Friday, August 31, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၇)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်တွင်း အကျင့်ပျက် လာဘ်စားမှုများ (ဒုတိယပိုင်း)

ထောင်ထဲမှာ တောင်ယာအလုပ်နဲ့ အလုပ်ကြီးလို့ ခေါ်တဲ့ လက်သမား၊ အုန်းဆံထု၊ ဘိနပ်ချုပ် စတဲ့ အင်မတန် ပင်ပန်းတဲ့ အလုပ်တွေ အများကြီး ရှိပါတယ်။ အဲဒီအပြင် အညစ်အကြေးတွေကို သိမ်းဆည်းရတဲ့၊ ဘယ်သူမှ မလုပ်ချင်ကြတဲ့ မိလ္လာသိမ်း အလုပ်တွေလည်း ရှိပါတယ်။ တပြိုင်ထဲမှာပဲ ပင်ပင်ပန်းပန်း လုပ်စရာ မလိုတဲ့ တခြား အလုပ်တွေလည်း ရှိပါသေးတယ်။ ထောင်အုပ်ချုပ်ရေး လုပ်ငန်းတွေနဲ့ ဆိုင်တဲ့ စာရေးစာချီ အလုပ်၊ ထောင်ပိုင်ရုံး၊ ထောင်ကျရုံး၊ အချုပ်ရုံး၊ မိန်းဂျေးရုံး စတဲ့ ရုံးတွေက ရုံးအလုပ်၊ အခန်းလူကြီး၊ အခန်းစာရေး အလုပ်၊ ထောင်ရာရှိတွေကို ဝေယာဝစ္စ လုပ်ပေးရတဲ့ အလုပ် စတဲ့ အလုပ်မျိုးတွေပါ။

အဲဒီ အလုပ်မျိုးတွေ လုပ်ကြရသူတွေဟာ အလုပ်ကြမ်းလည်း မလုပ်ရတဲ့ အပြင် ထောင်အရာရှိတွေနဲ့ နီးနီးစပ်စပ်လည်း နေရ၊ ထောင်ပြင်ပနဲ့လည်း ဆက်သွယ်နိုင်တဲ့အတွက် ပေါက်ပေါက်ရောက်ရောက် ရှိကြပါတယ်။ ဒါကြောင့်ပဲ ထောင်ကျ အချင်းချင်းကြား အထူးလေးစား အရိုသေခံရပြီး `ဟိုလူက ခေါ်ချင်၊ ဒီလူက ခေါ်ချင်´ နဲ့ အင်မတန် `မျက်နှာပန်းပွင့်´ တဲ့ အခွင့်ထူးခံ အလုပ်မျိုးတွေပါ။

အဲဒီ အလုပ်မျိုးတွေ၊ အဲဒီ နေရာမျိုးတွေမှာ လုပ်ခွင့်ရချင်ရင် ထောင်အရာရှိတွေကို သောင်းနဲ့ချီ လာဘ်ထိုးရပါတယ်။ ပိုက်ဆံ မပေးနိုင်တဲ့ သူတွေကတော့ အကြမ်းတမ်းဆုံး အလုပ်နဲ့ မိလ္လာကျုံးအလုပ် စတာတွေ လုပ်ပေတော့၊ အရိုက်နှက် အညှဉ်းပန်းခံပေတော့ပါပဲ။

ထောင်တွင်းမှာ နောက်ထပ် လာဘ်စားနည်း တခုကတော့ `ရဲဘက်စခန်း´ ခေါ် `အလုပ်ကြမ်း´ စခန်းတွေနဲ့ ပတ်သက်ပါတယ်။

ထောင်ထဲမှာ အကျဉ်းသားတွေ အကြောက်ဆုံးက ရဲဘက်စခန်း လို့ ခေါ်တဲ့ အလုပ်ကြမ်း စခန်းတွေ အပို့ခံရမှာကိုပါ။ ရဲဘက်စခန်းတွေဟာ များသောအားဖြင့် လူနေအရပ်တွေ၊ ရွာတွေနဲ့ ဝေးလံခေါင်ပါးတဲ့ နေရာမှာ ရှိပြီး အဆက်အသွယ်လည်း ခက်ခဲလွန်းလို့ ရဲဘက်စခန်း အပို့ခံရတယ်ဆိုရင် အကျဉ်းသားတွေအဖို့ သေရွာ အပို့ခံရသလိုပါပဲ။ တကယ်လည်း ရဲဘက်စခန်းတွေရောက်ရင် အသက်ရှင်ရက်နဲ့ ပြန်ထွက်လာနိုင်ဖို့ မလွယ်လို့ သေရွာသွားတဲ့ အတိုင်းပါပဲ။

ရဲဘက်စခန်းတွေဟာ ဝေးလံပြီး လူသူအရောက်အပေါက် နည်းလွန်းတဲ့ အရပ်တွေ ဖြစ်လို့ ဆွေမျိုးသားချင်းတွေက သက်ဆိုင်ရာ အကျဉ်းသားတွေကို လာတွေ့နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ရဲဘက်စခန်းက အကျဉ်းသားတွေဟာ ကျန်းမာရေးနဲ့ တခြား အရေးတကြီးကိစ္စတွေ၊ အရေးပေါ် ကိစ္စတွေ ပေါ်လာရင် အိမ်ကို ချက်ချင်း ဆက်သွယ်အကြောင်းကြားဖို့၊ အကူအညီတောင်းဖို့ မလွယ်ပါဘူး။ သက်ဆိုင်ရာ ထောင်အရာရှိတွေကလည်း လူလူချင်း စာနာပြီး အဆက်အသွယ်တွေရအောင် ဂရုတစိုက် ဆောင်ရွက်ပေးတာမျိုးကလည်း ထုံးစံမရှိဘူး မဟုတ်လား။

အဲဒီနည်းနဲ့ အိမ်နဲ့ အဆက်အသွယ်မရလို့၊ အိမ်ရဲ့ အကူအညီ မရလို့၊ အိမ်က ငွေကြေး မပံ့ပိုးလိုက်နိုင်လို့ မသေသင့်ဘဲ ရဲဘက်အကျဉ်းစခန်းတွေမှာ သေသွားရတဲ့ အကျဉ်းသားတွေ ရေတွက်မနိုင်ပါဘူး။ အဲဒီလို သေသွားလို့လည်း `သေသွားပြီ´ ဆိုတဲ့ အကြောင်း သက်ဆိုင်ရာ မိသားစုကို ထောင်အာဏာပိုင်တွေက ဥပဒေအရ လူ့ကျင့်ဝတ်အရ ဂရုတစိုက်နဲ့ အချိန်မီ အသိပေး အကြောင်းကြားတာမျိုးလည်း ရဲဘက်အကျဉ်းစခန်းတွေမှာ ရှိတာ မဟုတ်ပါဘူး။

တချို့ မိသားစုတွေဆိုရင် ကိုယ့်သားသမီး၊ ကိုယ့်လင်၊ ကိုယ့်မောင်ဘွား အကျဉ်းသား သေပြီးလို့ ခြောက်လ၊ တနှစ်လောက်ကြာမှ သေမှန်း သိပါတယ်။ တချို့ဆိုရင် ကိုယ့်အိမ်က အကျဉ်းသားနဲ့ အဆက်အသွယ် လုံးဝလုပ်မရလို့ ဟိုစုံစမ်း ဒီစုံစမ်း လုပ်တော့မှ သေမှန်း သိရတာမျိုးတွေ၊ တခါတခါလည်း ကိုယ့်အိမ်က အကျဉ်းသားကို စုံစမ်းရာမှာ သက်ဆိုင်ရာတွေက ဟိုလိုလို ဒီလိုလိုလုပ်၊ မရေမရာတွေပြော၊ အဲဒီနည်းနဲ့ စုံစမ်းဖို့ လမ်းစပျောက်၊ နောက်ဆုံးတော့ ကိုယ့်သား ကိုယ့်လင် ကိုယ့်မောင် သေပြီလို့ ယူဆပြီး သပိတ်သွတ်လိုက်ရတဲ့ အဖြစ်မျိုးတွေလည်း မနည်းပါဘူး။

ဒါ့အပြင် ရဲဘက်စခန်းတွေမှာ အကျဉ်းသားတွေကို ခိုင်းတာ တိရိစ္ဆာန်တွေလို၊ ကျေးကျွန်တွေလို ရက်ရက်စက်စက် ခိုင်းတာမျိုးပါ။ ဒီကြားထဲ အလုပ်လုပ်နေတုန်း ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ပါသေးတယ်။ အစားအသောက်ကလည်း ဖြစ်သလို ကျွေးတာဆိုတော့ အကျဉ်းသားတွေ အရှက်အကြောက် မရှိတော့လောက်အောင် ဆာလောင်နေတာပါ။ ရန်ကုန်-မော်လမြိုင် ရထားလမ်းဘေး၊ ဇင်းကျိုက်၊ ကျောက်ထု ရဲဘက်စခန်းက ရဲဘက်အကျဉ်းသားတွေဆိုရင် ဆာလွန်းလို့ ရထားတစင်း ဖြတ်သွားတဲ့အခါတိုင်း ရထားပေါ်က ခရီးသည်တွေ မုန့်ပဲသားရေစာလေးများ ပစ်ချပေးလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရထားနောက်က (အားကလည်း ပြတ်နေတော့) ယိုင်ထိုးယိုင်ထိုးနဲ့ အပြေးလိုက်ကြတာ တွေ့ရတာ မျက်ရည်လည်စရာကြီးမှန်း ကြုံဖူးသူများ အသိ ဖြစ်ပါတယ်။

အဲဒီလို အာဟာရကလည်း ပြတ်၊ သံခြေကျင်း လေးလေးကြီးတွေကလည်း ခြေထောက်မှာ အခတ်ခံထားရ၊ နေပူမရှောင်၊ မိုးရွာမရှောင် ပင်ပင်ပန်းပန်းလည်း အလုပ်လုပ်ရဆိုတော့ အဲဒီဒဏ် မခံနိုင်လို့ အလုပ်လုပ်ရင်း အမောဖောက် ပစ်လဲသွားကြသူတွေ၊ သတိလစ် မေ့မျောသွားကြသူတွေ ရှိသလို အလုပ်လုပ်ရင်း တန်းလန်း အသက်ထွက်သွားကြသူတွေလည်း မရှားပါဘူး။

ဖျားနာတဲ့ အခါတွေမှာလည်း ဂရုတစိုက် ဆေးဝါးကုသပေးမှုကလည်း ဆေးဝါးကလည်း မပြည့်မစုံနဲ့မို့ ရဲဘက်စခန်းမှာ ဖျားတယ်ဆိုရင် သေတာပါပဲ။ ရဲဘက်စခန်းမှာ အဖြစ်အများဆုံး ရောဂါတွေကတော့ ၀မ်းလျှော၊ ၀မ်းကိုက်၊ ပန်းဖျား၊ ငှက်ဖျားတွေပါ။ အပင်ပန်းဆုံး၊ အကြမ်းတမ်းဆုံး ရဲဘက်စခန်းတွေထဲက တခုဖြစ်တဲ့ ကျောက်ကြီး ကျောက်ထု ရဲဘက်စခန်းမှာဆိုရင် တချို့ အကျဉ်းသားတွေဟာ ပင်ပန်းဆင်းရဲတဲ့ဒဏ် မခံနိုင်လွန်းလို့ နောက်ဆုံးမှာ ၀ါးချွန်ကို ရင်ဝမှာထောက်၊ ကျောက်တောင် အမြင့်ကြီးပေါ်ကနေ တောင်အောက်ကို ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြတဲ့ အဖြစ်အပျက်တွေကလည်း မကြားချင် အဆုံးပါပဲ။

ကျောက်ကြီး ရဲဘက်စခန်းမှာပဲ တခါတုန်းက ၀မ်းရောဂါဖြစ်တော့ ဂရုတစိုက် ကုသမပေးလို့ အကျဉ်းသားတွေ အတုံးအရုံး သေဆုံးကြပါတယ်။ အသေအပျောက်များလွန်းလို့ တယောက်ချင်း မြေမမြှုပ်နိုင်တော့ဘဲ ကျင်းကြီးတွေတူးပြီး အစုလိုက် အပြုံလိုက် မြှုပ်ရပါတယ်။

ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းဖောက်လုပ်ရေး ရဲဘက်စခန်းမှာလည်း အကျဉ်းသား အသေအပျောက်က ကြောက်ခမန်းလိလိပါပဲ။ သေသွားတဲ့ အကျဉ်းသားတွေရဲ့ အလောင်းတွေကို ဆက်လိုက်ရင် သူတို့ ဖောက်နေတဲ့ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီး နှစ်ပြန်စာလောက် ရှိမယ်လို့ ရန်ကုန်-မန္တလေး ရဲဘက်စခန်းက အကျဉ်းသားတွေက ပြောကြပါတယ်။

အဲဒီ အကြောင်းတွေကြောင့် ရဲဘက်အလုပ်ကြမ်း စခန်းတွေ လိုက်ရမှာ အကျဉ်းသားတွေ မျက်စိပျက် မျက်နှာပျက် ကြောက်ကြတာပါ။ အဲဒီတော့ အဲဒီလို ရဲဘက်စခန်းတွေ မလိုက်ချင်ရင်၊ လိုက်ရမှာ ကြောက်ရင် ထောင်အာဏာပိုင်တွေကို ပိုက်ဆံ ပေးပေတော့ပဲ။ ပေးရတဲ့ ပိုက်ဆံကတော့ အကျဉ်းသား တဦးကို အနည်းဆုံး ငါးထောင်ကနေ တသောင်းနှုန်း ဖြစ်ပါတယ်။ ပိုက်ဆံ မပေးနိုင်သူများကတော့ သေရာသွားရတော့တာပါပဲ။ တကယ်တော့ န၀တခေတ် ထောင်အာဏာပိုင်တွေဟာ သူတို့ လာဘ်စားကြီးပွားနိုင်ရေးအတွက် တရားဥပဒေကို ချောင်ထိုးပြီး အကျဉ်းသားတွေအတွက် ဆင်းရဲဒုက္ခမျိုးစုံ၊ ဘေးဒုက္ခမျိုးစုံနဲ့ အသက်အန္တရာယ်တွေကို ထောင်ထဲမှာ လူမဆန်စွာ တမင် ဖန်တီးထားကြတာပါ။

ထိုင်းဘုရင်ကြီးရဲ့ (၇၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ (၁၉၉၈ခုနှစ်) စက်တင်ဘာလ (၂၁) ရက်နေ့က ထိုင်းအကျဉ်းသား တရာ့တဦးကို နအဖအစိုးရက အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ ထောင်တွေထဲမှာ နှစ်ပေါင်းများစွာ ထောင်ကျခဲ့ဖူးသူ အဲဒီ ထိုင်နိုင်ငံသားတွေက ရဲဘက် အလုပ်ကြမ်းစခန်းတွေနဲ့ ပတ်သက်လို့ ပြန်ပြောပြကြတာ စိတ်ထိခိုက်စရာပါ။

ထိုင်းနိုင်ငံ ပြန်ရောက်လို့ သတင်းစာရှင်းလင်းပွဲမှာ သူတို့ အတွေ့အကြုံတွေ ပြန်ပြောကြရာမှာ အင်းစိန်ထောင်မှာ ထောင် (၁၈)နှစ် ကျရာကနေ ပြန်လွတ်လာသူ ထိုင်း ပတ္တမြားကုန်သည်က `ရဲဘက် အလုပ်ကြမ်းစခန်းမှာ လူ သုံးရာ ရှိတဲ့ အနက် ကျနော်နဲ့ တခန်းထဲ အတူနေခဲ့တဲ့ မြန်မာ အကျဉ်းသားတဦး အပါအ၀င် လူခုနှစ်ဆယ်ပဲ အသက်ရှင်ရက်နဲ့ ထောင်ကို ပြန်လာနိုင်ကြတယ်´ လို့ ပြောပါတယ်။

အခြား ထိုင်းတယောက်က သူ့အတွေ့အကြုံကို ပြန်ပြောပြတာကတော့ `အခြေအနေ အဆိုးဆုံးကတော့ အင်းစိန်ထောင်ပဲ။ ဒီနှစ် မေလထဲမှာ အကျဉ်းသား ငါးရာကျော်ကို ရဲဘက်အလုပ်ကြမ်းစခန်း ပို့လိုက်တယ်။ အသက်ရှင်ရက် ပြန်ရောက်လာသူ တရာတောင် မပြည့်ဘူး။ ပြန်ရောက်လာသူတွေ အားလုံးကလည်း လူတွေ မဟုတ်တော့ဘူး။ အရိုးစုတွေပဲ´ တဲ့။

ဆက်ရန်…

Thursday, August 30, 2007

ဘလော့ဂါ နေ့နဲ့အတူ ကျနော် အနှစ်သက်ဆုံးများ...

အခုတလော ကျနော်တို့ မြန်မာ ဘလော့ဂါများ Tag game ကစားရတာ အတော် အရသာတွေ့နေပုံ ရပါတယ်။ တကယ်တော့လည်း အဲဒီ ကစားနည်းဟာ ဘလော့ဂါ အချင်းချင်း စည်းလုံး ညီညွှတ်စေတဲ့ နည်း တနည်း ဖြစ်လို့ ကျေနပ်စရာပါ။

ညလေးနဲ့ မောင်ရန် ကျနော့်ကို Tag ထားလို့ ကျနော် အကြွေးတင်နေတာက နှစ်ခု၊ ဒီညနေ ကိုဖြိုး လာ Tag တာ နဲ့ဆိုရင် သုံးခုစာ ရေးရမှာပါ။ ညလေး Tag ထားတာလဲ ကြာလှပါပြီ။ ဒါပေမယ့် ကျနော့်ဘလော့ဂ် တနှစ်ပြည့်ကျမှ ပေါင်းရေးမယ်လို့ ကြံရွယ်ထားတဲ့ အတွက် ညလေးရေ…၊ ခွင့်လွှတ်ပါအုံး။

ဒီနေ့ဟာ Blog day ပါတဲ့။ ကျနော်က ဘလော့ဂ် ရေးသာ ရေးနေတယ်။ ဘလော့ဂ် ဆိုတာ ဘယ်ကဘယ်လို ဖြစ်လာမှန်း မသိ။ ဒါပေမယ့် ဘလော့ဂ် ရေးရတဲ့ အရသာကိုတော့ ကောင်းကောင်းကြီး ခံစားတတ်နေပါပြီ။ ဘလော့ဂ်ကြောင့် ကျနော် စာအတော် ရေးဖြစ်သလို ဘလော့ဂ်ကြောင့် အသိအမြင်တွေလဲ များစွာတိုးခဲ့တဲ့ အတွက် ဒီနေ့ ကျရောက်တဲ့ Blog day မှာ နိုင်ငံတကာ၊ မြန်မာ ဘလော့ဂါအားလုံး ရွှင်လန်း တက်ကြွစွာနဲ့ မိမိ အတွေးအမြင်တွေကို လွတ်လပ်စွာ တင်ပြနိုင်ကြပါစေ၊ အထူးသဖြင့် မြန်မာ ဘလော့ဂ် လောက ဒီထက်ပိုပြီး ကျယ်ပြန့်လာနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဘလော့ဂ် ရေးသက် တနှစ်ပြည့်လုနီး အချိန်မှာ ကျနော် ပို့စ် ဘယ်လောက် တင်ဖြစ်လဲလို့ နောက်ကြောင်းကို ပြန်ငဲ့ကြည့်မိတော့ မနေ့ကအထိ ၁၉၆ ပုဒ် တင်ခဲ့ပြီးပါပြီ။ ဆောင်းပါး၊ သီချင်း၊ ခံစားမှု စာစု၊ သုံးသပ်ချက်၊ ကဗျာ၊ စပ်မိစပ်ရာ၊ စသဖြင့် ရောထွေးသောင်းပြောင်း ရေးခဲ့ပါတယ်။ အဲဒီ အထဲကမှ…

(၁) ကျနော် ပေါ်တာ အထမ်းသမား
၁၉၉၂ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မှာ တွေ့ကြုံခဲ့ရဖူးတဲ့ အဲဒီ အတွေ့အကြုံကို ကျနော့် ဘလော့ဂ်မှာ ပြန်လည် ရေးသားဖြစ်တုန်းက ဖတ်မိသူ မိတ်ဆွေ အတော်များများက အားပေးခဲ့ကြပါတယ်။ ဧရာဝတီ စာစောင်ကို ပေးပို့ခဲ့တော့လည်း ရွေးချယ်ဖော်ပြပေးခဲ့ပါတယ်။ အဲဒီက ရခဲ့တဲ့ အားတွေကြောင့် နောက်ပိုင်းတွေမှာ ဘလော့ဂ်ကို အစဉ်တစိုက် ရေးဖြစ်သွားတယ်ဆိုရင် မမှားပါဘူး။

(၂) အလင်းအားမာန်
ကျနော် ဘလော့ဂ် ရေးဖြစ်တော့ ကိုယ်ပိုင် သံစဉ်သီချင်း ကိုးပုဒ်နဲ့ ကော်ပီသီချင်း တပုဒ်လဲ ရေးဖြစ်လိုက်ပါတယ်။ `အလင်းအားမာန်´ ဆိုတဲ့ အဲဒီ ကိုယ်ပိုင်သံစဉ် သီချင်းကို ရေးဖြစ်ပုံကတော့ မမေဓာဝီရဲ့ `အမှောင်ကွယ်ပျောက် အလင်းရောက်လျှင်´ ဆိုတဲ့ ပို့စ်ကို ဖတ်မိခဲ့ရာက အခြေခံခဲ့ပါတယ်။ အမှောင်တွေထဲက လွတ်မြောက်အောင် အားစိုက်နေသူထဲမှာ ကျနော်မှ ပါပါလေစ လို့ အတွေးစနဲ့ အဲဒီသီချင်းကို ရေးဖြစ်ခဲ့မိပါတယ်။

(၃) လမ်းနှင့် ခလုတ်…
တရက်မှာပေါ့။ ကျနော့် စီဘောက်စ်ထဲမှာ ညီမလင်းလက် နာမည်ကို အလွဲသုံးစားလုပ်ပြီးတော့ တစုံတယောက်က လာဆဲခဲ့ပါတယ်။ ဘလော့ဂ်ရေးခါစလဲဖြစ်တော့ ထူပူပြီး စိတ်လဲ အတော်ရှုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျနော့်ရဲ့ သူငယ်ချင်း ဟန နဲ့ ဂျီတော့ခ်မှာ ဆုံဖြစ်တော့ သူအားပေးခဲ့တဲ့ စကားတခွန်း `နင့်ရဲ့ လမ်းကလေးလေ´ ဆိုတဲ့ စကား…၊ အဲဒီစကားကို အခြေခံပြီး လမ်းမှန်ရင် ခလုတ်ရှိရမယ်၊ အဲဒီ ခလုတ်ကြောင့် လမ်းလျှောက်တာ ရပ်မှာလား ဆိုတဲ့ အတွေးနဲ့ အဲဒီ စာကို ရေးဖြစ်ခဲ့မိပါတယ်။

(၄) မှန်ရှေ့ကလူ… ကျနော်
တနေ့မှာ ရေချိုးပြီးခါစ မှန်ရှေ့မှာ ရပ်ကြည့်မိတော့ ကိုးရို့ကားရားနဲ့ ကျနော့်ပုံစံကို ကျနော် ပြန်ကြည့်မိရင်း ဒီစာကို ရေးဖြစ်ခဲ့ပါတယ်။

(၅) ငါ… ပြိုင်ပွဲ
တကယ်တော့ ကဗျာရေးတယ်ဆိုတာ ကျနော်နဲ့ ကျွမ်းဝင်လှတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ဆရာ မိုးဝေးရဲ့ `ရှရာပိုဗာထည့်ထားတဲ့ ငါ့´ ကဗျာကို ဖတ်မိပြီးကတည်းက `ငါ´ ဆိုတဲ့ စကားရပ်က အတွေးထဲမှာ တ၀ဲလည်လည် ဖြစ်နေတုန်း တက်စ်လာရဲ့ ကဗျာတပုဒ်ကို ဖတ်ခဲ့မိတော့ ကျနော်လဲ ဒီကဗျာလေးကို ရေးခဲ့မိပါတယ်။

အထက်က တင်ပြခဲ့တဲ့ ပို့စ်တွေက ကျနော်ရေးခဲ့မိသမျှတွေထဲက ကျနော်ကိုယ်တိုင် စိတ်ကျေနပ်ခဲ့တဲ့ ပို့စ်တွေပါပဲ။ ဖတ်ပြီးသူများ ရှိသလို မဖတ်ရသေးသူများလဲ အချိန်ရရင် ထပ်ဖတ်ပြီး ဝေဖန်နိုင်ကြောင်းပါ…။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကလိုစေးထူး

Wednesday, August 29, 2007

ကွန်မန့်များက ပေးသော အတွေး…

တကယ်တော့ ဒီလို စာမျိုးကို မရေးချင်ပါဘူး။ ဒါပေမယ့် ရေးသင့်လာပြီလို့ ယူဆတဲ့ အတွက် ရေးပါမယ်။


ပထမဆုံး ရေးချင်တာက အထက်ပါ မှတ်ချက်ပါ စာသားပါ။ အဲဒီမှတ်ချက်ကို ဒီပို့စ်မှာ ဖတ်မိပါတယ်။ ပို့စ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေကိုတော့ မဆွေးနွေးချင်ပါဘူး။ သူ့ဆန်စားလို့ ရဲရတယ်လို့သာ သူ့ပို့စ်ကို နားလည်သတ်မှတ်နိုင်ပေမယ့် မှတ်ချက်မှာ ပါတဲ့ စာသားကတော့ တပ်မတော်သားတယောက်အနေနဲ့ ပြည်သူတွေအပေါ်ကို အတော်လေးကို စော်ကားလွန်းတယ်လို့ မြင်ပါတယ်။

`တပ်မတော် အနေနဲ့ ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တာ မရှိပါဘူး´ တဲ့။

ဒါဟာ ဗြောင်လိမ်တာလား၊ သတ်နေတာတွေကို မသိလို့လားဆိုတာတော့ အဲဒီ အရာရှိငယ် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ တပ်မတော်က အကြောင်းမဲ့ သတ်ဖြတ်တာ ခံခဲ့ရတဲ့ ပြည်သူ တယောက် အကြောင်းကို ဒီပို့စ်မှာ ကျနော် ရေးခဲ့ပါတယ်။ ဒါဟာ သတ်ဖြတ်ခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ ရေးခဲ့တာပါ။ အဲဒီအပြင် ကျနော် မမြင်လိုက်ရသေးတဲ့ အဖြစ်အပျက်တွေ များစွာ ရှိနေသေးမှာ ယုံမှားဖွယ်ရာ မရှိပါဘူး။ ကျနော် ပေါ်တာ လိုက်ခဲ့ရစဉ်တုန်းကဆိုရင် စစ်တပ်အနေနဲ့ စစ်ဆင်ရေး ဒေသက အပြစ်မဲ့ ရွာသူရွာသားတွေကို မဲမဲမြင်ရာ ပစ်ခတ်ခဲ့တာကိုလည်း ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒါဟာ အကြောင်းရှိလို့ သတ်ဖြတ်တာပါလား။

`၈၈၈၈ မှာ သေတယ် ဆိုတဲ့ လူတွေဟာလဲ ဆူပူမှုမှာ ပါဝင်ခဲ့လို့၊ နောက်တချက်က ၎င်းတို့ကိုလဲ ပြည်သူလို့ သတ်မှတ်လို့ မရပါဘူး။ ဆူပူ သောင်းကျန်းရေး သမားတွေပါပဲ။ အေးအေးဆေးဆေး အိမ်ထဲမှာ နေနေတဲ့ ပြည်သူကို သတ်သွားပါတယ် ဆိုတဲ့ တပ်မတော်သား ရှိရင် ပြပါ။ အကျိုး ရှိလို့ အကြောင်း ဖြစ်လာတာပါ။ အပြစ်မရှိ မသေပါဘူး။ အပြစ်ရှိရင်တော့ သေမှာပါပဲ´

အထက်ပါ စကားကို မြင်တော့ သွားလေသူ ဦးနေ၀င်းကို သတိရမိပါတယ်။ `စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်´ လို့ မိုက်ကြေးခွဲသွားတဲ့ ဦးနေ၀င်း လေသံနဲ့ ဒီစစ်ဘိုလေသံ တထပ်တည်းပါပဲ။ ကဲ… ဒီလို လူမျိုးက ကျနော်တို့ တိုင်းပြည်ကို ခေါင်းဆောင်မတဲ့။ မတရားတာကို ငုံ့မခံဘဲ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို ဆူပူသူတွေလို့ သတ်မှတ်တာဟာ ဦးနှောက်မှ ရှိပါသေးရဲ့လားလို့တောင် စဉ်းစားမိပါတယ်။ အိမ်ထဲမှာ အေးအေးဆေးဆေး နေနေတဲ့ ပြည်သူကို သတ်သွားတဲ့ တပ်မတော်သားတွေကို မြင်ချင်သပ ဆိုရင်တော့ ကရင်ပြည်နယ် တခွင် စစ်ဆင်ရေးတွေ ထွက်နေတဲ့ စစ်တပ် တခုခုနဲ့သာ ရှေ့တန်းထွက်ခဲ့ပါ။ အနိမ့်ဆုံးတော့ တွေ့ကရာလူ ပေါ်တာဆွဲတာ မြင်ရပါလိမ့်မယ်။ အုပ်ချုပ်သူကို ဆန့်ကျင်တိုင်း၊ အုပ်ချုပ်သူအကြိုက် မနေတိုင်းသာ အပြစ်လို့ သတ်မှတ်ရင်တော့ တပြည်လုံး (နအဖ အလိုတော်ရိများမပါ) အပြစ်ရှိပါတယ် လို့သာ ပြောရမှာပါပဲ။

ကျနော့်ကို `မင်းက သွားဖတ်တာကိုး၊ ဖတ်ရင်လည်း အသာလှည့်ပြန်လာရောပေါ့´ လို့ အပြစ်တင်ရင်လည်း ကျေနပ်စွာ ခံယူပါမယ်။ ပြည်သူထဲက ပြည်သူ ဖြစ်ပါလျက်နဲ့ ပြည်သူကို စော်ကားတာကို မခံမရပ်နိုင်လို့ အခုလို ရေးပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုး ကျနော်တို့ တိုင်းပြည်ရဲ့ ခေါင်းဆောင် နေရာကို ရလာခဲ့ရင် တကယ်ကို ရင်လေးစရာပါပဲ။ လွတ်လပ်ရေး ဖခင်၊ တပ်မတော်ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားလို့ ပြီးသွားပြန်တော့ ထမင်းရှင် ပြည်သူကို ထပ်မံစော်ကားပြန်ပါတယ်။ အဲဒီလို လူကို တပ်မတော် အရာရှိလောင်းအဖြစ် ရွေးချယ်ခဲ့တဲ့၊ နိုင်ငံခြား ပညာတော်သင် အဖြစ် ရွေးချယ် စေလွှတ်ခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ ထက်မြက်တဲ့ ဦးနှောက်ကိုလည်း သြချမိပါတယ်။ သူ အခုလို ရေးနေတာတွေအတွက် တခြားသော ရုရှရောက် မြန်မာ ပညာတော်သင် များကိုပါ ထိခိုက်စေပါတယ်။ တပ်မတော် သိက္ခာကျပါတယ်။ တခြားသော တပ်မတော်သားတွေလဲ သိက္ခာကျပါတယ်။

အခု ကျနော် ရေးရခြင်းဟာလည်း လူ ကို တိုက်ခိုက်လိုတဲ့ စိတ် အလျဉ်း မရှိပါဘူး။ ကျနော်တို့ကို အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းမှာ ပါဝင်တဲ့ လူတယောက်၊ အရာရှိငယ် တယောက်ရဲ့ အမြင်ဟာ `ဒါ´ ဆိုတာကို ချပြချင်တာပါ။




အထက်ပါ ကွန်မန့်ကတော့ ကျနော် နားလည်လက်ခံစရာ အချက်တွေရော လက်မခံစရာ အချက်တွေပါ ပါဝင်ပါတယ်။ ကျနော်ရေးခဲ့တဲ့ `စိတ်မသက်သာခြင်းများ…´ ပို့စ်က လက်ရှိ နောက်ဆုံးကွန်မန့်ပါ။

ဟုတ်ကဲ့ ကို bluephoenix ခင်ဗျာ။ ပထမဆုံး ပြန်ကြားချင်တာကတော့ ကျနော် ကို bluephoenix ကို မသိပါဘူး။ အားလုံးကို ၀ါးလုံးရှည်နဲ့ သိမ်းပြီး ရမ်းတဲ့ အရေးအသားက ကျနော် ဘယ်နေရာမှာ ရေးခဲ့သလဲ ဆိုတာကို အသေးစိတ် ပြန်လည် ထောက်ပြပေးစေချင်ပါတယ်။ ကျနော် ၀ါးလုံးရှည်နဲ့ သိမ်း မရမ်းခဲ့ပါဘူး။ ဗိုလ်ချုပ်ကို စော်ကားထားတဲ့ ပို့စ်ကြောင့် စိတ်မချမ်းမြေ့ရကြောင်းနဲ့ အဲဒီလူဟာ ဘယ်က၊ သူ့ကို ၀ိုင်းဝန်း ထိန်းသိမ်းပေးဖို့ အကြံပြုချက်သာ ရေးခဲ့ပါတယ်။

အားလုံးကို မိတ်ဆွေလို တလေးတစား ဆွေးနွေးမယ့် စိတ်ဓာတ်ကို လှိုက်လှဲစွာ လေးစားပါတယ်။

ပြန်လည် ဆွေးနွေးလိုတာက ရှေ့တန်းမှာ ကျည်ဆံကို ပန်းလို သဘောထားပြီး အသက်စွန့်နေရတဲ့ သူတွေဟာ တကယ်တော့ အခြားအဆင့် စစ်သည်တွေပါ။ အရာရှိက အနည်းဆုံး ရှေ့မှာ လူဆယ်ယောက်လောက် သွားပြီးမှ တပ်စုမှူးအဆင့် တပွင့် လောက် ပုဂ္ဂိုလ်က့ အန္တရာယ် နည်းပါးစွာ လိုက်ရတာပါ။ ဆိုလိုတာက ရှေ့တန်း ထွက်ရသည့် တိုင်အောင် အရာရှိက အခြားအဆင့် စစ်သည်ထက် သေဖို့ ရာခိုင်နှုန်းနည်းပါတယ်။ ကျနော်တို့ကလည်း ဘာမှ မသိ ဘာအခွင့်အရေးမှ မရတဲ့ အခြားအဆင့် စစ်သည်တွေကို မဝေဖန်ပါဘူး။ မဟုတ်တာ လုပ်နေတဲ့ စစ်ဘို များကိုသာ ဝေဖန် ထောက်ပြပါတယ်။

နောက်ပြီးတော့ ယနေ့ခေတ်မှာ ကျည်ဆံကို ပန်းလို လက်ခံရရှိနေတာက နအဖ စစ်တပ်က စစ်သည်တွေ မဟုတ်တော့ပါဘူး။ သူတို့ ဆီက ပန်းမဟုတ်တဲ့ ကျည်ဆံတွေကို ရရှိနေတဲ့ နိုင်ငံရေးဆိုလို့ ဘာမှ မသိမနားလည်ရှာတဲ့ စစ်ဆင်ရေးနယ်မြေတွေမှာ နေကြရှာတဲ့ အပြစ်မဲ့ပြည်သူတွေပါ။ အဲဒီလို ဘာလို့ ပြောနိုင်လဲ ဆိုတော့ ကျနော်က အဲဒီလို ဒေသက လာခဲ့လူ၊ နအဖ စစ်တပ်ရဲ့ စစ်ဆင်ရေး ပေါ်တာ အထမ်းသမားအဖြစ် ကိုယ်တွေ့ လိုက်ဖူးခဲ့တဲ့လူ ဖြစ်လို့ နအဖ စစ်တပ်တခုရဲ့ ရှေ့တန်း ထွက်ပုံ ထွက်နည်းကို သိပါတယ်။

ဆိုးတဲ့လူ ရှိတယ် ဆိုတာကို လက်ခံပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ တိုင်းပြည်သာ တကယ် တိုးတက်မယ်ဆိုရင် ဘယ်အစိုးရ အုပ်ချုပ်နေပါစေ၊ ကောင်းတဲ့လူကို ထောက်ခံအားပေးဖို့လည်း ကျနော့်အနေနဲ့ ၀န်မလေးပါဘူး။ ဒါဟာ ပြည်သူတွေထဲက ပြည်သူတယောက်ရဲ့ ဆန္ဒပါပဲ။ တကယ် အနစ်နာခံပြီး လုပ်နေတယ်ဆိုတာ သေချာရင် ကျနော်တို့ ပြည်သူတွေ ဒီလောက် မတုံးပါဘူး။ ထောက်ခံပါလိမ့်မယ်။ အားလုံးကို သိမ်းကြုံးသလို ရေးမိခဲ့တယ်ဆိုရင် ဒီနေရာကနေ တောင်းပန်ပါတယ်။ ဒါပေမယ့် မစဉ်းစားဘဲတော့ ဘာကိုမှ မရေးခဲ့ပါဘူး။ အတွေးအခေါ် ရှိခြင်း မရှိခြင်းကို ဖတ်သူက ဆုံးဖြတ်မယ်လို့ ခံယူပါတယ်။


ဒီကွန်မန့်ကိုလည်း ကျနော့်ရဲ့ ပို့စ် `စိတ်မသက်သာခြင်းများ´ မှာပဲ အမည်မသိ တယောက်က ရေးခဲ့ပါတယ်။

သူက ဘာရည်ရွယ်ချက်နဲ့ ရေးခဲ့တယ်ဆိုတာ အတိအကျ မသိနိုင်ပေမယ့် အလွန်အင်မတန် ရုပ်ဆိုးလှပါတယ်။ တပ်မတော်ကို ဆန့်ကျင်သည် ဖြစ်စေ၊ ထောက်ခံသည် ဖြစ်စေ လူအများ လာရောက် ဖတ်ရှုနေတဲ့ စာမျက်နှာမှာ ဒီလို မရေးသင့်ဘူးလို့ ကျနော် မြင်ပါတယ်။

ပိုပြီး စိတ်မကောင်း ဖြစ်မိတာက စကားလိမ်နဲ့ ပြောထားတဲ့ (နားနဲ့မနာ ဖ၀ါးနဲ့ နာပါ ခင်ဗျာ) `ကိုမိုးကိုလေ… တပ်မတော်သားများ´ ဆိုတဲ့ စကားလုံး အသုံးအစွဲပါ။

တပ်မတော်က တပ်မတော်သားတိုင်း လူဆိုးတွေလို့ ကျနော် မယုံကြည်ပါဘူး။ ကို bluephoenix ပြောခဲ့သလို ကောင်းတဲ့လူ ရှိသလို ဆိုးတဲ့ လူလဲ ရှိမှာပါ။ ပြည်သူနဲ့ တသားတည်း ရှိလိုတဲ့ ပြည်သူ့တပ်မတော်သားတွေလဲ တပ်မတော်မှာ ရှိနေအုံးမှာ ဧကန် မလွဲပါ။ တကယ်တော့ တပ်မတော်သားဆိုတာလည်း ပြည်သူက ပေါက်ဖွားလာတဲ့ ပြည်သူပါပဲ။ အဲဒီ စကားဟာ ပြည်သူနဲ့ တသားတည်း ရှိလိုတဲ့၊ ပြည်သူ့ တပ်မတော်သားတွေကိုပါ စိတ်ဓာတ်ပျက်ပြားစေတဲ့ စကား ဖြစ်လို့ မပြောသင့်ဘူးလို့ ယူဆပါတယ်။

ကျနော်တို့တတွေဟာ ဘာကို ရည်ရွယ်ပါသလဲ။ ဘယ်ဘက်က ဖြစ်နေပါစေ။ အားလုံးကတော့ `တိုင်းပြည် ကောင်းအောင်´ လို့ မဆိုင်းမတွ ပြန်ဖြေမယ့် လူချည်းပါပဲ။ အရေးကြီးတာက စေတနာတကယ်မှန်ရင် ဘယ်သူ့ကို မဆို ပြည်သူက လက်ခံပါလိမ့်မယ်။

ရေးခဲ့တာ အတန်ငယ် ရှည်ပါပြီ။ ဒီပို့စ်ဟာ တဦးတယောက်ကို ပုဂ္ဂိုလ်ရေးရာအရ ရန်လို မုန်းတီးလိုစိတ်နဲ့ ရည်ရွယ် ရေးသားတာ မဟုတ်ပါဘူး။ ဖြစ်သင့်တယ် ထင်မြင်တာကို ချပြ ဆွေးနွေးရုံ သက်သက်သာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထား တူညီခွင့်၊ ကွဲလွဲခွင့် ရှိပါတယ်။ တခုတော့ ရှိပါတယ်။ မောင်နဲ့ နှမ၊ သားနဲ့ အမိ မြင်ဖို့ မသင့်တော်တဲ့ စကားလုံး အသုံးတွေကို သုံးစွဲပြီး မှတ်ချက်ရေးခြင်းကိုတော့ အားလုံးကိုယ်စား တောင်းပန် တားမြစ်ပါရစေ။ ကျေးဇူးတင်ပါတယ်။


ကလိုစေးထူး


Tuesday, August 28, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၆)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်တွင်း အကျင့်ပျက် လာဘ်စားမှုများ (ပထမပိုင်း)

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်၊ နတ၀ နအဖခေတ်၊ စစ်အစိုးရ အဆက်ဆက် လာဘ်ပေး လာဘ်ယူ ကိစ္စတွေဟာ ထမင်းစား ရေသောက် ပုံမှန် နေ့စဉ် ကိစ္စလို ဖြစ်နေတာမို့ ကိုယ်ကျင့် သိက္ခာရှိသူ၊ ရိုးသား ဖြောင့်မတ်သူတွေဟာ နောက်ကွယ်မှာ `လူအ လူညံ့တွေ´ အဖြစ်တောင် အလှောင်ပြောင် ခံကြရပါတယ်။ အဲဒီ အကျင့်ပျက် လာဘ်စားမှုတွေကြောင့် ရေရှည်မှာ တိုင်းပြည်ရဲ့ အကျိုးစီးပွား တခုလုံး အကြီးအကျယ် ထိခိုက်နစ်နာသွားစေတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ အများကြီး ဖြစ်ပေါ်လာရတာပါ။

အထိခိုက်ဆုံးကတော့ `တိုင်းပြည်ရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တ´ ပါပဲ။

ကိုယ်ကျိုးအတွက် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဘာမဆို လုပ်ရဲတဲ့ စိတ်ဓာတ်၊ တိုင်းပြည်အကျိုး တခြားသူတွေရဲ့ အကျိုးကို မငဲ့ကွက်တော့ဘဲ `ဘယ်သူ သေသေ ငတေမာ ပြီးရော´ ဆိုတဲ့ စိတ်ဓာတ်နဲ့ `အများ မိုးခါးရေ သောက်လို့ ကိုယ်လည်း မိုးခါးရေ သောက်မယ်´ ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ၊ အကျင့်စာရိတ္တပျက်မှုတွေ တိုင်းပြည်မှာ ဖြစ်ပေါ်နေပါတယ်။

ဗိုလ်နေ၀င်း စစ်အစိုးရဟာ ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုးကို ကုန်းကောက်စရာ မရှိ ဆင်းရဲ မွဲတေအောင် ဖျက်ဆီးပစ်ခဲ့ရုံမက ကျနော်တို့ `တိုင်းပြည်နဲ့ လူမျိုးရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တကိုပါ ကုန်းကောက်စရာ မရှိ၊ ဆင်းရဲ မွဲတေအောင် ဖျက်ဆီးပစ်ခဲ့သူ´ ဖြစ်ပါတယ်။ အဲဒီ ဖျက်ဆီးရေး စိတ်ဓာတ်ကို စစ်အာဏာရှင် အမွေဆိုး စနစ်အနေနဲ့ န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက် အမွေခံနေပါတယ်။

န၀တ စစ်အစိုးရရဲ့ အခြားဌာနတွေလိုပဲ ထောင်ထဲမှာလည်း ထောင်အာဏာပိုင်တွေရဲ့ အကျင့်ပျက်လာဘ်စားမှုတွေက သမားရိုးကျ ထုံးစံ ဖြစ်နေလို့ ထောင်ထဲမှာ ဘယ်သူ့အတွက်မှ မထူးဆန်းပါဘူး။ ဒါပေမယ့် အခြားဌာနတွေရဲ့ လာဘ်စား အကျင့်ပျက်မှုနဲ့ မတူဘဲ ထူးဆန်းတာ တခု ရှိပါတယ်။ အဲဒါကတော့ ထောင်ထဲက အကျင့်ပျက် လာဘ်စားမှုတွေက ထောင်သားတွေရဲ့ အသက်၊ ထောင်သားတွေရဲ့ ၀မ်းနည်း ကြေကွဲစရာ အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတာပါ။

ထောင်တွင်း အကျင့်ပျက် လာဘ်စားမှုတွေ အကြောင်း ဖော်ပြလိုပါတယ်။

ကျနော့်ရဲ့ ကိုယ်တိုင် အတွေ့အကြုံတွေနဲ့ ထောင်တွင်း အကျင့်ပျက် လာဘ်စားမှု ကိစ္စတွေမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ကိုယ်တိုင် ပါဝင် ပတ်သက်ခဲ့တဲ့ ထောင်လူဆိုးတွေရဲ့ ပြန်လည် ပြောပြချက်အပေါ် အခြေခံပြီး ဖော်ပြသွားမှာပါ။

အကျဉ်းထောင် လက်စွဲဥပဒေအရ `အကျဉ်းသား တဦးဆီက ငွေကြေး၊ ပစ္စည်းကို တခြား အကျဉ်းသား တဦးက အနိုင်ကျင့် တောင်းဆိုတာမျိုး မလုပ်ရ´ လို့ တားမြစ်ထားပါတယ်။

ဒါပေမယ့် အကျဉ်းသားတယောက် ပုံစံခန်းထဲမှာ ပုံစံ မထိုင်ချင်ရင်၊ အရိုက်နှက် အညှဉ်းပန်း မခံချင်ရင် မတတ်နိုင်တဲ့သူ ဆိုရင် ပိုက်ဆံ ထောင်ဂဏန်းပေးရပြီး ပိုက်ဆံရှိရင် ရှိသလို ထောင်နဲ့သောင်းနဲ့ ချီ ပေးရကြောင်း၊ အဲဒီနည်းနဲ့ ပုံစံခန်း တာဝန်ကျ လူဆိုးဟာ တရက်ကို အနည်းဆုံး ငွေနှစ်သောင်း သုံးသောင်း ရကြောင်း၊ အဲဒီ ပိုက်ဆံကို ထောင်အရာရှိ အဆင့်ဆင့်ကို ခွဲဝေပေးရကြောင်း၊ ပြီးခဲ့တဲ့ ထောင်ပုံစံခန်း အကြောင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အက်စ်အီးကားတွေကို ပါမစ်အတုလုပ်ပြီး ခိုးသွင်းမှုနဲ့ ထောင်ကျလာတဲ့ အဖွဲ့နဲ့ န၀တ ပတ္တမြားကြီး အမှုက ဦးလှမြင့်တို့၊ နေပြည်တော် ဦးသန်းထွန်းတို့ ဆိုရင် ထောင်ထဲ ရောက်တာနဲ့ တပြိုင်နက် ထောင်အာဏာပိုင်တွေနဲ့ ပုံစံခန်း လူကြီးကို သိန်းနဲ့ ချီပြီး ပိုက်ဆံပေး လာဘ်ထိုးခဲ့ရပါတယ်။

သတ်မှတ်ထားတဲ့ အချိန်ပြည့်လို့ ထောင်ပုံစံခန်းထဲက ထွက်ပြီး သက်ဆိုင်ရာ အဆောင်နဲ့ အခန်းတွေ သွားနေရတဲ့ အခါမှာလည်း အကျဉ်းသားတွေဟာ အဲဒီ အဆောင် တခုလုံးကို တာဝန်ယူ အုပ်ချုပ်တဲ့ တန်းစီးခေါ် လူဆိုးကိုရော၊ အဲဒီ အဆောင်က ကိုယ်နေရမယ့် အခန်းရဲ့ အခန်းလူကြီးကိုပါ ပိုက်ဆံပေးရပါတယ်။ တကယ်လို့ ပိုက်ဆံ မပေးရင်လည်း ပေးလာအောင် လုပ်နည်းတွေ အများကြီး ရှိပါတယ်။ အကြောင်းမရှိ အကြောင်းရှာ ရိုက်ရတာမျိုး၊ အခန်းထဲမှာ ညဘက် အိပ်စရာ နေရာမရှိအောင် တမင်လုပ်ပစ်တာမျိုး၊ အနားမနေရအောင် ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ခိုင်းတာမျိုးတွေပါ။

န၀တ ပတ္တမြားကြီး အမှုနဲ့ ထောင်ထဲ ရောက်လာသူ ဦးလှမြင့်ဆိုရင် အဆောင်ရောက်ခါစ ပိုက်ဆံပေးရကောင်းမှန်း မသိလို့ တန်းစီးနဲ့ အခန်းလူကြီးကို မပေးမိတော့ (အမှန်က ထောင်ပိုင်ကို ပေးပြီးသားပါ။ သက်ဆိုင်ရာ အဆောင်တာဝန်ခံ ထောင်မှူး၊ တန်းစီးနဲ့ အခန်းလူကြီးကို ထပ်ပေးရသေးတယ် ဆိုတာကို သူ မသိတာပါ) အနားမနေရတဲ့ အလုပ်တွေကို လုပ်ခိုင်းတော့တာပါပဲ။ ည ရောက်တော့လည်း အိမ်သာဘေး ညစ်ညစ်ပတ်ပတ် ကြမ်းပြင် ရေစက်လက်မှာ ထားပါတယ်။ အနံ့အသက်ကလည်း ဆိုး၊ ယင်ကောင်တွေ ခြင်ကောင်တွေ တလောင်းလောင်း ဆိုတော့ နေ့ခင်းပင်ပန်းလို့ မောပန်းနေပေမယ့် တညလုံး မအိပ်ရတော့ပါဘူး။ နောက်နေ့လည်း အနားမနေရတဲ့ အလုပ်တွေ ဆက်လုပ်ခိုင်းပြန်ပါတယ်။ နောက်ဆုံး သက်ဆိုင်ရာ ထောင်မှူးနဲ့ အခန်းလူကြီးကို ပိုက်ဆံ ပေးလိုက်တော့မှပဲ ကိစ္စအေးသွားပါတော့တယ်။ အလုပ်လည်း မလုပ်ရ၊ ခေါင်းရင်းခန်းမှာလည်း အိပ်စရာ နေရာ ကောင်းကောင်း ရတဲ့အပြင် အခန်းလူကြီးနဲ့ ထောင်အရာရှိတွေက သူ့ကို စားစရာ သောက်စရာတွေတောင် လိုလေသေးမရှိ ထောင်ပြင်ကနေ သွင်းပေးပါတော့တယ်။ (ခုတော့ ထောင်ထဲမှာပဲ အေအိုင်ဒီအက်စ် ရောဂါနဲ့ ဦးလှမြင့် ဆုံးပါးသွားရှာပါပြီ)။

ဖော်ပြခဲ့သလို အနုနည်းနဲ့ ဥပဒေလွတ် သပ်သပ်ရပ်ရပ် အကျပ်ကိုင်လို့မှ ပိုက်ဆံ မပေးရင်တော့ ထောင်လူဆိုးတွေက အပြစ်မရှိ အပြစ်ရှာ၊ ရိုက်နှက်တာမျိုးတွေ၊ `သတ်မယ်၊ ဖြတ်မယ်၊ သံချွန်နဲ့ ထိုးမယ်´ စသဖြင့် ခြိမ်းခြောက်တာမျိုးတွေ၊ တန်းစီ လာတော့တာပါပဲ။ ထောင်ထဲမှာ အကျဉ်းသားတွေရဲ့ ဘ၀နဲ့ အသက်က ထောင်အာဏာပိုင်တွေ လက်သပ်မွေးထားတဲ့ လူဆိုးတွေ လက်ထဲ ရောက်နေရတာပါ။ တရားဥပဒေ ဆိုတာက ထောင်ထဲမှာ ထောင်သားတွေရဲ့ အသက်နဲ့ ဘ၀လုံခြုံမှုကို အာမခံ မပေးနိုင်၊ မကာကွယ်နိုင်၊ ထောင်သားတွေက အားမကိုးနိုင်ဘဲ ဥပဒေ စာအုပ်ထဲမှာသာ ရှိရုံ ရှိနေတဲ့အရာ ဖြစ်နေတာပါ။

အဲဒီလို တန်းစီးနဲ့ အခန်းလူကြီးကို လာဘ်ထိုးရတဲ့အပြင် ကိုယ်နေရတဲ့ အဆောင်ရဲ့ အဆောင်မှူးခေါ် ထောင်အရာရှိဖြစ်သူ ထောင်မှူးကိုလည်း ပိုက်ဆံပေး လာဘ်ထိုးရပါတယ်။ န၀တ ပတ္တမြားကြီး ဦးလှမြင့်ဆိုရင် ပုံစံခန်းထဲမှာ လာဘ်ပေးခဲ့ရတဲ့ အပြင် အဆောင်အမှတ်(၄)မှာ နေရတော့လည်း တာဝန်ခံ ထောင်မှူး အောင်ကြီးကို ငွေ တသိန်း လာဘ်ပေးရပါတယ်။ အဲဒီ တသိန်းထဲမှာ ထောင်ပိုင်အဆင့်ဆင့်ကို ပေးရတဲ့ ပိုက်ဆံ မပါသေးပါဘူး။

အဲဒီလို ထောင်အာဏာပိုင်တွေက ပိုက်ဆံပေး လာဘ်ထိုးထားတဲ့ အကျဉ်းသားတွေကို ထောင်ထဲမှာ `အပ်ထည်´ လို့ ခေါ်ကြပါတယ်။ သူတို့ ပိုက်ဆံပေး လာဘ်ထိုးထားတဲ့ ထောင်အရာရှိ နာမည်ကို ရှေ့မှာထားပြီး ဘယ်သူ့အပ်ထည် ဘယ်ဝါ့အပ်ထည် အောင်ကြီး အပ်ထည်၊ စိုးဝင်း အပ်ထည် စသဖြင့်ပါ။

ထောင်အာဏာပိုင်တွေကလည်း အဲဒီ အပ်ထည်တွေ ထောင်ထဲမှာ ထောင်ဥပဒေ ဘာပဲ ချိုးဖောက် ချိုးဖောက် အရေး မယူပါဘူး။ အကျဉ်းသား အရာရှိလို့ ထောင်ထဲမှာ ခေါ်တဲ့ ထောင်လူဆိုး၊ တန်းစီး၊ အခန်းလူကြီးတွေက အစ အဲဒီ အပ်ထည်တွေကို `မထိရဲ´ ကြသလို သူတို့ မဟုတ်တာ လုပ်နေတာတွေ မျက်စိရှေ့မှောက် တွေ့နေရပေမယ့်လည်း ဘယ် အကျဉ်းသားကမှ မတရားဘူးဆိုပြီး ထောင်အာဏာပိုင်တွေကို သွားတိုင်ရဲကြတာ မဟုတ်ပါဘူး။ ဒီအတိုင်း လက်ပိုက် ကြည့်နေရတာပါ။ သွားတိုင်ပြန်ရင်လည်း မဟုတ်တာ လုပ်သူကို အရေးမယူဘဲ တိုင်သူကို ထောင်အာဏာပိုင်တွေက တဘက်လှည့်နဲ့ လုပ်ကြံ အရေးယူတဲ့ ထောင်ထုံးစံတွေ၊ သူတို့ မွေးထားတဲ့ လူဆိုးတွေကို မြှောက်ပေးပြီး ရိုက်ခိုင်း၊ သတ်ခိုင်းတဲ့ ထောင်နမူနာတွေက ရှေ့မှာတင် အများကြီး ဆိုတော့ ဘယ်သူကမှလည်း မတိုင်ရဲကြတော့ဘူးပေါ့။

န၀တ ပတ္တမြားကြီး ဦးလှမြင့်ဆီက လာဘ်ယူတဲ့ ကိစ္စမှာတော့ ဖုံးမရ ဖိမရ သိပ်ကျော်ကြားသွားတာနဲ့ ထောင်မှူး အောင်ကြီးကို အရေးယူလိုက်ရပါတယ်။ အရေးယူပုံ ယူနည်းကတော့ အင်းစိန်ထောင်ကနေ ဝေးလံတဲ့ နယ်ကို ရွှေ့ပြောင်း ပစ်လိုက်တာပါ။ ဒါပေမယ့် ရွှေ့ပစ်လိုက်တဲ့ နေရာက ရန်ကုန်-မန္တလေး ကားလမ်း ရဲဘက်စခန်းဆိုတော့ အောင်ကြီးအတွက် ပိုကောင်းတဲ့ နေရာ ဖြစ်နေပါတယ်။ အဲဒီ ရဲဘက်စခန်းက ရန်ကုန်နဲ့ ဝေးတာသာ ရှိတယ်။ လာဘ်လာဘ ပို ရနိုင်တဲ့ အခွင့်အလမ်း ရှိလို့ပါ။ (ထောင်မှူး အောင်ကြီးကလည်း ဦးလှမြင့်ဆီက သူရတဲ့ ပိုက်ဆံကို အထက်အရာရှိကို ခွဲဝေပေးထားတယ် မဟုတ်လား)။

တကယ်တော့ ထောင်ထဲမှာ မတရားမှုတွေနဲ့ နာမည်ကျော်ကြားတဲ့ အရာရှိ တယောက်ကို အရေးမယူ မဖြစ် ယူလိုက်ရတယ်ဆိုရင် ကြားကောင်းရုံသာ ပြောတာဖြစ်ပြီး အမှန်တကယ်က ထောင်မှူး အောင်ကြီးကို အရေးယူသလို ယူတာမျိုးပါ။

ကျော်ကြားတဲ့ ထောင်တွင်း လာဘ်စားမှု နောက်တခုကတော့ ဆေးရုံနဲ့ ပတ်သက်ပါတယ်။ ဆေးရုံ တက်ခွင့်ရဖို့၊ တက်ခွင့်ရရင်လည်း ကိုယ့်ကို ဂရုစိုက်ဖို့ ဆရာဝန်ကို လာဘ်ထိုးရပါတယ်။ ဒါ့အပြင် ဆေးရုံတက်သူဟာ အလုပ်လုပ်စရာလည်း မလို၊ ရဲဘက်စခန်း လိုက်စရာလည်း မလိုလို့ ထောင်ပိုင်နဲ့ ထောင်ဆေးရုံ ဆရာဝန်ကို ပိုက်ဆံပေး၊ လာဘ်ထိုး၊ လူနာဟန်ဆောင်ပြီး ဆေးရုံတက်နေကြတဲ့ `လူနာအတုတွေ´ အကြောင်း၊ ဆရာဝန်ကို လာဘ်ထိုးရတဲ့ ပိုက်ဆံက အနည်းဆုံး ငါးထောင်ဖြစ်ပြီး အဲဒီထဲမှာ လစဉ် ပုံမှန် ပေးရတဲ့ ပိုက်ဆံ မပါကြောင်းနဲ့ အဲဒီ ပိုက်ဆံတွေကိုလည်း ဆရာဝန်က ထောင်အရာရှိ အဆင့်ဆင့်ကို ခွဲဝေ ပေးရကြောင်း ထောင်ဆေးရုံ အကြောင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

တချို့ ဆိုရင် အိတ်ခ်ျအိုင်ဗွီ ဖြစ်နေကြောင်း ဆေးလက်မှတ် အတု လုပ်ခိုင်းဖို့ ထောင် ဆရာဝန်ကို ပိုက်ဆံ ပေးရပါတယ်။ အိတ်ခ်ျအိုင်ဗွီ ဖြစ်နေတယ်ဆိုရင် ရဲဘက် အလုပ်ကြမ်းစခန်း မလိုက်ရတော့လို့ပါ။

ဆက်ရန်…

Sunday, August 26, 2007

ချီကာဂိုမှ ဆန္ဒပြပွဲ…

၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်မှာ အီလီနွိုက်၊ အင်ဒီယားနား၊ ၀က်စ်ကောင်စင်၊ စိန့်လူးဝစ်စ် ပြည်နယ်ရောက် ဒီမိုကရေစီလိုလားသူ မြန်မာများနဲ့ US Campaign အဖွဲ့တို့ ပူးပေါင်းပြီးတော့ ချီကာဂို မြို့ရှိ တရုတ်နိုင်ငံ၊ ကောင်ဆယ်လာ ရုံးရှေ့မှာ မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြခြင်းကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မှု၊ မြန်မာ စစ်အာဏာရှင်အား အားပေး ထောက်ခံပြုနေမှုများ အတွက် ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ မြန်မာ့ ဒီမိုကရေစီရေး စိတ်ဝင်စားသူ အမေရိကန် ကျောင်းသားတချို့လဲ ပူးပေါင်းပါဝင်ခဲ့ပြီး စုစုပေါင်း အင်အား ၅၀ ခန့် ပါဝင် ဆန္ဒပြခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကနေ မြန်မာအာဏာပိုင်တွေအပေါ် ထိရောက်တဲ့ အားသက်ရောက်မှုတွေ ရနိုင်မယ်လို့ မျှော်လင့်ထားဖို့ မဖြစ်နိုင်ပေမယ့် ပြည်တွင်းမှာ အဖမ်းအဆီးခံ၊ အရိုက်အနှက်ခံ တောင်းဆို တိုက်ပွဲဝင်နေကြတဲ့ ကျနော်တို့ရဲ့ နောင်တော်များဖြစ်တဲ့ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများနဲ့တကွ မတရားမှုကို မလိုလားသူ ပြည်သူ အားလုံးနဲ့ တသားတည်း ရှိနေတယ်ဆိုတဲ့ အသိတရားနဲ့ ကျနော်လည်း အဲဒီ ဆန္ဒပြပွဲလေးကို အရောက်သွားခဲ့ပါတယ်။ မှတ်တမ်းတင် ဓာတ်ပုံများကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဆန္ဒပြပွဲကို ညနေ လေးနာရီခွဲ မှာ တစုံတရာ အနှောက်အယှက်မရှိ၊ အေးချမ်းစွာ ပြီးစီးခဲ့ပါတယ်။











ကလိုစေးထူး

Friday, August 24, 2007

ရေးသူ & ဖတ်သူ ...



ကို/မ ku yar nyi ရဲ့ အထက်ပါ မှတ်ချက်ကြောင့် ဒီစာကို ရေးဖြစ်ပါတယ်။

ဘလော့ဂ်တခုကို ရေးသူအနေနဲ့ ဘယ်လို သဘောထားကြတယ်ဆိုတာက အမြင်အမျိုးမျိုး ရှိတတ်တာမို့ ကျနော် စဉ်းစားမိတာကို တင်ပြပါရစေ။

ဟုတ်ပါတယ်။ မိမိဘလော့ဂ်မှာ မိမိရေးချင်တာ ရေးပိုင်ခွင့် ရှိပါတယ်။ ကိုယ်ရေးချင်တာရေးဖို့ပဲ ကိုယ်ပိုင်ဘလော့ဂ် လုပ်ထားကြတာပါ။ ဘယ်သူကမှ လာစိစစ်လို့ မရတာ ဘလော့ဂ်၊ စိစစ်ခွင့် မရှိတာလည်း ဘလော့ဂ်၊ ကိုယ့်အယူအဆ၊ ကိုယ့်အမြင်ကို လွတ်လပ်စွာ ကြိုက်သလောက် အားရပါးရ ရေးနိုင်တာ ဘလော့ဂ်ပါပဲ။ ဒါကို ကျနော် အပြည့်အ၀ လက်ခံပါတယ်။ ငြင်းချက် မထုတ်လိုပါဘူး။

ဒါပေမယ့် ဘလော့ဂ်မှာ ပုံစံကွဲတွေ ရှိပါတယ်။ လူအများအားလုံးကို ဖတ်ခွင့်ပြုတဲ့ ဘလော့ဂ်၊ သီးသန့် ဖိတ်ကြားထားသူများကိုသာ ဖတ်ခွင့်ပြုတဲ့ ဘလော့ဂ်၊ ဘလော့ဂ် ပိုင်ရှင်က စိစစ်ပြီးမှ မှတ်ချက် တင်ပေးတဲ့ ဘလော့ဂ်၊ အမည်မဲ့များကို မှတ်ချက်ရေးခွင့် မပေးတဲ့ ဘလော့ဂ်၊ မည်သူမဆို မှတ်ချက် လွတ်လပ်စွာ ပေးခွင့်ပေးထားတဲ့ ဘလော့ဂ် စသဖြင့် ပုံစံကွဲတွေ အမျိုးမျိုး ရှိပါတယ်။ အဲဒီပုံစံကွဲတွေကို ဘလော့ဂ်ကို စတင် တီထွင်သူက လူတွေရဲ့ စိတ်ကို သိလို့ ခွဲခြားပေးထားတယ်လို့ ကျနော် မြင်ပါတယ်။

ချစ်သူခြင်းအတွက်သာ သီးသန့်လုပ်ထားတဲ့ ဘလော့ဂ် ဒါမှမဟုတ် ရင်းနှီးရာ မိတ်ဆွေတွေကိုသာ ဖတ်စေချင်တဲ့ ဘလော့ဂါတွေက သူဖတ်စေချင်တဲ့ သူ့ချစ်သူ ဒါမှ မဟုတ် မိတ်ဆွေတွေကိုသာ သီးသန့် ဖိတ်ကြားခြင်း လုပ်ထားနိုင်ပါတယ်။ အဲဒီတော့ မဖိတ်ထားတဲ့လူ လာဖတ်လို့ မရတော့ဘူးပေါ့။ ကိစ္စရှင်းပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ လူအများ ဖတ်နိုင်အောင် တင်ထားပြီဆိုရင်တော့ ဒါဟာ Public ဘလော့ဂ်ပါပဲ။ ကန့်သတ် ထိန်းချုပ်ထားခြင်း တစုံတရာ မရှိတဲ့ အတွက် တမင်တကာပဲ ဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် အဲဒီ ဘလော့ဂ်ကို ရောက်သွားသူ မည်သူမဆို အဲဒီ ဘလော့ဂ်ကို ဖတ်နိုင်ပါတယ်။ အဲဒီ ဘလော့ဂ်ရဲ့ အရေးအသားကိုလည်း လွတ်လပ်စွာ ကြိုက်ခွင့် မကြိုက်ခွင့် ရှိပါတယ်။

မှတ်ချက်မှာလည်း ဒီလိုပါပဲ။ ကိုယ်ခွင့်ပြုနိုင်တဲ့ အတိုင်းအတာ အထိ ဘလော့ဂါက ခွင့်ပြုလို့ရသလို ဖျက်ခွင့်လဲ ပေးထားပါတယ်။ အဲဒါတွေကတော့ ဘလော့ဂါ တယောက်ရဲ့ သူ့ဘလော့ဂ်နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေပါ။ တင်ချင်တဲ့စာ တင်နိုင်တယ်။ ခွင့်ပြုချင်တဲ့ ကွန်မန့်ကို ခွင့်ပြုနိုင်တယ်။ ဖျက်ချင်တဲ့ ကွန်မန့်ကို ဖျက်နိုင်တယ်။

ဘလော့ဂါရဲ့ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေး သို့တည်းမဟုတ် လွတ်လပ်ခွင့်တွေ ပြီးရင်တော့ ဖတ်သူတွေ ဘက်က ရှိသင့်တဲ့ အခွင့်အရေးကိုလဲ တင်ပြချင်ပါတယ်။

ဘလော့ဂါတယောက်က သူ့ဘလော့ဂ်မှာ သူတင်ချင်တဲ့စာ တင်ခွင့်ရှိသလို လာဖတ်တဲ့လူကလည်း မြင်ချင်သလို မြင်ခွင့် ရှိပါတယ်။ ကောင်းတယ်ထင်ရင် ချီးကျူးမယ်၊ အမြင်မတူတာတွေ့ရင် ဝေဖန် ထောက်ပြမယ်၊ အဲဒီအမြင်တွေကို သက်ဆိုင်ရာ ဘလော့ဂ်မှာ မှတ်ချက်ရေးပြီး ထားခဲ့ချင်ထားခဲ့နိုင်သလို မိမိရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကနေလည်း ပို့စ်တခုအနေနဲ့ ချေပ တင်ပြခွင့် ရှိပါတယ်။ ဒါဟာလည်း သူ့ရဲ့ လွတ်လပ်ခွင့်ပါပဲ။

`ငါတင်ချင်တဲ့စာ တင်မယ်၊ ဖတ်ချင်ဖတ် မဖတ်ချင်နေ၊ မကျေနပ်ရင် လာမဖတ်နဲ့´ လို့ လက်လွတ်စပယ် မပြောသင့်ပါဘူး။ သူက တင်ချင်လို့ တင်သလို ဖတ်သူကလည်း ဖတ်ချင်ဖတ်မယ်၊ မဖတ်ချင်မဖတ်ဘူး၊ ချီးကျူးချင် ချီးကျူးမယ်၊ ကဲ့ရဲ့ချင် ကဲ့ရဲ့မယ်။ နှစ်ဖက် အပြန်အလှန်ပါပဲ။ မဖတ်စေချင်ရင် အထက်က တင်ပြထားသလို Public အနေနဲ့ မတင်ဘဲ မိမိဖတ်စေချင်သူများကိုသာ ဖိတ်ကြားပြီး ပြတာ အကောင်းဆုံးပါပဲ။

ဒါဖြင့်ရင် ဆဲဆိုကြတာကရော ဆဲခွင့် ရှိသလားလို့ မေးစရာရှိပါတယ်။ ပြောကြစတမ်းဆိုရင်တော့ ဆဲလို့ရပါတယ်။ ဆဲခြင်း မဆဲခြင်းဟာ အဲဒီ ပုဂ္ဂိုလ်ရဲ့ အဆင့်အတန်းပါပဲ။

နောက်တချက် တင်ပြချင်တာကတော့ မိမိတင်လိုက်တဲ့ စာတပုဒ်အပေါ် ထားသင့်တဲ့ `တာဝန်ယူမှု´ ပါ။ ကိုယ့်ဘလော့ဂ်မှာ ကိုယ်ယုံကြည်ရာကို တင်လိုက်တယ်၊ လူအများကိုလည်း ဖတ်ခွင့်ပြုထားတယ်ဆိုရင် အဲဒီစာကနေ ဖြစ်လာတဲ့ ကောင်းခြင်း ဆိုးခြင်း အားလုံးကို တာဝန်ယူသင့်ပါတယ်။ အဲဒီလို တာဝန်မယူနိုင်ရင် အစကတည်းက မတင်ရုံပါပဲ။ ကိုယ်တင်လိုက်တဲ့ စာကို ဖတ်သူတွေဘက်က ပြန်လည်တုံ့ပြန်မှုဟာ ချီးကျူးချက်တွေ မဟုတ်ဘဲ ဝေဖန် ထောက်ပြတာတွေ ဖြစ်လာတဲ့ အခါမှ `မကျေနပ်ရင် လာမဖတ်နဲ့´ လို့ ပြန်ပြောတာဟာ တာဝန်ယူလိုစိတ် ကင်းမဲ့ခြင်း တမျိုးပါပဲ။ တနည်းအားဖြင့် `ကိုယ်နဲ့ မတူ ရန်သူ´ လို့ သတ်မှတ်လိုက်ခြင်း တမျိုးပါပဲ။

စာဖတ်သူတွေဆီက ချီးကျူးမှုတွေကိုပဲ မျှော်လင့်ထားလို့ မဖြစ်နိုင်ပါဘူး။ မတူညီတဲ့ အမြင်တွေကြားမှာ ကွဲလွဲချက်တွေကတော့ ရှိနေမှာပါပဲ။ အဲဒီ ကွဲလွဲချက်တွေကို အခြေခံပြီးတော့ ဘလော့ဂါတွေဟာ ကိုယ်နဲ့ စိတ်တူ၊ အမြင်တူရာအလိုက် အပြန်အလှန် အမြင်ဖလှယ်ကြပါတယ်။ တခါတလေလည်း ငြင်းခုန်ကြပါတယ်။ အဲဒီလိုနဲ့ပဲ တူရာစုကြတဲ့ ဘလော့ဂါ အစုလေးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ မထူးဆန်းတဲ့ သဘာဝ တခုပါ။ ကျနော်တို့ မြန်မာတွေကမှ ကွဲလွဲကြတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က ဘယ်လူမျိုးမဆို ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာတခုလို့ မြင်ပါတယ်။

အခု ကျနော် တင်ပြခဲ့တဲ့ အချက်အလက်တွေကိုလည်း အမြင်တွေ တူချင်မှ တူနိုင်ပါမယ်။ ဒါပေမယ့် ကျနော့်ဘလော့ဂ်မှာကတော့ ကျနော့်အရေးအသား၊ ကျနော့်တင်ပြချက်တွေကို လာဖတ်သူတိုင်း ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ ထောက်ပြနိုင်ပါတယ်။ ပြန်လည်ဆွေးနွေးသင့်တာတွေကို ကျနော်ပြန်လည် ဆွေးနွေးပြီး ပြန်လည် ဆွေးနွေးဖို့ မလိုအပ်တဲ့ ရိုင်းပျမှုတွေကိုတော့ လစ်လျူရှုပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကလိုစေးထူး


လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၅)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်ပုံစံခန်း သို့မဟုတ် ထောင်တွင်း ညှဉ်းပန်း နှိပ်စက်ရေး စခန်း (ဒုတိယပိုင်း)

ထောင်ပုံစံခန်းထဲမှာ ရက်ရက်စက်စက် လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို လူဆိုးတွေ ကျူးလွန်နေတာ၊ အဲဒါတွေကို ထောင်အာဏာပိုင်တွေကလည်း ခွင့်ပြုထားတာဟာ ရည်ရွယ်ချက် နှစ်ခုကြောင့် ဖြစ်ပါတယ်။

ပထမရည်ရွယ်ချက်က အကျဉ်းသား အသစ်တွေကို စိတ်ဓာတ် ချိုးနှိမ်ပစ်ပြီး `ကြောက်စိတ်´ သွင်းပေးထားဖို့ပါ။ ဂုဏ်သိက္ခာရှိတဲ့၊ ယဉ်ကျေးတဲ့ အစိုးရတွေလို တရားဥပဒေနဲ့ မအုပ်ချုပ်ဘဲ ကြောက်စိတ်သွင်းပြီး လူတွေကို အုပ်ချုပ်တဲ့ နည်းဟာ `လူတွေကို တိရိစ္ဆာန်လို သဘောထားတဲ့ အုပ်ချုပ်နည်း´ `လူဆိုး သူခိုးတွေရဲ့ နည်း´ `န၀တ စစ်အစိုးရရဲ့ အုပ်ချုပ်နည်း´ ဖြစ်လို့ သူ့ လက်အောက်ခံ အဖွဲ့အစည်းတွေ အဲဒီ ပုံစံအတိုင်း လိုက်လုပ်ကြတာ မဆန်းပါဘူး။

ထောင်ပုံစံခန်းထဲမှာ အကျဉ်းသားတွေကို ဘယ်လောက်အထိ ရက်ရက်စက်စက် ကြောက်စိတ် သွင်းပေးလိုက်သလဲ ဆိုရင် အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေ၊ ထောင်အာဏာပိုင်တွေရဲ့ တပည့်သား လူဆိုးတွေကို လမ်းမှာတွေ့ရင် မျက်လုံးတောင် လှန်မကြည့်တော့တဲ့ ဘ၀ ရောက်သွားပါတော့တယ်။ တွေ့လိုက်တာနဲ့ တခါထဲ ကြောက်ပြီး တကိုယ်လုံး တဆတ်ဆတ် တုန်နေကြတာပါ။ တခါတခါ မေးခွန်း မေးရင်တောင် ကြောက်ပြီး အာစေးထည့်ထားသလို ဖြစ်သွားတာမို့ အဖြေထွက်မလာတော့ပါဘူး။ လူတွေကို အဲလောက်တောင် လူညွှန့်တုံးအောင် လုပ်ထားတာပါ။ တခါတခါ ထောင်အာဏာပိုင်တွေနဲ့ လူဆိုးတွေက စိတ်အခန့် မသင့်ရင် လမ်းမှာတွေ့တဲ့ အကျဉ်းသားကို ဘာမဆိုင် ညာမဆိုင် ပါးရိုက် သွားတတ်တာမျိုးတွေကလည်း ရှိတတ်တော့ အကျဉ်းသားတွေ ကြောက်တာလည်း မဆန်းပါဘူး။

အဲဒီလို စိတ်ဓာတ် ချိုးနှိမ်ထားတဲ့အတွက် ပုံစံခန်းက ထွက်ပြီး အကျဉ်းထောင်အတွင်း နေတဲ့အခါ ထောင်သားတွေ အနေနဲ့ လူဆိုးတွေ၊ ထောင်အရာရှိတွေ မတရားတာ ရက်စက်တာ ဖောက်လွှဲဖောက်ပြန်လုပ်နေတာ လာဘ်စားနေတာ စသဖြင့် ဘာပဲလုပ်လုပ် အဲဒါတွေကို မပြောရဲ မဆိုရဲ မတိုင်မတောရဲတော့တဲ့ အပြင် ကိုယ့်နစ်နာချက်တွေကိုတောင် မထုတ်ဖော်ရဲ၊ မပြောဆိုရဲ ဖြစ်သွားပါတော့တယ်။ ထောင်လူဆိုးနဲ့ ထောင်အာဏာပိုင်တွေ လိုလားတာကလည်း အဲဒါပါပဲ။

တကယ်တော့ အကျဉ်းသားတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေ၊ ထောင်ဥပဒေမှာ အကျဉ်းသားတယောက်ကို ရည်ရွယ်ချက်နဲ့ တမင် ညှဉ်းပန်းနှိပ်စက်တာမျိုး ခွင့်ပြုဖို့ ဝေးလို့၊ အကျဉ်းအကျပ် ရောက်နေတာမို့ စိတ်ဓာတ်ပိုင်းအရ ထိခိုက်သွားနိုင်တယ် ဆိုပြီး `ထောင်တွင်း ကျန်းမာရေး ကိစ္စတွေမှာ ခန္ဓာကိုယ်ပိုင်း ကျန်းမာရေး အပြင်၊ စိတ်ပိုင်း ကျန်းမာရေးအတွက် စိတ်ရောဂါ နားလည်တဲ့ ဆရာဝန်တွေပါ ထားရှိပေးရမယ်´ လို့တောင် ဥပဒေ သတ်မှတ်ပေးထားတယ် မဟုတ်ပါလား။

ပုံစံခန်းထဲမှာ အကျဉ်းသားတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ ဒုတိယ ရည်ရွယ်ချက်ကတော့ အကျဉ်းသားတွေဆီက ငွေညှစ်ယူဖို့ပါ။ ငွေညှစ်ပုံ ညှစ်နည်းကတော့ အခုလို ဖြစ်ပါတယ်။

ပုံစံခန်းထဲမှာ ရက်ရက်စက်စက် ရိုက်နှက်ပြလိုက်လို့ နောက်ထပ် အရိုက်ခံရမှာ တစိမ့်စိမ့် တွေးကြောက်နေတဲ့ အကျဉ်းသားတွေဆီ လူတချို့ ချဉ်းကပ်လာပြီး `မကြောက်နဲ့၊ အရိုက်မခံရအောင် လုပ်ပေးမယ်၊ ပိုက်ဆံ ဘယ်လောက်ပေး´ ဆိုပြီး တိုးတိုးတိတ်တိတ် လာပြောကြပါတယ်။ အမှန်က အဲဒီလို လာပြောသူတွေဟာ ရိုက်နှက်ညှဉ်းပန်းနေသူတွေနဲ့ တဖွဲ့ထဲ တဂိုဏ်းတည်းပါပဲ။ ဘယ်သူမဆို အဲဒီလောက် အနှိပ်စက် ခံနေရချိန်၊ ကြောက်နေရချိန်မှာ ပိုက်ဆံပေးမှာပါပဲ။ ပိုက်ဆံ မပေးနိုင်တဲ့ လူတယောက် ဖြစ်ခဲ့ရင် ပုံစံခန်းထဲမှာ နေရတဲ့ သူ့ဘ၀က တွေးဝံ့စရာ မရှိပါဘူး။

တချို့ နည်းနည်း သတ္တိရှိတဲ့ လူများကျတော့ `ပိုက်ဆံ မပေးနိုင်ဘူး´ ဆိုပြီး ငြင်းပါတယ်။ အဲဒီ လူတွေဆိုရင် ထောင်လူဆိုးတွေက မှတ်ထားပြီး အကြောင်းမရှိ အကြောင်းရှာ (တရားဥပဒေ မရှိတဲ့ ထောင်ထဲမှာ အကြောင်းရှာရတာကလည်း အလွယ်သား မဟုတ်လား) ပက်ပက်စက်စက် ရိုက်တော့တာပါပဲ။ ရိုက်တာကလည်း လူတွေ အများကြီးနဲ့ ၀ိုင်းရိုက်တာမျိုး၊ အဲဒီတော့ ပိုက်ဆံ မပေးဘူးလို့ အစပိုင်းမှာ ငြင်းသူများလည်း အလွန်ဆုံး အဲဒီလို ပက်ပက်စက်စက် ရိုက်ရလှ နှစ်ခါထက် မပိုပါဘူး။ နောက်ဆုံး `ပိုက်ဆံ ပေးပါမယ်´ ဖြစ်သွားရတာပါပဲ။

ပိုက်ဆံ ပေးရပုံ ပေးရနည်းကတော့ အကျဉ်းသားတွေကို ထောင်ကနေ ပြင်ပတရားရုံးကို ထုတ်တဲ့အခါ ပိုက်ဆံပေးဖို့ ကတိပြုထားတဲ့ အကျဉ်းသားရဲ့ အိမ်က ပိုက်ဆံယူလာပြီး အဲဒီ အကျဉ်းသားကို တိုက်ရိုက်ဖြစ်ဖြစ်၊ ကြိုတင် အချိန်းအချက် လုပ်ထားတဲ့ တခြားလူဆိုးတဦးကို ဖြစ်ဖြစ်၊ ထောင်ဝန်ထမ်းကို ဖြစ်ဖြစ်၊ လျှို့ဝှက် ပေးရတာပါ။ ဒါမှမဟုတ်လည်း ကြိုတင် အစီအစဉ်လုပ်၊ ညှိနှိုင်းပြီး အကျဉ်းသားရဲ့ အိမ်က ထောင်အရာရှိ တဦးဦးရဲ့ အိမ်ကို သွားပေးရပါတယ်။ အဲဒီနည်းနဲ့ ပုံစံခန်းလူကြီး လုပ်တဲ့ လူဆိုးဟာ တရက်တရက်ကို အနည်းဆုံး ငွေ နှစ်သောင်း သုံးသောင်းလောက် ရပါတယ်။ (၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်က နှုန်းပါ)။ ပုံစံခန်း လူကြီးက သူရတဲ့ ပိုက်ဆံကို ထောင်အရာရှိ အဆင့်ဆင့်ကို အချိုးကျ ခွဲဝေပေးရပါတယ်။ အဲဒီ နည်းနဲ့ ထောင်အရာရှိတွေဟာ ဒုက္ခရောက်လာတဲ့ အကျဉ်းသားတွေဆီက ငွေကို လိုချင်ဇောနဲ့ ပုံစံခန်းတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေကို ခွင့်ပြုထားကြပါတယ်။

ပုံစံခန်း ရှိတဲ့ အဆောင်ကို အချုပ်ဆောင်လို့ ခေါ်ပြီး အဲဒီ အချုပ်ဆောင်ကို တာဝန်ကျတဲ့ ထောင်အရာရှိက ပိုက်ဆံ ခွဲတမ်း အများဆုံး ရရှိသူပါ။ အဲဒီနည်းနဲ့ အချုပ်ဆောင် အရာရှိဟာ တနှစ်လောက် ကြာရင်ပဲ `သူဌေး´ ဖြစ်သွားတာမို့ ထောင်အရာရှိတိုင်း အချုပ်ဆောင် တာဝန် ကျချင်ကြပါတယ်။

အဲဒီလို ရိုက်နှက် ညှဉ်းပန်းတာ လက်လွန် ခြေလွန်ဖြစ်သွားလို့ အကျဉ်းသား တဦးဦး ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတာမျိုး၊ ဆေးရုံရောက်သွားတာမျိုး ဖြစ်သွားရင်လည်း အဲဒီအကျဉ်းသား ဟိုဟိုဒီဒီ မတိုင်တန်းရအောင် ခြိမ်းခြောက်တဲ့နည်း၊ ချော့တဲ့နည်း၊ အချိန်ဆွဲပြီး အမှု ပျောက်သွား၊ ပေါ့သွားအောင် လုပ်တဲ့နည်း စတဲ့ နည်းမျိုးစုံနဲ့ ထောင်အာဏာပိုင်တွေက ဖုံးကြ ဖိကြပါတယ်။ အဲဒီလို အမျိုးမျိုး ကြိုးစား ဖုံးဖိနေတဲ့ကြားက ဖုံးမရဖိမရ ဖြစ်လာရင်လည်း ကိစ္စမရှိပါဘူး။ ကြိုတင် `ညှိ´ ထားတဲ့ အတိုင်း ပုံစံခန်း လူကြီးလုပ်သူ၊ ထောင်အာဏာပိုင် တပည့်၊ လူဆိုးက အဲဒီကိစ္စ ခေါင်းခံလိုက်တော့ သက်ဆိုင်ရာ ထောင်အရာရှိ အပြစ်က လွတ်သွားပါတယ်။

ခေါင်းခံလိုက်တဲ့ လူဆိုးကိုတော့ အရေးယူ အပြစ်ပေးတဲ့ အနေနဲ့ တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်ပါတယ်။ ဒါပေမယ့် အများသိအောင်သာ တိုက်ပိတ် အပြစ်ပေးတယ် ပြောတာပါ။ တကယ်တော့ အဲဒီလူဆိုးကို တိုက်ထဲမှာ ထားရုံသာ ထားပြီး လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ပေးတဲ့အပြင် ထောင်အရာရှိတွေက သူ့ကို စားစရာနဲ့ အခြား လိုအပ်တာတွေ အားလုံးအလျှံပယ် ထောက်ပံ့ပေးထားတာမျိုးပါ။

တကယ်တော့ ထောင်ထဲက ကိစ္စမှန်သမျှဟာ ထောင်အာဏာပိုင်တွေ ခွင့်ပြုထားလို့ ဖြစ်ရတဲ့ ကိစ္စတွေချည့်သာ ဖြစ်ပါတယ်။ `ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်မှုတွေကို တရားဝင် ဥပဒေအဖြစ် ခွင့်ပြုထားတာ မရှိဘူး၊ ရှိရင်လည်း အရေးယူမယ်၊ န၀တ လက်ရှိ ထုတ်ပြန်ထားတဲ့ ထောင်ဥပဒေက ဟောဒီလိုပါ၊ ဘာညာ´ စသဖြင့် စစ်အစိုးရ အရာရှိတွေ ထုံးစံအတိုင်း ကလိန်ကကျစ်လုပ်လို့ မရပါဘူး။ ဥပဒေ စာအုပ်ထဲ ရေးမထားတာမျိုးတွေ၊ တရားဝင် ထုတ်ပြန်မထားတဲ့ စာရွက်စာတမ်းတွေထဲမှာ မပါတာမျိုးတွေ ထောင်ထဲမှာ ဖြစ်နေတာ `ဒုနဲ့ဒေး´ပါ။

ဥပဒေအရ ခွင့်ပြုမထားတဲ့ ကိစ္စ၊ မတရားတဲ့ ကိစ္စ၊ ရက်စက်တဲ့ ကိစ္စတွေ ဖြစ်လာတဲ့အခါ အဲဒါတွေကို တာဝန်ရှိတဲ့ အာဏာပိုင်တွေက မသိချင်ယောင် ဆောင်နေတယ်ဆိုရင် ဒါဟာ သွယ်ဝိုက်ပြီးတော့ ၀န်ထမ်းတွေကို ဥပဒေတရပ်၊ ခွင့်ပြုချက်တရပ်လို အတည်ပြု ချမှတ်ပေးလိုက်တာပဲ မဟုတ်ပါလား။ ထောင်အာဏာပိုင်တွေ ဥပဒေကို အဲဒီလို လက်တလုံးခြား လုပ်နေတာဟာလည်း အစိုးရက မသိချင်ယောင် ဆောင်နေတာကြောင့်ပါ။ သဘောကတော့ `အဆင့်ဆင့် မသိချင်ယောင်ဆောင်မှုကြီး´ သို့မဟုတ် `အဆင့်ဆင့် ဥပဒေ ချိုးဖောက်မှုကြီး´ ဖြစ်ပါတယ်။

အမှန်ကတော့ ထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုတွေ အတွက် အဓိက တာဝန်ရှိသူက အုပ်ချုပ်သူ အစိုးရကိုယ်တိုင်ပါပဲ။ အဲဒီ ရက်စက်မှုတွေ ထောင်ထဲမှာ ဖြစ်နေတာ သူမသိဘူး ဆိုရင်လဲ အဲဒီလောက် `ညံ့တဲ့၊ အ တဲ့ အစိုးရမျိုး´ နိုင်ငံ အုပ်ချုပ်ဖို့ မထိုက်တန်ပါဘူး။ သိသိကြီးနဲ့ အဲဒါတွေ လွှတ်ထားပေးတယ် ဆိုရင်လည်း ပြည်သူတွေကို အဲဒီလောက် လူလို သဘောမထားတဲ့ အစိုးရလို့ သတ်မှတ်ရမှာပါ။ ပြည်သူတွေကို အဲဒီလို သဘောထားတဲ့ အစိုးရမျိုးကလည်း တိုင်းပြည်ကို မအုပ်ချုပ်ထိုက်ဘူး မဟုတ်လား။

ဆက်ရန်…

Thursday, August 23, 2007

စိတ်မသက်သာခြင်းများ...

အခုတလော စိတ်မသက်မသာစရာတွေ များလွန်းလှပါတယ်။

အဓိက စိတ်မသက်မသာ အဖြစ်ရဆုံးကတော့ အားလုံး သိကြတဲ့ အတိုင်း မြန်မာပြည်က လောင်စာဆီ ဈေးနှုန်း အပြောင်းအလဲ သတင်းနဲ့ အဲဒါနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲတွေအပေါ် အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုပါ။

၁၉၈၈ ခုနှစ် အရေးတော်ပုံ၊ ၁၉၉၆ ခုနှစ် ကျောင်းသားများ ဆန္ဒပြမှု တွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အာဏာပိုင်တွေဟာ ဒီတချီမှာ ခေတ်စကား ပြောရရင် အတော်လေးကို စာတတ်နေပါပြီလို့ ပြောလို့ ရနေပါတယ်။

၁၉၈၈ ခုနှစ်တုန်းကတော့ အစ ပထမမှာ လုံထိန်းတွေနဲ့ ရှင်း၊ နောက်ပိုင်း မနိုင်တော့ စစ်တပ်၊ ပစ်… သတ်။ ၁၉၉၆ မှာတော့ လည်စည်း အနီပတ်၊ ရဲယူနီဖောင်းဝတ် (ရဲ ဟုတ်မဟုတ် မသေချာပါ) တွေကို ရှေ့ဆုံးမှာထား၊ နံပါတ်တုတ်တွေနဲ့ အားရပါးရ အရိုက်ခိုင်း၊ ပြီးမှ နောက်က စစ်သားတွေက စစ်ကားတွေပေါ် ကျောင်းသားတွေကို ၀က်တွေပစ်တင်တဲ့အလား ပစ်တင် လူစုခွဲ။

အခုအချိန်မှာတော့ အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုက အရင်ထက် စာပိုတတ်လာသလို အရင်ထက်လည်း ပိုယုတ်မာပါတယ်။ ယူနီဖောင်းဝတ် တယောက်တလေကိုမှ လူမြင်ကွင်းမှာ အမြင်မခံစေရဘဲ ပြည်သူ အမည်ခံ လက်သပ်မွေးထားသူများနဲ့ အချင်းချင်း ရန်တိုက်ပေးတာဟာ ရင်နာစရာလည်း ကောင်း၊ ခံပြင်းစရာလည်း ကောင်းလှပါတယ်။

ဘယ်လို အခွင့်အရေးမျိုးတွေကို မျှော်ကိုးပြီး ကိုယ့်ပြည်သူ အချင်းချင်း ရိုက်နှက်ဖို့ အထိ လူစိတ်မဲ့သွားရသလဲ ဆိုတာ စဉ်းစားမိလေ ၀မ်းနည်းစရာ ကောင်းလေပါပဲ။ ရုပ်သံမှတ်တမ်းမှာ ကြားရတဲ့ `သွား… သွား… သွားရိုက်၊ သွား…´ လို့ အမိန့်ပေးနေသူဆီမှာ ကိုယ်ချင်းစာ ခံစားတတ်တဲ့ နှလုံးသား မရှိတော့ဘူးလား။ သူ အရိုက်ခိုင်းတဲ့လူဟာ အမျိုးသမီးတယောက်ဆိုတာကိုတောင် မငဲ့ကွက်တော့ဘူးလား။ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ ကြင်နာသနားတတ်တဲ့ စိတ် ဆိုတာကို အခွင့်အရေးတစုံတရာက ၀ါးမျိုပစ်လိုက်ပြီလား။

နောက်ထပ် စိတ်မသက်မသာ ဖြစ်ရတာ တခုကတော့ စီဘောက်စ်တွေထဲက ပဋိပက္ခ တချို့ပါ။ ဘယ်လို အသိ၊ ဘယ်လို နှလုံးသားနဲ့ ဒီလောက်တောင် ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေကို လူမြင်ကွင်းမှာ ပြောရဲသလဲ ဆိုတာ အတော်ကြီးကို အံ့အားသင့်မိပါတယ်။ ဒီထက်ပိုပြီး စိတ်မသက်မသာ ဖြစ်ရတာက အဲဒီလို မိုက်ရိုင်းသူတွေကို သူတို့နည်းတူ ပြန်ပြီး မိုက်မိုက်ရိုင်းရိုင်း ပြန်ဆဲဆိုတဲ့ ပုဂ္ဂိုလ်များကိုပါ။

နောက်တခု စိတ်မသက်မသာ ဖြစ်ရတာကတော့ ဘလော့ဂါ အသစ်တချို့ ကိစ္စပါ။

အခုအခါမှာ မြန်မာဘလော့ဂါ အသစ်တွေ အရင်ထက် တော်တော်ကြီးကို များပြားလာပါပြီ။ မိမိ စိတ်သန်ရာ၊ မိမိယုံကြည်ရာ အတိုင်း ရေးကြတာကို ဘာမှပြောစရာ မရှိပေမယ့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပါ ရင့်သီး စော်ကားထားတာကို တွေ့ရတော့ စိတ်မချမ်းမြေ့ခြင်း ကြီးစွာ ဖြစ်ရပါတယ်။ ဒီထက် ပိုဆိုးတာက အဲဒီအပေါ် တုံ့ပြန်ကြတဲ့ စာဖတ်သူများကိုပါ ရိုင်းစိုင်းစွာ တုံ့ပြန်ထားတာကိုပါ။ အဲဒီထက်ကို ပိုဆိုးသေးတာက အဲဒီလူဟာ တချိန်ချိန်မှာ ကျနော်တို့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မျှော်လင့်ချက်နဲ့ ရုရှမှာ ပြည်သူ့ဘဏ္ဍာတော်တွေနဲ့ ပညာတော်သင်နေတဲ့ စစ်ဘို တယောက် ဖြစ်နေတာပါပဲ။ တခြားသော ရုရှရောက် ယဉ်ကျေးတဲ့ မြန်မာစစ်ဘိုများ အဲဒီ ပုဂ္ဂိုလ်လေးရဲ့ စိတ်အခြေအနေကို လေ့လာပြီး ၀ိုင်းဝန်း ထိန်းသိမ်းပေးကြရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။ နို့မို့ရင်တော့ တပ်မတော်ဖခင်ကိုပါ စော်ကားနေတဲ့ တပ်မတော်သားကြောင့် အားလုံး နာမည်ပျက်ဖို့ ရှိပါတယ်။



ကလိုစေးထူး

Tuesday, August 21, 2007

လေးစားဦးညွှတ်စွာ...

`မေးပါ၊ မေးပါ၊ သူတို့ လာဖမ်းရတဲ့ အကြောင်း သူတို့ အာဏာပိုင်တွေကို ကျနော်တို့က မေးမှာလေ။ ဘယ်လိုက်မေးရမှန်းလည်း မသိဘူး။ အခုရှိတုန်း သိချင်လို့ပါလို့´
`ဟုတ်ကဲ့၊ လာပါအုန်း ခဏ၊ ….. ….. ….. ရှင်တို့ အာဏာပိုင်ကို မေးမလို့တဲ့၊ အဲဒါ …. ဟို မေးမယ်လေ၊ …. ….. မပြောဘူး၊ မပြောဘူး၊ ကဲ မပြောချင်ဘူး´
`အခု မပြောချင်ဘူး ဆိုတာ သူတို့က ရဲတွေပဲလား´
`ရဲလို့ ပြောတာပဲ၊ သူတို့ကတော့´

အထက်မှာ ရေးထားတာကတော့ အသက်အရွယ် ကြီးရင့်သူ အမယ်ကြီးတယောက်ရဲ့ တုန်လှုပ်ခြင်း ကင်းစွာနဲ့ ဘေးက အာဏာပိုင်ကို တလှည့်၊ ဆက်သွယ်လာသူ မီဒီယာကို တလှည့် ပြောနေတဲ့ အသံတခုပါ။ အဲဒီ အမယ်ကြီးကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်ရဲ့ အမေဖြစ်ပါတယ်။ သူ့ကို ဒီဗွီဘီ သတင်းဌာနက ဆက်သွယ် မေးမြန်းတာကို နားထောင်ခဲ့ရတာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင် အပါအ၀င် အနည်းဆုံး ကျောင်းသားလူငယ် (၂၀) ခန့်ကို အာဏာပိုင်တွေက မနေ့ည သန်းခေါင်ကျော်စ အချိန်မှာ ဖမ်းဆီးလိုက်ပါတယ်။

အဲဒီလို အဖမ်းခံရတဲ့ အနက်ကမှ ကိုအံ့ဘွယ်ကျော်ရဲ့ နေအိမ်ကို အထူးရဲတွေက ၀င်ရောက် ဖမ်းဆီးနေစဉ်မှာ ဒီဗွီဘီ သတင်းဌာနက ဆက်သွယ်မေးမြန်းခိုက်နဲ့ ကြုံစဉ်မှာ ကိုအံ့ဘွယ်ကျော်ရဲ့ မိခင်ဖြစ်သူ ဒေါ်တင်တင်ဝင်းရဲ့ အနားမှာ ရှိနေတဲ့ အာဏာပိုင်တွေကို မကြောက်မရွံ့နဲ့ အရှိကိုအရှိအတိုင်း ရဲရဲရင့်ရင့် ပြောဝံ့တဲ့ သတ္တိကို မလေးစားဘဲ မနေနိုင်ပါဘူး။

တီးတိုးတီးတိုး အသံတွေကြားက အာဏာပိုင်ဆိုသူတွေရဲ့ ရင်မဆိုင်ရဲ၊ မဖြေရဲတဲ့ စိတ်ကို လှောင်ပြောင် ရှုံ့ချမိသလို အမေကြီးရဲ့ သတ္တိကိုလဲ လေးစားဦးညွှတ်တဲ့ အနေနဲ့ အခုပို့စ်နဲ့ ဂုဏ်ပြုလိုက်ရပါတယ်။ အမေကြီးရဲ့ ရဲရဲတောက် ဖြေကြားချက်တွေကို ဒီနေရာမှာ
ဖတ်ရှုနိုင်ပါတယ်။

ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်တွေ အမြန်ဆုံး လွတ်မြောက်ပြီး ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်တွေ အကောင်အထည် ပေါ်နိုင်ပါစေ။

ကလိုစေးထူး

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၄)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။


ထောင်ပုံစံခန်း သို့မဟုတ် ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ရေး စခန်း (ပထမပိုင်း)

ထောင်အကြောင်း ပြောရင် ဘယ်လိုမှ ချန်ထားလို့ မရတာကတော့ `ထောင်ပုံစံခန်း´ အကြောင်းပါပဲ။

`ပုံစံခန်း´ ဆိုတဲ့ အသံ ကြားလိုက်တာနဲ့ `ကြက်သီးထ´ မသွားရတဲ့၊ `ကျောစိမ့်´ မသွားတဲ့ အကျဉ်းသားဆိုလို့ ထောင်ထဲမှာ မရှိပါဘူး။ ထောင်အာဏာပိုင်တွေရဲ့ လူမဆန်ဆုံး၊ အမိုက်မဲဆုံး၊ တရားမျှတမှု အကင်းမဲ့ဆုံး၊ အပက်စက်ဆုံး၊ အညစ်ပတ်ဆုံး လုပ်ရပ်တွေ လုပ်ဆောင်ရာ နေရာတခု ဖြစ်လို့ပါပဲ။

`လူတယောက်အတွက် လွတ်လပ်မှုဟာ တန်ဖိုးလည်း ဖြစ်တယ်။ အနှစ်သာရလည်း ဖြစ်တယ်၊ လွတ်လပ်မှုကို အရုတ်သိမ်း ခံလိုက်ရတာဟာ အဲဒီ လူမှာ ရှိနေတဲ့ တန်ဖိုးနဲ့ အနှစ်သာရကို အရုတ်သိမ်း ခံရတာပဲ´ လို့ ပညာရှင်တွေ မိန့်ဆိုကြပါတယ်။ `အဲဒီလို လွတ်လပ်မှု အရုတ်သိမ်းခံရတာဟာ အသက်ရှင်နေတဲ့ လူတယောက်အတွက် အထိခိုက် အနစ်နာဆုံးဖြစ်လို့ ထောင်ဒဏ် အပြစ်ပေးခြင်းဟာ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် လုံလောက်တယ်။ တခြား နှိပ်စက်ညှဉ်းပန်းတာမျိုး မလုပ်ရ´ လို့ ဆိုပါတယ်။

ဒါကြောင့် `ထောင်ထဲမှာ ညှဉ်းပန်း နှိပ်စက်ခြင်း မပြုရ၊ ထောင်စည်းကမ်း ချိုးဖောက်လို့ အပြစ်ဒဏ်ပေးရင်လည်း အဲဒီ အပြစ်ဒဏ်ဟာ လူ့ဂုဏ်သိက္ခာကို ထိခိုက် ညှိုးနွမ်းစေသော ပြစ်ဒဏ်မျိုး မဖြစ်စေရ၊ ထို့အပြင် တရားဥပဒေနှင့် နိုင်ငံတော်ကို နာကျည်းသွားစေနိုင်သော ပြစ်ဒဏ်မျိုး မဖြစ်စေရ´ လို့ တရားဥပဒေနဲ့ တားမြစ် ကန့်သတ်ထားတာပါ။ တရားဥပဒေနဲ့ နိုင်ငံတော်ကို နာကျည်းသွားသူတွေဟာ လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအ၀ိုင်းအတွက် သိပ် အန္တရာယ်ကြီးတယ် မဟုတ်ပါလား။

ထောင်မှာ အချုပ်ဆောင် ပုံစံခန်းနဲ့ ထောင်ကျဆောင် ပုံစံခန်း ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အချုပ်ဆောင် ပုံစံခန်းက တရားရုံးက အပြစ်ရှိကြောင်း မဆုံးဖြတ်ရသေးတဲ့၊ အမှုရင်ဆိုင်ဆဲ အချုပ်သားတွေ အတွက် ဖြစ်ပါတယ်။ ထောင်ကျဆောင် ပုံစံခန်းကတော့ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တဲ့၊ ထောင်ဒဏ် ဘယ်ရွေ့ဘယ်မျှ ဆိုပြီး အချမှတ် ခံလိုက်ရတဲ့ အကျဉ်းသားတွေ အတွက်ပါ။ အဓိကကျတဲ့ ပုံစံခန်းက အချုပ်ဆောင် ပုံစံခန်းဖြစ်လို့ အဲဒီ ပုံစံခန်း အကြောင်းကိုပဲ အဓိကထား ဖော်ပြသွားပါမယ်။

တကယ်တော့ ထောင်ပုံစံခန်းရဲ့ မူလသဘောက အကျဉ်းထောင် ဥပဒေအရ ထောင်ထဲမှာ နေထိုင်တုန်း အကျဉ်းသား တဦး လိုက်နာရမယ့် အခြေခံစည်းကမ်း၊ ဥပဒေတွေကို သင်ပေးတဲ့ နေရာ ဖြစ်ပါတယ်။ ထောင်တွင်းမှာ နေရ၊ နေထိုင်ရမဲ့ ပုံစံတွေကို သင်ပေးတာ ဖြစ်လို့ `ပုံစံခန်း´ ခေါ်တာပါ။

အဲဒီ စည်းကမ်းတွေကို အကျဉ်းသားတွေ ကြိုတင် သိရှိထားခြင်းဖြင့် ဥပဒေအရ သတ်မှတ်ထားတဲ့ ထောင်စည်းကမ်းတွေကို မချိုးဖောက်ရအောင် ကြိုတင် ကာကွယ်တဲ့ သဘော၊ ထောင်ကို စည်းကမ်းတကျ ရှိစေချင်တဲ့ သဘောပါ။ ထောင်ထဲမှာ ရန်မဖြစ်ရ၊ ဘောလ်ပင် မကိုင်ရ၊ ထောင်ဖောက်ဖို့ မကြိုးစားရ၊ ထောင်အာဏာပိုင်တွေကို ဘယ်လို အရိုအသေ ပေးရမယ် စသဖြင့် စည်းကမ်းတွေ ဖြစ်ပါတယ်။

အဲဒီမှာ အရေးကြီးတာက ထောင်ပုံစံ လေးမျိုးပါ။

ပုံစံ လေးမျိုးထဲက နံပါတ်(၁) ပုံစံက ထောင်တွင်း လူအရေအတွက် စစ်တဲ့အခါနဲ့ ထောင်အရာရှိတွေ လာတဲ့အခါ ထောင်သားတွေ ထိုင်ပေးရတဲ့ ပုံစံ ဖြစ်ပါတယ်။ အဲဒီ ပုံစံက တင်ပလ္လင်ခွေထိုင်၊ လက်နှစ်ဖက်ကို ဆန့်၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဒူးခေါင်းပေါ် တင်၊ ကျောကို ဖြောင့်နေအောင် ဆွဲဆန့်ပြီး အတင်း ဇက်ချိုး ခေါင်းငုံ့ ထိုင်ပေးရတဲ့ ပုံစံပါ။ ထောင်ထဲမှာ `ပုံစံ´ လို့ အော်လိုက်တဲ့ အသံကြားတာနဲ့ တပြိုင်ထဲ ကြားတဲ့ အရပ်မှာ အကျဉ်းသားအားလုံး ချက်ချင်း အဲဒီပုံစံ ထိုင်ပေးရပါတယ်။

ပုံစံခန်းကို တာဝန်ယူပြီး သင်ပေးရသူတွေကတော့ ထောင်အာဏာပိုင်တွေ ရွေးချယ် ခန့်အပ်ထားတဲ့ ရာဇ၀တ် အကျဉ်းသား လူဆိုးတွေပါပဲ။ အကျဉ်းသားတွေထဲမှာ အဆိုးဆုံး၊ အမိုက်ဆုံး ဆိုတဲ့ နာမည်ကြီး လူဆိုးတွေကို ထောင်က ရွေးပြီး ခန့်အပ်ထားတာပါ။ အဲဒီ လူတွေထဲကမှ ရာထူးအကြီးဆုံးလူကို `အခန်းလူကြီး´ လို့ ခေါ်ပါတယ်။ သူတို့ဟာ လူဆိုးဂိုဏ်း တဂိုဏ်းအတိုင်းပါပဲ။

ထောင်ပုံစံခန်းကို သွားကြည့်ရင် အခုလို မြင်ကြရပါလိ့မ်မယ်။

အကျဉ်းသား စုစုပေါင်း နှစ်ရာ၊ သုံးရာလောက်ဟာ အခန်းကျယ်ကြီးထဲမှာ ဖော်ပြခဲ့တဲ့ နံပါတ်(၁) ပုံစံဖြစ်တဲ့ တင်ပလ္လင်ခွေထိုင်၊ လက်နှစ်ဖက် ဖြောင့်တန်းနေအောင် ဆန့်၊ လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး ဒူးပေါ်တင်၊ ကျောကို ဖြောင့်တန်းနေအောင် ဆွဲဆန့်၊ အတင်း ဇက်ချိုးခေါင်းငုံ့ ပုံစံနဲ့ ငြိမ်နေအောင် ထိုင်ပေးထားကြ ရပါတယ်။ အဲဒီလို ပုံစံထိုင် ပေးထားရတဲ့ အကျဉ်းသားတွေကို အခန်းလူကြီးနဲ့ သူ့ရဲ့ နောက်လိုက် လူဆိုးတွေက သုံးပင်လိမ် ကြိမ်လုံးတွေ၊ ၀ါးရင်းတုတ်တွေ၊ စစ်ခါးပတ်တွေ တယမ်းယမ်းနဲ့၊ ပတ်ခြာလည် လှည့်ပြီး မျိုးစုံ အော်ဟစ် ဆဲရေးနေပါတယ်။

`မင်းတို့ ဘယ်လောက် သတ္တိရှိလဲ၊ မင်းတို့ထက် မိုက်တယ်။ လူဆိုး လုပ်စားလာတာကွ၊ ထောင်ကျတာ ဘယ်နှစ်ခါ ရှိပြီကွ´ စသဖြင့် ခြိမ်းခြောက်၊ လူမိုက်စကားပြော၊ ငါတွေ… မအေတွေ… နှမတွေ… တပ်ပြီး မျိုးစုံ အော်ဟစ်ဆဲရေး တိုင်းထွာရင်း၊ ပုံစံထိုင်နေတဲ့ ထောင်ရောက်လာခါစ အကျဉ်းသား အသစ်လေးတွေကို စော်ကား မော်ကား လုပ်ပါတယ်။ အဲသလို အော်ဟစ်ရင်းက ဘာမပြော ညာမပြောနဲ့ နီးစပ်ရာ အကျဉ်းသားကို တုတ်နဲ့ ၀င်ရိုက်ပါတယ်။ အဲဒီလို ရိုက်ရင်းက တခါ၊ ရိုက်တာ အရှိန်သတ်မရလို့ ဆိုပြီး အဲဒီ အကျဉ်းသား ဘေးတ၀ိုက်မှာ ထိုင်နေတဲ့ တခြား အကျဉ်းသားတွေကိုပါ ဘာမဆိုင် ညာမဆိုင် အော်ဟစ် ဆဲရေး၊ သိမ်းကျုံး ၀င်ရိုက်ပါတော့တယ်။ ပုံစံ ထိုင်ပေးနေရတဲ့ အကျဉ်းသား အသစ်တွေဟာ ကြောက်လွန်းလို့ အကုန်လုံး တုန်နေကြပါတယ်။

ပုံစံခန်းထဲမှာ အခန်းလူကြီးက ထောင်စည်းကမ်းတွေ အော်ဟစ် `တိုင်´ ပေးတာကို အကျဉ်းသားတွေ အားလုံး သံပြိုင် လိုက်ဆိုကြရပါတယ်။ အဲဒီလို လိုက်ဆိုရာမှာလည်း အသံက တသံထဲ တွက်မလာရင် `အသံမညီရ ကောင်းလား´ ဆိုပြီး အားလုံးကို သိမ်းကျုံး ၀င်ရိုက်တာမျိုး ရှိသလို၊ အော်တာ တိုးရင်လည်း `အသံတိုးလို့´ ဆိုပြီး ၀င်ရိုက်တာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ခက်တာက အော်သံ ညီနေပေမယ့်လည်း ၀င်ရိုက်တာမျိုး၊ အော်တာ ကျယ်ပေမယ့်လည်း ၀င်ရိုက်တာမျိုးပါ။ `ခါးမဆန့်လို့´၊ `ခေါင်းမငုံ့လို့´၊ `ငုံ့ပေမယ့် ဇက်ကျိုးအောင် မချိုးလို့´၊ `လက်ကို ဖြောင့်တန်းနေအောင် ဆန့်မထားလို့´ ဆိုပြီး အပြစ်မရှိ အပြစ်ရှာ ၀င်ရိုက်တာမျိုးတွေ အပြင်၊ `မျက်နှာထား မကြိုက်လို့´၊ `မျက်လုံး လှန်ကြည့်လို့´၊ `ခိုးကြည့်လို့´ ဆိုပြီး ၀င်ရိုက်တာမျိုးတွေကလည်း ထောင်ပုံစံခန်းမှာ မဆန်းပါဘူး။ ကြောက်ကလည်း ကြောက်၊ ကိုယ့်မရိုက်ပေမယ့်လည်း ကိုယ့်ဘေးက ရိုက်သံ နှက်သံ၊ အော်ဟစ်ညည်းညူသံ၊ ဆဲဆိုသံ၊ ၀ုန်းဝုန်းဒိုင်းဒိုင်းတွေ ကြားရတာ တုန်လှုပ် ခြောက်ခြားစရာကြီးပါ။ အဲဒီလိုနဲ့ အကျဉ်းသားတွေဟာ တုတ်တုတ် မလှုပ်ရဲဘဲ ကြောက်ကြောက်နဲ့ အကြောအချင်တွေ အတင်း ရုန်းဆန့်ပြီး ထိုင်ပေးထားကြရပါတယ်။

တကိုယ်လုံး အကြောအချင်တွေ ဖျစ်ညှစ်၊ ဇက်ကို အတင်းချိုး၊ ခါးကို အတင်းဆွဲဆန့်ပြီး ထိုင်ပေးရတာ တကယ် မလွယ်တဲ့အလုပ်၊ ကြောက်ဖို့ ကောင်းလောက်အောင် ပင်ပန်းတဲ့ အလုပ်ဆိုတာ ထိုင်ဖူးသူတွေ အသိဆုံးပါ။ ထိုင်ရတာလည်း ဆယ့်ငါးမိနစ်၊ နာရီဝက် မဟုတ်ပါဘူး။ မလိုအပ်ဘဲနဲပ ဒဏ်ပေးထားသလို သုံးလေးနာရီ ထိုင်ပေးထားရတာမျိုးပါ။ အဲဒီလို ပုံစံနဲ့ အဲဒီလောက် ကြာကြာ ထိုင်ရတော့ လူက တဆတ်ဆတ် တုန်လာပါတယ်။ အဲဒီလို တုန်လာတာကိုပဲ `လှုပ်ရကောင်းလား´ ဆိုပြီး အပြစ်ရှာ ၀င်ရိုက်သေးတာမျိုးပါ။ (သူတို့ အပြောကတော့ `ပုံစံ´ ပေးထားရင် ကိုယ့်ရှေ့ မြွေဖြတ်သွားရင်တောင် မလှုပ်ရဘူး။ မြွေကိုက်လို့ သေရင် သေပလေ့စေ၊ ပုံစံမပျက် အသေခံရမယ် လို့ ဆိုပါတယ်။ အမှန်ဆို အဲဒီ အထိုင်ပုံစံက ခဏလောက် သင်ပေးရင် တတ်တာပါ။ ဒါကို နေ့စဉ်ရက်ဆက် နာရီပေါင်းများစွာ ထိုင်ခိုင်းနေတာဟာ ထောင်ပုံစံကို သင်ပေးတာ မဟုတ်ဘဲ တမင် ညှဉ်းပန်း နှိပ်စက်နေတာပါ)။

တကယ်တော့ အချုပ်ဆောင် ပုံစံခန်းထဲက အဲဒီ အကျဉ်းသားတွေဟာ တရားရုံးမှာ အမှု ရင်ဆိုင်နေတုန်း ရှိသေးတဲ့ အချုပ်သားတွေ၊ သက်ဆိုင်ရာ တရားရုံးကနေ အပြစ်ရှိကြောင်း စီရင်ချက် မချမှတ်ရသေးတဲ့ မဆုံးဖြတ်ရသေးတဲ့ အချုပ်သားတွေပါ။ `အပြစ် ထင်ရှားကြောင်း အပြစ်ရှိကြောင်း တရားရုံးက မဆုံးဖြတ်ရသေး သရွေ့ အပြစ်ကင်းမဲ့သူ အဖြစ် သတ်မှတ် ယူဆရမယ်´ လို့ တရားဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ အဲဒီတော့ တရားဥပဒေအရ ဆိုရင် ထောင်ပုံစံခန်းထဲမှာ ရှိတဲ့ အကျဉ်းသားတွေဟာ အပြစ် မရှိသူတွေပါပဲ။

တကယ်တော့ အဲဒီလို အပြစ်မရှိသူတွေကို ညှဉ်းပန်းနှိပ်စက်သူ၊ နောက်ဆုံး အပြစ်ရှိဦး၊ တရားဥပဒေအရ `မညှင်းပန်း မနှိပ်စက်ရ´ လို့ တားမြစ်ထားတဲ့ ကြားထဲကမှ ညှဉ်းပန်းနှိပ်စက် သူတွေသာလျှင် အပြစ်ရှိသူတွေ၊ ရာဇ၀တ်မှု ကျူးလွန်သူတွေ မဟုတ်ပါလား။ ပုံစံခန်းထဲမှာ အဲဒီလို ညှဉ်းပန်း နှိပ်စက်နေတာကတော့ ဥပဒေထဲမှာ မပါတဲ့၊ လူမဆန်တဲ့ ရည်ရွယ်ချက်တွေ ထောင်အာဏာပိုင်တွေမှာ ရှိလို့ပါပဲ။

ဆက်ရန်…

Monday, August 20, 2007

မွေးနေ့ဆုတောင်း...

မွေးနေ့…။

လူတယောက်ကို လူတယောက်က မွေးဖွားပေးလိုက်တဲ့နေ့။ ဘ၀တခုကို ဘ၀တခုက အသက်ရှင်ခွင့် အစပျိုးပေးလိုက်တဲ့ နေ့။ အဲဒီနေ့ကို လူတွေက မွေးနေ့ရယ်လို့ သတ်မှတ်ထားကြပါတယ်။

မွေးတဲ့နေ့ရက်အလိုက် ဘယ်ရာသီ၊ ညာရာသီ၊ ဘာဖွား ညာဖွား စသဖြင့် မိမိယုံကြည်ရာ အတိုင်း တွက်ချက် သတ်မှတ်ကြတာ ရှိပေမယ့် သေချာတာတခုကတော့ မွေးနေ့တွေဟာ မိမိရဲ့ မွေးဖွားခြင်း အစပြုခဲ့တဲ့ နေ့ကို ပြန်လည် အမှတ်ရစရာ ဖြစ်စေမှာပါပဲ။

ဒါကြောင့် မွေးနေ့ကို ရောက်တိုင်းမှာ မွေးနေ့ရှင်ကို ဆုတောင်းပေးကြ၊ မေတ္တာပို့ကြတဲ့ ဓလေ့လေးက ကမ္ဘာ့အနှံ့က လူသားတို့ရဲ့ နှစ်လိုဖွယ်ရာ ကြည်နူးဖွယ်ရာအဖြစ် ပေါ်ထွန်းခဲ့ပါတယ်။ (စာအုပ်တအုပ်ထဲ ပြုံးချင်စဖွယ် ဖတ်လိုက်ရဖူးတဲ့ ပဟေဠိတခုမှာ ကမ္ဘာပေါ်မှာ ဖေးဖရိတ်အဖြစ်ဆုံး သီချင်းက ‘Happy Birthday to you’ သီချင်းပါတဲ့)။

သြဂုတ်လ (၂၁)ရက်နေ့။ အဲဒီနေ့ဟာ ကျနော့်ကို အမြဲနားလည်ပေးခဲ့တဲ့၊ ကျနော့်ဘက်က အမြဲရပ်တည်ခဲ့တဲ့၊ ကျနော့်ရဲ့ ပျော်ရွှင်ခြင်း၊ စိတ်တိုပေါက်ကွဲခြင်း၊ ၀မ်းနည်းကြေကွဲခြင်းကို အမြဲမျှဝေ ခံစားပေးခဲ့တဲ့ ကျနော့်ရဲ့ ထာဝရ မိတ်ဆွေ မမေဓာဝီ ရဲ့ မွေးနေ့ပါ။

ဒီနေ့လေးမှာ သူ့ကို ပျော်ရွှင်စေချင်တယ်။ သူ့ရဲ့ စိတ်ကို အေးချမ်းနေစေချင်တယ်။ အားလုံးကို မေတ္တာထားတတ်သူမို့ အားလုံးရဲ့ မေတ္တာတွေ သူ့အပေါ် သက်ရောက်စေချင်ပါတယ်။ မမေတယောက် ဒီနေ့ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းများစွာ ပိုင်ဆိုင်ပြီး ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်နေတဲ့ ဘ၀ ထပ်တူကျနိုင်ပါစေ လို့ ဆုတောင်းပေးရင်း ကဗျာလေးတပုဒ်နဲ့ မွေးနေ့ရှင် အတွက် ဂုဏ်ပြုပါရစေ။

`မွေးနေ့ ဆုတောင်း´

မွေးနေ့ရက်ခါ၊ ရောက်လို့လာ
ပျော်ရွှင်နှလုံး မြဲစေရာ
မွှေးကြိုင်ထုံလန်း ပန်းသို့ပမာ
ရနံ့သင်းသင်း စွဲစေရာ
မေတ္တာတရား ပွားလို့သာ
ချစ်ခင်သူတို့ များစေရာ
သောက အဖြာဖြာ ဝေးလို့သာ
ကျန်းမာလန်းဆန်း ကြည်စင်ရာ
နှစ်ပေါင်းများစွာ ချမ်းမြေ့စွာ
လောကအကျိုး သယ်ပိုးရာ...။


ကလိုစေးထူး

Friday, August 17, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၃)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်ဆေးရုံ

နိုင်ငံတကာ အစိုးရတွေ လိုက်နာရမယ့် ကုလသမဂ္ဂ သဘောတူညီချက်မှာရော၊ အကျဉ်းထောင် လက်စွဲ ဥပဒေမှာပါ-

`ဆေးရုံတာဝန်ခံဟာ အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအပြင်၊ စိတ်ပိုင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်။ ထောင်ကျ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် ထောင်ဆေးရုံဆရာဝန်ဟာ စိတ်ရောဂါကိုပါ နားလည်ရမယ့် အပြင် ပြင်ပက စိတ်ရောဂါကု ဆေးရုံတွေနဲ့လည်း ဆက်စပ် ဆောင်ရွက်ရမယ်´ လို့ ဥပဒေ ပြဋ္ဌာန်းထားပါတယ်။

လွတ်လပ်ခွင့်ကို ပိတ်ထားခံရတာမို့ ပုံမှန် လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအ၀ိုင်းနဲ့ အဆက်ပြတ်သွားရတဲ့ လူတယောက် အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်သွားနိုင်လို့ ခန္ဓာကိုယ် ကျန်းမာရေးကို မဆိုထားနဲ့၊ စိတ်ပိုင်းဆိုင်ရာကိုပါ ဥပဒေထဲမှာ အလေးအနက် ထည့်သွင်း ရေးဆွဲထားတာပါ။ လူကို တန်ဖိုးထားတဲ့ သဘော၊ လူ့တန်ဖိုးကို ကာကွယ် စောင့်ရှောက်တဲ့ သဘောပါ။

ဒါပေမယ့် န၀တ၊ နအဖခေတ် အကျဉ်းထောင်တွေထဲမှာတော့ ရောဂါဖြစ်လာရင် ဥပဒေပါ အခွင့်အရေးကို အားမကိုးနိုင်ဘဲ ထောင်တွင်းမှာ ငွေခင်းနိုင်မှ အသက်ရှင်ဖို့ အကြောင်း ရှိပါတယ်။ ရောဂါ တခုခုဖြစ်လို့ ဆေးကုခံချင်ရင် ဆရာဝန်ကို ပိုက်ဆံပေးမှ ဆေးရုံတက်ရောက် ကုသခွင့်ရပြီး ပိုက်ဆံပေးမှလည်း ဆရာဝန်က ဂရုစိုက် ကုသပါတယ်။ ပိုက်ဆံမပေးရင်တော့ သေကောင်ပေါင်းလဲဖြစ်မှ ဆေးရုံတင်တာမို့ ဆေးရုံတင်ရပြီ ဆိုတာနဲ့ လူနာ ဆယ်ယောက်မှာ ကိုးယောက် သေတော့တာပါပဲ။

`ရောဂါ တခုခု ဖြစ်လာရင် စနစ်တကျ ရောဂါ စစ်ဆေးတာမျိုး၊ ရောဂါအမျိုးအစား ခွဲခြမ်း စိတ်ဖြာ သတ်မှတ်တာမျိုး၊ ဂရုတစိုက်နဲ့ ကြပ်မတ်ကုသတာမျိုး လုပ်ရမယ်´ လို့ အင်္ဂလိပ် လက်ထက်ကတည်းက ကျင့်သုံးလာတဲ့ ထောင်ဥပဒေအရ ပြဋ္ဌာန်းထားပေမယ့် စစ်အစိုးရ ထောင်တွေမှာ အဲဒီဥပဒေကို မလိုက်နာပါဘူး။ ဒါကြောင့်မို့ အနာနဲ့ ဆေး လွဲနေတာမျိုးတွေ၊ ရောဂါလွန်မှ ဆေးအမှန် တွေ့တာမျိုးတွေ၊ မသေသင့်တဲ့ ရောဂါတွေလောက်နဲ့ သေရတာမျိုးတွေ ထောင်ထဲမှာ ရေတွက် မကုန်ပါဘူး။

ထောင်ထဲမှာ အခြေအနေ အဆိုးဆုံးက နိုင်ငံရေး အကျဉ်းသားတွေပါ။

နိုင်ငံရေး ဂုဏ်သိက္ခာအရ ထောင်ထဲမှာ ဘယ်သူ့ကိုမှ `လာဘ်ပေးပြီး အခွင့်အရေး မယူရ´ လို့ နိုင်ငံရေး အကျဉ်းသားအားလုံး တင်းတင်းကျပ်ကျပ် ခံယူထားတာမို့ ပိုက်ဆံပေးမှ၊ လာဘ်ထိုးမှ အသက်ရှင်နိုင်တဲ့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေက စိုးရိမ် ပူပင်စရာပါပဲ။

ဒါ့အပြင် န၀တ စစ်အစိုးရကရော၊ ထောင် အရာရှိတွေကပါ `နိုင်ငံရေး အကျဉ်းသားဆိုရင် ပိုပြီး ရက်ရက်စက်စက် ဖိနှိပ် ပေးထားရမယ်´ ဆိုတဲ့ မူအရ ထောင်နဲ့ အစိုးရ ပေါင်းပြီး တက်ညီလက်ညီ တင်းကျပ်ထားတာမို့ သူတို့ အခြေအနေက ပိုဆိုးနေရတာပါ။ ဘာပဲပြောပြော အခုလို ထောင်ထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေဆိုးတွေ၊ မတရားမှုတွေကို သိသိကြီးနဲ့ ဒီအတိုင်း လွှတ်ပေးထားတဲ့ သဘောကိုက ဆင်းရဲတဲ့ အကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တဖက်လှည့်နဲ့ သတ်ပစ်နေတဲ့ သဘောလို့ ယူဆရမလို ဖြစ်နေပါတယ်။

အဲဒီလိုနဲ့ နိုင်ငံရေးနယ်ပယ်၊ အနုပညာနယ်ပယ်၊ ပညာရှင် နယ်ပယ်က ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ် အကျော်အမော် အများအပြား ထောင်ထဲမှာ ရောဂါဝေဒနာ အပြင်းအထန် ခံစားရပြီး မသေသင့်ဘဲ သေဆုံးသွားခဲ့ကြရတာပါ။ အဲဒီ ဆုံးရှုံးမှုတွေဟာ မြန်မာနိုင်ငံအတွက် ဘာနဲ့မှ အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှု၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတွေဖြစ်လို့ ၀မ်းနည်းစရာပါ။ အဲဒီထက် ပိုပြီးဝမ်းနည်းစရာ ကောင်းတာက န၀တခေတ် အကျဉ်းထောင်တွေမှာ အဲဒီ ဆုံးရှုံးမှုမျိုးတွေဟာ ရှေ့ကိုလည်း ဆက်ပြီး ကြုံတွေ့နေရဦးမယ် ဆိုတာပါပဲ။

ထောင်ထဲမှာ တခုထူးခြားတာက ဘာရောဂါမှ မရှိဘဲ ဆေးရုံတက်နေကြတဲ့ လူနာအတုတွေပါ။ ထောင်ဆရာဝန်ကို တလ သုံးထောင် က ငါးထောင်အထိ (၁၉၉၀ခုနှစ် တ၀ိုက်က ဈေးနှုန်း) လာဘ်ထိုးလိုက်ရင် ဘယ်သူမဆို ဆေးရုံမှာ လူနာအဖြစ် တက်ရောက် နေထိုင်ခွင့် ရှိပါတယ်။ လူကောင်းတွေအတွက် ဆေးရုံမှာ နေရတာက ဘာပဲဖြစ်ဖြစ် တခြားနေရာတွေမှာ နေရတာထက် စာရင် ပိုကောင်းပါတယ်။ ထောင်တွင်း အလုပ်ကြမ်း မလုပ်ရဘူး။ ရဲဘက် စခန်း မလိုက်ရဘူး။ နောက် ဆေးရုံစာ ရတယ်။

ဆေးရုံစာဆိုတာက မနက် ည အသားဟင်း တမျိုးနဲ့ အသားစွပ်ပြုတ် တခွက် ဖြစ်လို့ ထောင်ထဲမှာတော့ ပထမတန်းစား ဟင်း၊ နတ်သုဒ္ဓါပါပဲ။ အဲဒီလိုမျိုး လူနာအတုတွေ ရောဂါတခုခု ဖြစ်ရင်လည်း ဆရာဝန်က သိပ်ဂရုစိုက်ပါတယ်။ ဒါကြောင့် ပိုက်ဆံရှိတဲ့ အကျဉ်းသားတွေ၊ များသောအားဖြင့် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျလာတဲ့ ဘိန်းစားတွေဟာ ထောင်ဆရာဝန်ကို ပိုက်ဆံပေး၊ လာဘ်ထိုးပြီး ဆေးရုံ တက်နေကြပါတယ်။ (ဘိန်းစားတွေ ဆေးရုံတက်နေကြတဲ့ နောက် အကြောင်း တခုကတော့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေကို လွတ်လွတ်လပ်လပ် ကိုင်ခွင့်ရှိတာမို့ ကြိုက်တဲ့အချိန် ဘိန်းထိုးနိုင်လို့ပါ)။

လာဘ်ထိုးပြီး နေတဲ့ အဲဒီလို လူနာ အတုတွေအတွက် နေရာကောင်းတွေ ပေးထားရတာမို့ ပိုက်ဆံ မတတ်နိုင်တဲ့ မျက်နှာမွဲ အကျဉ်းသား လူနာ အစစ်တွေဟာ ဆေးရုံမှာ ကုတင်တွေနဲ့ မနေကြရတော့ဘဲ တချို့လည်း ကုတင်ဘေး၊ ကြမ်းပြင်ပေါ်၊ တချို့လည်း အနံ့အသက် မကောင်းတဲ့ စတိုခန်းတွေ၊ တချို့လည်း လူသွားလမ်းတွေ၊ တချို့လည်း မသန့်ရှင်းတဲ့ အိမ်သာ အ၀င်အထွက် ရေစက်လက် နေရာတွေမှာ ဖြစ်သလို နေကြရပါတယ်။ ဒါ့အပြင် လူနာအတွက် မရှိမဖြစ် လိုအပ်တဲ့၊ ဆေးရုံက ပေးကိုပေးရမှာ ဖြစ်တဲ့ အ၀တ်အစား၊ မွေ့ယာနဲ့ စောင်တွေလည်း မရကြပါဘူး။ စောင်စုတ်ကလေးတွေ ဖြန့်ခင်းပြီး ဖြစ်သလို နေကြရတာပါ။ သူတို့ အတတ်နိုင်ဆုံး၊ အလုပ်ရဲဆုံး အလုပ်ကတော့ ဖြတ်သွားတဲ့ မျက်နှာကြောတင်းတင်း ဆေးရုံဝန်ထမ်းတွေကို အကူအညီ ပေးလိုပေးငြား မျက်နှာငယ်လေးတွေနဲ့ (လူသေမျက်လုံးတွေနဲ့) မျက်စိတဆုံး လိုက်ငေးကြည့်ကြတာပါပဲ။

အကျဉ်းထောင် ဥပဒေအရ လူနာရဲ့ ရောဂါဟာ ထောင်ဆေးရုံမှာ မကုနိုင်တဲ့ ရောဂါဖြစ်နေရင် ဒါမှမဟုတ် ရောဂါက သိပ် ပြင်းထန်နေရင် ထောင်အပြင် ထုတ်ပြီး ပြင်ပဆေးရုံကြီးတွေကို ပို့ဆောင် ကုသပေးရပါတယ်။ ဒါ အကျဉ်းသားတွေ ရကို ရရမယ့် ဥပဒေပါ အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်တွေက အဲဒီ ဥပဒေကို အလွဲသုံးစားလုပ်၊ ပိုက်ဆံပေး လာဘ်ထိုးတဲ့ လူနာတွေကိုသာ ထောင်ပြင်ထုတ်ပြီး ဆေးကုသပေးပါတယ်။

ထောင်ထဲ ရောက်လာတဲ့ အကျဉ်းသား အများစုဟာ ပိုက်ဆံတတ်နိုင်ကြတာ မဟုတ်ပါဘူး။ ဒုက္ခရောက်နေတဲ့ လူကို ဒုက္ခ ထပ်ပေးပြီး၊ ဒုက္ခနဲ့ အကျပ်ကိုင်ပြီး ငွေမရ ရအောင် လုပ်ရက်တဲ့ စိတ်ထားက အံ့အားသင့်စရာလည်းကောင်း၊ စက်ဆုပ် ရွံရှာစရာလည်း ကောင်းပါတယ်။ ထောင်တွေထဲမှာ အဲဒီလိုမျိုးတွေ ဖြစ်အောင် ဖန်တီးထားသူတွေကတော့ ထောင်အာဏာပိုင်တွေနဲ့ န၀တ အာဏာပိုင်တွေပါပဲ။

အဲဒီနည်းနဲ့ ထောင်ဆရာဝန်တွေဟာ အားကိုးမဲ့နေတဲ့ ထောင်သားတွေရဲ့ အသက်ကိုရင်းပြီး ခဏချင်းမှာ ကြီးပွား ချမ်းသာသွားကြပါတော့တယ်။

ထောင်ထဲမှာ သိသာတာ တခုက အကျဉ်းသားတဦး ထောင်ထဲမှာ သေသွားတိုင်း တခြား အကျဉ်းသားတွေ မျက်နှာငယ်လေးတွေ ဖြစ်သွားကြတာပါ။ တပြိုင်ထဲမှာပဲ အတွေးတခုကိုလည်း အထိတ်တလန့် တွေးမိကြပါတယ်။ အဲဒီ အတွေးကတော့ `ကိုယ့်အလှည့် ဘယ်တော့လဲ´ ဆိုတာပါ။

ထောင်ထဲမှာ အတော်ဆိုးဝါးတဲ့ နောက် ကိစ္စတခုက ဆေးထိုးအပ် အသုံးပြုပုံ အသုံးပြုနည်းပါ။

ဆေးထိုးတဲ့အခါ ဆေးထိုးပိုက်ထဲမှာ ဆေးတွေ အများကြီးထည့်ထားပြီး လူနာတွေကို တန်းစီ ဆေးထိုးပေးတာပါ။ အပ်ကိုလည်း တချောင်းထဲ သုံးပြီး လူနာတယောက်ကို ဆေးနည်းနည်း ထိုးပေးလိုက်၊ နောက် လူနာတယောက်ကိုလည်း ဒီအပ်၊ ဒီဆေးနဲ့ပဲ နည်းနည်း ထိုးပေးလိုက် လုပ်တာပါ။ လူနာပြောင်းပြီး ဆေးသာ ပြောင်းသွားတယ်။ ဆေးထိုးအပ်ကတော့ မပြောင်းပါဘူး။

ဒါကြောင့်ပဲ ထောင်ထဲမှာ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ပြန့်နှံ့ပြီး အေအိုင်ဒီအက်စ် ဖြစ်တဲ့သူ၊ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးရသူတွေ မနည်းတာပါ။ ပြီးတော့ အေအိုင်ဒီအက်စ် ရောဂါအပြင် သွေးကတဆင့် သယ်ပေးလို့ ဖြစ်လာရတဲ့ ကူးစက်ရောဂါတွေလည်း အများကြီးပါပဲ။ (ထောင်ဆေးရုံမှာ အိတ်ခ်ျအိုင်ဗွီ ဖြစ်နေတဲ့ အကျဉ်းသားတွေကိုလည်း ထားပါတယ်)။

***

ထောင်ဆေးရုံက အဖြစ်အပျက် တခုကို ပြောပြချင်ပါသေးတယ်။ တခါတုန်းက နိုင်ငံရေး အကျဉ်းသား တယောက် ဆေးရုံတက်ရပါတယ်။

တနေ့ သူ ဆေးထိုးရမယ် ဖြစ်တော့ တခြားလူ ထိုးပြီးသား ဆေးထိုးအပ်နဲ့ သူ့ကို ထိုးမယ်လည်း လုပ်ရော သူက အဲဒီအပ်နဲ့ သူ့ကို မထိုးဖို့၊ အပ် ပြောင်းပေးဖို့ ပြောပါတယ်။ အဲဒီမှာ ထောင်ဆရာဝန် ဒေါက်တာ စိုးကြည်က `ဒါ ထောင်၊ မင့် ပထွေးအိမ် မဟုတ်ဘူး။ တခါသုံးအပ် သုံးချင်ရင် ထောင်အပြင်ရောက်မှ ပြော´ လို့ ပြောပါတယ်။ တဆက်ထဲမှာပဲ အဲဒီ နိုင်ငံရေး အကျဉ်းသားကို ဆေးထိုးပေးဖို့ လုပ်နေတဲ့ သူ့တပည့် ဘိန်းစားကို `ဒီကောင့်ကို ဆေးထိုးပေးစရာ မလိုတော့ဘူး´ လို့ ဒေါက်တာ စိုးကြည်က အမိန့် ပေးလိုက်ပါတယ်။ အဲဒီနောက် တခြား လူနာတွေကို အပ်တချောင်းထဲနဲ့ ဆေး ဆက်ထိုးသွားပါတယ်။ ဒါနဲ့ အဲဒီ နိုင်ငံရေး အကျဉ်းသားက အပ်တချောင်းထဲနဲ့ ဆေး အထိုးခံတဲ့ တခြား အကျဉ်းသားတွေကို `ဘာလို့ ခင်ဗျားတို့ ငြိမ်ခံနေကြတာလဲ´ လို့ မေးတော့ သူတို့က `အပ် တချောင်းထဲ သုံးလို့ အေအိုင်ဒီအက်စ်ဖြစ်ပြီး သေမှာက နောက်၊ ခင်ဗျားလို ပြောလို့ စိတ်ဆိုးပြီး ဆေးထိုးမပေးလို့ သေမှာက အခု၊ ဒီတော့ နောင်ခါလာ နောင်ခါဈေးပဲ´ လို့ ပြန်ပြောကြသတဲ့။

ဟုတ်ကဲ့။ နောက်ပိုင်းတော့ အဲဒီ နိုင်ငံရေး အကျဉ်းသားလည်း ဆေးထိုးခါနီးကျရင် အပ်ပြောင်းပေးဖို့ မပြောတော့ပါဘူး။

ဆက်ရန်…

(သတ်ပုံ အသုံးအမှားတခုကို မေးလ်ပို့ပေးပြီးဂရုတစိုက် ထောက်ပြပေးခဲ့တဲ့ အကိုဖိုးထွေးကို ကျေးဇူးတင်ပါတယ်)


Thursday, August 16, 2007

စပ်မိစပ်ရာ (၁၁)...

ဒီနေ့က မှတ်တမ်းမဲ့ မှတ်တမ်းတင်မယ့် နေ့ဖြစ်ပေမယ့် မရေးတာကြာတဲ့ စပ်မိစပ်ရာကို တင်ချင်တဲ့ အာသီသက ပိုနေတာကြောင့် စပ်မိစပ်ရာကို တင်ပါရစေ။

ဒီတပတ်အတွတ် အထူးခြားဆုံးနဲ့ အလှုပ်ခတ်ဆုံး သတင်းကတော့ မြန်မာနိုင်ငံမှာ လောင်စာဆီဈေးတွေ ရုတ်တရက် ဈေးမြောက်သွားတဲ့ သတင်းပါပဲ။ (ဈေးတက်တယ် ရေးရင် ဆင်ဆာထိမှာ စိုးလို့ပါ) ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ဈေးနှစ်ဆ မြှောက်တင် ကောက်ခံရဲတဲ့ အုပ်ချုပ်သူများရဲ့ သတ္တိ မသေးလှပါဘူး။ ကျနော် အမှတ်မှားခဲ့ရင်တော့ ထောက်ပြပေးပါ။ ယခင် နောက်ဆုံးအကြိမ် ဓာတ်ဆီဈေး တဂါလံ ၁၅၀၀ ကျပ်အထိ ဈေးမြှောက်တင် ကောက်ခံခဲ့စဉ်က ပြန်ကြားရေး ၀န်ကြီးလုပ်သူက လက်ရှိ မြှောက်တင်လိုက်တဲ့ ဈေးဟာ အနောက်နိုင်ငံကြီးများ (သူအဓိက ယှဉ်ပြချင်တာက အမေရိကန်ပါ) က ဆီဈေးနဲ့ ယှဉ်လိုက်ရင် လွန်စွာ ဈေးချိုကြောင်း၊ အစိုးရက ပြည်သူတွေ သက်သာအောင် အရှုံးခံ ရောင်းချပေးနေရတာ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ဖူးပါတယ်။

အခု နောက်ဆုံး ဈေးအရ အစိုးရရောင်းဈေး ဓာတ်ဆီ တဂါလံကို ၃၀၀၀ ကျပ် ပါတဲ့။ ဒီဈေးဟာ မြန်မာကျပ်ငွေ နဲ့ အမေရိကန် ဒေါ်လာ (တရားမ၀င်) ငွေပေါက်ဈေး တဒေါ်လာကို ၁၂၅၀ ကျပ်နဲ့ တွက်ချက်ရင်တောင် ၂.၄ ဒေါ်လာ ရှိနေပါပြီ။ အမေရိကန်မှာ လက်ရှိ ရောင်းချနေတဲ့ ဆီဈေးနဲ့ ဆင့် အနည်းငယ်သာ ကွာပါတော့တယ်။ မတိမ်းမယိမ်းပါပဲ။ အတင်းကာရော သတ်မှတ်ထားတဲ့ တရားဝင် ငွေပေါက်ဈေးနဲ့သာ ဆိုရင်…။

ထူးခြားတာ တခုက မြန်မာနိုင်ငံကို အလည်အပတ် လာရောက်သွားတဲ့ ဗီယက်နမ်ဝန်ကြီးချုပ်က မြန်မာပြည်ကို သူရောက်ခိုက်မှာ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ (လှလိုက်တဲ့ အသုံးအနှုန်း) တရပ်ကို အမိအရ ချုပ်ဆိုသွားပါတယ်။

မာဒေးကား ဘောလုံးပြိုင်ပွဲအတွက် လက်ရှိချန်ပီယံ မြန်မာအသင်းက အပြီးသတ် လက်ရွေးစင် ၁၈ ဦး ရွေးချယ်ပြီးပါပြီ။ လာမယ့် ၂၀ ရက်နေ့မှာ အာဖရိကအသင်းတသင်း ဖြစ်တဲ့ လီဆိုသို အသင်းနဲ့ ပွဲဦးထွက် ကစားပါမယ်။ အပြီးသတ် လူစာရင်းမှာ လူတယောက်ရဲ့ နာမည် ပါလာလေမလားလို့ ရှာမိလိုက်ပါသေးတယ်။ တခြားလူတော့ မဟုတ်ပါ။ ကျနော်နဲ့ မွေးနေ့၊ မွေးလတူ ဖိုးလပြည့် နာမည်ကိုပါ။ ဟုတ်ကဲ့…၊ မပါလာသေးပါဘူး။ :D

လက်ရှိ ကျင်းပနေဆဲ နအဖ ညီလာခံမှာ `စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ်´ ဆိုတဲ့ အသုံးအနှုန်းအစား `စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်´ လို့ ပြင်ဆင်ဖို့ ညီလာခံ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌရဲ့ စုစည်း တင်ပြချက် အပိုဒ်(၄) ကို လက်ညှိုးထောင် ခေါင်းငြိမ့် ကိုယ်စားလှယ်များက ဖြည့်စွက်တင်ပြခဲ့ပါတယ်။ လက်ညှိုးထောင် ခေါင်းငြိမ့်တာခြင်း အတူတူထဲကမှ တစည ကိုယ်စားလှယ်က `နိုင်ငံတော်၏ မြို့တော် ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော် သမ္မတ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်သည်´ ဆိုတဲ့ အချက်ကို တင်ပြခဲ့ပါတယ်။

နောက်တခု စဉ်းစားစရာ တင်ပြချက်တခုကိုတော့ ပြည်ထောင်စု ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်ရဲ့ ဆွေးနွေးအကြံပြု စာတမ်းမှာ ဖတ်လိုက်ရပါတယ်။ အဲဒါကတော့…

`အချုပ်အခြာဆိုတာ ထာဝရ အမှန်တရားပဲ ဖြစ်ပါတယ်။ အဲဒီအမှန်တရားကို အကြမ်းဖက်လို့ ဖြစ်စေ၊ လူအများဆန္ဒအရဖြစ်စေ၊ အခြေခံပြီး မစဉ်းစားရပါ၊ ဆင်ခြင်တုံတရား အပေါ်မှာသာ အခြေခံပြီး စဉ်းစားရမယ်။ လူတွေမှာလည်း မှားတတ်ကြပါတယ်။ လုံးဝ အမှားကင်းတယ်ဆိုတာ မရှိနိုင်ပါဘူး။´ တဲ့။ ကောင်းပါလေ့။

မြန်မာနိုင်ငံဟာ ၂၀၀၇ ခုနှစ်၊ ပထမလေးလပတ် ကာလအတွင်းမှာ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ကုန်သွယ်မှုများ ဆောင်ရွက်ခဲ့ရာမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ပါတယ်။ တရုတ်တနိုင်ငံတည်းနဲ့တင် ပို့ကုန် သန်း ၁၆၀၊ သွင်းကုန် သန်း ၁၄၀ ဖိုး၊ စုစုပေါင်း သန်း ၃၀၀ ဖိုးခန့် ကုန်သွယ်ခဲ့ပါတယ်။ တရုတ်ကြီး ယူသွားတဲ့ သန်း ၁၆၀ ဖိုးသော မြန်မာ့သယံဇာတတွေကတော့ ပြောင်းဖူးစေ့၊ နှမ်း၊ ဖရဲသီး၊ ကြက်ဆူစေ့၊ ကြိမ်၊ ချိပ်၊ ရာဘာ၊ သစ်ကြံပိုးခေါက်၊ သရက်သီးတွေပါတဲ့။

ထိုင်းနယ်စပ် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းနဲ့ မြိတ် ကုန်သွယ်ရေး စခန်းများမှ တဆင့် ကုန်သွယ်မှုများမှာတော့ ပို့ကုန် အမေရိကန် ဒေါ်လာ ၅၇ သန်း၊ သွင်းကုန် ၃၁ သန်းဖိုး စုစုပေါင်း ၈၈ သန်းဖိုး ဆောင်ရွက်ခဲ့ပါတယ်။ ထိုင်းတွေ ယူသွားတဲ့ သယံဇာတတွေကတော့ ကျွန်းသစ်၊ ကြက်သွန်ဖြူ၊ စကျင် ကျောက်ဆင်းတု၊ လမ်းခင်းကျောက်၊ ငါးမျိုးစုံ၊ ငါးမုန့်၊ ပုစွန်၊ ကဏန်းနဲ့ အခြား ရေထွက် ပစ္စည်းတွေ ဖြစ်ပါတယ်။

ကျန်တာတွေကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ တိုနဲ့ ကုန်သွယ်ခဲ့တာပါ။ သူတို့ကလည်း အားကျမခံ နနွင်းတက်၊ နံနံစေ့၊ မန်ကျည်းစေ့၊ ငါးသလောက်၊ ငါးကလေးစုံခြောက်၊ ကွမ်းသီး၊ စမုံစပါးနဲ့ ၀က်အရှင် အစရှိတဲ့ မြန်မာ့သယံဇာတတွေကို ယူငင်ခဲ့ပါတယ်။ အဲဒီ လေးနိုင်ငံကမြန်မာနိုင်ငံထဲကို သွင်းကြတဲ့ သွင်းကုန် အမျိုးအစားကိုတော့ ဖော်ပြမထားလို့ မသိရပါဘူး။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အမျိုးသမီး လေယာဉ်မှူး ဖြစ်လာမယ့် သင်တန်းသူ နှစ်ဦးကို အဲယားပုဂံ လေကြောင်းလိုင်းက မလေးရှားနိုင်ငံကို ရွေးချယ် စေလွှတ်ခဲ့ပါတယ်။ အရင်က မြန်မာ့ ပထမဆုံး လေယာဉ်မှူးအဖြစ် ၁၉၅၆ ခုနှစ်တုန်းက ဒေါ်လှသန်း ဆိုသူ အမျိုးသမီးက အသက် ၂၇ နှစ်အရွယ်မှာ ဂလိုက်ဒါနဲ့ ပျံသန်းခဲ့ဖူးပေမယ့် လေယာဉ်ကို တိုက်ရိုက် မောင်းနှင်ခြင်းတော့ မဟုတ်ခဲ့ပါဘူး။ ဒီတော့ ဘာပဲဖြစ်ဖြစ် လေယာဉ်ပျံကြီး မောင်းတော့မယ့် အဲဒီလုံမပျိုလေး နှစ်ယောက်ဖြစ်တဲ့ မနှင်းဦးဝေ နဲ့ မမေချိုဝင်းတို့ကို မြန်မာအမျိုးသမီးထု ကိုယ်စား ဂုဏ်ယူစွာ အားပေး ကြိုဆိုရင်း ဒီတပတ် စပ်မိစပ်ရာကို ခေတ္တနားပါမယ်ခင်ဗျာ။


ကလိုစေးထူး