Tuesday, October 30, 2007

ပျော်ရွှင်စွာဖြင့် လက်ကမ်းပါသည်…

ကျနော် ခွင့်ယူထားတာ အတန်ငယ်ကြာခဲ့ပါပြီ။

ဒီနေ့မှာတော့ ကျနော် ဘလော့ပြန်အရေးစေချင်ဆုံးသော မမေဓာဝီတယောက် `ဘလော့ဂ်ပြန်ရေးတော့မယ်´ လို့ ပြောလာတော့ အတိုင်းမသိ ၀မ်းသာခဲ့ပါတယ်။ သူ ဘလော့ဂ်ရေးတာ နားလိုက်ကတည်းက ၀မ်းနည်းစိတ်၊ ခံပြင်းစိတ်နဲ့အတူ တွဲထားတဲ့ လက်ချင်း ဆွဲဖြုတ်ခံခဲ့ရသလို ခံစားနေခဲ့ရတာဟာ အခု သူ ပြန်ရေးတော့မယ်ဆိုတော့ အားတော်တော်တက်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေလည်း သူ့စာတွေကို ပြန်ဖတ်ရတော့မှာပါ။ ဒါပေမယ့် မအားလပ်တဲ့အချိန်တွေများမှာမို့ အရင်လောက်တော့ လက်သွက်နိုင်မှာ မဟုတ်ဘူးလို့ သူ ပြောပေမယ့် ဘာမှ မရှိတော့တဲ့ အဖြူရောင်ပြင်ကြီးကိုပဲ နေ့စဉ်မြင်ခဲ့ရတဲ့ ကျနော့်အတွက်ကတော့ တပတ်ကို တပုဒ်ပဲ ပြန်ရေးရင်တောင် ပျော်ရွှင်စရာပါ။

မမေဘလော့ဂ် ပြန်ဖွင့်တဲ့ အထိမ်းအမှတ်သဘောနဲ့ မမေကို ကြိုဆိုတဲ့ ကဗျာလေးတပုဒ် ရေးထားပါတယ်။ ကဗျာနာမည်က ရိုးရိုးလေးပါပဲ။ မေဓာဝီ…သို့…တဲ့။

မေဓာဝီ…သို့

တွေးမိတွေးရာ ရေးမိတာမို့
စိတ်ကူးသီရာ စာကဗျာနှင့်
မှတ်ဖွယ်စုံစု၊ ထုတ်နှုတ်ပြုကာ
စိတ်အားထက်ရည်၊ တင်ဆက်သည်
ရိုးသား တည်ကြည်၊ မေဓာဝီ… (သို့)…။

ပန်းတိုင်ကိုမြန်း၊ ခရီးလမ်းတွင်
ရံဖန်ခါ၌၊ မတူစရိုက်
လူတသိုက်က
ရန်စွယ်ပိုမို၊ သံမချိုလဲ
ကြည်စင်စိတ်ထား၊ မုန်းမပွားလင့်…။

ရံဖန်ခါတွင်
အားငယ်နွမ်းသွင်၊ လန်းမရွှင်နှင့်
ညှိုးငယ်စိတ်ချုံး၊ အပူဖုံးလျှင်
တွဲလက်ညီတူ၊ အားပေးကူအံ့…။

ရံဖန်ခါဝယ်
အမြင်ခြင်းလှယ်၊ ကြည်နူးဖွယ်ဖြင့်
ကလောင်သွက်လက်၊ အရေးထက်စဉ်
ဝမ်းသာကြည်ဖြူ၊ ပျော်ရွှင်တူအံ့…။

မေဓာဝီသို့..၊
ထာဝရရည်၊ စိတ်တည်ကြည်ဖြင့်
စာပန်းသီမြန်း၊ ပြန်လာလမ်းကို
ကမ်းလင့်ကြိုဆို၊ ထွေးနွေးပိုသည်
စိတ်ထားတွဲလက် မြဲစေသော်ဝ်…။


ကလိုစေးထူး

7 comments:

ရွှေဂျမ်း said...

ကြားရတာ ၀မ်းသာလိုက်တာ။ သတင်းကောင်းကို မျှ ဝေတဲ့အတွက် ကိုကလိုစေးထူးကို ကျေးဇူးတင်ပါတယ်။

Winkabar said...

ဝမ်းသာလိုက်တာ ကြားရတာ။
အစ်မမေဓာဝီ ဘလော့ကို ဒွေးဆုံးတုန်းက
ပဲဖတ်ဖူးတာ နောက်သတိရလို့ပြန်သွားကြည့်တော့
နားတာနဲ့ ကြုံသွားတာလေ။ ပြန်ရေးမယ်ဆိုတော့
ဝမ်းသာပါတယ်။ အစ်မကိုပြောပေးပါ အဟောင်း
တွေရှိသေးရင် မဖျက်ပါနဲ့လို့နော်။

ကိုစေးထူးကော ခွင့်ယူတာ အဆင်ပြေလား။
ပြန်လာတာဝမ်းသာပါတယ်။

nu-san said...

ကိုစေးထူးရော မမေဓာဝီရော ဘလော့ခ်ပြန်ရေးမယ်ဆိုတော့ ဘလော့ခ်လောကကြီးဟာ အရင်လိုပဲ အားလုံး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေမှာ ကိုစေးထူးရ.. အားလုံးက အတုယူလေးစားနေရတဲ့ စံပြ ဘလော့ခ် ၂ ခုပါ။ ရေးသမျှကိုလည်း အစဉ်အားပေးနေမှာပါ။

မေဓာဝီ said...

ကိုစေးထူးရဲ့ ဒီကဗျာလေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။
နွေးထွေးစွာ ကြိုဆိုကြသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
အဟောင်းတွေလဲ မဖျက်ပါဘူးရှင် … ဒီတိုင်းပဲထားပါတယ်။
အရင်လို နေ့စဉ်မရေးဖြစ်ရင်တောင် မကြာမကြာရေးသွားပါ့မယ်။

MELODYMAUNG said...

ဒီနေ့ ၀မ်းသာစရာ 2ခုရှိတယ် ခွင့်ယူထားတဲ့ ကိုကြီးစေးထူး ပြန်လာတာရယ် မမေ ဘလော့ ပြန်ရေးတာရယ် ဝေးးးးးးးးး ရဟူးးးးးးးးးးးးးးးးးးးးးးးး ဂူးဂယ်လ်

P.Ti said...

(မ)မေဓာဝီပြန်လာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဆက်လက် အားပေးနေပါတယ်
ကလိုစေးထူးပြန်လာပြီး ဖတ်လို့ ကောင်းတယ့်ပို့စ်တွေတင်လို့ရော၊ ကြေငြာပေးလို့ပါ ကျေးဇူးတင်ပါတယ်

နှင်းပွင့်ဖြူ said...

မမေဓာဝီပြန်လာတာရော
ကိုစေးထူး.. ခွင့်ပြည့်လို့ ရုံးပြန်တက်တာရော
အရမ်းဝမ်းသာပါတယ်
စာကောင်းကောင်းလေးတွေ
ကဗျာ ကောင်းကောင်းလေးတွေ အမြဲ မျော်လျက်ပါ