကင်းစွာ တွေ့လိုက်ရသည်။ ထိုလူကို ကြည့်ပြီး ကျနော့်နှုတ်မှ ခပ်ဖွဖွရွတ်လိုက်သည်။

`ကျနော် ရေတကယ် ချိုးပြီးပြီ´


ကလိုစေးထူး

8 comments:

MELODYMAUNG said...

စက်ရပ်သတင်း။။ချေး၇ထပ်ချွတ်လို့ ကိုကြီးစေးထူး ရေချိုးပြီးသကာလမှာ အိမ်ရှေ့ရှိမြောင်းများ ရေစီးရေလာမကောင်းပဲ ပိတ်ဆို့သွားကြောင်း အဟိ :P

Unknown said...

ဒီလူကြီး မကြီးမငယ်နဲ့ ရေချိုးခန်းထဲ ရေ၀င်ဆော့နေတာထင်ပါရဲ့။
ပုံကို သေချာကြည့်တော့ ဗူးတွေကလည်း အခွံတွေချည်းပါလား။
ဂျီးတွေပြောင်အောင် တွန်းရဲ့လား သားကြီး :P
တကယ်ရေချိုးပြီးပလား … မှန်းစမ်း နမ်းကြည့်ရအောင် …
ဟင် .. ညှီစို့စို့နဲ့ပါလား …. ဟားဟားဟား …

Unknown said...

တချို့က ရေမချိုးမှ ပိုကြိုက်သတဲ့ …
နပိုလီယံဆို … သူစစ်ထွက်က ပြန်ရောက်ခါနီးရင် သူ့မိန်းမကို ရေမချိုးဘဲနေခိုင်းတယ်လို့ ကြားဖူးတယ်။
ရေမချိုးတဲ့ ရနံ့ကလေးက တယ်သင်းဆိုပဲ … ။

Anonymous said...

"မှန်ရှေ့တွင် ရပ်ကြည့်မိပြန်တော့ ရေစိုဆံပင်တွေ ဖွာရရာ ကျလျက်သား လူတယောက်ကို နွမ်းနယ်ဟန် ကင်းစွာ တွေ့လိုက်ရသည်။" Is he naked? :) :)

Best,
Lwin Moe

Winkabar said...

ရေကတော့ဆေးတစ်မျိုးပဲ။
အလုပ်မောလို့ရေချိုးတာမဟုတ်တောင်
ခြေလက်ဆေးလိုက်ရင်ပဲလူကလန်းသွားတယ်။

nu-san said...

ကိုစေးထူးရေ.. လာလည်သွားတဲ့အတွက်ရော၊ comment အတွက်ရော ကျေးဇူးပါဗျို့... နောင်လည်း လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်။ :)

အဟဲ.. မှတ်တာမမှားဘူးဆိုရင် မနက်က ဒီကို ရောက်လာတုန်းက ဓာတ်ပုံမတွေ့မိသလိုပဲ.. :D

ကလိုစေးထူး said...

အားပေးထားကြတာ ကျေးဇူးတင်ပါတယ်ဗျို့။ ကိုလွင်မိုးကတော့ ကြံကြံဖန်ဖန်မေးတော့မယ်။ အဟဲ။ :D
မနုစံ ပြောတာ ဟုတ်ပါတယ်။ ကျနော် ပထမတော့ ဒီတိုင်းတင်မိတာ။ နောက်မှ ပုံထည့်ဖို့ မေ့နေတာကို သတိရလို့ ပြန်ထပ်တင်လိုက်တာပါ။ :) နောက်ထပ် ပို့စ်တွေကိုလည်း ရေ၀ိုင်းချိုး၊ အဲ … အားပေးကြပါအုံး။ :P

rita said...

:)