ကျနော် ငယ်ငယ်ကပေါ့..။ (ဒီအကြောင်းကို `အားလုံးမင်္ဂလာပါ´ ဆိုတဲ့ ပထမဦးဆုံးသော ပို့စ်မှာ အရိပ်အမြွက် ရေးထားခဲ့ဖူးပါတယ်)။ မေမေက (အဲဒီတုန်းကတော့ ဘာကြောင့်မှန်း ကျနော် တကယ်မသိခဲ့ပါ) အိမ်တအိမ်မှာ ဖေဖေ ရှိမရှိ မကြာခဏ သွားအကြည့်ခိုင်းပါတယ်။ သွားကြည့်ခိုင်းလိုက်လို့ အဲဒီအိမ်မှာ ဖေဖေမရှိတဲ့နေ့ဆိုရင်တော့ ပြဿနာ သိပ်မရှိလှပေမယ့် ဖေဖေရှိနေခဲ့လို့ `ဖေဖေ ရှိနေတယ် မေမေ´ လို့ ပြန်ပြောမိတဲ့နေ့ ဆိုရင် မေမေနဲ့ ဖေဖေ ရန်အကြီးအကျယ် ဖြစ်ပါတယ်။ မိဘတွေ ရန်ဖြစ်ကြတော့ ကျနော်တို့ ကလေးတွေက ဘယ်နေသာပါ့မလဲ။ အိမ်နောက်ဖေးက ကန်ဇွန်းခင်းတွေနားမှာ ညီအကို နှစ်ယောက် တိတ်တိတ်လေး ငိုခဲ့ရပါတယ်။် မိဘတွေ အဲဒီလို ရန်ဖြစ်ကြတဲ့နေ့တွေမှာ အပြစ်သေးသေးလေး လုပ်မိပေမယ့် အခန့်မသင့်ရင် အရိုက်ခံရတတ်သေးပါတယ်။ အဲဒီလိုမျိုးတွေ မကြာခဏ ဖြစ်ဖြစ်လာတော့ နောက်ပိုင်းတွေမှာ မေမေ ကျနော့်ကို သွားကြည့်ခိုင်းတိုင်း ဖေဖေ အဲဒီအိမ်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မရှိဘူးလို့ပဲ ကျနော် ညာပါတယ်။ ဒါပေမယ့် အကင်းပါးလှတဲ့ မေမေက ကျနော်ညာနေတာကို နောက်ပိုင်းမှာ သိသွားပါတယ်။ အဲဒီကစလို့ မေမေ့ယုံကြည်မှုတွေ ကျနော့်အပေါ် လျော့နည်းခဲ့ပါတယ်။ ကျနော်ဟာ ဖေဖေ့လူ၊ ဖေဖေ့သား လို့ စွပ်စွဲပြီး ညီအကို နှစ်ယောက်မှာ ကျနော့်ကို ပယ်ထား၊ ကြဉ်ထားပါတယ်။ မိဘဆိုတာ သားသမီးကို မချစ်ဘူးဆိုတာ မရှိ လို့ နားလည်ထားပေမယ့် ငယ်စဉ်ဘ၀ မသိမနားလည်သေးတဲ့ အချိန်မှာ ဒီလို အကြဉ်ခံရတာဟာ စိတ်ရဲ့ ဒဏ်ရာဒဏ်ချက် တခု ဖြစ်ခဲ့ရတာတော့ အသေအချာပါပဲ။ ကျနော် ငယ်ငယ်က ခဏခဏ အရိုက်ခံရပါတယ်။ ညီလေးထက်စာရင် ကျနော်က ပိုပြီးကို အရိုက်ခံရတာပါ။ မေမေ့လို ပညာတတ် ကျောင်းဆရာမ တယောက်ဟာ ဘာကြောင့်များ ကျနော့်ကို ဒီလောက်တောင် ရိုက်ရပါလိမ့်လို့ မကြာခဏ စဉ်းစားဖူးပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးကတော့ ကျနော်တို့ ကလေးတွေက မိသားစုတွင်း အဆင်မပြေဖြစ်မှုရဲ့ ဓားစာခံ ဖြစ်ခဲ့ရတာပါ။ အဲဒီလို မကြာခဏ အရိုက်ခံရခြင်းရဲ့ အကျိုးဆက်ကတော့ လူလိမ္မာလေး ဖြစ်လာတာတော့ မဟုတ်ပါ။ ဥပမာ တခုပြောရရင် ကျနော် အပြင်မှာ တခြားကလေးနဲ့ ရန်ဖြစ်ခဲ့ရင် ကျနော်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အိမ်ရောက်ရင် အရိုက်ခံရပါတယ်။ အပြစ်က ရန်ဖြစ်လို့ပါတဲ့။ အဲဒီတော့ နောက်ပိုင်းမှာ ကျနော်က ဒီလို စဉ်းစားပါတယ်။ ရန်ဖြစ်လို့ အရိုက်ခံရမယ့် အတူတူတော့ ငါနဲ့ ရန်ဖြစ်တဲ့ကောင်ကို နိုင်အောင်ချပြီးမှ အရိုက်ခံတာကမှ တန်သေးတယ် ဆိုတဲ့ အတွေးပါ။ ဒီလိုနဲ့ ကျနော်ဟာ ရန်ဖြစ်ခြင်းမှာ မွေ့လျော်လာပါတယ်။ အိမ်မှာ အပယ်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းရဲ့ ထွက်ပေါက်အတွက် ဒေါသတွေဟာ ရန်ဖြစ်ခြင်းအပေါ် စုပုံကျရောက်ပါတော့တယ်။ ကျနော့်ကို မေမေ မကြာခဏ လုပ်လေ့ရှိတဲ့ အထိအနာဆုံး ဒဏ်ပေးမှု တခုရှိပါသေးတယ်။ အဲဒါကိုတော့ ကျနော် လူပျိုပေါက်အရွယ်လောက် ရောက်မှ စသုံးပါတယ်။ အဲဒီနည်းကတော့ ကျနော့်ကို မရိုက်ပါဘူး။ သူလက်မခံနိုင်တာ တခုခုလုပ်မိရင် ကျနော့်ကို စကားလုံးဝ မပြော၊ မှားနေရင်လဲ မဆုံးမ၊ မသွန်သင်ပဲ ဥပေက္ခာပြုထားတဲ့ နည်းပါ။ အဲဒီလိုနဲ့ပဲ အပစ်ပယ်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းဟာ ကျနော့်အတွက် အိပ်မက်ဆိုး ဖြစ်ခဲ့ရပါတယ်။ ဆယ်တန်းအောင်တဲ့ အချိန်ကျတော့ ကျနော့်အတွက် အိမ်စည်းကမ်းတွေရဲ့ တင်းကျပ်မှုတွေ အတော်အတန် လျော့သွားပါတယ်။ ဂစ်တာကို လွတ်လပ်စွာ တီးနိုင်သလို စတေ့ရှိုး အပျော်ပွဲတွေလဲ လွတ်လွတ်လပ်လပ် တက်ဆိုခွင့်ရပါတယ်။ ဒါပေမယ့် ကျနော့်အတွက် မေမေ အရမ်းစိတ်ညစ်ရတဲ့ ကိစ္စတခုကတော့ မကြာခဏ ရန်ဖြစ်တတ်တဲ့ ကျနော့်အကျင့်ပါ။ ရဲစခန်းမှာ အချုပ်ခံရလောက်အောင် ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် ခဏခဏကို ကျနော် ရန်ဖြစ်ပါတယ်။ သည်းခံနိုင်စွမ်းအား အင်မတန်နည်းတဲ့လူဟာ ကျနော်ပါ။ ဒီကြားထဲကမှ မတရားဘူးလို့ ထင်ရင်၊ မဟုတ်ဘူးလို့ ထင်ရင် သူရဲကောင်း ထလုပ်တတ်တဲ့ အကျင့်က ရှိပါသေးတယ်။ စိတ်တို၊ စိတ်ဆတ်လွန်းတဲ့ ဒီအကျင့်ကြောင့် ကျနော့်မှာ အပေါင်းအသင်း သိပ်မရှိလှပါဘူး။ လူကသာ စိတ်တိုတယ်၊ အပယ်ခံရရင်လဲ တော်တော် ၀မ်းနည်းတတ်ပါသေးတယ်။ ဒီလိုနဲ့ပဲ လူ့ပတ်ဝန်းကျင်နဲ့ ကျနော်နဲ့ နီးလျက်နဲ့ ဝေးဝေးလာပါတယ်။ တခါတလေများဆိုရင် မူးအောင်သောက်ပြီး လယ်ကွင်းပြင်ထဲမှာ ဂစ်တာတလက်နဲ့ သီချင်းတွေ တပုဒ်ပြီး တပုဒ် အော်ဆိုပါတယ်။ စိတ်ရဲ့ ထွက်ပေါက်ပေါ့။ အခုလက်ရှိရော ..။ ဒီလိုပါပဲဗျာ ………..။ လူတွေနဲ့နီးအောင်…..။ ကြိုးစားရင်းနဲ့ပဲ ………..။ လူတွေနဲ့ ဝေးသထက်…..။ ဝေးကွာ ……………………..။ ကလိုစေးထူး |
Friday, December 29, 2006
အပယ်ခံရခြင်း > ဒေါသတရား > အပယ်ခံရခြင်း...
Wednesday, December 27, 2006
နှစ်သစ်အတွက် ကဗျာ..
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ခင်ဗျာ။ လာမယ့် နှစ်သစ်ကို ကြိုတင် ရင်ခုန်ရင်းနဲ့ လေးလုံးစပ် ကဗျာ တပုဒ် ရေးကြည့်မိပါတယ်။ ကဗျာနာမည်က နှစ်သစ်စိတ်ကူး တဲ့။
နှစ်သစ်စိတ်ကူး
နှစ်တနှစ်တာ
အဆုံးမှာ
သာယာရွှင်လန်း ကျန်းမာစေ။
ငိုကြွေးသူတွေ
အပြုံးဝေ
မျက်ရေ(ရည်) တွေလဲ ခန်းနိုင်စေ။
ရန်လိုမုန်းထား
ပြုသူများ
အမှား နောင်တရနိုင်စေ။
တို့မျှော်လင့်ချက်
အသက်ဆက်
ထက်မြက် ယုံကြည်ခိုင်ခန့်စေ။
လျှောက်သောလမ်းထဲ
မယိုင်လဲ
ရဲစွဲ စိတ်ဓာတ် ရှင်သန်စေ။
လာမည့် နှစ်သစ်
အမှားပစ်
ထားရစ်နိုင်စေ ရန်ကြွေးတွေ။
နှစ်ဟောင်းဖယ်ခွာ
နှစ်သစ်မှာ
မေတ္တာထားလို့ ပြုံးပျော်စေ။
လေးလုံးစပ် ကဗျာကတော့ ပြီးသွားပါပြီ။ ဒါပေမယ့် ကျနော်တယောက် အရစ်က ရှည်ချင်သေးတယ်ခင်ဗျ။ အဲဒါနဲ့ အဲဒီ လေးလုံးစပ် ကဗျာကိုပဲ ကာရန်မဲ့ကဗျာ အဖြစ် ပြောင်းလဲ ရေးကြည့်မိပြန်ပါတယ်။ ဖတ်ကြည့်ပေးပါအုံး ခင်ဗျာ။
နှစ်သစ်စိတ်ကူး
ပြီးဆုံးသွားတဲ့ တနှစ်တာမှာ
ပျော်ရွှင်သာယာ ရွှင်လန်းခဲ့ကြပါစေ။
ငိုနေသူတွေရဲ့ မျက်ရည်တွေလဲ
ခန်းခြောက်လို့ အပြုံးဆင်နိုင်ပါစေ။
ရန်လိုသူတွေရဲ့
မုန်းတီးမှုတွေလဲ နောင်တတရားအဖြစ်
ပြောင်းလဲ ပစ်ကြပါစေတော့။
ကျနော်တို့ မျှော်လင့်ချက်တွေကို
အသက်ဆက်လို့ ပိုမိုခိုင်မာကြမယ်။
ကျနော်တို့ လျှောက်နေတဲ့ လမ်းကို
စွဲစွဲမြဲမြဲ ရဲရဲရင့်ရင့် ဆက်လျှောက်ကြမယ်။
အို..မိတ်ဆွေ
ထားခဲ့ပါတော့ ဒီရန်ကြွေးတွေ
လွှင့်ပစ်လိုက်ပါ ဒီအမုန်းတွေ။
ဖယ်ခွာပစ်ရတော့မယ့် နှစ်ဟောင်းကနေ
ပြုံးပျော်စွာနဲ့
နှစ်သစ်မှာ မေတ္တာ ထားကြပါစို့။
ကဲ.. အရစ်ရှည်ခြင်းလဲ ပြီးဆုံးပါပြီခင်ဗျာ။ အားလုံးကို ကျေးဇူးပါ။
ကလိုစေးထူး
Tuesday, December 26, 2006
အမေ...
အိမ်နဲ့ ဝေးနေသူတွေ ဒီကမ္ဘာမှာ အများကြီးပါ။ အဲဒီအများကြီးထဲကမှ ကျနော်လဲ တယောက် အပါအ၀င်ပေါ့။ အမေ့အိမ်ကို တကယ်လွမ်းလှပါတယ်။ လျှောက်နေတဲ့ လမ်းမှာ ခလုတ်တွေ တိုက်မိတိုင်း၊ ဖေးကူသူ မဲ့တဲ့အခါတိုင်း အမေ့ကို သတိရလှပါတယ်။ အမေ့ရဲ့ ဆိုဆုံးမမှုတွေ ပရပွတုန်းက တန်ဖိုးမထားတတ်ခဲ့တဲ့ ကျနော် တယောက်၊ ဆုံးမသူမဲ့တဲ့ နေရာရောက်တော့ အမှားတွေ ကြုံလာတိုင်း၊ ကရုဏာဒေါသောနဲ့ ဆူပူမာန်မဲတတ်တဲ့ အမေ့ကို တမ်းတမိတတ်လာပါတယ်။ အဲဒီအတွက် သီချင်းတပုဒ်ရေးမိပါတယ်။ ဒီသီချင်းကို ရေးပြီးတာ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းကပါ။ အခါတိုင်း တင်နေကြ youtube မှာ တင်လိုက်တိုင်း error တွေပဲ တက်တက်လာလို့ အမေ့ အတွက် သီချင်းကျမှ ဒီလိုဖြစ်တာလား လို့ ရင်ထိတ်သွားမိပါသေးတယ်။ သီချင်းကိုလဲ သုံးခါလောက် ပြန်သွင်းရပါတယ်။ ဖိုင်လ်က ကြီးနေလို့ ပြန်ကျော့ဆိုချင်တဲ့ အပိုဒ်တွေကို ဖြတ်ပြီး ခပ်တိုတိုပဲ ဆိုလိုက်မှ xangaမှာ တင်လို့ရသွားပါတယ်။ ကွန်ပြူတာနဲ့ ပတ်သက်ပြီး အတတ်ပညာ နည်းပါးလှတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ မကျေမနပ် ဖြစ်နေမိပါတယ်။ သီချင်းနာမည်ကိုတော့ အမေ လို့ပဲ ခပ်ရိုးရိုး ပေးထားပါတယ်။ ဒီနေရာ မှာ နားထောင်ပါခင်ဗျာ။ D-Key နဲ့ တီးထားပါတယ်။ ခံစားချက်နဲ့ ၀ါသနာအရ ရေးစပ်ထားလို့ လိုအပ်ချက်တွေ တပုံတပင်နဲ့ နေမှာ သေချာပါတယ်။ နားထောင် ပေးကြပါအုံး။ အားလုံးကို ကျေးဇူးပါ။ အမေ.. Intro; D Bm Em A D A7 D Bm အမေ.. မှိုင်တွေကာ ငိုနေပြီလား Em A ဘယ်အချိန် ကျနော် ပြန်လာမလဲ A D A7 မှန်းဆရင်းနဲ့ မျှော်နေမလား D Bm အမေ အိမ်မှာ ဘယ်လိုနေရှာမလဲ Gbm Bm အမေ ကျန်းမာပါရဲ့လား Em A D သားဆိုး ကျနော့်ကို လွမ်းနေမလား.. Bm Gbm Bm နှိုင်းတုမရတဲ့ အမေ့ မေတ္တာ ဝေးမှ သိမြင်လာ Em A D D7 အပြုံးတွေ ကင်းမဲ့ အတ္တများကြားမှာ Em A Gbm Bm အမေ့အိမ်ပြန်ချင်တိုင်း မျက်ရည်တွေရယ် ၀ိုင်း Em A D ပေးသနားလှည့်ပါ အားအင်တွေကို.. အမေ. အမေ… အယောင်ဆောင် လူတွေရဲ့ကြား. လိမ်ညာသူတွေရဲ့ကြား စိုးရွံ့ ထိတ်လန့် နေလေမလား.. အမေ… တချိန်မှာ ပြန်ဆုံနိုင်မလား ဘုရားရှင် ထံပါးမှာ တောင်းဆု ပြုလို့ နီးကြရစေသား.. Solo; Intro Cho Cho |
Thursday, December 21, 2006
လမ်းနှင့် ခလုတ်...
တောက်.. ဒီလမ်းကြောင့် ဖြစ်ရတာ။
အသုံးမကျလိုက်တဲ့လမ်း၊ အခုကြည့်စမ်း.. ခလုတ်တိုက်မိတာ နာလိုက်တာ၊
ကားဝယ်ဖြစ်ရင်တော့လား.. ဒီလိုလမ်းမျိုး လုံးဝမလာဘူးကွာ
အားရပါးရကြီး လမ်းကို ကျိန်ဆဲရင်း မော့ကြည့်မိတော့ လမ်းက ကျနော့်ကို မျက်မှောင်ကြီး ကုတ်ပြီး ငုံ့ကြည့်နေသလိုပဲ။ နောက်တော့ သူကလဲ ကျနော့်ကို တဖြည်းဖြည်းနဲ့ မကျေမနပ် ရေရွတ်သံတွေ ထွက်လာတယ်လို့ ခံစားလာရပါတယ်။ ဘယ်ရမလဲ.. ကျနော်ကလဲ သူ့ကို မကျေမနပ်နဲ့ ပြန်ပြောတာပေါ့။ ဒီလိုနဲ့ ကျနော်နဲ့ လမ်းနဲ့ စိတ်ကူးထဲမှာ စကားအချေအတင် များကုန်ပါတော့တယ်။
***
`ဟေ့ကောင် ´
`ဘာတုန်းဗျ´
`မင်းက အခုတော့ ငါ့ကို အပြစ်မြင်တယ်ပေါ့လေ၊ ဟုတ်လား´
`ဟာ၊ ဒီမှာကြည့်လေ ကျုပ်ခြေထောက် နာသွားတယ်၊ ခင်ဗျားလမ်းကိုက မကောင်းလို့ပေါ့ဗျ´
`အဲဒါပဲ၊ မင်းတို့ လူတွေ သိပ်ခက်တဲ့ကောင်တွေပဲ´
`ဘာဖြစ်လို့တုန်းဗျ´
`နေစမ်းပါအုံး၊ မင်းကို ငါမေးပါအုံးမယ်၊ ဒီလမ်းကို လျှောက်ဖို့ မင်းကို ဘယ်သူကများ အတင်းအကျပ် တိုက်တွန်းခဲ့လဲ၊ မင်းသဘောနဲ့မင်း လျှောက်ခဲ့တာ မဟုတ်ဘူးလားကွ၊ မင်းပဲ ဒီလမ်းက သာယာသလေး ဘာလေးနဲ့ ပြောခဲ့သေးတယ်လေ´
`ဒါတော့ ဒါပေါ့ဗျ၊ ဒါပေမယ့် အခု ကျုပ်ခလုတ်တိုက်တာ တော်တော်နာတယ်ဗျ´
`အင်း၊ မင်းဆိုတဲ့ကောင် လူဖြစ်ပြီး လောကနိယာမကိုတောင် ဘာမှ နားမလည်သေးဘဲကိုးကွ´
`ဟမ်၊ ဘာဖြစ်လို့တုန်းဗျ၊ ခလုတ်တိုက်တော့ နာတယ်ဗျာ၊ ဒီတော့ ခင်ဗျားကို ကျိန်ဆဲချင်စိတ် ပေါက်လာတယ်ဗျာ၊ ဘာဖြစ်သလဲ၊ ဒါက လူတွေရဲ့ ခံစားချက် တမျိုးပဲမဟုတ်ဘူးလား´
`ဒီလိုဆိုရင်တော့ မင်းကို ငါပြောရသေးတာပေါ့´
`ပြောစမ်းပါအုံး´
`ဟောဒီ လမ်းပေါ်မှာ လူပေါင်းစုံ သွားလာဖူးတယ်ကွ၊ စက်ဘီးလမ်းဆိုပေမယ့်၊ စကိတ်စီး အပန်းဖြေတဲ့ လူတွေ၊ လမ်းလျှောက် လေညှင်းခံတဲ့လူတွေ၊ အပြေးလေ့ကျင့်တဲ့လူတွေ ပြီးတော့ မင်းတို့လို အလုပ်သွား အလုပ်ပြန်ကောင်တွေလဲ ပါတာပေါ့´
`အင်း´
`တလောကဆိုရင် စကိတ်စီးတဲ့ ငနဲတကောင် ချော်လဲတာ အတော်နာသွားပုံရတယ်ကွ၊ ဒူးခေါင်းမှာလဲ သွေးတွေကို ရဲနေတာပဲ´
`အင်း´
`တခါတုန်းကဆိုရင်လဲ ပြိုင်ဘီးစီး လေ့ကျင့်တဲ့ ကောင်မလေးတယောက် စက်ဘီးမှောက်သေးတာပဲ´
`အင်း´
`ဟိုတခါကတော့ တော်တော်ဆိုးသကွ၊ မျက်စိမမြင်တဲ့ အဘွားကြီးကွာ၊ တောင်ဝှေး တဒေါက်ဒေါက်နဲ့ စမ်းတမ်းစမ်းတမ်း လမ်းလျှောက်တာ မှောက်ရက်လဲပါလေရောလား´
`အင်း´
`ဒါပေမယ့် သူတို့က မင်းလိုတော့ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်အပြစ်ပြန်မတင်ဘူးကွ´
………….
`စကိတ်စီးတဲ့ကောင်လဲ ချော်သာလဲတာ၊ စပ်ဖြီးဖြီးနဲ့ ပြန်ထပြီး သူ စကိတ်စီးတာကို ပိုကျွမ်းကျင်အောင် ထပ်စီးတာပဲ´
…………..
`စက်ဘီးစီးတဲ့ ကောင်မလေးလဲ ဒီလိုပဲ၊ မိန်းကလေးသာဆိုတယ်၊ တချက်မမဲ့ဘူးကွာ၊ လဲသွားတဲ့ စက်ဘီးကို ပြန်ထူပြီး သူ့အလုပ်သူဆက်လုပ်တာပဲ၊ ဟိုအဘွားကြီးကရော ဘာထူးသေးလဲ၊ လဲကျသွားတော့လဲ သူလမ်းလျှောက်နေတာကို ဆက်လျှောက်တာပဲကွ´
……………
`အေး၊ မင်းကို ငါပြောချင်တာက၊ လမ်းဆိုတာ လူတိုင်းသွားတယ်၊ သွားတဲ့လူတိုင်း တကြိမ်မဟုတ် တကြိမ်တော့ ခလုတ်တိုက်မယ်၊ လဲကျမယ် ဒါ လောကရဲ့ သဘာဝတရား၊ နိယာမ တရားပဲကွ´
……………
`ဒါကိုပဲ မင်းက ခလုတ်လေး တခါလောက်တိုက်မိတာနဲ့ ဒီလမ်းကြောင့် ဖြစ်သလေးဘာလေးနဲ့´
`ကျနော် နာသွားတဲ့ ခံစားချက်ကြောင့်ပါဗျာ´
`အေး၊ မင်းက ဒီလမ်းကိုလျှောက်လို့ ခလုတ်တိုက်မိတာကို ညည်းညူနေတယ်၊ စောစော မင်းပြောနေတာ ငါကြားလိုက်ပါတယ်၊ မင်းကားဝယ်ရင် ဒီလမ်းကို မလျှောက်တော့ဘူးဆို၊ ဟုတ်လားကွ´
`ဟုတ်တယ်လေ´
`မှတ်ထားကွ၊ ကားလမ်းမှာ အမှားတချက်တွေ့ရင်တော့ မင်းအသက်ပါ ဇီဝိန်ကြွေသွားမယ်´
`ဗျာ´
`မဗျာနဲ့၊ မင်းသေသေချာချာ စဉ်းစားစမ်းပါ´
`ဟုတ်ကဲ့´
`အခု မင်းခလုတ်တိုက်မိတာကို စိတ်မပျက်ပဲ မင်းသွားချင်တဲ့နေရာကို ပျော်ပျော်ကြီး သွားစမ်းပါကွာ၊ ဒီတခါ တိုက်မိရင် နောက်တကြိမ် မတိုက်ရအောင် မင်းသတိထားပေါ့ကွ´
`ဟုတ်ကဲ့´
`နောက်တခု ထပ်ပြောလိုက်မယ် ကိုယ့်လူရေ၊ ခလုတ်ကိုကြောက်နေရင် မင်း ဘယ်လမ်းကိုမှ လျှောက်မနေနဲ့တော့´
`ဗျာ´
***
အေးစိမ့်စိမ့် လေပြင်းတချက် ၀ူးကနဲ တိုက်လိုက်တော့ ကျနော်တယောက် အတွေးထဲမှာ လမ်းနဲ့ စကားများနေရာကနေ လန့်နိုးပြီး လက်ရှိပစ္စုပ္ပန်ကို ပြန်ရောက်လာပါတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အတော်မှောင်နေပါပြီ။ လမ်းကလေးကို ပြန်ကြည့်တော့ အမှောင်တွေကြားထဲကပဲ ကျနော့်ကို ခွင့်လွှတ်တဲ့ အပြုံးနဲ့ ကြည့်နေသယောင်ယောင်။
ကျနော် လမ်းဆက်လျှောက် ရပါအုံးမယ်။ ခလုတ်တွေလဲ တိုက်ကောင်းတိုက်နေအုံးမှာပါပဲ။ ဒါပေမယ့် ကျနော် ဆက်လျှောက်ရမှာပါပဲ။ လမ်းနဲ့ ခလုတ်ဆိုတာက တွဲလျက်ရှိနေတာပဲလေ။
Tuesday, December 19, 2006
စာ အသစ်မရေးဖြစ်သော ဒီနေ့မှာ..
ပို့စ်အသစ် မတင်ဖြစ်တာလဲ ကြာပြီဆိုတော့ ဒီနေ့တော့ စာတပုဒ်ကို ဖြစ်အောင်ရေးမှပဲလို့ စဉ်းစားမိပါတယ်။ ဘာရေးရင် ကောင်းမှာပါလိမ့်။ ဒီအတွေးကို တွေးလာတာ အိမ်ကနေ အလုပ်ကို စထွက်ကတည်းကပါ။ အခုတလော သိပ်လဲ မအေးလှတာရယ် ပြီးခဲ့တဲ့ အပတ်ကမှ ကျနော်နဲ့ အတူတူ အလုပ်စ၀င်တဲ့ ကရင် အကိုကြီးကို ၀င်ခေါ်နေရတာရယ်ကြောင့် စက်ဘီးကို မသုံးဖြစ်ဘဲ အေးအေးလူလူ လမ်းလျှောက်ပြီးတော့ပဲ အလုပ်သွားတာများပါတယ်။ အဲဒီ အကိုကြီးကို ၀င်ခေါ်ပြီးတော့လဲ လမ်းလျှောက်ရင်း စဉ်းစားလာပါတယ်၊ ဘာရေးရင် ကောင်းမလဲ။ သိပ်မအေးဘူးသာ ဆိုတယ်၊ လေက တ၀ူးဝူးတိုက်နေတာကြောင့် နှာသီးဖျား၊ နားရွက်ဖျားတွေ အေးလာတာနဲ့ တွေးလို့မရပြန်ပါဘူး။ ဒီလိုနဲ့ အလုပ်ထဲကို ရောက်လာပါတယ်။ အချိန်မှတ်တဲ့ ကဒ်ပြားကို ကမန်းကတန်းနှိပ်၊ အနွေးထည်ထူထူတွေ ချွတ်၊ ပြီးတော့ ကျနော်လုပ်ရတဲ့ နေရာကို သွားပါတယ်။ စပြီပေါ့၊ တနေ့တာ။ ပျင်းတွဲ့တွဲ့ စက်သံကြားမှာ Tools တွေကို တချောင်းပြီးတချောင်း တဂျွီးဂျွီး ဖြတ်ရင်း ထပ်စဉ်းစားပါတယ်။ ငါဒီနေ့ ဘာရေးရပါလိမ့်။ မနက်က ဘာမှ ဟုတ်တိပတ်တိ မစားလာရတော့ ဗိုက်ကလဲ စောစောစီးစီး ဆာသလိုလို ရှိနေတော့ အာရုံက မရပြန်ပါဘူး။ အင်း၊ Break Time ရောက်လို့ တခုခု စားပြီးမှပဲ တွေးတော့မယ်ကွာ လို့ ဆုံးဖြတ်မိပြန်ပါတယ်။ အတွေးအာရုံက မရရတဲ့အထဲ အလုပ်ရှင်ကလဲ မကြာခဏဆိုသလို စကားလာလာ ပြောနေပါသေးတယ်။ တော်ကြာနေ ဟို ကရင် အကိုကြီးကို အလုပ်ကိစ္စ ရှင်းပြခိုင်းလိုက်၊ တော်ကြာနေ ခရစ်စမတ်ကျရင် ဘယ်သွားမလဲ လာလာမေးလိုက်နဲ့ ကျနော် အလုပ်လုပ်ရင်း အတွေးနယ်ချဲ့နေတာကို ခဏခဏ လာလာ နှောင့်ယှက်ပြန်ပါတယ်။ ဒီလိုနဲ့ပဲ မနက်ပိုင်း သုံးနာရီပြည့်လို့ ခေတ္တနားချိန်ကိုသာ ရောက်သွားတယ်။ စာရေးဖို့ အိုင်ဒီယာ မရခဲ့ပါဘူး။ ဆယ့်ငါးမိနစ် နားချိန်ပြီးတော့ စိတ်အတွေးတွေကို နောက်တခါ အလုပ်ထပ်ပေးမိပြန်ပါတယ်။ ဘာရေးရပါလိမ့်။ ကဗျာစာသားတချို့ ရွတ်ကြည့်တယ်။ အဆင်က မချော။ သီချင်းပဲ ရေးရင် ကောင်းမလားမသိ စဉ်းစားပြီး သံစဉ် တချို့ကို ဒါဒါဒီဒီရွတ်ရင်း လိုက်ဖမ်းကြည့် ပြန်ပါတယ်။ ဘာသံစဉ်မှ မထွက်လာပါဘူး။ စာရွက်အလွတ် တရွက်ကို သွားယူလာ၊ ဘောလ်ပင်တချောင်း ဘေးမှာချ၊ Tools တွေကို ဖြတ်လိုက်၊ ခေါင်းထဲရောက်လာတဲ့ စာသားတချို့ကို ချရေးလိုက်၊ စိတ်တိုင်းမကျတော့ တခါပြန်ဖျက်လိုက်၊ နောက်ထပ် Tool တချောင်း ထပ်ဖြတ်၊ စာတွေ ချရေး၊ ပြန်ဖျက်။ ဒီလိုနဲ့ နေ့လည် ၁၂ နာရီ ထိုးသွားပါတယ်။ ကျနော်က မနက်စာကို ဆယ်နာရီ ခေတ္တအားလပ်ချိန် ဆယ့်ငါးမိနစ်မှာ စားလေ့ရှိတော့ နေ့လည်စာစားချိန် နာရီဝက်ကျတော့ အချိန်တွေ ပိုနေပါတယ်။ အဲဒါနဲ့ ကုလားထိုင်တလုံးကို ဆွဲယူ၊ မျက်လုံးမှိတ် ပက်လက်လှန် အိပ်ရင်း စဉ်းစားပြန်ပါတယ်။ အတွေးတွေက ဘယ်လောက် စဉ်းစားမိတယ်တော့ မသိပါဘူး။ အချိန်စေ့ ခေါင်းလောင်းသံက မကောင်းဆိုးဝါး အော်သံလို နားထဲကို စူးစူးရှရှဝင်လာတော့မှပဲ ၀ုန်းကနဲ ထရပ်မိပါတော့တယ်။ ကျိန်းစပ်စပ် ဖြစ်ချင်နေတဲ့ မျက်လုံးကို မျက်နှာသွားသစ်ပစ်ပြီး အလုပ်ထဲကို ၀ရုန်းသုန်းကား ပြန်ဝင်ရပြန်ပါတယ်။ နေ့လည်ပိုင်း အလုပ်ချိန်မှာတော့ ကျနော့်အတွေးတွေလဲ လွတ်လပ်ခွင့် မရရှာတော့ပါဘူး။ ဘာဖြစ်လဲ ဆိုတော့ Finish Grinding လို့ ခေါ်တဲ့ အချောသတ် သွေးတဲ့ အလုပ်က ဒီဂရီ အတိအကျနဲ့ တိုင်းတာ သွေးရတာ ဖြစ်တော့ အတွေးတွေက ဟိုရောက် ဒီရောက် ရောက်နေရင် Tools တွေ သေးသွားတာတို့၊ လိုအပ်တဲ့ အရွယ်အစားနဲ့ မကိုက်တာတို့ ဖြစ်မှာဆိုတော့ အလုပ်ထဲကို စိတ်မပါလက်မပါနဲ့ပဲ အတွေး အချုပ်ချရပါတယ်။ သံမှုန်တွေကို ကာကွယ်ဖို့ မျက်နှာဖုံးကို စွပ်ထားရင်း လုပ်ရတော့ အသက်ရှုရတာလဲ ကသိကအောင့်နဲ့ တွေးဖို့လဲ အရသာ ရှိတော့မယ် မထင်ပါဘူး။ အဲဒီလိုနဲ့ပဲ ညနေသုံးနာရီလဲ ခွဲရော ငယ်ငယ်က မြန်မာ့အသံမှာ ကြားနေကြ နားဝင်ပီယံ သူ့လက်သံနဲ့ ဆင်ဆင်တူတဲ့ အလုပ်သိမ်းခေါင်းလောင်းသံလေးက နားထဲကို ချိုချိုမြိန်မြိန် ၀င်လာပါတယ်။ အဲဒါနဲ့ သစ်ဆွဲဆင်များလိုပဲ ခေါင်းလောင်းသံကြားတာနဲ့ လုပ်လက်စ အလုပ်ကို အားလုံးရပ်။ လက်ကို ပျော်ပျော်ကြီး သွားဆေးပြီး လေသံလေး တချွန်ချွန်နဲ့ အိမ်ပြန်ပါတယ်။ ဟိုကရင် အကိုကြီးကတော့ နောက်ကနေ ငိုက်စိုက် ငိုက်စိုက်နဲ့ တိတ်တိတ်လေး လိုက်လာပါတယ်။ သူလဲ တွေးရင်တွေးနေမှာပေါ့။ အိမ်ပြန်ရောက်တော့ အလုပ်ထဲက သံမှုန်တွေက ယားကျိကျိနဲ့မို့ ရေချိုးခန်းထဲ အရင်ပြေးလို့ ရေကို အမြန်ချိုးရပါတယ်။ ရေမိုးချိုးပြီးတော့လဲ ဗိုက်ထဲက ဆန္ဒပြနေတဲ့ ပိုးမျိုးရှစ်ဆယ်ကို စေ့စပ်ဆွေးနွေးရေး လုပ်နိုင်ဖို့ ချက်ပြုတ်၊ ပြီးတော့ သူတို့ တောင်းဆိုနေတဲ့ အစာတွေကို သွတ်သွင်းလိုက်မှပဲ ငြိမ်းချမ်းရေး ရပါတယ်။ ထမင်းစားပြီး တီဗွီ ဖွင့်ကြည့်တော့ ကျနော်အားပေးတဲ့ ချဲလ်ဆီးက အဲဗာတန်ကို သုံးဂိုး နှစ်ဂိုးနဲ့ တီးလိုက်တဲ့ ပွဲ ပြန်လာနေတော့ စာရေးမယ့် ကိစ္စကို ခဏမေ့သွားပြီး အဲဒီ သွေးမထွက်တဲ့ မိနစ်ကိုးဆယ်ကြာ စစ်ပွဲမှာ နစ်မြော သွားပါတယ်။ ညနေ ငါးနာရီခွဲလောက်မှာ ကွန်ပြူတာရှေ့ကို ထိုင်ဖြစ်ပါတယ်။ ဘလော့ကို စစ်၊ မေးလ်တွေများ ရောက်နေသလား စစ်၊ ပြီးတော့ စာရေးဖို့ အတွက် စဉ်းစားပြန်ပါတယ်။ ဒီနေ့ ဘာရေးရပါလိမ့်။ မရေးတာလဲ သုံးလေးရက်ရှိပြီ။ တခုခုရေးမှပါ။ စဉ်းစားစမ်း။ ဘာရေးမလဲ၊ ဒီက အတွေ့အကြုံတချို့ ရေးမလား၊ မြန်မာပြည်က အတွေ့အကြုံရေးရင် ကောင်းမလား။ စာတကြောင်း ရေးလိုက်၊ မကြိုက်တော့ Back Space ပြန်ခေါက်လိုက်။ ဘာစာမှကို မဖြစ်လာပါဘူး။ အရေးထဲမှာ ဖုန်းကလဲ တဂွမ်ဂွမ်။ ဟဲလို၊ မစ္စတာ သူ လား ဟုတ်ပါတယ် ဟုတ်ကဲ့၊ ကျနော်က ဘာညာဘာညာ ကုမ္ပဏီကပါ ခင်ဗျားအိမ်မှာ တီဗွီကေဘယ်လ်လိုင်း ဆင်ဖို့ စိတ်ဝင်စားပါသလား နိုး၊ ကျနော် စိတ်မ၀င်စားပါဘူး၊ ကျနော် ခင်ဗျားပြောတာလဲ အားလုံး နားမလည်ပါဘူး ကျေးဇူးတင်ပါတယ် ဂွပ် မဖြစ်သေးပါဘူး။ စာရေးလို့မရသေးရင်လဲ သတင်းလေး ဘာလေး ဖတ်မှလို့ စဉ်းစားပြီး သတင်းတွေ ဟိုဖတ်ဒီဖတ် ဖတ်ပြန်ပါတယ်။ မြန်မာပြည်ထုတ် သတင်းစာကိုဖတ်တော့ မွဲပြာပုဆိုး သတင်းတွေနဲ့ မမြင်ချင်တဲ့ မင်းသားအယောင်ဆောင်တဲ့ လူကြမ်း ဘီလူးပုံတွေပဲ တွေ့ပါတယ်။ ခေတ်ပြိုင်ကို ဖတ်တော့ မြန်မာ အမျိုးသမီးငယ် (၁၂)နှစ်သမီးလေးကို ထိုင်းဆိုင်ကယ်သမားက ကိုယ်ထိလက်ရောက် စော်ကားသတဲ့။ တောက် တချက်ကို ခပ်ပြင်းပြင်း ခေါက်မိပါတယ်။ ဒီကောင် တော်တော်မိုက်ရိုင်းပါလား။ ငါတို့ မြန်မာမလေးကိုကွာ။ စိတ်ထဲကနေလဲ ပျစ်ပျစ်နှစ်နှစ် ဆဲရေးမိပါတယ်။ ဒါပေမယ့် ဘာမှလဲ မတတ်နိုင်ပါ။ အားကစားသတင်းတွေ လိုက်ဖတ်မိပြန်ပါတယ်။ မြန်မာ ယူ-၂၃ အသင်းက မလေးရှား ယူ-၂၃ အသင်းကို တဂိုး ဂိုးမရှိနဲ့ နိုင်သတဲ့၊ မြန်မာ အသင်းက အင်ဒို ယူ-၂၃ အသင်းကို နှစ်ဂိုး တဂိုးနဲ့ နိုင်သတဲ့။ ဗထူးအားကစားကွင်းမှာ ပရိသတ် နှစ်သောင်းလောက် လာကြည့်ပြီး ပရိုဂျက်တာကြီးနဲ့လဲ ဘောလုံးပွဲကို ပြထားသတဲ့။ အလဲ့၊ တယ်ဟုတ်ပါလား လို့ တွေးလိုက်မိပါတယ်။ ၂၀၀၄ တုန်းက ထင်ပါတယ်။ ကျနော်တို့ မြန်မာ အသင်း စင်ကာပူနဲ့ တိုင်းဂါးဖလား အကြိုဗိုလ်လုပွဲ ကစားကြတော့ နိုင်လုခင်ခင်လေးမှာ ရန်တွေဖြစ်၊ လူသုံးယောက် အထုတ်ခံရ၊ မြန်မာ အရန် ဂိုးသမားလေးကလဲ ကွင်းဘေးကနေ စင်ကာပူ ကစားသမားတယောက်ကို ရေသန့်ဘူးနဲ့ ပစ်ပေါက်၊ အနီကဒ် ပြပြီး ကွင်းထဲက အထုတ်ခံရတော့ မဖွယ်မရာတွေ လုပ်ပြခဲ့တာကို မျက်စေ့ထဲ မြင်ယောင် မိပါတယ်။ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို ရန်ကုန်မှာ လုပ်တုန်းကလဲ ထိုင်းနဲ့ ကန်တော့ ထိုင်းဘောလုံးသမားလေးတွေ ထောင့်ကန်ဘော လာလာကန်ရင် စင်ပေါ်ကနေ ခဲ၊ ပြောင်းဖူးရိုးတွေနဲ့ ပစ်ပေါက်ကြပါသေးတယ်။ အခုပွဲရော ဒီလိုများ ဖြစ်နေသေးလား။ အေးအေးဆေးဆေးပဲလား ဆိုတာ မသိပါ။ ဒီလိုနဲ့ပဲ ညမိုးချုပ်လို့ မှောင်သာသွားတယ်။ ကျနော်တယောက် ဘာစာမှ ဟုတ်တိပတ်တိ မရေးဖြစ်လိုက်ပါဘူး။ ပြီးသွားပြန်ပေါ့ .. တနေ့တာ။ နောက်တနေ့ကျမှပဲ ပို့စ်အသစ်အတွက် အကြောင်းအရာ ကောင်းကောင်း တခု စဉ်းစားတော့မယ် လို့ ဆုံးဖြတ်လိုက်မိပြန်ပါတော့တယ်။ ကလိုစေးထူး |
Sunday, December 17, 2006
ခရစ်စမတ်နဲ့ အတူ...
နောက် တပတ်ဆိုရင် ခရစ်စမတ်နေ့ကို ရောက်ပါတော့မယ်။ မြန်မာပြည်မှာတုန်းက ဆိုရင် ဒီလိုနေ့ရက် အချိန်တွေမှာ ခရစ်စမတ်ဆုတောင်း သီချင်းတွေကို ခရစ်ယာန် သူငယ်ချင်းတွေနဲ့ အတူတူ လိုက်ဆို၊ ဂစ်တာတီးနဲ့ အရမ်းပျော်ဖို့ ကောင်းလှပါတယ်။ ဘာသာတရားရဲ့ စည်းခြားမှုဆိုတာ အဲဒီအချိန် တဒင်္ဂလေးမှာ ဘာမှမရှိပါဘူး။ ကျနော်တို့ သူငယ်ချင်းတွေ ပြုံးပြုံးရွှင်ရွှင် ပျော်ပျော်ပါးပါးနဲ့ ဟစ်ကြွေး သီဆိုခဲ့ကြတာကို သတိရမိတော့ ဒီသီချင်းကို ဖန်တီးမိပါတယ်။ တကယ်တော့ ဒီသီချင်းကို လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက စာသားတွေက ရေးပြီးနေတာပါ။ သူများဂစ်တာကို ငှားတီးနေတော့ ပိုင်ရှင်က လာယူသွားတော့ မတင်ဖြစ်သေးတာပါ။ မနေ့ကမှ ဂစ်တာတလုံး သွားဝယ်ဖြစ်တော့ အခုမှပဲ သံစဉ်ရှာပြီး သီချင်းလား မမြောက်တမြောက် သီချင်းလေး အဖြစ် ဖန်တီးဖြစ်တာပါ။ အရင်က သီချင်းတွေကိုလဲ ကီးတွေကို ပြောသာပြောရတယ်။ မာစတာကီး မရှိပဲ မှန်းသမ်းပြီး ကြိုးညှိရတော့ တကယ်တမ်း သီချင်းကီးတွေ မမှန်ဖို့များပါတယ်။ အခု သီချင်းကတော့ မာစတာကီးနဲ့ ကြိုးညှိပြီး တီးထားတာပါ။ ဒီသီချင်းရေးတဲ့ အချိန်မှာ ကျနော့်စိတ်ထဲမှာ ကျနော်ဟာ ဘယ်ဘာသာဝင်ဆိုတာ လုံးဝ မေ့ထားပြီး ရေးခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီ စည်းတွေကို ခဏဖြစ်ဖြစ် ဖယ်ထားပြီး မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် ဒီသီချင်းလေးကို သံပြိုင်ဆိုရရင် ဘယ်လောက်ကောင်းမလဲ ဆိုပြီး စိတ်ကူးယဉ်ပြီး ရေးမိတာမို့လို့ပါ။ သီချင်းနာမည်က ခရစ်စမတ်နဲ့အတူ.. တဲ့.။ ဒီနေရာ မှာ နားထောင်ပါခင်ဗျာ။ ဒေါင်းလော့ လုပ်လိုရင်တော့ ဒီမှာ ယူပါ။ ပျော်ပျော်ပါးပါး လိုက်ဆိုကြည့်ကြပါလားဗျာ။ အားလုံးကို ကျေးဇူးပါ။ ခရစ်စမတ်နဲ့အတူ.. Intro; G C G Am D G G C G ဆောင်းနှင်းဖွေးဖွေး အအေးဓာတ်နဲ့အတူ ခရစ်စမတ်ရောက်ခဲ့ပြီ Am D G D လာပါသူငယ်ချင်း တို့အတူ ဆုံကာရယ် G C G လောကသားတို့ အေးချမ်းဖို့အတွက် တောင်းဆုပြုလို့ကွယ် Am D G D ပျော်ရွှင်စွာနဲ့ သီချင်းတွေ ဆိုကြမယ် ခါးသီးခြင်းနဲ့ မုန်းတီးခြင်းတွေ အားလုံး မေ့လို့ကွယ် အကြင်နာဖလှယ်လို့ မေတ္တာ သွယ်ကာရယ် အတိတ်နေ့ရက်က ၀မ်းနည်းမှုတွေ အားလုံးထားခဲ့ကွယ် မင်္ဂလာဒီရက် ပြုံးပျော်ပါစို့ကွယ် G C G Am Hallelujah.. Hallelujah ညီညီညာညာ အားလုံးဟစ်ဆို G C G C Em Hallelujah.. Hallelujah ပျော်ပျော်ရွှင်ရွှင် ခရစ်စမတ်နေ့ရက် Bm Em များစွာတိုင်အောင်ကွယ်.. Am D ဒီကမ္ဘာမြေ၀ယ် ကောင်းခြင်းရောက်လို့.. V2 Intro Cho V2 Fade Out |
Thursday, December 14, 2006
ကျနော်... သီချင်း.. ဂစ်တာ..
သီချင်းတွေ ရေးပြီး သံစဉ်ဖော်နေကျ ဂစ်တာလေးကို သူ့ပိုင်ရှင်က ကျနော့်ဆီကနေ မနေ့က လာပြန် ယူသွားပါတယ်။ အဲဒါနဲ့ပဲ ရေးလက်စ ခရစ်စမတ် သီချင်းလေးလဲ သံစဉ်မဲ့စွာနဲ့ စာသားသက်သက် ဖြစ်နေတာပေါ့။ ဂစ်တာဝယ်မှ ဖြစ်တော့မှာပါလို့ တွေးမိရင်း ကျနော်တယောက် ဂီတနဲ့ ပတ်သက်လို့ အရူးအမူးဖြစ်ခဲ့တာတွေကို ပြန်သတိရလာပါတယ်။ ကျနော်တို့ မိသားစုမှာ ဖေဖေနဲ့ မေမေက သီချင်းတွေကို တော်တော်နှစ်သက်တတ်ပါတယ်။ ကျနော်ငယ်ငယ်က ဖေဖေက သူ့အသံသြသြနဲ့ ဟင်္သာတ အောင်တင်ဝင်းရဲ့ သီချင်းတွေ မကြာခဏ ဆိုညည်းတတ်ပါတယ်။ မေမေကရော ဘာထူးသေးလဲ၊ ရေဒီယိုမှာ လာတဲ့သီချင်း တော်တော်များများကို မြတ်မြတ်နိုးနိုးနဲ့ကို လိုက်ဆိုတတ်လေ့ ရှိပါတယ်။ ဖေဖေနဲ့ မေမေ ကက်ဆက်ခွေထဲမှာ အသံသွင်းပြီး ကျနော်တို့ တတွေနဲ့ သီချင်းတွေ ဆိုခဲ့တာ မှတ်မိပါသေးတယ်။ ကျနော် စတီရီယို သီချင်းကို ပထမဆုံး နားထောင်ဖူးတာကတော့ ကိုမွန်းအောင်ရဲ့ လွမ်းရတဲ့ညတွေ လွန်ပါစေ ဆိုတဲ့ ခွေပါ။ အသံအေးအေးနဲ့ အဲဒီ သီချင်းတွေကိုတောင် ဖေဖေကတော့ အဲဒီတုန်းက မကြိုက်လို့ဆိုပြီး တခြားခွေနဲ့ လဲပစ်ပါတယ်။ ကျနော့်စိတ်ထင် ကျနော် စတီရီယို သီချင်းတွေကို စပြီးကြိုက်ခဲ့တာ ကိုမွန်းအောင်ခွေကလို့ပဲ ထင်ပါတယ်။ ဂစ်တာပိုးထခဲ့တာက ကိုးတန်းနှစ်မှာပါ။ မေမေက ကျနော် စာကြည့်စားပွဲရှေ့ထိုင်နေရင် စာကျက်နေတယ်၊ ဒါမှမဟုတ် သင်္ချာတွက်နေတယ်လို့ ထင်ပြီး တခြားအိမ်အလုပ်တွေ ဘယ်သောအခါမှ ခိုင်းလေ့ မရှိပါဘူး။ တကယ်တော့ ကျနော်က သူငယ်ချင်းတွေဆီက ငှားလာတဲ့ သီချင်းစာအုပ်တွေထဲက သီချင်းတွေကို စာအုပ်ထူထူ တအုပ်နဲ့ ကူးနေတာပါ။ နောင်တချိန် ဂစ်တာတီးတတ်ရင် တီးနိုင်အောင်လို့ ရည်ရွယ်ပြီး ဂစ်တာ လက်ကွက်တွေကိုပါ ကူးတာပါ။ အဲဒီတုန်းက ကျနော် ကူးခဲ့တာ အပုဒ်ရေ ငါးရာလောက် ကျော်မယ် ထင်ပါတယ်။ နောက်တော့ မေမေသိသွားပါတယ်။ ထုံးစံအတိုင်း အရိုက်ခံရတာပေါ့။ တနေ့မှာတော့ ဗီဒီယိုသွားကြည့်ပြီး အပြန်မှာ အတန်းထဲက သူငယ်ချင်းတွေရဲ့ လမ်းဘေးအုတ်ခုံ ဂစ်တာဝိုင်းကို ထိုင်မိပါတယ်။ သီချင်းတွေ ဟိုဟိုဒီဒီ ဆိုကြရင်းနဲ့ သူငယ်ချင်းတယောက်က ကျနော့်ကို မင်း၊ အခုလာမယ့် တန်ဆောင်တိုင်မှာ စတေ့ရှိုးဆိုမလားလို့ ပြောတော့ ဘာရမလဲ၊ ကျနော်ကလဲ ဖိုးကျိုင်းတုတ်ပေါ့ မနက်ဖန်ပဲ အဆိုတော်ဖြစ်တော့မလိုလို အားတက်သရောနဲ့ ဆိုမယ်ကွာလို့ ပြော၊ အိမ်ရောက်တာနဲ့ ဆိုဖို့ သီချင်းရေး တော့တာပါပဲ။ အဲဒီတုန်းကတော့ ဂစ်တာ မတီးတတ်သေးတော့ ကိုအက်စ်ကဲနက်ရဲ့ ပန်းမေ့ဆေး သီချင်းအလိုက်နဲ့ ကျနော့်စာသား ကော်ပီ သီချင်းတက်ဆိုခဲ့တာပါ။ သီချင်းဆိုတဲ့ ဆုလာဘ်ကတော့ အဲဒီ စတေ့ရှိုးပွဲလဲ ပြီးရော မေမေက ကျနော့်ကို ရက်တော်တော်ကြာကြာ စကားမပြောပဲနေတဲ့ အပြစ်ပေးတာပါပဲ။ အဲဒီလိုနဲ့ သီချင်းရူး၊ အဆိုတော်ရူး လုပ်လိုက်တာ ဆယ်တန်းကို ဘုန်းကနဲနေအောင် တနှစ်ကျသွားပါတယ်။ ဆယ်တန်း ဒုတိယနှစ် တက်တော့ မေမေက ဒီနှစ်တော့ အဲဒါကို အောင့်ထားလိုက်ပါ သားရယ်လို့ ချော့ချော့ မော့မော့ ပြောရှာပါတယ်။ ဒါတောင် မေမေ လစ်ရင် လစ်သလို ဂစ်တာတီး သင်လိုက်တာ ဟိုတပုဒ် ဒီတပုဒ် တီးတတ်လာပါတယ်။ ကျောင်းပိတ်ခါနီး ခရစ်စမတ်ပွဲအနေနဲ့ ကျောင်းစတေ့ရှိုးလုပ်တော့ မနေနိုင်လွန်းတာနဲ့ မေမေမသိအောင် ဟော်လိုဂစ်တာတွေနဲ့ သီချင်းခိုးတိုက်ပါတယ်။ မေမေက ကျနော် သီချင်းတက်ဆိုမှာစိုးလို့ ရှက်ပြီး မဆိုရအောင်ဆိုပီး ကျနော့်ကို ကတုံးတုံးထားပါတယ်။ ဒါပေမယ့် ပွဲလုပ်တဲ့နေ့မှာတော့ ကျနော်တယောက် ကတုံးပြောင်ကြီးနဲ့ သီချင်းဆိုရင်းနဲ့ စင်အောက်က မေ့မေ့ကို မရဲတရဲ လှမ်းကြည့်တော့ မေမေမျက်ရည်တွေ အ၀ဲသားနဲ့ ကြည့်နေပါတယ်။ စင်ပေါ်က ဆင်းလာတော့ ကျနော့်ကို ပြုံးပြီး ကဲ၊ ဘယ်လိုလဲ ကျေနပ်ပြီလားလို့ မေးပါတယ်။ အဲဒီနှစ်က ကျနော် ဆယ်တန်းအောင်ခဲ့ပါတယ်။ ကြိုးစားပမ်းစားနဲ့ကို ဓာတုဗေဒ အောင်မှတ် လေးဆယ်ရအောင် နှစ်နှစ်ကြီးများတောင် ဖြေခဲ့ရပါတယ်။ ဆယ်တန်းအောင်စာရင်းထွက်ပြီး တလလောက်အကြာမှာ ဖေဖေကျနော်တို့မြို့ကို ပြန်အလာမှာတော့ ကျနော် သိပ်လိုချင်ခဲ့တဲ့ ဂစ်တာဝယ်လာပါတယ်။ စမ်းချောင်းကနေ သူကိုယ်တိုင် သေချာ အော်ဒါမှာလာတာလို့ ပြောပါတယ်။ သီချင်းစာအုပ် တချို့ပါ ၀ယ်လာပါသေးတယ်။ ပျော်လွန်းလို့ အဲဒီညကဆို ကျနော် အိပ်လို့တောင်မပျော်ပါဘူး။ ကျနော် ဂစ်တာတီးနေတဲ့ ပုံတွေကို ဖေဖေက ဓာတ်ပုံရိုက်ထားပါသေးတယ်။ အခုတော့ အဲဒီဂစ်တာလေးလဲ အတော်အိုလှပါပြီ။ အိမ်မှာ ဒီအတိုင်းထားခဲ့တာ ဆွေးများဆွေးနေမလားတောင် မသိပါ။ အဲဒီ ဂစ်တာနဲ့ ဟိုရေး ဒီရေး ရေးခဲ့တဲ့ သီချင်းလေးတွေလဲ အိမ်မှာပဲ ဒီတိုင်း ကျန်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကာရာအိုကေတွေ ခေတ်စားလာတော့လဲ ကျနော် တော်တော် အရူးထလိုက်ပါသေးတယ်။ လိုက်ဆိုရုံ အရူးထတာ မဟုတ်ပါဘူး။ ကြိုက်တဲ့ သီချင်းတွေကို ရွေး၊ ပြီးရင် ကက်ဆက်ခွေနဲ့ အသံသွင်း၊ ခင်တဲ့ သူငယ်ချင်းတွေကို နားထောင်ချင်မှန်းမသိ၊ မထောင်ချင်မှန်းမသိ ဖွင့်ပြနဲ့ သူငယ်ချင်းတွေ ခမျာမှာ ကျနော့်ဒဏ်ကို အတော်ခံရပါတယ်။ အဲဒီအတွက်လဲ ငွေတော်တော်ကုန်ခဲ့ပါတယ်။ တကယ်တော့ သီချင်းတွေဟာ ကျနော့်အတွက်တော့ စိတ်ရဲ့ ထွက်ပေါက်ပါ။ ငယ်ငယ်က အရိုက်ခံရလို့ အရမ်း ၀မ်းနည်း ငိုကြွေးခဲ့ရရင်လဲ သီချင်းနားထောင်ရရင် ကျနော် စိတ်ပြေပါတယ်။ အခု အရွယ်ရောက်လာတော့လဲ စိတ်ညစ်တာကို သီချင်းနားထောင်ရင်း၊ အော်ဆိုပစ်ရင်းနဲ့ ဖြေဖျောက်ပစ်ရပါတယ်။ ဟိုရေး ဒီရေး ချရေးဖြစ်တဲ့ သီချင်းတွေကျတော့လဲ စိတ်ခံစားချက်ရဲ့ ထွက်အံလာတဲ့ စကားသံစဉ်တွေ ဖြစ်မလားပါပဲ။ အခုလောလာဆယ်တော့ သံစဉ်မရှိသေးတဲ့ ခရစ်စမတ် သီချင်းစာသားလေးတွေက သူ့အတွက် သံစဉ်ကို စောင့်မျှော်နေတယ်။ ဂစ်တာ မရှိလဲ ရှာကြည့်မယ်ကွာ ဆိုပြီး လိုက်ညည်းမိပါတယ်။ ~~~ ဆောင်းနှင်း ဖွေးဖွေး အအေးဓာတ်နဲ့ အတူ ~~~~ ခရစ်စမတ် ရောက်ခဲ့ပြီ ~~~။ ~~~ လာပါသူငယ်ချင်း ~~~ တို့အတူ ဆုံကာရယ် ~~~ လောကသားတို့ အေးချမ်းဖို့အတွက် ~~~ တောင်းဆုပြုလို့ရယ်~~ ။ ပျော်ရွှင်စွာနဲ့ ~~~ သီချင်းတွေ ဆိုကြမယ်။ ကဲ.. ဂစ်တာ ၀ယ်ဖြစ်မှ သီချင်းဖြစ်အောင် သံစဉ်ရှာတော့မယ်ဗျာ။ အားလုံး ကျေးဇူးပါ။ ကလိုစေးထူး |
Tuesday, December 12, 2006
အလင်းအားမာန်..
ဒီသီချင်းကို ရေးဖို့ စိတ်ကူးကိုတော့ မမေဓာဝီရဲ့ ဘလော့က အမှောင်ကွယ်ပျောက် အလင်းရောက်လျှင် ဆိုတဲ့ ပို့စ် ဖတ်ပြီးတော့ ရပါတယ်။ အဲဒီပို့စ်ကို ဖတ်ပြီးကတည်းက ကျနော့်ကိုယ် ကျနော် မေးခွန်းတွေ ထုတ်မိပါတယ်။ အမှောင်တွေကလွတ်အောင် အားစိုက်သူထဲမှာ ကျနော်ပါရဲ့လား၊ ဒါမှမဟုတ် ချောင်ကွယ်လေးမှာ မျက်စိမှိတ်ပြီး မသိသလို ကြိတ်မှိတ်နေမိသေးလား။ တကယ်တော့လဲ ကျနော်တို့တတွေ အမှောင်နဲ့ အသားကျနေတာ တော်တော်ကြီး ကြာခဲ့ပါပြီ။ တချို့များတော့ အလင်းကို တွေ့ရမှာကိုတောင် ကြောက်ရလောက်အောင် အမှောင်တွေက ပိန်းပိတ် နေပါပြီ။ တချို့ကျတော့လဲ အလင်းကို ရဖို့အတွက် အသက်တွေ၊ ဘ၀တွေ ပေးဆပ်လို့ပေါ့။ အဲဒီလိုနဲ့ပဲ ဒီသီချင်းကို ရေးမိပါတယ်။ ဂီတ၀ါသနာနဲ့ စိတ်ခံစားချက်ကိုသာ ပေါင်းစပ်ပြီး ရေးဖွဲ့ထားတာမို့ တီးလုံးဖော်စပ်မှုနဲ့ ဂစ်တာတီးခတ်မှုမှာ အားတော်တော် နည်းနေတာ ကိုယ့်ကိုယ်ကို သတိထားမိပါတယ်။ ကျနော့်ထက် သာလွန်စွာ တီးခတ်နိုင်မယ့် သူငယ်ချင်း တယောက်ယောက်က ဒီသီချင်းကို မွမ်းမံပေးရင်တော့ အတိုင်းအထက်အလွန် ၀မ်းသာမိမှာပါ။ C-Key နဲ့ တီးထားတာပါ။ ဒီနေရာ မှာ နားထောင်ပါခင်ဗျာ။ ဒေါင်းလော့ လုပ်လိုရင်တော့ ဒီမှာ ယူပါ။ အလင်းအားမာန် Intro; C G Am Em F G C G C G Am Em မျှော်လင့်ခြင်းရဲ့ အခန်းငယ်လေး.. အမှောင်တွေက ပိတ်ဖုံးလို့နေ F G C G ငိုကြွေး မှိုင်တွေး ပူဆွေးမှုနဲ့ အထီးကျန်နေ C G Am Em အမှန်တရားတံခါး ပိတ်ကာနေ.. အလိမ်အညာတွေသာ ဖုံးလွှမ်းလို့နေ F G C G အကြောက်တရားများ စိုးမိုးလို့ မည်းမှောင်နေ လူတွေ အားလုံး ငေးမှိုင်နေ.. ပျော်စရာဆိုတာ ဆိတ်သုန်းလို့နေ.. မုသားတွေနဲ့ ယဉ်ပါးခဲ့ရ နှစ်ကြာရှည် လူမဆန်ရက်စက်တဲ့သူတွေ အနိုင်ယူနေပေ ဒီအခန်းမလေ ချစ်ခြင်းတွေ ကင်းမဲ့ ရက်စက်မင်းမူနေ Am G Em Am Cho;တွေဝေပြီးတော့ ငေးနေမလား.. Em Am ချောင်ကွယ်မှာ ကြိတ်မှိတ် ငုံ့ခံမလား F G C C7 သာယာမိန်းမောမှုနဲ့ အတ္တတို့ ကြီးနေမလား.. Am G Em Am အမှောင်ကို ကြိုးစားခွင်းစို့လား.. Em Am လာလေ ရှေ့ဆက် တို့အတူသွား.. F G (F Em Dm C) အလင်းများ ရဖို့အတွက်.. အားမာန်များ.. Intro V1 V2 Cho; |
Friday, December 08, 2006
ကျနော်နှင့် တိုင်းရင်းသားများ
ကျနော့်ကို တယောက်ယောက်က မင်းဘာလူမျိုးလဲ မေးရင် အတော်ဖြေရ ခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော့် မေမေဘက်က အဘိုးက ကရင်၊ အဘွားက ကရင်-ဗမာ ကပြား၊ အဲဒီတော့ မေမေ့ဆီမှာက ကရင်သွေး သုံးမတ်လောက် ပါတယ်။ ဖေဖေတို့ကတော့ အညာသား မျိုးရိုးတွေဆိုတော့ ဗမာပဲ ထားပါတော့။ အဲဒီတော့ ကျနော်က ကရင်လား၊ ဗမာလား ဘာကောင်ကြီးမှန်း မသိတဲ့ တိုင်းရင်းသား တခုခု ဖြစ်နေတာပေါ့။ ဗမာဘက်ကို ပိုများတယ်လို့ ယူဆမိတော့ သူများမေးလာရင် ဗမာလို့ပဲ အလွယ်ဖြေဖြစ်ပါတယ်။ ကျနော် ငယ်ငယ်တုန်းက ကရင်ဒုံးအကကို ကောင်းကောင်းကြီး ကတတ်တာကို ခပ်ရေးရေး မှတ်မိနေပါသေးတယ်။ ဖေဖေမေမေက ဖြစ်ဖြစ်၊ အဘိုးက ဖြစ်ဖြစ် ကျနော့်ကို မြှောက်ပင့်ပြီး ကရင် ဒုံးအကခိုင်းရင် ကပြလေ့ရှိပါတယ်။ အမြှောက်ကြိုက်ပုံများ ငယ်ငယ်ကတည်းက ဗီဇကလေးနဲ့ လာတာ။ တကယ်လို့များ ကျနော်တို့ မိသားစု ရန်ကုန်ကိုသာ မပြောင်းဖြစ်ခဲ့ကြရင် ကျနော်ဟာ ကိုယ့်ကိုယ်ကို ဗမာသွေးပါတယ်ဆိုတာ လုံးဝကြီး မေ့သွားစရာရှိပါတယ်။ မိဘတွေရဲ့ အလုပ်အကိုင်အခြေအနေအရ ရွှေမြို့တော် ရန်ကုန်ကို ပြောင်းလာပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော်တယောက် ကိုယ့်ကိုယ်ကို ကရင်သွေးပါတယ်ဆိုတာတောင် မေ့သွားလောက်အောင် ဗမာတော တိုးခဲ့ပါတော့တယ်။ တနည်းအားဖြင့် ပြောရရင် ဗမာပါးဝတယ်ပေါ့။ ဗမာမျိုး၊ ဗမာနွယ်၊ ဗမာဝန်းကျင်ကြားမှာ ဆယ်စုနှစ် တခုကြာအောင် ကောင်းကောင်းကြီးကို မြို့ကြီးသားကြီး လုပ်ခဲ့တာပေါ့။ ကရင်စကားဆိုတာလဲ တလုံးမှကို မသိတော့ပါ။ ၁၉၉၀ ပြည့်နှစ်မှာ မေမေနဲ့ အတူ ကျနော်တို့ မြို့လေးကို ပြန်ပြောင်းခဲ့ရတော့ ဇာတိမြို့က သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေက ကျနော့်ကို ရန်ကုန်သားလို့ ကျီစယ်ပြီး ခေါ်ကြပါတယ်။ သူတို့တတွေ့ရဲ့ နားထဲမှာ ကျနော်ပြောတဲ့ လေသံက ရန်ကုန်သံ ပေါက်နေသတဲ့၊ အမှန်က ကျနော့်နားထဲမှာလဲ သူတို့လေသံက ၀ဲနေပါတယ်။ ကျနော် ကျောင်းစတက်တဲ့နေ့က ဆိုရင် အတန်းထဲမှာ ဆရာမက နာမည်စာရင်းခေါ်တော့ ကျောင်းသား တယောက်ယောက်ကို ခေါ်ရင် ရှိပါတယ်ခင်ဗျ လို့ ထူးရမှာကို စကားသံ ၀ဲတဲတဲ မပီတပီနဲ့ ဆိပါတယ်ခင်ဗျ၊ ကျောင်းသူဆိုရင် ဆိပါတယ်ဆင့် လို့ ထူးကြတာကို စိတ်ထဲကတောင် ကြိတ်ရယ်နေမိခဲ့ ပါသေးတယ်။ နောက်များတော့လဲ အဲဒီ ပတ်ဝန်းကျင်မှာပဲ ကျနော်လဲ မွေ့လျော်ရင်းနဲ့ပဲ ရှ နဲ့ ဆ ကို မပီတော့တဲ့ အဲဒီ လေသံ ၀ဲတဲတဲ ဖြစ်လာပါတော့တယ်။ ကျနော်တို့မြို့လေးက ကျနော်နေတဲ့ ရပ်ကွက်မှာ မွန်တိုင်းရင်းသားတွေ အတော်များပါတယ်။ တခါတလေ မြို့ခံတပ်ကို ပုန်ကန်သူ တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်ကြတဲ့ အခါ အိမ်နီးနားချင်းက မွန်မိသားစုတွေ သူတို့ အချင်းချင်း ကလိန်းညော့၊ ကလိန်းညော့ (လာလာ) လို့ မွန်လိုခေါ်ရင်း ဗုံးခိုကျင်းတွေထဲ ပြေးဝင်သွားကြတတ်ပါတယ်။ အဲဒီနောက်မှာတော့ ကျနော်လဲ မွန်သူငယ်ချင်းတွေ အထိုက်အလျောက် ရလာတော့ မွန်တယောက်ယောက်ကို တွေ့ရင် “ဟေ့၊ ပြတ်၊ အာ့လော့ဒေါ်” (သူငယ်ချင်း၊ ဘယ်လဲကွ) လို့ နှုတ်ဆက်တတ် လာပါတယ်။ ကရင်သူငယ်ချင်းတွေနဲ့ ဆုံတော့လဲ ဒီလိုပါပဲ။ ဝေး၊ ကျော် လို့ အစချီ နှုတ်ဆက်ရင်း မူးနော်လေးတွေရဲ့ အိမ်သွားသွားလည်၊ နအဲ့ရာ အော့လဗုံနော် လို့ မပီတပီပြောရင်း ကရင်သားလေး လုပ်ခဲ့ပြန်တာပါပဲ။ စိတ်ထားဖြူစင်လှပြီး အမြဲတမ်း ကြည်စင်စွာ ပြုံးနေတတ်တဲ့ ကရင် လူမျိုးတွေကို ခင်မင်လှပါတယ်။ အဲဒီလိုပဲ ကျနော့်ကို မွေးဖွားခဲ့တဲ့ ကရင်ပြည်နယ်ကိုလဲ ပိုချစ်တတ်လာပါတယ်။ ဇာတိမြို့လေးမှာ အနေကြာလာတာနဲ့ အမျှ တိုင်းရင်းသား သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပိုထိတွေ့လာရတော့ သူတို့ တတွေရဲ့ စိတ်ကို နားလည်လာသလို သူတို့တတွေရဲ့ ခံစားချက် တခုကို သတိထားမိလာပါတယ်။ အဲဒါကတော့ ဗမာလူမျိုးနဲ့ ပတ်သက်တဲ့ ခံစားချက်တခုပါ။ ဗမာဟေ့ ဆိုတာနဲ့ သူတို့က သတိကြီးစွာထားပြီးတော့ကို ဆက်ဆံပါတယ်။ တချို့များဆိုရင်တော့ ဗမာဆိုတာနဲ့ မုန်းနေတဲ့ အဆင့်ထိတောင် ရောက်နေတာကို ၀မ်းနည်းဖွယ် တွေ့လာရပါတယ်။ တကယ်တော့ သူတို့တတွေ အခုလိုကြီး ဖြစ်ပျက် ခံစားနေတာဟာ အသားလွတ်ကြီး သက်သက်တော့ မဟုတ်ပါဘူး။ ကိုလိုနီခေတ်က လက်ကျန် အမွေဆိုးတချို့ရယ်ကြောင့်တွေနဲ့ ယခုလက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များရဲ့ တိုင်းရင်းသားတွေအပေါ် ဆက်ဆံပုံ မူမမှန်တာတွေ၊ ရက်စက်ကြမ်းကြုတ်တာ တွေကြောင့် ဗမာလူမျိုးစုတွေဟာ အခြား အခြားသော တိုင်းရင်းသားလူမျိုးတွေ အတွက် သတိထား ဆက်ဆံစရာနဲ့ မုန်းတီးစရာ လူမျိုးတွေ ဖြစ်လာရပါတော့တယ်။ ပိုဆိုးတာက ဗမာလူမျိုးက မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံး လူမျိုးဖြစ်နေတဲ့ အတွက် တခုခု ပြောမိလုပ်မိတိုင်းမှာ လက်လွတ်စပယ် ပြောဆိုမိ၊ လုပ်ဆောင်မိတာနဲ့ လူနည်းစု တိုင်းရင်းသားများအနေနဲ့ ဒါဟာ သူတို့ကို ခွဲခြားတယ်၊ု ဖိနှိပ်တယ်လို့ အထင်ရောက်ခဲ့ ပါတော့တယ်။ ကြုံတုန်း တကယ့် အဖြစ်အပျက် တခုကို ပြောပြချင်ပါ သေးတယ်။ ဟိုး ကရင် တောနယ်ရွာလေး တရွာကနေ ကျနော်တို့ မြို့လေးမှာ ကရင်လုလင်လေး တယောက် ကျောင်းလာတက်ပါတယ်။ တနှစ်တာ ကျောင်းတက်၊ စာမေးပွဲတွေ ဖြေပြီးတော့ သူ့ဇာတိ ကရင်ရွာလေးကို ပြန်သွားတော့ သူ့အမေက သူ့ကို ဗမာတောမှာ ကျောင်းသွားတက်တာ ဗမာလေသံ ၀ဲလာပါတယ်ဆိုပြီး စကားကောင်းကောင်း မပြောပါဘူးတဲ့။ ပြီးတော့ ပြောပါသေးတယ်တဲ့၊ နင်ဟာ ဗမာတောမှာ သွားနေလာတော့ ဗမာ အကျင့်တွေ ကူးလာပြီလို့ ပြောသတဲ့။ တကယ်တော့ အဲဒီ ကရင် အမယ်ကြီးမှာ အလွန် မရှိပါဘူး။ သူတို့ ရွာလေးကို စစ်ဆင်ရေးထွက်ကြတဲ့ စစ်တပ်တွေ ၀င်လာကြတိုင်း ကြက်ယူ၊ နွားယူ၊ ဆန်ယူ၊ ဆီယူ အကုန်ယူလွန်းလို့ သူ့စိတ်ထဲမှာ ဒါတွေဟာ ဗမာ စစ်တပ်တွေ၊ ဗမာတွေဟာ ဒီလိုပဲ အနိုင် သိပ်ကျင့်တဲ့ လူတွေလို့ စွဲနေအောင် ခံစားနေရလို့ပါ။ ကျနော် ဆယ်တန်းအောင်လို့ ဘားအံမှာ အဝေးသင် တက္ကသိုလ် လေးနှစ်တက်ရတုန်းကလဲ ဒီလိုပါပဲ။ တိုင်းရင်းသား လူမျိုးစု သူငယ်ချင်းတွေက ကျနော်တို့ကို သတိကြီးစွာ ထားပြီး ဆက်ဆံတာကို ၀မ်းပန်းတနည်း ခံစားရပါတယ်။ ဒီကြားထဲ ဗမာလူမျိုး ကျောင်းသားတယောက်ယောက်က တိုင်းရင်းသား သူငယ်ချင်း တယောက်ယောက်ကို အမှားလုပ်မိရင်တော့ ပိုဆိုးပါတော့တယ်။ ဗမာဆိုတဲ့ လူတွေ တော်တော် ဆိုးတာပဲ၊ တို့နိုင်ငံမှာ သူတို့က လူများစုဆိုပြီး ငါတို့ကို ဒီလို လုပ်ကြတာလို့ ထင်တဲ့အထိကို ဖြစ်ကုန်ပါတော့တယ်။ လူမျိုးစွဲလို့ လဲ မစွပ်စွဲရက်တာတော့ အမှန်ပါ။ သူတို့တတွေ ခမျာမှာလဲ ထောက်ပြစရာ အဖြစ်အပျက်ဆိုးတွေက ရှိနေမှာပါ။ အခုဆိုရင်ဖြင့် ၂၁ ရာစုရဲ့ ခြောက်လှမ်းမြောက် ခြေလှမ်း ၂၀၀၆ကို လွန်လို့ ၂၀၀၇ ကို မျက်စပစ်နေပါပြီ။ ကျနော်တို့ နိုင်ငံက ဆင်းရဲတုန်း၊ နိုင်ငံတကာမှာ မျက်နှာငယ်တုန်းပါပဲ။ မင်းဘယ်က လာတာလဲ မေးလို့ ဘားမားကလို့ မေးတာနဲ့ မသိဘူးကွလို့ ဖြေတာကမှ တော်ပါသေးတယ်။ အော်၊ အဲဒါ ဆင်းရဲပြီး အာဏာရှင် အုပ်ချုပ်နေတဲ့ နိုင်ငံပဲကွလို့ ခဏ ခဏ အဖြေခံရလွန်းလို့ အသည်းနာရပေါင်းလဲ များပါပြီ။ ဒီကြားထဲကမှ ရေစက်ဆုံလို့ မိတ်ဆွေဖြစ်ခွင့်ရတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ဗမာလူမျိုးဆိုပြီး ထပ်မံခွဲခြား၊ သတိထား ဆက်ဆံခံရရင်တော့ ပိုလို့ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ လူဆိုတဲ့ သတ္တ၀ါဟာ အခြားသော သတ္တ၀ါတွေထက် အသိဉာဏ်မြင့်မားသလို ပြသနာတွေကို ဖန်တီးတဲ့ နေရာမှာလဲ လူကို ဘယ်သတ္တ၀ါမှ မမှီပါဘူး။ ဒါပေမယ့် ပြသနာတွေကို ဖန်တီးတာဟာ ဘယ်သူလဲ ဆိုတာတော့ ခွဲခြား သိစေချင်လှပါတယ်။ မောင်လှ မကောင်းရင် မောင်လှ၊ မောင်မြ မကောင်းရင် မောင်မြ ဖြစ်သင့်ပါတယ်။ မောင်လှနဲ့ မောင်မြဟာ ဒီလူမျိုးစု ဖြစ်တဲ့ အတွက် အဲဒီလူမျိုး တခုလုံးက လူတွေကို သတိထားသင့်တယ်၊ ဒီလူမျိုးတွေ မကောင်းဘူးလို့ စွဲမှတ်ထင်လိုက်တာဟာ သိပ်ဝမ်းနည်းစရာ ကောင်းလှပါတယ်။ အဲဒီလို ခွဲခြား သိမြင်ခြင်း အားနည်းလို့ပဲ ထင်ပါတယ်။ အရင်က နိုင်ငံ ၉၀ ကျော်သာ ရှိခဲ့တဲ့ ကမ္ဘာ့မြေပုံပေါ်မှာ အခုဆိုရင် နိုင်ငံ ၂၀၀ နီးပါး နေရာယူနေပါပြီ။ နောက်ထပ်လဲ ထပ်တိုးလာကောင်း တိုးလာအုံးမှာပါ။ တကယ်လို့များ ကျနော့်ကို မွေးဖွားတဲ့ ဖေဖေနဲ့ မေမေဟာ ဗမာတွေ မဟုတ်တဲ့ တခြားသော တိုင်းရင်းသား တခုခုဖြစ်ခဲ့ရင်လဲ ကျနော်ဟာ အဲဒီ တိုင်းရင်းသား ဖြစ်ခဲ့မှာ အသေအချာပါ။ ကျနော့်မိဘတွေက ဟိုးအာဖရိက တိုင်းပြည်က လူမည်းတွေ ဖြစ်ခဲ့ရင်ရော??။ ကျနော့်မှာ ရွေးချယ်ခွင့် မရှိပါ။ အာဖရိက တိုင်းရင်းသား လူမည်းလေး ဖြစ်နေအုံးမှာ အသေအချာပါပဲ။ ဒီတော့ ကျနော်တို့တတွေ လုပ်နိုင်တာ တခုပဲ ရှိပါတော့တယ်။ မတူတာကို တူအောင် ကြိုးစား ညှိကြပြီး လူ့ဘောင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်ဖို့ပါပဲ။ မြန်မာချင်း အတူတူ တိုင်းရင်းသား တယောက်ယောက်က ကျနော့်ကို နင်တို့ ဗမာတွေက မကောင်းဘူးလို့ ပြောတာ ခံရတိုင်း စိတ်ဆိုးရမယ့် အစား ကျနော်ဝမ်းနည်းပါတယ်။ ဗမာဆိုတဲ့ လူမျိုးအနေနဲ့ ၀မ်းနည်းခြင်း မဟုတ်ပါဘူး။ လူကို ခွဲခြားပြီး မမြင်ပဲ အတိတ်က အရိပ်ဆိုးကြီး ကပ်တွယ် ငြိနှောင်နေတာကို စဉ်းစားမိပြီး ၀မ်းနည်းတာပါ။ ဒါတွေ ဘယ်တော့များမှ ပျောက်ကွယ်မှာပါလိမ့်။ ကျနော်မသိပါ။ ဘယ်သူမှလဲ တိကျတဲ့ အဖြေ တခု ပေးနိုင်လိမ့်မယ် မထင်ပါ။ တချိန်ချိန်တော့ ဒါတွေ ပျောက်ကွယ်လောက်ပါရဲ့လို့ တွေးမိရင်း ဒီစာစုကို ရေးလိုက်ပါတယ်။ ကလိုစေးထူး |
Tuesday, December 05, 2006
ကဗျာ တပုဒ် ရေးမိပြန်ခြင်း..
မိသားစု တခုမှာ အိမ်သူအိမ်သားတွေ စိတ်အေးချမ်းသာ နေနိုင်ဖို့က မိသားစုဝင် တဦးချင်းဆီမှာ တာဝန်ကိုယ်စီ ရှိကြတာ မှန်ပေမယ့် အိမ်ထောင်ကို ဦးစီးဦးရွက် ပြုနေတဲ့ လူက ဖောက်လွဲဖောက်ပြန် လုပ်နေရင်၊ ဒါမှမဟုတ် အသုံးမကျ ဖြစ်နေခဲ့ရင် အဲဒီ မိသားစုဟာ လူ့ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရ ရှာပါတယ်။ ဒီလိုပါပဲ။ နိုင်ငံ တနိုင်ငံ တိုးတက်ဖို့၊ ကမ္ဘာ့ အလယ်မှာ မျက်နှာမငယ်ရဖို့က နိုင်ငံသားတွေ အားလုံးမှာ တာဝန်ရှိတာ မှန်ပေမယ့် အဲဒီ နိုင်ငံကို အဓိက ဦးစီးဦးရွက် ခေါင်းဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်များရဲ့ အခန်းကဏ္ဍဟာလည်း အဓိက အရေးပါ လှပါတယ်။ ခေါင်းဆောင်တွေက ပညာမဲ့၊ အသိမဲ့နေရင်တော့ သွားရောပေါ့.. ဒီတိုင်းပြည်။ အကောင်းတွေ လုပ်နေပါတယ်လို့ တစာစာအော်နေတဲ့ ပုဂ္ဂိုလ်များရဲ့ ကောင်းကွက်ကို ရှာချင်လွန်းပေမယ့် ကောင်းကွက်က နတ္တိ၊ ရူးကြောင်ကြောင် အလုပ်တွေသာ လျှောက်လုပ်နေတဲ့ ပုဂ္ဂိုလ်များကို ချီးကျူးချင်စိတ် ပေါ်လာတာနဲ့ ကဗျာ တပုဒ်ရေးပြီး သူတို့အတွက် ဂုဏ်ပြုလိုက်ပါတယ်။ ကျနော် ရေးနေကြ စတိုင်လ် အတိုင်းပေါ့။ ကျနော်ပေးထားတဲ့ မက်ဆေ့က ကဗျာထဲမှာ မရှိပါဘူး။ ကဗျာနာမည်က အတွေးတစတဲ့။ အတွေးတစ.. နဝေတိမ်တောင် အူကြောင်ကြောင်နဲ့ လရောင်မဲ့တဲ့ အမှောင်ညက ပိန်းပိတ်အောင် အရောင်ခနေလေရဲ့ ..။ တုံးအလွန်းတဲ့ ငါဆိုတဲ့ ငါကိုက အလိုမကျမှု ပရပွနဲ့ သုံးမရမှုတွေ အနန္တ ဖြစ်နေခဲ့ပြီလား..။ မရမက ကြိုးစားလဲ ကျရှုံးမှုတွေက များလွန်းလှတော့ နဂိုကတည်းက ပြိုလဲလုလုနဲ့ငါ အခုတော့ … ဖရိုဖရဲ ဘ၀များထဲမှာ ....။ ကလိုစေးထူး |
Monday, December 04, 2006
မြေကြီးထဲမှ နတ်ဆိုး..
မြေကြီးဆိုတာဟာ လူတွေအသက်ရှင် ရည်တည်ဖို့အတွက် မရှိမဖြစ်သော အရာပါ။ မြေကြီးပေါ်မှာ လူတွေဟာ စိုက်ပျိုး စားသုံးကြတယ်။ မြေကြီးပေါ်မှာ လူတွေဟာ ဆောက်လုပ် နေထိုင်ကြတယ်။ မြေကြီးပေါ်မှာ လူတွေဟာ သွားလာ လှုပ်ရှားကြတယ်။ ဒါပေမယ့်လဲ မြေကြီးပေါ်မှာ လူတွေဟာ အချင်းချင်း တိုက်ခိုက် သတ်ဖြတ်လာကြတဲ့ အခါကျတော့ ၀မ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆိုးတွေက မြေကြီးပေါ်မှာ ဖြစ်ပျက်စေခဲ့ ပါတယ်။ အဲဒီ တိုက်ခိုက်ပွဲတွေရဲ့ ခေတ်မီတိုးတက်လာမှု နောက်ကွယ်မှာ မြေကြီးကို ရဲရဲ မနင်းရဲတော့တဲ့ အခြေအနေတွေက ကမ္ဘာ အနှံ့မှာ ပေါ်ပေါက် လာခဲ့ရပါတော့တယ်။
|
Sunday, December 03, 2006
နှင်းကျတဲ့ ဒီသောကြာ..
ပြီးခဲ့တဲ့ သောကြာနေ့က ဒီမှာ ဒီနှစ်ဆောင်းရာသီအတွက် ကျနော်တို့ ပြည်နယ်ရဲ့ ပထမဆုံး အကြိမ်အဖြစ် နှင်းကျပါတယ်။ အဲဒီနေ့က မနက်စောစော အိပ်ရာ နိုးတော့ ပြတင်းတံခါးကနေ အပြင်ကို ချောင်းကြည့် လိုက်တာ ပတ်ဝန်းကျင် တခုလုံး နှင်းတွေ ဖွေးဖွေးလှုပ် ကျနေတယ်။ ကျနော်ကတော့ အလုပ်သွားဖို့ကို ရင်မောသွားတယ်။ အမြင်လှပြီး အရမ်းအေးတဲ့ နှင်းတွေကြားမှာ လမ်းသွားရလဲ ခက်တော့မယ်။ ကလိုစေးထူး |
Thursday, November 30, 2006
သူငယ်ချင်းများ အတွက်...
ကျနော် အွန်လိုင်းကို တက်ခဲ့တာ တနှစ်ကျော်ခဲ့ပါပြီ။ သူငယ်ချင်းတွေ အများကြီး ရခဲ့သလို အခုဆိုရင် ကျနော့်ကို မုန်းနေကြသူတွေလဲ နည်းမယ် မထင်ပါ။ ကျနော်တို့ တတွေ ဆုံဆည်းနေကြ မြန်မာချက်လဲ ပိတ်သိမ်းသွားခဲ့တာ အတန်ငယ် ကြာခဲ့ပါပြီ။ ဟိုတစု၊ ဒီတစုနဲ့ အဆင်ပြေရာ နေရာမှာ တွေ့ဆုံနေကြတဲ့ သူငယ်ချင်းတွေတော့ ရှိကြပါရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော့်ကို ခင်သော၊ မခင်သော၊ မုန်းသွားကြသော သူငယ်ချင်း အားလုံးကို သတိတရနဲ့ ကျနော် ဒီသီချင်းကို ရေးဖြစ်ပါတယ်။ ဒီသီချင်းဟာ ကျနော် တယောက်တည်း အတွက် မရည်ရွယ်ပါဘူး။ အားလုံး အားလုံးသော သူငယ်ချင်းများ အားလုံးအတွက် ရည်ရွယ် ဖွဲ့ဆိုတာဖြစ်ပါတယ်။ အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ အချင်းချင်း မုန်းနေကြတဲ့ သူငယ်ချင်းအားလုံးလဲ ပြန်လည် ချစ်ခင်နိုင်ကြပါစေ။ G-Key နဲ့ တီးခတ် ထားပါတယ်။ ဒီနေရာ မှာ နားထောင်ပါ ခင်ဗျာ။
သူငယ်ချင်းများ အတွက်…
Intro: G Em C D
G Em C G
အဖြူရောင် ခင်မင်မှုများနဲ့ရယ် သံယောဇဉ် အသွယ်သွယ် ဖလှယ်
Em C G D
ဘ၀တကွေ့ဝယ် ဆုံဆည်းခွင့်ရခဲ့ အို.. သူငယ်ချင်းများရယ်
G Em C G
ဘယ်နိုင်ငံ ဘယ်နေရာကို ရောက်ရောက်ကွယ် ငါတို့ဟာ မြန်မာတွေကွယ်
Em D G D
ရင်းနှီးလို့ ညီအကို မောင်နှမများသဖွယ်
တခါတရံ မတူညီမှုများရှိလဲ တူညီမှုကို ဖွေရှာမယ်
အတေးအမှတ်မဲ့ ရန်ညှိုးလဲ မထားနဲ့ အို.. သူငယ်ချင်းများရယ်
ပျော်စရာ ကိုယ်စီ ဝေငှလို့ရယ် ဘ၀အမောတွေ ပြေစေမယ်
ဝမ်းနည်းလဲ အတူတူ ငိုကြွေးကြမယ်။
Solo: G Em C G Em C G D
ဂုဏ်ရွှေငွေတွေ တကယ်အရေးမကြီးတယ်
မာန်မာနတွေ ဖယ်ကာရယ်
သွေးစည်းလို့ တို့စည်းလုံးကြစို့ အို.. သူငယ်ချင်းများရယ်
တချိန်ချိန် တကယ်လို့ တို့ဝေးကြရင် မေ့မသွားစေချင်လို့ကွယ်
အားလုံးအတွက် ကျနော် ဒီသီချင်းဖွဲ့တယ်
Wednesday, November 29, 2006
ငြိမ်းချမ်းရေး သူရဲကောင်းများသို့ ...
လူတယောက်ဟာ ရာဇ၀တ်မှု တခုခု မကျူးလွန်ပါပဲနဲ့၊ အများအကျိုးကို ဆောင်ရွက်နေပါလျက်နဲ့ နှစ်ရှည်လများ အကျဉ်းစံနေသင့်ပါသလား။ ကျနော်တို့ နိုင်ငံမှာတော့ အဲဒီလို လူမျိုး မြောက်မြားစွာ လူသိရှင်ကြားရော၊ လူမသိအောင်ပါ သံတိုင်တွေရဲ့ နောက်ကွယ်မှာ ယုံကြည်ချက်တခု အတွက် သူတို့ဘ၀တွေကို မြုပ်နှံနေ ကြပါတယ်။ |
Tuesday, November 28, 2006
ဆုံဆည်းခွင့် ..
နှလုံးသားခြင်းတို့ နီးစပ်ကြလို့ ရင်မှာ အချစ်ကိုယ်စီ ပြည့်နေ အတားအဆီးများက တို့နှစ်ယောက်ကြားထဲ ပင်လယ်ကြီးလို ခြားနေ မပြောဖြစ်ခဲ့တဲ့ စကားလုံးများအတွက် ရင်မှာ မျက်ရည်တွေ သက်သေ ပေါင်းစပ်ခွင့်မဲ့ မင်းနဲ့ ငါ့အတွက် ဆုံနိုင်ခွင့်ဆိုတာ ဝေးနေ တို့တတွေ သိနေ ဘယ်လိုမှ မနီးနိုင် အချစ် မင်းစိတ်မပျက်နဲ့လေ တယောက် တကမ္ဘာခြားလဲ ရင်မှာ မျှော်လင့်နေ ပြန်ဆုံဆည်းခွင့်တော့ မရှိပေ …။ အဲဒါလေးကတော့ အလုပ်လုပ်ရင်းနဲ့ အတွေးထဲပေါ်လာတဲ့ စာသားတွေပါ။ အဲဒီစာသားတွေကို အိမ်ပြန်ရောက်တော့ ဂီတာနဲ့ သံစဉ်ရှာကြည့်မိပါတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေပေါ့ ခင်ဗျာ၊ ကျနော့်ရဲ့ ကိုယ်တိုင်ရေး ကိုယ်ပိုင် သံစဉ် သီချင်းတပုဒ်ပါ။ ဒီနေ့ပဲ ရေးမိတာပါ။ သံစဉ်ကတော့ ဆိုလွယ်တေးပါပဲ။ G-Key နဲ့ တီးထားပါတယ်။ ဒီနေရာ မှာ နားဆင်ပါခင်ဗျာ။ ပြီးရင် ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ သီချင်းလေး နာမည်ကိုတော့ ဆုံဆည်းခွင့် လို့ ရိုးရိုးပဲ ပေးထားပါတယ်။ |
Monday, November 27, 2006
တနင်္လာ တရက်တာ ...
Thanksgiving Day အားလပ်ရက်ကတော့ ပြီးသွားပြန်ပါပြီ။ လေးရက်တာ နားသာ နားလိုက်ရတယ်။ စာလဲ တပုဒ်မှ မရေးဖြစ်၊ မဖတ်ဖြစ်၊ ဟိုသွားဒီသွားနဲ့တင် အချိန်က ကုန်သွားပါတယ်။ အခု မနက်လဲ အလုပ်သွားဖို့ကို အိပ်ယာနိုးတဲ့ အချိန်ကတင် မနက် ၇ နာရီကျော်၊ နှိုးစက်ပိတ်ထားတာကို ပြန်ဖွင့်ဖို့ မေ့နေတာရယ်နဲ့ လေးရက်လုံးလုံး မူးရူးခဲ့တဲ့ ဒဏ်တွေကြောင့် လူက အားရပါးရကြီးကို အိပ်ပျော် နေခဲ့တာပါ။ အိပ်ရာက အလူးအလဲထ၊ အလုပ်သွားဖို့ ကမန်းကတန်း ပြင်ဆင်ပြီး အလုပ်ကို အသည်းအသန် ပြေးရပါတယ်။ အလုပ်ကိုရောက်တော့ ၇ နာရီ ၂၄မိနစ်၊ တော်ပါသေးရဲ့၊ သဘောကောင်းတဲ့ အလုပ်ရှင်က ကျနော့်ကို ခပ်ပြုံးပြုံးနဲ့ “ ကြည့်ရတာ အိပ်ယာထ နောက်ကျတာနဲ့ တူတယ် “ လို့ ပြောပါတယ်။ ဒီကိုရောက်တော့မှ ကျနော်လဲ နေ့တွေကို ချစ်ရ၊ မုန်းရကောင်းမှန်း ကောင်းကောင်းကြီး သိပါတယ်။ ဒီနေ့ တနင်္လာနေ့ဟာ ရက်သတ္တပတ်ရဲ့ ကျနော် အမုန်းဆုံးနေ့ပါ။ အချစ်ဆုံးကတော့ သောကြာနေ့ပေါ့။ ပေးဒေးကလဲ ဖြစ်၊ နောက်နေ့ အလုပ်ဆင်းစရာ မလိုတော့ မနက်စောစော ထစရာလဲမလို။ အဲဒီတော့ ဒီနေ့ တနင်္လာနေ့ကို ငြီးငွေ့ခြင်း မြောက်မြားစွာနဲ့ အလုပ်ချိန်ကို ကျော်ဖြတ်ရပါတယ်။ အိမ်ကို ပြန်ရောက်တော့ ကွန်ပြူတာရှေ့ ခဏထိုင်၊ ပြီးတော့ ချွေးတွေ၊ သံမှုံတွေနဲ့ ညစ်ထေးနေတဲ့ ကျနော့်ရဲ့ အတ္တဘောကြီးကို သန့်စင်ရေး လုပ်ရပြန်ပါတယ်။ ရေမိုးချိုးပြီးလို့ တီဗွီဖွင့်ကြည့်တော့ ကျနော် မကြည့်ဖြစ်လိုက်တဲ့ မန်ယူ-ချဲလ်ဆီး ဘောလုံးပွဲကို ပြန်လွှင့်နေပါတယ်။ လူမှုဗေဒဆိုင်ရာ သိပ္ပံပညာရှင်များက သွေးမထွက်သော စစ်ပွဲများရယ်လို့ ဘောလုံးပွဲများကို တင်စားပါသတဲ့။ အခုစစ်ပွဲမှာတော့ ကျနော်အားပေးတဲ့ ချဲလ်ဆီးကို နိုင်စေချင်ပေမယ့် ပွဲက သရေ ကျသွားပါတယ်။ မဟေသီ မဂ္ဂဇင်းတအုပ်မှာ ဆရာ ဂျက်(ကွမ်းခြံကုန်း) က ဆရာချစ်ဦးညို ဟောပြောခဲ့တဲ့ ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ စကားကို အခုလို ရေးပြခဲ့ဖူးပါတယ်။ တခါတုန်းက မျက်စိ ကန်းနေသူတို့ ဘောလုံးအသင်းနဲ့ ရူးသွပ်နေသူတို့ ဘောလုံး ကစားကြပါသတဲ့။ မျက်စိ ကန်းနေသူတွေ ဘောလုံးကန်နိုင်စေဖို့က ဘောလုံးမှာ ခြူကလေးတွေ ဆွဲပေးထားပါတယ်။ အသင်းသား အချင်းချင်း မှတ်မိသိစေဖို့ကိုလဲ ခြေထောက်တွေမှာ ခြူကလေးတွေနဲ့ပေါ့။ အဲဒီအပြင် ဘောလုံး ဂိုးပေါက်တွေမှာလဲ ခြူဆွဲပြီး အသံပေးထားပါသေးတယ်။ အဲဒီလိုနဲ့ ကစားလိုက်ကြတာ နောက်ဆုံးမှာ မျက်စိ ကန်းနေသူတို့ အသင်းက ၁၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အဲဒီ ၁၁ ဂိုးကတော့ မျက်စိကန်းနေတဲ့ လူတွေ သွင်းတဲ့ ဂိုးမဟုတ်ပါဘူး။ ရူးနေတဲ့ လူတွေက မိမိတို့ဂိုးကို မိမိတို့ (ဂိုးသမား အပါအ၀င်) တယောက် တဂိုးစီ (တာဝန်သိသိ) ပြန်သွင်းခဲ့ကြတာကြောင့် မျက်စိ ကန်းနေသူတွေက အနိုင်ရသွားတာ ဖြစ်ပါသတဲ့။ အသိတရားကန်းခြင်းဟာ မျက်စိ ကန်းခြင်းထက် ပိုဆိုးကြောင်း ဥပမာပြ ဆုံးမလိုတာ ဖြစ်ပါတယ်။ ဘောလုံးပွဲ ထိုင်ကြည့်ပြီးတော့ စက်ရှေ့ထိုင်၊ ပို့စ်အသစ်အတွက် စာရေးမယ် ကြံစည်မလို့ ရှိသေး၊ ဖုန်းက လာပြန်ပါတယ်။ အလုပ်တူတူလုပ်တဲ့ မြန်မာ သူငယ်ချင်းက သူ့အိမ်က ကွန်ပြူတာ ပျက်သွားတာကို ဘယ်လိုလုပ်ရင် ကောင်းမလဲ လှမ်းမေးတာပါ။ လှမ်းမေးတယ်သာ ပြောရတယ်၊ သူပြောချင်တာတွေ ပြောပြီး ကျနော်က ဟုတ်ကဲ့၊ ကောင်းတာပေါ့နဲ့တင် ပြီးသွားတာပါ။ လူမျိုးခြားတွေ ကြားမှာ မြန်မာအချင်းချင်း ဒီလိုပဲ စကားပြောဖော် ရှာရတော့ နားလည်မှု ပေးရပါတယ်။ အပြန်အလှန်ပေါ့။ စာရေးဖို့ အာရုံက ပျက်သွားပြန်တော့ မနေ့က ၀ယ်လာတဲ့ ပရင်တာကို တပ်ဖို့စိတ်ကူးရတော့ ကတ်တလောက် စာအုပ်ကိုဖတ်၊ မတောက်တခေါက် အင်္ဂလိပ်စာနဲ့ စမ်းတမ်းစမ်းတမ်းဖတ်ပြီး ဟိုအပေါက်ထိုး ဒီအပေါက်ထိုး လုပ်လိုက်တာ အဆင်ပြေသွားပါတယ်။ သတင်းဝက်ဘ်ဆိုက် တခုက စာတချို့ကို ပရင့်စမ်းထုတ်တော့ အိုကေနေပါတယ်။ စိတ်ထဲမှာလဲ ကျေနပ်သွားပါတယ်။ ကွန်ပြူတာ စကရင်မှာ မျက်စိ အကိုက်ခံ စာဖတ်ရတဲ့ ဘေးက အထိုက်အလျောက် သက်သာရာ ရတော့မယ်။ လျှောက်လွှာ စာရွက်တွေနဲ့ ပရင့်ထုတ်ထားတော့ စာအုပ် အရသာကို မမီရင်တောင် မျက်စိ အကိုက်တော့ တော်တော် သက်သာတော့မယ်။ ဒီလိုနဲ့ပဲ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ တနေ့တာကုန်သွားပါတယ်။ ဒီနေ့ ကျနော်မုန်းတဲ့ တနင်္လာနေ့ကို လွန်ပြီးတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ ပြီးရင်တော့ ကျနော်ချစ်တဲ့ သောကြာနေ့ကို လာပြန်အုံးမှာပါ။ ကျနော် ချစ်တဲ့ သောကြာနေ့ ပြီးဆုံးသွားရင်တော့ရော ???၊ မုန်းတဲ့ တနလာင်္နေ့ပေါင်း များစွာက ရောက်လာပြန်အုံးမှာပါပဲ။ ဒီလိုနဲ့ပဲ ချစ်တဲ့နေ့တွေ၊ မုန်းတဲ့နေ့တွေပေါင်း များစွာကြားမှာ တစုံတရာကို မျှော်လင့်နေရင်းနဲ့ မွေးရပ်မြေနဲ့ ကမ္ဘာ တဖက်ခြားမှာ ၀င်ကစွပ်ကောင် တကောင်လို ဘယ်လောက်များ ကြာအောင် နေရအုံးမယ် ဆိုတာ တယောက်ထဲ ဟိုတွေး ဒီတွေး တွေးမိပါရဲ့။ ကလိုစေးထူး |
Tuesday, November 21, 2006
ဒီတလ အကြိုက်ဆုံးများ...
ဒီနေ့တော့ ကျနော် ဖတ်ခဲ့မိသမျှ မြန်မာ ဘလော့များ၊ အင်တာနက်စာ မျက်နှာများက အကြိုက်မိဆုံး စာစု၊ ကဗျာနဲ့ ဖန်တီးမှုများကို တင်ပြချင်ပါတယ်။ အခု တင်ပြတဲ့စာတွေ၊ ကဗျာတွေ၊ ဖန်တီးမှုတွေဟာ ကျနော် တဦးတည်းရဲ့ ဖတ်ရှု သိမိသလောက်သာ ဖြစ်လို့ ဒီထက် သာလွန် ကောင်းမွန်တာတွေ ရှိကောင်း ရှိနိုင်အုံးမှာပါ။ မြင်းထိန်း ငတာရဲ့ ချီးကျူးမှုမျိုးလို ဖြစ်သွားမိခဲ့ရင်လဲ လွန်တာရှိ ၀န္နာမိပါ ခင်ဗျာ။ ကျနော် ဖတ်ရှုမိသမျှတွေထဲက အောက်မှာ ဖော်ပြထားတာတွေကတော့ မချီးကျူးပဲ မနေနိုင်တဲ့အတွက် ရိုးသားစွာ ဝေမျှပေးခြင်းသာ ဖြစ်ပါတယ်။ ကဲ.. ကျနော်နဲ့ အတူ ခံစားကြည့်ကြရအောင်လား။ ***အကြိုက်ဆုံး ဘလော့ဂါ ပို့စ် များ*** (၁) လဖက်ရည်ဆိုင်က ညနေခင်း ဒီပို့စ်ကို ရေးသူကတော့ မမေဓာဝီပါ။ ဆင်းရဲ ကြပ်တည်းလှတဲ့ ဒီခေတ် မြန်မာပြည်မှာ သူဖုန်းစားတွေ အတော်ကို များပြားလာတာကို ဒီပို့စ်က ပြပါတယ်။ ဒီပို့စ်မှာ ကျနော် နှစ်သက်တာကတော့ မိမိ စိတ်အမှားကို ၀ံ့ဝံ့စားစား ၀န်ခံထားတာကိုပါ။ အရေးအသားကလဲ ညက်ညောလှပါတယ်။ http://maydar-wii.blogspot.com/2006/09/at-teashop.html (၂) မန္တလေး-မိုးကုတ် ဒီပို့စ်ကို ဖန်တီးခဲ့သူကတော့ ကိုဇော်မိုးအောင်ပါ။ ဆောင်းဝင်ခါစ မန္တလေး ကျုံးဘေးက ရှုခင်း အလှကို ဖွဲ့ဆိုတာ အတော်လေးကို လှပသေသပ်ပါတယ်။ မိုးကုတ်ကို အသွား ကားလမ်းခရီးမှာ နံဘေးမှာ အတူထိုင်တဲ့ အမယ်အိုကြီးရဲ့ အလုပ်ရှုပ်ပုံကို တင်ပြပုံကလဲ ပြုံးချင်စရာပါ။ မိုးကုတ်အသွား လမ်းခရီးတလျှောက် မြင်ကွင်းတွေကိုပါ ဖွဲ့ဆိုရင် ပိုကောင်းမှာပဲလို့ လောဘကြီးမိပါတယ်။ http://zawmoeaung.blogspot.com/2006/10/blog-post_31.html ***အကြိုက်ဆုံး ကဗျာ*** ဗလာများ ကိုစိန်မျောက်မျောက်ရဲ့ ဘလော့မှာပါ။ ၁၉၉၆၊ ဖေဖော်ဝါရီလထုတ် ရာစုသစ် မြစ်ကျဉ်း ကဗျာ စုစည်းမှု (၄)မှ ထုတ်နှုတ်ဖော်ပြတယ်လို့ သိရပါတယ်။ တိုတောင်းပေမယ့် ထိမိလှတဲ့ ကဗျာလေးပါ။ ဒီကဗျာကို ဖတ်မိတော့ ကြားရက် ပင်းသူတွေနဲ့ မြင်ရက် ကန်းသူတွေကို ချက်ချင်းပဲ မျက်စေ့ထဲ မြင်ယောင်မိပါတယ်။ ရေးတဲ့ ကဗျာဆရာတော့ ဒွန် တဲ့။ http://7monkeys.blogspot.com/2006/11/blog-post_21.html *** အကြိုက်ဆုံးသော တေးသီချင်း တင်ပြမှု*** Kiss မူရင်း ကိုရီးယား သီချင်းနာမည် ဖြစ်ပုံ ရပါတယ်။ ကျနော် သဘောကျတာက မူရင်းသီချင်းကို ခံစားပြီးရင် မြန်မာမှုပြု သီဆိုထားတဲ့ အဆိုတော် ရှင်ဖုန်းရဲ့ မညံ့လှတဲ့ သီချင်းကိုပါ တင်ပေးထားတာကိုပါ။ ရင်ခုန်မိသူလို့ အမည်ပေးထားတဲ့ အဲဒီသီချင်းအပြင် အဲဒီ စီးရီးက သီချင်းအားလုံးကို နားထောင်ချင်ရင်ဖြစ်စေ၊ ဒေါင်းလော့ ကူးယူချင်ရင်ဖြစ်စေ အားလုံး အဆင်ပြေအောင် ဖန်တီးပေးထားတဲ့ ဘလော့ပိုင်ရှင်ရဲ့ အားထုတ်မှုကို လေးစားမိပါတယ်။ http://sisain.blogspot.com/2006/11/kiss.html ***အကြိုက်ဆုံး သီချင်း*** နားနားပြီးပြော - မျိုးကြီး ကိုသီဟကျော်ဇောရဲ့ ဘလော့မှာ သွားတွေ့ပါတယ်။ ဒီသီချင်းကို ကြိုက်နှစ်သက်မိတာကတော့ ကြိုက်သလို အတွေးချဲ့လို့ ရနိုင်တဲ့ ကိုမောင်မောင် ဇော်လတ်ရဲ့ သီချင်းစာသားတွေကြောင့်ပါ။ အဲဒီစာသားတွေကို ကိုမျိုးကြီးရဲ့ ပါးနပ်တဲ့ အဆိုဟန်၊ အိုင်စီအဖွဲ့ရဲ့ တီးလုံးတွေနဲ့ ပေါင်းစပ်လိုက်တော့ ထိမိကောင်းမွန်လှတဲ့ တေးတပုဒ်ဖြစ်လာပါတယ်။ သံစဉ်ကတော့ ကိုယ်ပိုင် သံစဉ်လို့ မျှော်လင့်ရပါတယ်။ http://thihakyawzaw.blogspot.com/2006/11/narr-narr-pe-pyaw-myo-gyi.html ကလိုစေးထူး |
Monday, November 20, 2006
မှတ်ပုံတင် တဆိတ်လောက် ...
ကျနော်တို့ မြို့ကနေ ရန်ကုန်ကို သွားဖို့ ရေလမ်းခရီး တခုမှာပါ။ ပျင်းရိဖွယ်ကောင်းလှတဲ့ သင်္ဘောခရီးကို လိုက်ပါရင်းနဲ့ မှေးကနဲ အိပ်ပျော်သွားခိုက်မှာ ကျနော့် ခြေထောက်ကို ခပ်ဆတ်ဆတ် ကန်နှိုးခံရလို့ အိပ်မှုံစုံမွှားနဲ့ မော့ကြည့်မိတော့ အပေါ်က အရပ်ဝတ်၊ အောက်က ကာကီရောင် ဘောင်းဘီ ၀တ်ထားတဲ့ လူတယောက်က ရှုတည်တည်နဲ့ ကျနော့်ကို ကြည့်နေပါတယ်။ ပြီးတော့ တခွန်းပဲ ပြောပါတယ်။ မှတ်ပုံတင် တဆိတ်လောက်တဲ့။ တခါကလဲ ရန်ကုန်ကို ရထားနဲ့သွားတော့ ရထားက မထွက်သေးတာနဲ့ အောက်ဆင်းပြီး ဟိုဟိုဒီဒီ လိုက်ငေးနေတုန်း အရပ်ဝတ်နဲ့ လူတယောက်က အနားကပ်လာပါတယ်။ ပြီးတော့ တခွန်းပဲ ပြောပါတယ်။ မှတ်ပုံတင် တဆိတ်လောက်တဲ့။ ကားနဲ့သွားတဲ့ ခရီးတခုမှာလဲ မြို့အ၀င်တခုမှာ ခုံတန်းရှည်တခု ချထိုင်နေတဲ့ အရပ်ဝတ်၊ ကာကီရောင် စစ်စိမ်းရောင် ၀တ်ထားတဲ့ လူတစုက ကားပေါ်က လူအားလုံးကို ဆင်းခိုင်းပြီး တခွန်းပဲ ပြောပါတယ်။ မှတ်ပုံတင် တဆိတ်လောက်တဲ့။ တကယ်တော့ မှတ်ပုံတင်ကို စစ်ဆေးတယ်ဆိုတာ လိုအပ်လို့ စစ်ဆေးတာ ဆိုရင်တော့ ပြောစရာမရှိပါဘူး။ ဒီနိုင်ငံမှာလဲ မှတ်ပုံတင် စစ်တဲ့အခါတွေ ရှိပါတယ်။ ဒါပေမယ့် အပေါ်မှာ ကျနော်ပြောခဲ့တဲ့ နေရာတွေလိုမှာတော့ မဟုတ်ပါဘူး။ ဆေးလိပ်/အရက် သွားဝယ်တဲ့အခါ အသက်ပြည့်မပြည့် စစ်တဲ့အခါမျိုး၊ ဘဏ်စာအုပ်ထဲက ငွေသား ထုတ်ယူတဲ့အခါ စစ်တာမျိုး၊ စာတိုက်မှာ ပါဆယ်ထုပ် သွားထုတ်ယူရတဲ့အခါမှာ စစ်တာမျိုး စသဖြင့်တွေပါ။ ခြိမ်းခြောက်မှု ကင်းပါတယ်။ ဒါဖြင့် ကျနော်တို့ နိုင်ငံမှာကရော…။ မှတ်ပုံတင် အစစ်ခံရတဲ့အချိန်မှာ မပြနိုင်ရင် ဘာဖြစ်လာ နိုင်ပါသလဲ။ ပထမအဆင့်ကတော့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒုတိယ အဆင့်ကတော့ လူအခြေအနေကို ကြည့်ပြီးတော့ ငွေညှစ်ခံရပါ လိမ့်မယ်။ ဒီထက် ဆိုးဝါးတဲ့ အခြေအနေ တခုကတော့ စစ်တပ်ထဲ အတင်း သွတ်သွင်းခံရတာမျိုးပါ။ စစ်သားစုဆောင်းတဲ့ လူတွေကလဲ မှတ်ပုံတင် တဆိတ်လောက်ဆိုတာကို လက်နက် တခုအနေနဲ့ အသုံးချလေ့ ရှိပါတယ်။ နိုင်ငံသား ဖြစ်မှုတခုကို အသိအမှတ်ပြုတဲ့ ဒီကဒ်ပြားလေး မရှိတဲ့အတွက် အဲဒီလို ခြိမ်းခြောက်မှုတွေ ခံရသလို အဲဒီ ကဒ်ပြားလေး ရဖို့အတွက်ကိုလဲ အတော်ကြိုးစားရ ပြန်ပါတယ်။ ရာထူးအဆင့်ဆင့်၊ စားပွဲအဆင့်ဆင့်ကို ဖြတ်ပြီး ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံရရေးအတွက် အိတ်ကပ်ထဲက ငွေယားလေးတွေကို ဆိုင်ရာပိုင်ရာတွေကို ဆက်သရပြန်ပါတယ်။ အချိန်နဲ့ ငွေကို ရင်းနှီးပြီးမှပဲ ဒီကဒ်ပြားက ရပါတယ်။ ခြိမ်းခြောက်မှု ပရပွနဲ့ နေသားကျနေရတဲ့ ကျနော်တို့ နိုင်ငံမှာ မှတ်ပုံတင်လေး တဆိတ်လောက် ဆိုတဲ့ စကားဟာ နောက်ထပ် ဘယ်လောက်ကြာကြာတိုင်အောင် အလွဲသုံးစား အလုပ်ခံနေရဦးမယ် ဆိုတာကတော့ …..။ ကလိုစေးထူး |
Sunday, November 19, 2006
နှစ်သက်မိသော တေးတပုဒ်...
Friday, November 17, 2006
လမ်းကလေး...
ဒီလမ်းကလေးကို ကျနော် စတင် ရင်းနှီးခွင့်ရခဲ့တာကတော့ မနှစ်က ဇူလိုင်လလောက်ကပါ။ ကံကောင်းတယ်ပဲ ဆိုရမလားမသိ၊ အလုပ်နဲ့အိမ်က နီးနီးလေး ရပါတယ်။ အဲဒီမှာတင် အဲဒီ စက်ဘီး လမ်းကလေးနဲ့ မိတ်ဆွေ ဖြစ်တော့တာပါ။ ကျနော့်အိမ်ကနေ အလုပ်ကို သွားချင်ရင် တင်းနစ်ကွင်းနဲ့ ဘိုးဘွားရိပ်သာ ကားရပ်နားနေရာလေးကို ဖြတ်ပြီးရင် ကျနော့် မိတ်ဆွေ အဲဒီ လမ်းကလေးကို ရောက်ပါတယ်။ အဲဒီ လမ်းကလေးကမှတဆင့် အလုပ်ရှိရာကို စက်ဘီးနဲ့ သွားရတာပါ။ တခါတလေတော့လဲ အေးအေးလူလူ လမ်းလျှောက်သွားလေ့ ရှိပါတယ်။
မနှစ်က ကျနော်စရောက်ခါစ အချိန်တုန်းကတော့ လမ်းကလေးဟာ ပြုံးနေတဲ့ မိန်းမပျိုလေးနဲ့ တူပါတယ်။ လမ်းဘေး တဖက် တချက်မှာဆိုရင်လဲ အပင်တွေက စိမ်းစိမ်းစိုစိုနဲ့၊ ဘေးမဲ့ပေးထားတဲ့ ရှဥ့်ကလေးတွေ၊ ယုန်ကလေးတွေကလဲ အပူပင်မဲ့စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ကူးလူး ဆော့ကစားလို့ပေါ့။ တခါတရံမှာတော့ လမ်းဘေးက မီးရထားလမ်းက မီးရထားကြီးက ဆူညံသံတွေနဲ့အတူ ဆိတ်ငြိမ်တဲ့ လမ်းကလေးကို ငေါက်ငမ်းတတ်ပါတယ်။
တခါတလေ စက်ဘီးနဲ့ မသွားချင်လို့ အေးဆေးစွာ လမ်းလျှောက်သွားတဲ အခါတွေဆိုရင် လမ်းကလေးရဲ့ ရသကို အပြည့်အ၀ ခံစားရလေ့ရှိပါတယ်။ ကျန်းမာရေးအရ အပြေးလေ့ကျင့်သူတွေ၊ စကိတ်၊ စက်ဘီးစီးတဲ့လူတွေက လမ်းဆိုတာရဲ့ အဓိပ္ပာယ်ကို ကိုယ်စီကိုယ်င ဖော်ဆောင်ကြပါတယ်။ လမ်းကလေးက ကားလမ်းခုံးကျော် တံတားတခုအောက်က ဖြတ်သွားရတဲ့ အခါ အဲဒီတံတားအောက်မှာ ခိုအောင်းပုံရတဲ့ အိမ်ခြေမဲ့ တယောက်ကလဲ အမေရိကန်နိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို လမ်းနဲ့အတူ ပြသလို့နေပါတယ်။ ဆောင်းတွင်းဆိုရင်တော့ သူ ဘယ်မှာ နားခိုလဲ ကျနော် မသိပါ။
လမ်းကလေးရဲ့ ကျနော် အနှစ်သက်ဆုံး နေရာလေးကတော့ မြစ်ကူးတံတား နေရာလေးပါ။ နွေဘက်တွေမှာ ဆိုရင် မြစ်ထဲမှာ ကူးလူးပျော်ပါးနေတဲ့ ငါး၊ လိပ်တွေနဲ့ မြစ်ဘေးက ဘဲငန်းတွေကို ကြည့်ရတာဟာ မြန်မာပြည်က ကျနော်တို့ မြို့ကလေးကို ပြန်သတိရစေပါတယ်။ တခါတလေတော့လဲ ငါးမျှားသူတွေက အဲဒီ သတ္တ၀ါလေးတွေရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးလေ့ ရှိပါတယ်။
အခုလို ဆောင်းဝင်ခါစ အချိန်လေးကတော့ လမ်းကလေးဟာ ညှိုးယော်တဲ့ မျက်နှာထားလေးနဲ့ပေါ့။ အပင်တွေရဲ့ အလှဖြစ်တဲ့ သစ်ရွက်တွေကို ရာသီဥတုက ဖဲ့ခြွေသွားပြီလေ။ ခြောက်သယောင်းနေတဲ့ လက်တံတွေနဲ့ အပင်တွေက ကြမ်းတမ်းတဲ့ ရာသီဥတု အောက်မှာ ခြောက်လလောက်တော့ အလှမဲ့ကြဦးမယ်။ လမ်းကလေးကရော ဘာထူးသေးလဲ၊ အမြင်လှတဲ့ နှင်းဖတ်တွေ ကျလာရင် နှင်းခြစ်တဲ့ ကားတွေက လမ်းမချော်ဖို့ အကြောင်းပြပြီး သူ့မျက်နှာကို ဒေါသတကြီးနဲ့ ပွတ်တိုက် ဖယ်ရှားပစ်တာ ခံရဦးမယ်။
အလုပ်ပိတ်တဲ့ နေ့တွေမှာ ကျနော်က အဲဒီလမ်းကလေးကို မေ့ထားပေမယ့် အလုပ်ပြန်ဆင်းရတဲ့ တနင်္လာနေ့ကျရင်တော့ လမ်းကလေးက ကျနော့်ကို အပြစ်မယူစွာ ဆီးကြိုမြဲပါပဲ။ ကျနော့်ကိုမှ မဟုတ်ပါဘူး၊ တခြား တခြားသော အဖြူ၊ အမည်း၊ အညို အ၀ါ မရွေး လမ်းကလေးက မခွဲခြားပဲ တာဝန်ကျေနေတာပါပဲ။
တကယ်တော့ လမ်းဆိုတာ ခရီးတခုကို ရောက်အောင်သွားနိုင်ဖို့ အကျိုးဆောင်တဲ့ အရာလေး တခုပါ။ အဲဒီ လမ်းအပေါ်မှာပဲ လူတွေဟာ မတူညီသော၊ တူညီသော ခရီးကို ရည်ရွယ်ချက် မျိုးစုံနဲ့ သွားနေကြပါတယ်။ တချို့ကျတော့ အလျင်လိုစွာ၊ တချို့ကျတော့လဲ ဖြည်းဆေး ငြင်သာစွာ၊ တချို့ကျတော့ သက်တောင့် သက်သာ ရှိစွာ၊ တချို့ကျတော့လဲ ပင်ပန်း ဆင်းရဲကြီးစွာနဲ့ပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် လမ်းကတော့ ဆင်းရဲချမ်းသာ မရွေး၊ အယုတ်လတ် မြတ် မရွေး သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နေတာပါပဲ။
ကလိုစေးထူး
Thursday, November 16, 2006
နိုင်ငံ့အရေး=နိုင်ငံရေး ...
O2 လူ့အဖွဲ့အစည်း
ထိုက်အောင်
Wednesday, November 15, 2006
ဘတ်စ်ကားများ ...
ဘယ်လောက် တိုးတက်တဲ့ နိုင်ငံပဲဖြစ်ဖြစ်၊ ဆင်းရဲတဲ့ နိုင်ငံပဲဖြစ်ဖြစ် မြို့ပြတွေမှာ ယနေ့ထိအောင်နဲ့ နောင် နှစ်ပေါင်းများစွာ တိုင်အောင် မရှိမဖြစ်တာက ဘတ်စ်ကားတွေပါ။ မြို့ပြနေ အခြေခံလူတန်းစားတွေ အတွက်တော့ ဘတ်စ်ကားဆိုတာက ကြီးမားတဲ့ လိုအပ်ချက်တခုပါပဲ။ ဒီတော့ ဘတ်စ်ကားတွေ အကြောင်း စိတ်ကူးတည့်ရာ ဟိုဟိုဒီဒီ ရေးချင်လာပါတယ်။ကျနော့် ဘ၀မှာ ဘတ်စ်ကားတွေနဲ့ စတင် အသိအကျွမ်း ဖြစ်ခွင့်ရတာကတော့ ငါးတန်းရောက်တဲ့ နှစ်ကပါ။ အဲဒီ နှစ်က ကျနော်တို့ မိသားစုက အိမ်ပြောင်းတော့ မေမေ တာဝန်ထမ်းဆောင်နေတဲ့ တောင်ဥက္ကလာပ၊ အလက(၃)နဲ့ ရပ်ကွက်(၄)က အတန်ငယ် အလှမ်းကွာသွားပါတယ်။ အရင်တုန်းကတော့ ရပ်ကွက်(၉)မှာ နေတော့ ကျောင်းကို လမ်းလျှောက်သွားယုံပေါ့။ ဘတ်စ်ကားနဲ့ ကျနော်နဲ့ ဘာမှမဆိုင်။ မှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျနော် တနေ့ကိုမှ မုန့်ဖိုး ပြားငါးဆယ်ပဲ ရပါတယ်။ အဲဒီတုန်းက အစပထမတော့ ဘတ်စ်ကားခတွေက မှတ်တိုင်အလိုက် ယူတာပါ။ ဥပမာ သုံးမှတ်တိုင်စာလောက် ဆိုရင် ငါးပြား၊ ခြောက်မှတ်တိုင်လောက် ဆိုရင် ဆယ်ပြားနဲ့ တဆင့် တဆင့် တိုးယူသွားတာပါ။ ဂိတ်ဆုံးအထိ စီးရင်တော့ ပြားလေးဆယ်ပေါ့။ ကျနော်နေတဲ့ အိမ်ကနေ ကျောင်းကိုသွားရင် ဘတ်စ်ကား ခြောက်မှတ်တိုင်လောက် စီးရတာမို့ ဆယ်ပြားပေါ့၊ အသွားအပြန် ပြားနှစ်ဆယ် နှုတ်လိုက်ရင် ပြားသုံးဆယ်က မုန့်ဝယ်စား ရပါတယ်။ကျနော်နေတဲ့ အိမ်ကနေ ကျောင်းသွားဖို့အတွက် ပါရမီမှတ်တိုင်ကနေ စီးရတာ များပါတယ်။ နံပါတ် (၃၆)နဲ့၊ ကပရ က ပြေးပေးတဲ့ သီးသန့် (၁)(၂) ကားတွေ စီးရတာပါ။ တခါတလေလဲ နှစ်စီးတွဲ ကားတွေပေါ့။ အဲဒီတုန်းက ကျနော် အကြိုက်ဆုံးကားက သီးသန့်ကားတွေနဲ့ နှစ်စီးတွဲကားတွေပါ။ ဘာလို့လဲဆိုတော့ အဲဒီ ဘတ်စ်ကားတွေက စပယ်ရာ ဦးလေးကြီးတွေက ကျောင်းဝတ်စုံနဲ့ ကျနော်တို့ကို တခါမှ ကားခမယူပါဘူး။ လာတောင်းလို့ သားမုန့်စားလိုက်တာ ကုန်သွားပြီလို့ ပြောလိုက်ရင်လဲ ပြုံးနေတာပါပဲ။ အမုန်းဆုံးက (၃၆)ဟိုင်းလတ်တွေပါ။ စိတ်ကိုက စွဲနေလို့လား မသိပါဘူး၊ ဟိုင်းလတ်ကားက စပယ်ရာတွေက ဟိုးကတည်းက အခုထိ အတော်လေးကို ဆက်ဆံရေး ကျဲပါတယ်။ ကျနော်တို့ ကျောင်းစိမ်းတွေ တွေ့ရင် မတင်ချင်ပါဘူး။ ကားခ မပေးနိုင်ရင်လဲ ငေါက်ငမ်းတတ်ပါတယ်။မေမေနဲ့အတူ နယ်ကို ပြောင်းသွားပြီးတော့လဲ မကြာခဏဆိုသလို ရန်ကုန်ကို အလည်လာတတ်တော့ ဘတ်စ်ကားတွေနဲ့ ကျနော် ဆွေမျိုးတော်ရ ပြန်ပါတယ်။ နှစ်တွေ ရှေ့ကိုရောက်လာလေ၊ ဘတ်စ်ကား နံပါတ်နဲ့ ကားခက တိုးလာလေလေပါပဲ။ ရန်ကုန်မှာ ကျနော် အကြိုက်ဆုံး ဘတ်စ်ကားလိုင်းကတော့ နံပါတ် (၅၁)လိုင်းပါ။ တခြားကြောင့် မဟုတ်ပါဘူး။ ရန်ကုန်ရဲ့ အထင်ကရ နေရာ တော်တော်များများဖြစ်တဲ့ ဆူးလေ၊ လှည်းတန်း၊ အင်းယားကန်၊ ရှစ်မိုင်လမ်းဆုံ အစရှိတာတွေကို ဖြတ်သွားလို့ပါ။မြန်မာပြည်က ဘတ်စ်ကားတစီးမှာ အဓိက ဇာတ်လိုက်က ဘယ်သူလဲလို့ မေးရင် ကျနော်ကတော့ စပယ်ရာလို့ပဲ ဖြေချင်ပါတယ်။ ကားပေါ် စတက်ပြီဆိုတာနဲ့ ကမ္ဘာ့စကား အပြောနိုင်ဆုံးနဲ့ ဂဏန်းသင်္ချာ အတော်ဆုံးလူသားရဲ့ အထူးအဆန်း စကားတွေ၊ တခါတလေ နားရင်းရိုက်ချင်စရာ စကားတွေ၊ တခါတလေတော့လဲ ပြုံးချင်စရာ စကားတွေကို ဆင်းမယ့် မှတ်တိုင် မရောက်မချင်း ကြားနိုင်ပါတယ်။ ဘယ်လောက် ကားကျပ်သပ်နေပါစေ၊ လူ ဘယ်နှစ်ယောက် တက်လာတယ်ဆိုတာ သူတို့ ကောင်းကောင်းကြီး မှတ်မိကြပါတယ်။ စကားကိုလဲ ကရားရေလွှတ် တတွတ်တွတ်ကို ပြောနိုင်ပါတယ်။ကျနော်တို့ နိုင်ငံမှာ ဂုဏ်မယူပဲ မနေနိုင်တာ တခုရှိပါသေးတယ်။ အဲဒါကတော့ မြို့တော် ရန်ကုန်မှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဘတ်စ်ကားအိုကြီးတွေကို ယနေ့ထိတိုင်အောင် ၀င့်ဝင့်ကြွားကြွား တွေ့နိုင်ပါတယ်။ တချို့ တိုးရစ်တွေဆို အမှတ်တရ ဓာတ်ပုံတောင် ရိုက်ယူသွားကြပါတယ်။ အချိန် ဘယ်လောက်ကြာအောင် အဲဒီကားကြီးတွေ မြိ့တော်တာဝန်ကို ထမ်းဆောင်ကြဦးမယ် ဆိုတာတော့ မသိသေးပါ။ဒီနိုင်ငံရောက်တော့လဲ ဘတ်စ်ကားကို ကျနော် ခပ်ကင်းကင်းနေလို့ မရသေးပြန်ပါဘူး။ ဒါပေမယ့် အခြေအနေခြင်းကတော့ အကွာကြီး ကွာသွားပါပြီ။ ဒီမှာက ကားတွေက အချိန်ကလဲ အတိအကျ နောက်ပြီးတော့ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် စပယ်ရာလဲ မရှိပါဘူး။ ကားပေါ်တက်ပြီဆိုတာနဲ့ ကားခပေးတဲ့ စက်မှာ ပိုက်ဆံထည့်၊ ဆင်းမယ့် မှတ်တိုင်ရောက်တော့ နီးရာ stop requested ကြိုးကို လှမ်းဆွဲလိုက်ယုံပါ။ ဒရိုင်ဘာ အချိုးမပြေရင် ဖုန်းဆက်တိုင်လို့ရသလို ကျနော်တို့ အချိုးမပြေရင်လဲ သူတိုင်မှာပါ။ ဒီက ဘတ်စ်ကားတွေမှာ သဘောကျစရာတခုကတော့ ကားတစီးကို စီးပြီးရင် နောက် တနာရီခွဲအတွင်း အဲဒီ ကားလက်မှတ်နဲ့ နောက်ထပ်ကားကို အခမဲ့စီးနိုင်တာပါ။ ပြည်သူတွေ ငွေကုန်ကြေးကျ သက်သာအောင် လုပ်ထားပေးတဲ့ စနစ်ကောင်းလေး တခုပါ။ ကားထဲက ရုပ်မြင်သံကြားစက်ကလဲ ရောက်မယ့် မှတ်တိုင်နဲ့ အပြင်က မိုးလေ၀သ အခြေအနေကို ပြပေးပါသေးတယ်။ဒါပေမယ့် ဒီက ဘတ်စ်ကားတွေမှာ မရနိုင်တဲ့ ကျနော်တို့နိုင်ငံက ချစ်စရာ ဘတ်စ်ယဉ်ကျေးမှု တခုရှိပါတယ်။ အဲဒါကတော့ အချင်းချင်း ရိုင်းပင်းကူညီမှုပါ။ တချို့သော လူနည်းစုတွေကလွဲရင် ကျနော်တို့ဆီမှာက သက်ကြီးရွယ်အိုတွေ တက်လာရင် နေရာရနှင့်တဲ့လူ တယောက်ယောက်က နေရာဖယ်ပေးတာမျိုး၊ မနိုင်မနင်း ဖြစ်တဲ့ ပစ္စည်းငယ်လေးတွေကို ကူကိုင်ထား ပေးတာမျိုးလေးတွေက ဒီနိုင်ငံမှာ မတွေ့ရပါဘူး။ သူလဲ သူထသူထ၊ ကိုယ်လဲ ကိုယ်ထူကိုယ်ထနဲ့ သွားလာကြတာ များပါတယ်။ဘတ်စ်ကား အကြောင်းတွေ ဟိုရေး ဒီရေး ရေးပြီးတော့ ကျနော်တခု စိတ်ကူးယဉ်မိတာ ရှိပါတယ်။ မြန်မာပြည် ပြန်ရောက်ရင် (၅၁)လိုင်းကားကို အစအဆုံး နှစ်ခါပြန်လောက် စီး၊ ပြီးရင် ကားပေါ်တက်လာတဲ့ လူတွေကို လေ့လာ၊ စာရေးဆရာဂိုက်ကို စတိုင်ကျကျဖမ်းပြီး မဖြစ်ညစ်ကျယ် စာတပုဒ်လောက်ရေးလို့ ကိုယ့်ဘာသာကိုယ် ထုတ်ဝေသူပြန်လုပ် ….။အင်း.. ရှုံးဖို့များမှာကတော့ သေချာမယ် ထင်ပါရဲ့။
ကလိုစေးထူး
Tuesday, November 14, 2006
ပြန်မရနိုင်တော့တဲ့ မိသားစု ထမင်းဝိုင်းလေး ...
ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကပေါ့။ ကျနော်ရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ညီလေးနဲ့ ညီမလေးရယ်နဲ့ မိသားစု ထမင်းဝိုင်းလေး။ ဆီဦး ထောပတ်မပါဘူး၊ ပေါ်ဆန်းမွှေး ဆန်နဲ့လဲ မချက်ဘူး။ မေမေ့ရဲ့ ၀န်ထမ်းဆန် ခပ်ညံ့ညံ့လေးရယ်၊ အာလူးတွေ အများကြီး ရောထားတဲ့ မည်ကာမတ္တ ကြက်သားဟင်း တခွက်ရယ်၊ ငါးပိရည် တို့စရာတွေနဲ့ မိသားစု ထမင်းဝိုင်းလေး …..။ ပီတိတွေ တလှေကြီးနဲ့ မိသားစု ထမင်းဝိုင်းလေး …။ ညီမလေးကတော့ အဲဒီ ထမင်းဝိုင်းရဲ့ ဇာတ်လိုက်ပေါ့။ ဟင်းခွက်ကို သူ့အနားက မခွာတမ်းထားပြီး ပလုပ် ပလောင်း စားတာ။ ကျနော်တို့ ညီအကိုကလဲ ဘာထူးသေးလဲ၊ မေ့မေ့လက်ရာကို တပျော်တပါးကြီး ခေါင်းမဖော်စတမ်း လွေးနေကြတာလေ။ မိဘတွေကတော့ ကျေနပ်မဆုံး တပြုံးပြုံးနဲ့ ကျနော်တို့ ပိုပိုသာသာ စားရဖို့ကိုပဲ ဦးစားပေး နေခဲ့တာ။ အခု အချိန်မှာတော့ ဒါတွေဟာ အိပ်မက်ပမာ အဝေးဆုံးရဲ့ အဝေးဆုံးမှာ ကျန်ခဲ့ပါပြီ။ အပြုံးမဲ့မျက်နှာတွေနဲ့ ကမ္ဘာ တဖက်ခြားမှာ နေသားကျအောင် ကြိုးစားနေထိုင်ရင်း ပြန်မရနိုင်တော့မယ့် မိသားစု ထမင်းဝိုင်းလေးကို တမ်းတတတ လွမ်းမိပါရဲ့ …..။ *** တကယ်တော့ ဒီစာကို ပလဲနက်ဖိုရမ်မှာ ကျနော် တခါရေးဖူးပြီးသားပါ။ အိမ်ကို သတိရလာလို့ ဒီမှာ ပြန်တင်လိုက်ရတာပါ *** ကလိုစေးထူး |
Monday, November 13, 2006
ဆောင်းတွင်း အ၀င်..
ဆောင်းရာသီရဲ့ တပ်လှန့်သံအဖြစ် အအေးဓာတ်က တနေ့ထက် တနေ့ ပိုလာပါပြီ။ ဒီရာသီ ရောက်ပြီဆိုရင် ဒီက မြင်ကွင်းတွေဟာ ကျနော့်မျက်စိထဲမှာတော့ မီးလောင်ပြင် တခု အလားပါပဲ။ အရွက်မဲ့ သစ်ပင်တွေက ကြည့်လေရာ နေရာတိုင်းလိုလိုမှာ ထိုးထိုးထောင်ထောင်နဲ့၊ မြေပေါ်မှာလဲ ရွက်ကြွေတွေက လေတိုက်တိုင်း တဖျောဖျောနဲ့ လွင့်နေလိုက်ကြတာ၊ ကျနော်တို့ နိုင်ငံနဲ့ ကွာချင်တိုင်း ကွာနေတဲ့ ရာသီဥတုနဲ့ မြင်ကွင်းတွေပါ။ မကြာမီမှာ နှင်းတွေ ကျပါတော့မယ်။ တကယ်တော့ နှင်းကျတာကို ဘာအလုပ်မှ မလုပ်ပဲ အိမ်ထဲကနေ ထိုင်ကြည့်ရင်တော့ အတော်ကို လှပတဲ့ မြင်ကွင်းဖြစ်ပြီး လွမ်းလဲ လွမ်းစရာ ကောင်းလှပါတယ်။ နှင်းဖတ်လေးတွေ တဖွဲဖွဲကျပြီး မြေပြင်ကို အဖြူရောင် ဆိုးပေးနေတာဟာ ကဗျာမပီ စာမမီတဲ့ ရှုခင်းကောင်းလေးပါ။ နှင်းကျနေတဲ့ အခိုက်အတန့်လေးဟာ အရမ်းကြီးလဲ သိပ်မအေးလှတော့ မနှစ်က စရောက်ခါစဆိုရင် နှင်းတောထဲမှာ ကျနော် ကလေးဆန်ဆန် ထွက်ပျော်ခဲ့ဖူးပါတယ်။ ဓာတ်ပုံတွေ ရိုက်လိုက်၊ အော်ဟစ်လိုက်ပေါ့။ ဒါပေမယ့် နောက်ပိုင်း အလုပ်ခွင် ၀င်ရတဲ့ အခါကျတော့ လူက သူများတွေလို ကားကလဲ မရှိသေး၊ စက်ဘီးလေး တစီးကို အဖော်ပြုလို့ အလုပ်သွားချိန်နဲ့ အလုပ်ပြန်ချိန်တွေမှာ နှင်းကျတာနဲ့ ကြုံပီလားဆိုရင် လမ်းတွေ တချောချောနဲ့ ကားတွေ တဝေါဝေါကြားမှာ လူလဲ မပျော်နိုင်တော့ပါဘူး။ အခုကျနော် နေနေတဲ့ ပြည်နယ်ကို အမေရိကန်ရဲ့ နေလို့ အကောင်းဆုံး နံပါတ်ငါး ပြည်နယ်အဖြစ် စစ်တမ်းများအရ သတ်မှတ် ပါတယ်။ ပညာရေး၊ စီးပွားရေးနဲ့ လုံခြုံမှု အဖြစ်ဆုံးတွေကို တွက်ရင်တော့ ဟုတ်နိုင်လောက်ပါရဲ့။ ဒါပေမယ့် ရာသီဥတုကတော့ တနေ့ရွှေ တနေ့ငွေပါပဲ။ လွန်ခဲ့တဲ့ နှစ်ရက်က 65·F ဖြစ်ပေမယ့် ဒီနေ့ 30F ဖြစ်တတ်တော့ နယ်မြေခံ မဟုတ်တဲ့ ကျနော်တို့ အာရှသားတွေ အတွက်ကတော့ ဒီပြည်နယ်ဟာ ရာသီဥတုအရ နေလို့ မကောင်းတဲ့ ပြည်နယ် စာရင်းမှာ ထိပ်ဆုံးက အပါအ၀င်ပါပဲ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က ကျနော်တို့ရဲ့ နာရီလက်တံတွေကို အနောက်ကို တနာရီ ရွှေ့ဆုတ်လိုက်ရပါတယ်။ နွေရာသီ ရောက်တော့ တခါ အရှေ့ပြန်တိုးပေါ့။ ဆောင်းရာသီမှာ နေ၀င်ချိန်ကလဲ အလွန်စောသွားပါတယ်။ ညနေ လေးနာရီခွဲပြီး ဆိုရင်ပဲ အမှောင်ဝင်လာပါတယ်။ ငါးနာရီဆို မိုးစုံးစုံးချုပ်ပါပြီ။ နွေရာသီကျတော့ ညကိုးနာရီ နီးပါးလောက်မှပဲ သူရိယ ကိုယ်တော်က အိပ်တန်း ၀င်တော်မူပါတယ်။ မနှစ်က ဒီအချိန်တုန်းကတော့ ကျနော် လက်ခုံတွေ အက်ကွဲပါတယ်။ ကြီးမားတဲ့ ရာသီဥတု အပြောင်းအလဲကို ဘယ်လို ကြိုတင်ပြင်ဆင်ရမယ် ဆိုတာ မသိခဲ့တော့ ကျနော့် စိတ်ထင် လူခန္ဓာကိုယ် အတ္တဘောက အိမ်နဲ့ အလုပ်ထဲမှာဆို နွေးလိုက်၊ အပြင်ထွက်တော့ အေးလိုက်နဲ့ ဖန်ခွက်နဲ့ တူသွားတယ်နဲ့ ထင်ပါရဲ့။ ဒေသခံ မိတ်ဆွေကို မေးပြီး နီးရာဆိုင်က အသားအရည် လိမ်းဆေး တမျိုး ၀ယ်လူးတော့မှ သက်သာပါတော့တယ်။ ရှေ့လာမယ့် အပတ်ဆိုရင်တော့ Thanks Giving တဲ့။ ဘာဂစ်ဗင်းဖြစ်ဖြစ် ကျနော်ကတော့ အလုပ်မလုပ်ပဲ နားရမယ့် တရက်ကိုပဲ ကြိုတင် တွက်ချက်ပြီး ပျော်နေပါတယ်။ ခရစ္စမတ်ကျရင်လဲ နှစ်ရက်ပိတ်မယ်။ နှစ်သစ်ကူး ရောက်ရင် တရက်၊ သူများပိုက်ဆံကို အလုပ်မလုပ်ပဲ ရဖို့ကို ဟိုတွက်ဒီတွက်နဲ့ အကျင့်မကောင်းလိုက်ပုံများ။ မြန်မာပြည်က အားလပ်ရက်တွေ ဒီကို ရွှေ့လိုက်ရင် အတော်ကောင်းမှာပဲလို့တောင် ကြံဖန်တွေး လိုက်မိပါတယ်။ မြန်မာပြည်မှာက အားလပ်ရက်တွေ များတယ်လေ …။ ကျနော့် အထင် ရက်နှစ်ဆယ်လောက် ရှိမယ်။ ဒီမှာတော့ တနှစ်လုံးမှ ခုနှစ်ရက်ထဲ။ မြန်မာပြည်မှာတော့ ဒီအချိန်ဆို ကထိန်ပွဲတွေ ဟိုတစ ဒီတစနဲ့ ခြိမ့်ခြိမ့်သဲ နွှဲနေကြလောက်ရောပေါ့။ ဒီရောက်မှ ကျနော်တို့ နိုင်ငံရဲ့ ဆောင်းရာသီရဲ့ ချစ်စရာကောင်းပုံကို လွမ်းဆွတ်မိပါတယ်။ ဘယ်လောက်အေးအေး ဒီမှာလို အနွေးထည် အထူကြီးမလို၊ လက်အိတ်ထူထူ မလို၊ ရှုးဖိနပ် မစီးချင်ဘူးလား ရသေးတယ်။ စတိုင်ကျကျ ဂျင်းဂျက်ကက်လေး တထည် ဒါမှမဟုတ် ဂျာကင် ခပ်ပါးပါးတထည်လောက်နဲ့လဲ မြန်မာပြည် ဆောင်းရာသီကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်တယ်လေ။ တချို့များဆို မြူမှုန်ထူထူထဲ ဆောင်းအေးခဲမှာ ၀မ်းစာရေးအတွက် အနွေးထည်တောင် ၀တ်နိုင်အားတာမှ မဟုတ်တာ။ ဆောင်းတွင်းကို မချစ်မနှစ်သက်တဲ့ အသည်းခိုက်အောင် အေးခဲမှုနဲ့ ဖြတ်ပြီးရင်တော့ …။ ပူပြင်းတဲ့ နွေရာသီ ဆိုတာကြီးက ကျနော်တို့ကို အသင့် စောင့်နေအုံးမှာပဲလေ။ အဲဒီလိုပဲ အေးလိုက်၊ ပူလိုက်နဲ့ပဲ တနှစ်ပြီး တနှစ်၊ အသက်တွေက ကြီးရင်း၊ ရုန်းကန်ရင်း လှုပ်ရှားရင်းနဲ့ပဲ ဘ၀ဆိုတဲ့ သံသရာကြီးထဲမှာ ကျနော်တို့တတွေ ပျော်ရွှင်လိုက်၊ ငိုကြွေးလိုက်၊ ချစ်ခင်လိုက်၊ မုန်းတီးလိုက်၊ တွေ့ဆုံလိုက် ကွေကွင်းလိုက်နဲ့ …။ *** ဒီစာကိုရေးပြီးတော့ ကောင်းကင်ကို မော့ကြည့်တာ မည်းမှောင်နေလိုက်ပုံများ၊ အလင်းနဲ့ တူတာဆိုလို့ ကောင်းကင်အောက်က နီယွန် အလင်းတုတွေပဲ တွေ့ရတယ် *** ကလိုစေးထူး |
Sunday, November 12, 2006
စစ်ပွဲ နောက်ကွယ်မှာ ....
“ကျနော်တို့ အိမ်ဖက်က မီးခိုးတွေ မြင်လို့ ကလေးကို ရှာဖို့ ပြေးသွားတယ်။ ပြာတွေအောက်မှာ လက်ကလေး တဖက် …..၊ ကျနော့် သားကလေးရဲ့ လက်၊ သားလေးက ကျနော့်အတွက် လက်ကလေး တဖက်ထားခဲ့တယ်။ ကျနော် အဲဒီမှာ တနေ့လုံး နေခဲ့တယ်။ ဗမာစစ်တပ် ပြန်လာပြီး ကျနော့်ကို သတ်သွားရင် ကောင်းမှာပဲ ဆိုပြီး …………..။” မြန်မာ စစ်တပ်ရဲ့ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး ထိုးစစ်ကြောင့် သားကလေး ဆုံးရှုံးသွားရတဲ့ အပြစ်မဲ့ ပြည်သူ တယောက်ရဲ့ ရင်နင့်ဖွယ် စကားလေးပါ။ ပြောရင်းနဲ့ ဆို့နင့် တိမ်ဝင်သွားတဲ့ သူ့အသံက တကယ်ကို ရင်နင့်စရာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆွေးနွေးပွဲလေး တခုမှာ ကရင် အမျိုးသမီးငယ် တယောက်က ဒီလို ပြောဖူးပါတယ်။ “ကျမ အရင်တုန်းကဆိုရင် ဗမာတွေကို အရမ်းမုန်းတာ၊ ဗမာ စစ်တပ်က ကျမတို့ မိသားစု ဘ၀ပျက်အောင် လုပ်ခဲ့တာလေ၊ အခုတော့ နားလည်မှု ရှိလာပါပြီ” တဲ့..။ ဒါပေမယ့် သူ အဲဒီစကားပြောတုန်းက သူ့စိတ်ထဲမှာ တကယ်ကိုပဲ ဗမာလူမျိုးကို မုန်းနေတဲ့ အရင်းခံစိတ် မကုန်သေးဘူးဆိုတာ ကျနော် သူ့စိတ်တံခါးကို လှမ်းမြင်လိုက်မိပါတယ်။ ကြာခဲ့ပါပြီ ….။ ကျနော့် တသက်မကတဲ့ ပြည်တွင်းစစ်။ ဒါပေမယ့် ကြားထဲက တကယ် အထိနာနေတာက အပြစ်မဲ့ အရပ်သားတွေလေ …။ လူမျိုးရေး မုန်းတီးမှုတွေလဲ ဖြစ်ခဲ့ရ။ ပျက်သုန်းသွားတဲ့ ဘ၀တွေ၊ အနာဂတ် မဲ့သွားတဲ့ ကလေးငယ်တွေ၊ စာသင်ကျောင်း ပျောက်ခဲ့ရတဲ့ ကျောင်းသားတွေ ဒါတွေ ဘယ်တော့များမှ ပြီးဆုံး သွားမှာပါလိမ့်။ သူတို့ကတော့ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ရပ်ရွာ အေးချမ်းသာယာရေးလို့ တွင်တွင် ပြောနေကြဆဲပါ။ အဲဒီ အကြောင်းပြ စကားလေး တခွန်းရဲ့ နောက်ကွယ်မှာတော့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူမဆန်တဲ့ သတ်ဖြတ်မှုတွေ၊ ဒီလိုနဲ့ပဲ …………။ *** ဒီဗွီဘီ သတင်းဌာနက တင်ဆက်ထားတဲ့ အီဗန်ဝီလျံ Burma Secret War ဆိုတဲ့ မြန်မာ ပြည်တွင်းစစ်အကြောင်း သတင်းမှတ်တမ်းကို ကြည့်ပြီး ရေးဖြစ်ပါတယ် *** ကလိုစေးထူး |
Friday, November 10, 2006
လေလွင့်သွားသော နိုင်ငံ့သည်းချာများ ....
Wednesday, November 08, 2006
ကျပမ်းစကားပြောပွဲ ...
ကျပမ်း စကားပြောပွဲ ဆိုတာကို အတော် များများ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ မိမိ ကျရာ မဲပေါက်တဲ့ ခေါင်းစဉ်ကို ဖွဲ့နွဲ့ ပြောဆိုရတဲ့ စကားပြော စွမ်းရည် ပြိုင်ပွဲလေး တခုပါ။ မိမိကိုယ်မိမိ လူရှေ့မှာ ယုံကြည်မှု ပိုမို ရလာစေဖို့၊ ဗဟုသုတ ဉာဏ်ရည် မြင့်မား စေဖို့နဲ့ ညစ်နွမ်းနေတဲ့ စိတ်တွေကို ပေါ့ပါးစေတဲ့ ချစ်စရာ့ စွမ်းရည် ပြိုင်ပွဲလေးပါ။ ဗဟုသုတကကြွယ်၊ ဟာသ အာဝဇ္ဖာန်းကလဲ ပေါတဲ့ တယောက်ယောက်ကများ ပြိုင်ပွဲဝင်လိုက်ရင် အောက်က ပရိသတ်ကလဲ ရယ်သံ တသောသောနဲ့ ပျော်စရာ ကောင်းလှပါတယ်။
ဟိုးတုန်းကတော့ ကျပမ်း စကားပြောပွဲတွေရဲ့ ခေါင်းစဉ် တော်တော်များများက ပေါ့ပေါ့ပါးပါးနဲ့ ပြောသူကိုလဲ ပျော်စရာ၊ နားထောင်ရတဲ့လူကိုလဲ ရွှင်စရာ ဖြစ်စေပါတယ်။ ကျနော် ကိုးတန်းတုန်းက ကျောင်းမှာ လုပ်ခဲ့တဲ့ ပြိုင်ပွဲလေးဆိုရင် ပြိုင်ကြရတဲ့ ခေါင်းစဉ်တွေကိုက ကျနော်/ကျမ အဆိုတော်ကြီး ဖြစ်ခဲ့သော်၊ ဆရာဝန်ကြီး ဖြစ်ခဲ့သော်၊ အပျော်ဆုံးနေ့၊ စသဖြင့် စသဖြင့် ခေါင်းစဉ်လေးတွေပါ။ ပြောတဲ့ လူငယ်တွေရဲ့ စိတ်ထဲက အနာဂတ် အိပ်မက်ကိုလဲ အဲဒီ ခေါင်းစဉ်လေးတွေက တဆင့် ဖော်ညွန်းစေပါတယ်။ အဲဒီ ပြိုင်ပွဲလေးမှာ ကျနော် လက်ဝှေ့ကျော်ကြီး ဖြစ်ခဲ့သော် ခေါင်းစဉ်နဲ့ ပထမ ရသွားတဲ့ ကျောင်းသားရဲ့ ပြိုင်ပွဲဝင် ရယ်ရွှင်ဖွယ် စကားတချို့ကို အခုထိ မှတ်မိနေပါ သေးတယ်။
“ ကျနော်က လက်ဝှေ့ကျော်တယ်ဆိုတာ မြန်မာပြည်လောက်နဲ့တင် ကျေနပ်တာ မဟုတ်တော့ ကမ္ဘာ့ အဆင့်ကိုပါ ၀င်နွှဲတာပေါ့.. ကြည့်လေ ကျနော့် ဗလကို (လူက ဗလံလေးပါ) ဒီလိုနဲ့ ကျနော် အိုလံပစ်မှာလဲ ချန်ပီယံ၊ တဖြည်းဖြည်းနဲ့ နာမည်ကျော်လာ လိုက်တာ နောက်တော့ မိုက်တိုင်ဆန်နဲ့ပါ ယှဉ်ထိုး ရပါတယ်… သူ့ကို နိုင်ရင်တော့ ကမ္ဘာမှာ မြန်မာ့လက်ဝှေ့ကျော် ကျနော်ဖြစ်ပြီလေ.. အဲဒီလိုနဲ့ ပထမအချီ စပြီဆိုတာနဲ့ သူ့ကို နောက်ကောက်ချပစ်ဖို့ တရစပ် ထိုးတာ.. (သူက ပြောတာကို ခဏ နားလိုက်ပါတယ်.. ပရိသတ်ကလဲ သူ့ကို စိတ်ဝင်တစားနဲ့ အောက်ကနေ ငြိမ်ချက်သား ကောင်းလို့ နားထောင်နေဆဲ၊ သူဆက်ပြောလိုက်တာက) ကျနော် ပြန်သတိရတော့ မြန်မာပြည် ပြန်ရောက်နေပြီ” အောက်က နားထောင်တဲ့ ပရိသတ်က ၀ါးလုံးကွဲ ရယ်ကြတာ ခန်းမတခုလုံး တအုံးအုံးနဲ့။
နောက်ပိုင်းကျတော့ ကျပမ်းစကားပြောပွဲတွေက အဲဒီလိုတွေ မဟုတ်တော့ပါဘူး။ ပြိုင်ပွဲဝင်ကြရတဲ့ ခေါင်းစဉ်တွေကို ကြည့်ဦးမလား..။ တပ်မတော်သာ အမိ တပ်မတော်သာ အဖတို့၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်တို့၊ သမိုင်းအစဉ်အလာကောင်း ရှိခဲ့သော တပ်မတော်တို့၊ စသဖြင့် ခေါင်းစဉ်တွေနဲ့ ပြိုင်ပွဲ ၀င်တဲ့လူတွေကလဲ ကျောက်ရုပ်ကြီးတွေလို တောင့်တောင့်ကြီး ရပ်လို့ တပ်မတော် ကောင်းကြောင်းကို ကြံဖန်ပြီး ပြောရ၊ နားထောင်တဲ့ အောက်က ပရိသတ်ကလဲ ပျင်းတွဲ့စွာနဲ့ တချိုများဆို အိပ်တောင် ငိုက်လို့။ တယောက်ပြိုင်ပွဲ ၀င်ပြီး သွားရင် လက်ခုပ်သံ ဖြောက်ဆိပ်နဲ့ ဆုပေးပွဲလုပ်တော့လဲ တာဝန်ကျေ လက်ခုပ်လေး တီးလိုက်နဲ့ ပျော်စရာ ပွဲလေးက ပျင်းစရာ၊ ငြီးငွေ့ဖွယ်အဖြစ် အသွင်ပြောင်းခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီကော..။
အခုနေမှာ အခွင့်ရရင်တော့ ကျနော် ကျပန်းစကား ပြောချင်နေပါတယ်။ ပြောချင်တဲ့ ခေါင်းစဉ်က “ကျနော် စစ်ခုံရုံး တရားသူကြီး ဖြစ်ခဲ့သော်” တဲ့။
ကလိုစေးထူး
Monday, November 06, 2006
အလုပ်ထဲမှာ ဟိုတွေး ဒီတွေး..
တန်ဆောင်တိုင်တဲ့..။ ကျနော့် အတွက်တော့ ဘာမှန်း မသိလိုက်ပဲ ကုန်လွန် သွားခဲ့ပြန်ပါပြီ။ အသိ မိတ်ဆွေ တချို့ရဲ့ ဘလော့တွေမှာ တန်ဆောင်မုန်းပွဲ အကြောင်းတွေ တဖွဲ့တနွဲ့ ရေးထားကြတာ တွေ့တော့မှသာ အော်.. တန်ဆောင်မုန်း ပွဲတော်တောင် ရောက်လာပါလားလို့ အမှတ်ရတော့ ပါတယ်။ နောက်လဲ ဘယ်လိုနေ့မျိုးတွေကို ဘယ်လောက် ကြာကြာ ဒီလိုပဲ မသိလိုက် မသိဘာသာ ပြီးဆုံးသွားအုံးမလဲ ဆိုတာ မသိပါ။ ငူငိုင်နေတဲ့ ဒီမနက်မှာ အလုပ်ထဲမှာ စက်သံဆူဆူညံညံတွေကို မကြားချင်တာနဲ့ နားကျပ် ရေဒီယိုနဲ့ country သီချင်းလိုင်းတွေ နားထောင်လိုက်တော့ စိတ်က နည်းနည်း ကြည်လင်သလိုလို ပြန်ဖြစ်လာပါတယ်။ ဂီတဟာ လူရဲ့ စိတ်ကို လန်းဆန်းအောင်၊ ဆွေးမြေ့အောင်၊ လွမ်းဆွတ်အောင်၊ တက်ကြွအောင်၊ ပျော်ရွှင်အောင် အမျိုးမျိုး စေစားနိုင် ပါတယ်။ သီချင်းနားထောင်ရင်း ဟိုတွေး ဒီတွေးနဲ့ ကျနော် နေထိုင်ခဲ့ရာ မွေးရပ်မြေ ကျနော်တို့ မြို့လေးကို သတိရ မိလို့ အိမ်ပြန်ရောက်တော့ ဒီစာကို ရေးဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ မြို့လေးဟာ အညတရ တောသားလေး တယောက်နဲ့ တူတဲ့ တောသာသာ မြို့လေးပါ။ ကတ္တရာလမ်း ဆိုလို့ မြို့လယ်က လမ်း တလမ်းသာ ရှိပြီးတော့ တခြားလမ်းတွေကတော့ မြေနီလမ်းလေး တွေပါ။ လျှပ်စစ်မီးကလဲ တနေ့ကို ညနေ ငါးနာရီကနေ ညကိုးနာရီအထိသာ ပေးနိုင်ပါတယ်။ ရပ်ကွက်ငယ် ခြောက်ခုနဲ့ လူဦးရေ တသောင်းကျော်သာ ရှိတဲ့ ကျနော်တို့ မြို့ကို မြန်မာပြည်က တချို့သောသူတွေ နာမည်တောင် မကြားဖူး ကြပါဘူး။ မနက်မိုးလင်းရင် မြို့ကို တန်ဆာဆင်နေတာက ဘုန်းကြီးကျောင်းများက အုန်းမောင်းခေါက်သံ တတုံးတုံး၊ တောနယ်ကနေ ဈေးလာရောင်းကြတဲ့ လူတွေရဲ့ လှည်းသံ တဂျုန်းဂျုန်းနဲ့ မြို့သူ မြို့သားတွေရဲ့ ကြည်စင်တဲ့ မျက်နှာ တပြုံးပြုံးပါ။ တချို့က ရှောက်သီး၊ တချို့ သံပုရာ၊ တချို့ ကွမ်းသီးနဲ့ မိမိတို့ ခြံထွက်တွေကို လာရောင်းကြတဲ့ တောနယ်က လူတွေနဲ့ မြို့ခံလူတွေ ပေါင်းစပ်ထားတဲ့ မြို့ဈေးလေးဟာ မနက် ကိုးနာရီလောက် အထိတော့ လူစည်နေတတ်ပါတယ်။ ဈေးကွဲတော့လဲ လူတွေ စဲပေါ့။ တချို့ ညတွေမှာတော့ အပြန်အလှန် ပစ်ခတ်ကြတဲ့ လက်နက်ကြီး လက်နက်ငယ် သံတွေက မြို့လူထုကို အထိတ် တလန့် ဖြစ်စေပါတယ်။ လက်နက် ကျည်ဆံတွေက မြို့ထဲ ကျလာလို့တော့ မဟုတ်ပါ။ လူစိတ်ရှိတဲ့ သူပုန်များက ကျနော် ကြည့်ဖူးတဲ့ ခပ်ညံ့ညံ့ ပေါ်လစီကားတွေထဲကလို မြို့ထဲကို လက်နက်များဖြင့် ပစ်ခတ်ခြင်း မလုပ်ပါ။ သူတို့ ပစ်တာက စစ်တပ်ထဲကိုပဲ ပစ်ပါတယ်။ အဲဒီ အသံတွေ ကြားပြီးရင် နောက်နေ့မှာ ရပ်ကွက်လူကြီးက ဘာမှန်းမသိတဲ့ အရေးပေါ်ကြေး ဆိုပြီး ငွေလာလာကောက်လေ့ ရှိလို့ နက်ဖြန်ကျရင်တော့ ငွေကုန်တော့မှာပဲ ဆိုပြီး လန့်တဲ့ ထိတ်လန့်မှုပါ။ ကျနော် သဘောကျမိတဲ့ ကျနော်တို့ မြို့သားတွေရဲ့ စည်းလုံးမှု တခုကို ပြောပြ ချင်ပါသေးတယ်။ တနှစ်တခါ လုပ်လေ့ရှိတဲ့ မိုးရာသီ ရပ်ကွက်အလိုက် ဘောလုံးပွဲတွေမှာ ကျနော်တို့ ရပ်ကွက်နဲ့ ရပ်ကွက် (၅)အသင်းဟာ ကျနော်တို့ မြို့ရဲ့ ဒါဘီပွဲပါ။ ကွင်း တဖက်ခြမ်းစီကနေ အားပေးသူ အချင်းချင်း အပြိုင် အားပေးသလို ဘောလုံး သမားတွေကလဲ ရေကုန်ရေခန်း ပြိုင်လေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ ရပ်ကွက် နှစ်ခုက ပရိသတ် အချင်းချင်း အလွန် တည့်ကြတဲ့ နေ့ရှိပါတယ်။ အဲဒီနေ့ကတော့ မြို့ထဲက ရပ်ကွက် တသင်းသင်းနဲ့ စစ်တပ်အသင်း ယှဉ်ကန်ကြတဲ့ နေ့ပါ။ စစ်တပ် အသင်းက ဘယ်အသင်းနဲ့ ကန်ကန်၊ ကန်တဲ့ ရပ်ကွက်ကို အဲဒီနေ့မှာ အားပေး ကြပါတယ်။ တချိန်လုံး အနိုင်ကျင့်ခံနေရသမျှ အဲဒီ မိနစ်ကိုးဆယ်သော အခိုက်အတန့်မှာ သူတို့ သဘောထားကို ထုတ်ဖော် ကြပါတယ်။ အခုလို အချိန် တန်ဆောင်တိုင်မှာတော့ ခပ်ငယ်ငယ် စတေ့ရှိုးပွဲလေး လုပ်လေ့ရှိပါတယ်။ စက်သံ တဂွီဂွီနဲ့ တီးတာ တခြား၊ ဆိုတာ တခြား ဖြစ်နေလဲ သူ့ပရိသတ်နဲ့ သူတော့ ဟုတ်နေတာပါပဲ။ စတေ့ရှိုးပွဲ ပြီးရင်တော့ ညမိုးချုပ်ကြီး မအိပ်နိုင်တာက လူငယ်တချို့ပါ။ လက်ဖက်ရည်ဆိုင် ဆိုင်းပုဒ်ကို ဖြုတ်ပြီး ၀က်သားဆိုင် ရှေ့မှာ သွားတပ်လိုတပ်၊ စာအုပ် အငှားဆိုင် ရှေ့မှာ အထည်ဆိုင် ဆိုင်းပုဒ်ရွှေ့လိုရွှေ့နဲ့ ပိုင်ရှင်တွေကလဲ စိတ်ဆိုးရင် ခဏပါပဲ။ ဘာလိုလိုနဲ့ မွေးရပ် ဇာတိမြို့နဲ့ ဝေးနေခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ။ မနက်မိုးလင်းလာရင် စက်သံတွေ တ၀ုန်းဝုန်းကြားမှာ စက်ရုပ် တရုပ်လို ရုန်းကန်လိုက်၊ အိမ်ပြန်လိုက်၊ နောက်နေ့ တခါ အလုပ်သွားလိုက် သံသရာလည်ရင်း လူမျိုးခြားတွေ ကြားမှာ ဘဏ်စာရင်းထဲက ကိန်းဂဏန်းတွေ တိုးလာဖို့ပဲ အားထုတ်ရင်း ဟိုးဝေးဝေးက မြို့ငယ်လေးကို ဘယ်သောအခါမှ ပြန်ခွင့် ရနိုင်မှာပါလိမ့်….။ ကလိုစေးထူး |